သွားလည်သင့်တဲ့နိုင်ငံထဲမှာ ရှန်ဟိုင်းပါပေမယ့် သတိထားစရာတွေများတယ်ဆိုတာ သုံးလေးခေါက် လောက်ရောက်ပြီးမှ ဆင်ခြင်မိပါတယ်။ အရမ်းလှအရမ်းမိုက် စျေးဝယ်လို့အရမ်းကောင်းသလို ရှောင်ရန် ဆောင်ရန်လေးတွေလည်းရှိပါတယ်။ ဆိုတော့ ရှန်ဟိုင်းမြို့ကိုရောက်စဉ်ကပေါ့ခင်ဗျာ။
ရှန်ဟိုင်းမှာ စျေးဝယ်ထွက်ခြင်း
ပိတ်ရက်လည်းဖြစ် ပြန်ခါနီးလည်းဖြစ်တာမို့ စျေးဝယ်ထွက်ကြရပါပြီ။ ရှန်ဟိုင်းမှာ စျေးဝယ်စရာကို နှစ်ပိုင်းခွဲလိုက်ပါတယ်။ တစ်ပိုင်းက Branded တွေဖြစ်ပြီးနောက်တစ်ပိုင်းကတော့ ရှန်ဟိုင်းဒေသထွက် လက်ရာတွေ ရိုးရာပစ္စည်းနဲ့စားစရာတွေဖြစ်ပါတယ်။
ကျွန်တော်စျေးဝယ်ရင်တော့ ဘယ်ဟာစျေးတန်သလဲဆိုတာကိုအရင်ကြည့် ချိန်ဆပါတယ်။ ကိုယ့်မှာ ပါ တဲ့ပိုက်ဆံနဲ့ချိန်တွက်ပြီး ဝယ်သင့်မဝယ်သင့်စဉ်းစားပါတယ်။ သူများမှာတဲ့ဟာကိုတော့ ကြုံရင်ဝယ်ပါ တယ်။ မကြုံရင်တော့ မေ့သွားတယ် မရဘူး ဘာညာပေါ့။ ဆိုတော့ကာ ပထမဆုံးအနေနဲ့ စျေးဝယ်ဖို့ နန်ကျင်းလမ်း (Nangjing Road) ကိုရွေးလိုက်ပါတယ်။ နန်းကျင်းလမ်းဟာ ရှန်ဟိုင်းရဲ့နာမည်အကြီး ဆုံးလမ်းဖြစ်ပြီး ကမ္ဘာကျော်ဘရန်းမှန်သမျှ အကုန်နီးပါးရှိပါတယ်။ အရှေ့နန်ကျင်းလမ်း၊ အနောက် နန် ကျင်းလမ်း ဆိုပြီးနှစ်ပိုင်းရှိပြီး နှစ်ပိုင်းစလုံးကတော့စျေးဝယ်စင်တာတွေအပြည့်ပါပဲ။ လမ်းလျှောက်လို့ ကလည်းကောင်း စျေးဝယ်လို့ကလည်းကောင်းပါပဲ။ နန်ကျင်းလမ်းမှာ အဲဒီတံဆိပ်တွေရပါတယ်။ စျေး တွေကတော့ ခေါင်ခိုက်နေတာပဲပေါ့။ ဆိုတော့ ဘယ်နေရာမှာလျှော့စျေးပေးလဲဆိုတာကိုအရင်လိုက် ကြည့်ပြီးမှရွေးဝယ်ရတာပေါ့နော်။
နန်ကျင်းလမ်းမှာ ဝယ်နိုင်တဲ့ ကမ္ဘာကျော်ဘရန်းတွေ
Gucci, Cartier, Louis Vuitton, Prada, Tiffany & Co., Fendi, Bvlgari, Hermès, Salvatore Ferragamo, Céline, Dior, Miu Miu, Versace, Bottega Veneta, Armani, Chanel, Emporio Armani, Rolex, Moschino, Swarovski, Dolce & Gabbana, Kenzo, Sephora, Ermenegildo Zegna, Trussardi, Coach, Inc., Valentino, Balenciaga, Burberry, Lanvin, Loewe, UGG, Harry Winston, Tommy Hilfiger, Omega, Ralph Lauren, Nike, Escada, Diesel, Lacoste, Abercrombie & Fitch, Montblanc, Brooks Brothers, Sephora, Furla, Max Mara, Zara, H&M, Gap, Forever 21, Levi’s, Uniqlo, Marks & Spencer, Roberto Cavalli, Jimmy Choo, Fred Perry, Timberland, Marc Jacobs, Guess, Calvin Klein, Chloé, Stella McCartney, Hogan, Alexander McQueen, Michael Kors, Godiva, Tom Ford, Vera Wang, Muji, Alexander Wang, Sergio Rossi, Hugo Boss, Adidas, Vans, Innisfree, Old Navy, Tod’s, Blancpain, Longchamp, Zara Home, Givenchy, Geox, Intimissimi, tokidoki, Puma, Guerlain, Van Cleef & Arpels, Chaumet, Lego Store, Piaget, Saint laurent, Bally, Lancome, American Eagle Outfitters, Hard Rock Caf
နောက်တစ်ပိုင်းဖြစ်တဲ့ ရှန်ဟိုင်းနဲ့သက်ဆိုင်တဲ့အဝတ်အထည် အမှတ်တရပစ္စည်းတွေကိုတော့ Yu Garden နားက စျေးတန်းမှာဝယ်ပါတယ်။ တော်တော်လေးရှည်လျားတဲ့စျေးတန်းဖြစ်ပြီး အမှတ်တရ ပစ္စည်းမျိုးစုံရှိပါတယ်။ လက်ဖက်ခြောက်၊ ရေမွှေး၊ ရိုးရာအဝတ်အထည်၊ သော့ချိတ်တွေကအစ လက် ကိုင်အိတ်၊ မုန့်တွေအဆုံးရပါတယ်။ စျေးကတော့ အသေဆစ်ရပါတယ်။ နန်ကျင်းလမ်းမှာစျေးဝယ် ထွက်တာက စမတ်ကျကျဖြစ်ပြီး Yu Garden နားကစျေးတန်းမှာ စျေးဝယ်တာကတော့ မင်္ဂလာစျေးမှာ ဝယ်ရသလိုပါပဲ။ စျေးတွေလည်းဆစ် ဆိုင်ရှင်နဲ့အချေအတင်ပြော ကိုယ်ကြိုက်တဲ့စျေးကိုမရရင် ရ အောင်အတင်းပြော သူ့စကားကိုယ်နားမလည် ကိုယ့်စကားသူမသိ ဂဏန်းပေါင်းစက်တစ်လုံးနဲ့ လုံး လည်ချာလည်လိုက်ရင် တော်တော်ပျော်စရာကောင်းပါတယ်။
ရှန်ဟိုင်းမှာစျေးဝယ်မယ်ဆိုရင်တော့ သိပ်အများကြီးသွားစရာမလိုဘဲ အဲဒီနှစ်နေရာလောက်နဲ့တင်ပြည့် စုံတယ်လို့ ကျွန်တော်ကသတ်မှတ်လိုက်ပါတယ်။ မေတ္တာရိပ်မှာ အေးချမ်းပါစေ။
Google တို့ Facebook တို့ကို သုံးခွင့်ပိတ်ထားတဲ့ ရှန်ဟိုင်း
ရှန်ဟိုင်းဟာ အင်တာနက်(အွန်လိုင်း) နဲ့ပတ်သက်ရင် သီးသန့်ကမ္ဘာဖြစ်ပါတယ်။ အလုပ်နဲ့သွားတဲ့ သူတွေအတွက် အီးမေးလ်ပို့ ဆိုရှယ်မီဒီယာသုံးတဲ့ အခါမှာ အခက်အခဲနည်းနည်းတွေ့ပါတယ်။ တရုတ်ပြည်မှာ Wechat ဆိုတဲ့ application ကိုပဲ အများဆုံးသုံးတာမို့ Wechat အကောင့် ဖွင့်ထားဖို့လိုပါတယ်။ ရှန်ဟိုင်းကိုရောက်ပြီးမှ ကျွန်တော် Wechat အကောင့်ဖွင့်တော့ အဆင်မပြေပါဘူး။ ဒီတော့ VPN ကျော်သုံးရတာ ပေါ့လေ။ အတူလာတဲ့ အစ်ကို ၂ ယောက်ကလည်းသူတို့ရုံးကို အီးမေးလ်ပို့လို့မရ Facebook messenger ကနေပြောလို့မရ google ခေါက်မရနဲ့တော် တော်တိုင်ပတ်ပါတယ်။ ရှိသမျှ VPN ကျော်သုံးပါတယ်။
ကျွန်တော့်ဖုန်းမှာဆို VPN (၆) မျိုးလောက်ဒေါင်းပြီးထည့်ထားလိုက်ပါတယ်။ VPN Guru, VPN, VPN 24, VPN Master, VPN 2018, Super VPN တွေကိုထည့်ထားပြီး တစ်ခုမရရင်တစ်ခုနဲ့ချိ်တ်သုံးပါတယ်။ တော်တော်များများက အခမဲ့မပေးပါဘူး။ ခဏပဲစမ်းသုံးခွင့်ပေးပါတယ်။ ခဏပဲရရ သုံးလေးရက်ပဲရရ ရသမျှ ချိတ်သုံးတာမို့ အဆင်ပြေသွားတယ်လို့ဆိုရပါမယ်။ ဒါပေမဲ့ VPN ချိတ်သုံးတဲ့လိုင်းကလုံးဝမ ကောင်းပါဘူး။ စုတ်ပြတ်သပ်နေတာပါပဲ။ facebook မှာ ပုံတင်လို့လည်းအလွယ်တကူမရ Instagram လည်းသုံးလို့မကောင်း gmail လည်းပို့မရ နဲ့ တစ်နေ့တစ်နေ့ VPN ချိတ်နေရင်းနဲ့ကိုအချိန်တော်တော် ကုန်တယ်လို့ဆိုရမှာပါ။ တရုတ်မှာပိတ်ထားတဲ့အရာတွေကလည်း တော်တော်အများသားရယ်။ အဲဒီ အထဲက အချို့ကိုစုစည်း ထားလိုက်ပါတယ်။
ရှန်ဟိုင်းမှာ သုံးလို့မရတဲ့ သတင်းအချက်အလက်ဝက်ဘ်ဆိုက်တွေ
News York Times, The Economist, Bloomberg, Wall Street Journal, Reuters, Wikipedia (English), The Guardian, Le Monde, CNN, BBC, ABC
ရှန်ဟိုင်းမှာသုံးလို့မရတဲ့ Cloud Storage & Productivity
Dropbox, Google Drive, Google Docs, Scribd, Slack, Gmail
ရှန်ဟိုင်းမှာ သုံးလို့မရတဲ့ ဖျော်ဖြေရေးဆိုင်ရာ
Youtube, Netflix, Vimeo, Dailymotion, Twitch, Periscope, Instagram, Snapchat
တရုတ်မှာသုံးလို့မရတဲ့ Messaging Apps တွေ
Facebook Messenger, Telegram, Whatsapp, Telegram, LINE, KaKao Talk, Signal
တရုတ်မှာသုံးလို့မရတဲ့ Search Engines
Google, DuckDuckGo, Yahoo
မေပယ်လ်ပင်တန်း
ကျွန်တော်နဲ့ရှန်ဟိုင်း တတိယအကြိမ်မြောက် ဖူးစာဆုံတယ်။ အောက်တိုဘာ ၈ ရက် ည ၁၁ နာရီဖလိုက်နဲ့ရှန်ဟိုင်းကိုလာခဲ့တယ်။ ရန်ကုန်ကနေဟောင်ကောင်ကို Cathay Dragon လေကြောင်းလိုင်းနဲ့ သုံးနာရီဝန်းကျင်စီးရတယ်။ ဟောင်ကောင်လေဆိပ်ကနေ ရှန်ဟိုင်းကို နှစ်နာရီနီးပါးစီးရတယ်။ စုစုပေါင်း ၅ နာရီလောက်လေယာဉ်စီးရတယ်ဆိုပေမယ့် ကြားမှာစောင့်ရတဲ့အချိန် လာရတဲ့အချိန်နဲ့ဆို ၁၂ နာရီလောက်ဖြစ်သွားတယ်။ အောက်တိုဘာ ၉ ရက်နေ့လည်ကျမှ ရှန်ဟိုင်းကိုရောက်တယ်လေ။
ဆောင်းအကူးကာလမို့ ရာသီဥတုကနည်းနည်းအေးတယ်။ ညနေစောင်းဆို နေလို့သိပ်ကောင်း။ ၂၀ ဒီဂရီအအေးဆိုပေမယ့် အနွေးထည်ပါးပါးဝတ်လို့ ရတဲ့အနေအထား။ မြို့ရဲ့အချက်အချာမဟုတ်တဲ့ သီးသန့်နေရာလေးလိုဖြစ်တဲ့နေရာမှာတည်းတယ်။ ဟိုတယ်နာမည်က Holiday Inn တဲ့။ နိုင်ငံတကာ Brand တစ်ခုပါပဲ။ ဟိုတယ်ရဲ့ဘေးမှာ စားသောက်ဆိုင်တွေနဲ့ mall အသေးလေးတစ်ခုရှိတယ်။ အခြားတိုလီမုတ်စဆိုင်လေးတွေကိုလည်းတွေ့ရပါတယ်။ လမ်းတွေကတော့ ရှန်ဟိုင်းရဲ့ထုံးစံအတိုင်း ပြောင်ရှင်းသပ်ရပ်နေပါတယ်။
ပတ်ဝန်းကျင်နေရာအနှံ့မှာတော့ ကျွန်တော်သဘောကျတဲ့ မေပယ်လ်ပင်တွေတန်းစီလို့။ ရှန်ဟိုင်း ရဲ့မေပယ်လ်ပင်တွေက ဂျပန်ကလိုမျိုးမခမ်းနားဘူး သိပ်မလှဘူး။ အရွက်နည်းနည်းပိုဖားတယ်။ နီနီဝါဝါအရွက်တွေမဟုတ်ဘဲ အပင်ထက်မှာစိမ်း လန်းစိုပြေနေတာက ကြည့်လို့သိပ်လှတယ်။ လေအေးအေးတဖြူးဖြူးတိုက်လိုက်တိုင်း မေပယ်လ်ပင်တွေရဲ့လှုပ်ခတ်သွားတဲ့ တရွှတ်ရွှတ်အသံတွေကို အတိုင်းသားကြားရတယ်။ ပတ်ဝန်းကျင်က မြို့ပြမဆန်ဘူး။ တိတ်ဆိတ်လို့နေတယ်။ ညဖက်ဆို ကားအရှိန်ပြင်းပြင်းမောင်းသံတွေကို တစ်ချက်တစ်ချက်ကြားရတယ်။
မေပယ်လ်ပင်တန်းတစ်ချို့မှာ နီယွန်မီးသီးလှလှလေးတွေ သိုင်းရစ်ထားတဲ့နေရာလေးတွေကိုလည်း တွေ့ရတတ်တယ်။ မိုးချူပ်လို့ ကားသွားကားလာမရှိတော့ရင် အဲဒီသစ်ပင်တန်းနဲ့ ဓါတ်ပုံရိုက်လို့ အရမ်းမိုက်မှာ။
Foreigner တွေငွေလဲလို့မရတဲ့ တရုတ်ဘဏ် ရဲ့ ပေါ်လစီ
အောက်တိုဘာ ၉ ရက် ရှန်ဟိုင်းရဲ့ညနေစောင်းမှာ ကျွန်တော်တို့ ငွေလဲထွက်ခဲ့ကြပါတယ်။ မေပယ်လ်ပင်တန်းတွေအောက် လမ်းလျှောက်ချင်တာရယ် လေဆိပ်မှာငွေမလဲလာတာကြောင့်ရယ် တစ်ချက်ခုတ်နှစ်ချက်ပြတ် လမ်းလျှောက်ရင်းငွေလဲပေါ့လေ။
ညနေ ၃ နာရီခွဲပြီမို့ နေညိုသွားပြီ။ လေပြေအေးတွေတစ်ချက်တစ်ချက်တိုက်နေလေရဲ့။ ဝတ်ထားတဲ့အကျႌလက်ရှည်ပေါ်ကိုလေတိုးသွားတော့ ကြက်သီးမွှေးညှင်းဖြန်းခနဲ ဖြန်းခနဲထတယ်။ လမ်းသွားလမ်းလာတွေကတော့ အနွေးထည်ခပ်ပါးပါး ကိုယ်စီနဲ့ပေါ့။ မေပယ်လ်ရွက်တစ်ချို့ ကြွေကျလာ တယ်။ အရွက်စိမ်းဖားဖားတော့မဟုတ်ဘူး။ ဝါကြင့် ကြင့်ဖန့်ဖန့်ကြီးတွေရယ်။ ကျွန်တော်တို့တည်းတဲ့ ဟိုတယ်ရဲ့ ဘယ်ဘက်မှာဘဏ်တစ်ခုရှိပါတယ်။ China construction bank လို့ရေးထားတယ်။ အဲဒီမှာငွေလဲလို့ရနိုင်တယ်လို့ ကျွန်တော်ကသတ် မှတ်လိုက်တာပေါ့။ ရှန်ဟိုင်းမှာ ငွေလဲကောင်တာက ခပ်ရှားရှားမို့ ငွေလဲမယ်ဆို လေဆိပ်မှာလဲရင်လဲ ဒါမှမဟုတ် နိုင်ငံခြားသားတွေအသွားအလာ များတဲ့ tourists zone အနီးအနားတွေမှာလဲ အဲဒါမှမဟုတ်ရင်တော့ ဘဏ်တွေမှာလဲပေါ့။ ဘန်ကောက်တို့ စင်ကာပူတို့လို နေရာတိုင်းမှာငွေလဲကောင် တာရှိမနေဘူး။ ဒါကိုအရင် ၂ ခေါက်ရောက်က တည်းကသိထားပေမယ့် ပိုက်ဆံသိပ်အသုံးမလို တာမို့အရေးတကြီးမလဲခဲ့တော့တာ။ ဒီတစ်ခါတော့ လဲရမယ်ပေါ့လေ။
ဘဏ်ထဲကိုမဝင်ခင်အပြင်ဘက်မျာနာစာတန်းမှာ exchange ဆိုပြီးရေးထားတော့ ဒီဘဏ်မှာငွေလဲလို့ရတာသေချာသွားပြီမို့ ဘဏ်ထဲကိုရွှင်ရွှင်ပျပျနဲ့ ပဲဝင်ခဲ့လိုက်တယ်။ ဒေါ်လာကနေယွမ်ကိုလဲချင်ကြောင်းဘဏ်ဝန်ထမ်းတရုတ်မလေးတွေကိုရှင်းပြ လိုက်တယ်။ ကျွန်တော်တို့ပြောတာကို သူနားမ လည်ပေမယ့် ငွေလဲဖို့လာတာဆိုတာကိုတော့ သဘောပေါက်ပြီး တန်းစီဖို့တိုကင်ထုတ်ပေးတယ်။ passport တောင်းပြီးမိတ္တူကူးပေးတယ်။ ကျွန်တော်တို့တိုကင်နံပါတ်က A045 လက်ရှိရောက်နေ တာက A039 ဆိုတော့ ၆ ယောက်လောက်ပဲလို တာ မြန်မယ်လို့တွေးလိုက်တာပေါ့။ တကယ်တမ်း စောင့်လည်းစောင့်ရော တစ်ယောက်တစ်ယောက်ကိုမိနစ် ၂၀ လောက်ကြာတဲ့တိုင်အောင်မပြီးနိုင်ဘူးဗျာ။ ၂ ယောက်လောက်အထိပဲစောင့်ပြီး ပြန်လာခဲ့လိုက်တော့တယ်။ နောက်နေ့မှလာလဲမယ်ပေါ့။
နောက်တစ်ရက် (အောက်တိုဘာ ၁၀) ကျတော့ အဲဒီဘဏ်ကိုရောက်တာနည်းနည်းနောက်ကျသွား ခဲ့ပါတယ်။ အလုပ်ကအပြန်မှဝင်ရတာမို့ စောလာလို့ဘယ်လိုမှမရဘူးလေ။ မနက် ၇ နာရီဆိုအလုပ် သွားရပြီမို့ ဝင်လဲလို့မရပြန်ဘူး။ ကျွန်တော်တို့ ရောက်တဲ့အချိန်က ညနေ ၄ နာရီခွဲနေပါပြီ။ ဘဏ်က လည်းပိတ်သွားခဲ့ပြီ။ လက်ထဲမှာပိုက်ဆံဆောင်ဖို့ လည်းလိုအပ်နေတာမို့ အနီးအနားမှာ ငွေလဲကောင်တာများကံကောင်းထောက်မစွာရှိနေမလားဆိုပြီး မေးစမ်းကြည့်ကြပါတယ်။ ဆိုင်ကယ်လမ်းပြောင်းပြန်စီးလို့ ဖမ်းနေတဲ့ရဲဝန်ထမ်း၊ လမ်းသွားလမ်း လာတစ်ချို့အပါအဝင်ပေါ့။ ကိုယ်ပြောတာသူနား မလည် သူပြောတာလည်းကိုယ်နားမလည်ပါဘူး။ ဒီလိုတော့မဖြစ်ချေဘူးလို့တွေးပြီး ဘဏ်မျက်နှာစာမှာ Exchange လို့ရေးထားတဲ့အင်္ဂလိပ်စာတန်း အောက်ကတရုတ်စာကိုဓါတ်ပုံရိုက်ယူလိုက်ပါတယ်။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် လိုက်မေးလိုက်တော့ စတိုးဆိုင်ကအန်တီကြီးတစ်ယောက်က မီးပွိုင့်ကျော်ကျော်မှာရှိသေးတယ်ဆိုပြီး ညွှန်ပါတယ်။ ဒီတော့ သူညွှန်တာမှန်နိုင်ကောင်း ပါရဲ့လို့တွေးပြီးလျှောက်ခဲ့ကြတာပေါ့။ လေကလည်းတိုက် အေးကလည်းအေးနဲ့ ပျော်စရာကြီးရယ် ပါ။ ၁၅ မိနစ်လောက်လျှောက်အပြီးမှာတော့ ဟော တွေ့ပါပြီ ဘဏ်တစ်ဘဏ်။ ပထမတော့ ဒီဘဏ်လည်းပိတ်လောက်ရောပေါ့လို့တွေးပေ မယ့် အတူပါလာတဲ့သူငယ်ချင်းက ၂၄ နာရီလို့ရေး ထားတယ်ကွဆိုပြီးပြောတော့ သူညွှန်ပြတဲ့ဆိုင်း ဘုတ်ကိုကြည့်ပြီးအားတက်သွားပါတယ်။ ဒါနဲ့ပဲ ဘဏ်ထဲကိုဝင်ခဲ့ကြတယ်ဆိုပါတော့။
ဘဏ်နာမည်က bank of China ပါ။ လူလည်းနည်းတော့တန်းစီစရာမလိုပါဘူး။ ငွေလဲပေးတဲ့ ကောင်တာကိုလျှောလျှောရှုရှုရောက်ပါတယ်။ passport ပေးလိုက်ပါတယ်။ မနေ့ကဘဏ်ကကူးပေးတဲ့မိတ္တူကိုပါအဆစ်ပေးလိုက်သေးတယ်။ ဘဏ်ဝန်ထမ်းကောင်မလေးကို ကျွန်တော်လဲမယ့် ဒေါ်လာ ၂၀၀ လည်းပေးလိုက်ပါတယ်။ သူတို့ဖြည့်ခိုင်းတဲ့ဖောင်မှာ ဟိုတယ်လိပ်စာ၊ ဖုန်းနံပါတ် စတာတွေကိုလည်းဖြည့်ပြီး အရာ ရာအဆင်ပြေမယ်ထင်ထားပေမယ့် ထင်သလိုဖြစ် မလာခဲ့ပါဘူး။ ဘဏ်ဝန်ထမ်းကောင်မလေးတွေက ကျွန်တော့် Passport ကိုတစ်ခါမှမမြင်ဖူးတဲ့စာအုပ်တစ် အုပ်လိုမျိုးဝိုင်းကြည့်ကိုင်ကြည့်ပြီး မြန်မာဆိုတဲ့နာ မည်ကိုအသံထွက်မှန်အောင်ထွက်နေကြပါတယ်။ မီယမ်းမားးလို့ထွက်လိုထွက်မာမားလို့ထွက်လိုထွက်နဲ့ နောက်ဆုံးတော့ကျွန်တော်က မြန်မာဆိုပြီး ထွက်ပြလိုက်တော့မှ ရယ်ပြီးခေါင်းညိတ်ကြတယ်။ အဲဒီနိုင်ငံကိုမသိဘူးလားမေးတော့ တစ်ယောက်မှ မသိကြပါဘူးတဲ့လေ။ တိန်။ ဘဏ်ဝန်ထမ်း ၁၀ ယောက်လောက်ကတောင်မသိတဲ့နိုင်ငံမှာငါနေတာပါလားလို့တွေးပြီးတော့တောင်သိမ်ငယ်မိပါရဲ့။ ကျွန်တော့် Passport ကိုအထူးဆန်းကြီးသဖွယ် ကြည့်ပြီး တိုးတိုး တိုးတိုးတိုင်ပင်ပြီးသကာလ ဒေါ်လာ ၂၀၀ နဲ့ Passport စာအုပ်ကို နံရံမှန်ပေါက်က နေပြန်ပေးပါတော့တယ်။ ဆောရီး မလဲပေးနိုင်ပါဘူးတဲ့။ ကျွန်တော်တင်းပြီလေ။ ခုနကတောင် သူတို့တိုင်ပင်နေတုန်း မြန်မာပြည်ကတရုတ်နဲ့အိမ်နီးချင်းပါ မြေပုံမကြည့်ဘူးလား ဒေါ်အောင်ဆန်းစုကြည်ကိုမသိဘူးလား ဘာညာစ နေ မေးနေသေးတယ် အခုတော့ passport ကိုမသိလို့မလဲပေးတဲ့ပုံစံနဲ့ဆိုတော့ တင်းပြီလေ။
ဘာကြောင့်မလဲပေးတာလဲ ဘာအထောက်အထားလိုလို့လဲနဲ့ပြန်မေးတော့ သူငယ်ချင်းက ရစ်မနေပါနဲ့တော့ကွာပြန်စို့ ဆိုပြီးလှမ်းတားပါ တယ် ။ ကျွန်တော်က အဖြေတစ်ခုကိုသိချင်တာသူတို့ ဖြေရှင်းပေးတာကိုလိုချင်တာမို့ သူတို့ကိုကွန်ပလိန်းတက်ရတာပါ။ သူတို့ကလည်းအင်္ဂလိပ်လို ပြန်မပြောတတ်တာမို့ အင်္ဂလိပ်စာရတဲ့အခြားဘဏ်ဝန်တစ်ယောက်ကိုလိုက်ရှာပြီးရှင်းပြခိုင်းပါ တော့တယ်။ သူတို့ဘဏ်ရဲ့ပေါ်လစီအရ နိုင်ငံခြားသားကို ငွေတိုက်ရိုက်မလဲပေးဘူး လဲချင်ရင်တရုတ်နိုင်ငံသားတစ်ဦးဦးရဲ့မှတ်ပုံတင်နဲ့ သူ့ကိုခေါ်လာအာမခံပေးမှလဲပေးပါ့မယ်တဲ့။ အကုန်အဆင်သင့်ဖြစ်ပြီးမှ မလဲပေးတာကိုတင်းပေမယ့် အောင့်သက်သက်နဲ့ပဲပြန်လာခဲ့ရပါတယ်။ ငွေလဲဖို့အဲဒီလောက်တောင်ခက်ခဲသလားရှန်ဟိုင်းရယ်ဆိုပြီး တွေးမိတော့တာပါပဲ။ ဟိုတယ်မှာတော့မေးပြီး အကြံတောင်းဖို့လည်းစိတ်ကူးပါတယ်။
ဟိုတယ်ရောက်တော့ငွေလဲကောင်တာဘယ်နားမှာရှိသလဲလို့မေးတာကိုဝန်ထမ်းတွေကနားမလည်ဘူးဗျာ။ မန်နေဂျာဖြစ်ပုံရတဲ့လူတစ်ယောက် ခေါ်ပေးပါတယ်။ ကျွန်တော်ဖြင့် သူ့ကိုတွေ့တော့ အဖေကိုတိုင်သလို အကျိုးကြောင်းကုန်စင်အောင်ပြောပြရှင်းပြတော့တာပါပဲ။ သူက ဟိုတယ်ဘေးမှာရှိတဲ့ အေတီအမ်စက်ကြီးကိုပြပြီး အဲဒီမှာထုတ်လို့ရတယ်လေတဲ့။ ဒေါ်လာထည့်ရင်ယွမ်ထွက်လာတာလားလို့သေချာအောင်ပြန်မေးတော့ ဟုတ်တယ်လေတဲ့။ အဲဒါနဲ့ ကျွန်တော့်ကိုစက်ကြီးဆီခေါ်သွား စက်မှာပေါ်နေတဲ့ငွေလဲနှုန်းစျေးတွေကြည့်ခိုင်းပါတယ်။ အဆင်ပြေပြီဆိုတာနဲ့ passport scan ဖတ်ဖို့စက်ရဲ့သတ်မှတ်နေရာမှာ တင် လဲမယ့်ဒေါ်လာကိုစက်ထဲထည့်ပါတယ်။ ဒေါ်လာ ၁၀၀ ကို ၆၆၈ ယွမ်ရပါတယ်။ ဒေါ်လာ ၅၀ တန်နဲ့ ၁၀၀ တန် ၂ မျိုးပဲရပါတယ်။ အကြွေမရပါဘူး။ ဒေါ်လာ ၁၀၀ တန်ထည့် passport scan အပြီး ယွမ်ငွေတွေထွက်လာတော့ဝမ်းသာအားရဖြစ်လိုက်တာဆိုတာလေ။
အဝေးကြီးတွေလိုက်ရှာနေ နီးနီးလေးမှာရှိတာမသိလေခဲ့ရော့သလား။
စီချွန်ဟော့ပေါ့စားသုံးခြင်း
တရုတ်ရောက်ရင်တရုတ်စာမြည်းစမ်းဖို့က ခရီးသွားတွေရဲ့တာဝန်တစ်ရပ်လို့ယူဆရပေမယ့် ကျွန်တော်တို့လိုအလုပ်နဲ့လာတဲ့သူကျတော့ စိတ်ကူးရှိရာ ဟိုဟိုဒီဒီမသွား မစားနိုင်ပြန်ဘူး။ တစ်ရက်ကျတော့ ခင်ရတဲ့မိတ်ဆွေတရုတ်လူမျိုး တစ်ယောက်ကစီချွန်ဟော့ပေါ့လိုက်ကျွေးဖို့ဖိတ် ပါတယ်။ ဘယ်တရုတ်စာစားချင်သလဲ ဘယ်အစား အစာကိုကြိုက်သလဲမေးစမ်းရင်း နိုင်ငံခြားသားတွေလည်းလာလေ့လာထမရှိတဲ့ဆိုင် localize အရမ်းဖြစ်တဲ့ဆိုင် နာမည်လည်းကြီးတဲ့ဆိုင်ကိုရွေး ချယ်လိုက်ကြပါတယ်။ စီချွန်ဟော့ပေါ့ဆိုင်ပါ။
အလုပ်ကညနေ ၆ နာရီကျော်မှပြီးတာမို့ မိတ်ဆွေက ကျွန်တော်တို့ကိုဆိုင်မှာနေရာဦးရင်းကြိုစောင့် နေပေးပါတယ်။ အလုပ်ပြီး ဗိုက်ဆာဆာနဲ့စား လို့ရအောင်တစ်ခါတည်းအရန်သင့်မှာထားပေးပါတယ်။ ငှားလာတဲ့တက္ကစီသမားကိုလည်းဆိုင်နေရာကို ဖုန်းကတစ်ဆင့်ပြောပြီးသေချာလမ်းညွှန် ပေးပါသေးတယ်။ ရှန်ဟိုင်းရောက်ရင်အဲဒီဆိုင် လေးကိုသွားဖြစ်အောင်သွားစားစေချင်ပါတယ်။ unique အရမ်းဖြစ်လို့ပါ။ ဆိုင်နာမည်က Can Plus Hot Pot တဲ့။ ရှန်ဟိုင်း၊ Nanshi ထဲမှာရှိပြီး ည ၁၁ နာရီဆိုဆိုင်ပိတ်ပါတယ်။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့ ဂျိုပါတဲ့ဘီးကုတ်အနီးလေးတွေတပ်၊ စူပါမန်းလိုအနီရောင်ခြုံလွှာကြီးတွေဝတ် ထားတဲ့မိန်းကလေးတွေကကြိုဆိုနေတာကိုတွေ့ ရပါလိမ့်မယ်။
Can plus hot pot ရဲ့ထူးခြားချက်က အရမ်းခမ်းနားတဲ့ဆိုင်မဟုတ်ဘူး နိုင်ငံခြားသားအဖြူတွေအမည်းစတာတွေရှိမနေပါဘူး။ ကျွန်တော့တို့ကလွဲရင် ပြည်တွင်းကာစတန်မာ တွေချည်းတစ်ဆိုင်လုံးအ ပြည့်ရှိနေပါတယ်။ စီချွန်ဟော့ပေါ့က ဟင်းရည်ကို သောက်လေ့သောက်ထမရှိဘဲဟင်းရည်ထဲ အသားအရွက်တွေပြုတ်စားရတာပါ။ သာမန်ဟော့ ပေါ့ထက်ထူးခြားပြီးအရသာကောင်းတယ်လို့ ဆိုချင်ပါတယ်။ ဆိုင်ထဲရောက်တာနဲ့ ဟောပေါ့ဟင်း ရည်အရသာဘယ်လိုယူမလဲ အချိုလားအစပ်လားမေးမနေတော့ဘဲ အရသာသုံးမျိုးတစ်ကန့် စီပါတဲ့ဟင်းရည်အိုးကိုချပေးပါတယ်။ အချိုရည် အစပ်ရည် ချဉ်စပ်ရည် ကိုအကန့်လိုက်ခွဲထားပေးတဲ့ ချစ်စရာအိုးလေးပါပဲ။ အချိုရည်မှာတော့ တရုတ်ဇီးသီးနဲ့အမွှေးရွက်တစ်ချို့ထည့်ထားပြီး အရည်ကြည်ပါတယ်။ အစပ်ရည်မှာတော့ ငရုတ်သီး နီနီကြီးတွေငရုတ်ကောင်းတွေနဲ့ တစ်ကန့်လုံးနီရဲနေပါတယ်။ ချဉ်စပ်ရည်ကတော့ ဂျင်းနဲ့အခြားအရွက်တစ်ချို့ပါပြီးတုံယမ်းဟင်းချိုအရောင်လိုမျိုး အဝါဖန့်ဖန့်လေးဖြစ်ပါတယ်။
ဘယ်လိုစားရသလဲသိလားထွန်းထွန်းလို့မေးတော့ မသိဘူးလို့ပြန်ဖြေတာမို့ သူလုပ်သလိုလိုက်လုပ်ပါ တဲ့။ ကျွန်တော်တို့အချဉ်အရင်စပ်ပါတယ်။ သပ်သပ် ချပေးထားတဲ့အချဉ်ခွက်အလွတ်ကိုကိုင် ကြက်သွန် ဖြူနုတ်နုတ်စင်းကိုအနေတော်ထည့်လိုက်ပါ တယ်။ ကြက်သွန်မြိတ်၊ နံနံပင်ထည့်ပါတယ်။ ပဲငံပျာရည် ငရုတ်သီးမှုန့်ခပ်ပါးပါးတို့ကိုအနေတော်စီထည့်ပြီးတဲ့နောက် တစ်ခါသုံးရုံပါကင်ပိတ်ဆီဗူးလေးထဲကဆီကို အလောတော်ဖောက်ထည့်ပြီးသမအောင်မွှေပါတယ်။ အဲဒီအချိန်မှာပဲ ဟင်းရည်ပွက်ပွက်ဆူ လာပြီမို့ မှာထားတဲ့အသားငါးအသီးအရွက် set တွေကိုဟင်းရည်ထဲစ နှစ်နိုင်ပါပြီ။ အမဲပုဆိုးကြမ်း တစ်ဖတ်ကိုတူနဲ့ယူကိုင်ပြီး တူကိုမလွှတ်ပဲဟင်းရည်ထဲစိမ်ထားလိုက်ပါတယ်။ ၁၀ စက္ကန့်လောက် အကြာမှာတော့ ကျက်သွားပြီဖြစ်တဲ့အမဲပုဆိုးကြမ်းကို အိုးထဲကနေပြန်ဖော်ပြီး ခုနကစပ်ထားတဲ့အချဉ်နဲ့တွဲဖက်စားသုံးနိုင်ပါပြီ။ အခြားမှာထားတဲ့ အသားလွှာနဲ့ဟော့ပေါ့ဟင်းပွဲတွေကိုလည်းကိုယ် ကြိုက်တဲ့ဟင်းရည်ထဲထည့်ပြုတ်စားသောက်နိုင် ပြီဖြစ်ပါတယ်။ ကျွန်တော့်အတွက် unique အဖြစ်ဆုံးက အစပ်ရည်ပါပဲ။ အသားတွေ အရွက်တွေကို ဟင်းရည်ထဲထည့် ပူပူစပ်စပ်နဲ့ တရှူးရှူးတရှဲ ရှဲ စားလိုက် သူတို့ဆီကထွက်တဲ့ဝိုင်ခပ်ပြင်းပြင်းလေးကို သောက်လိုက် အရမ်းပူစပ်ပူစပ်ဖြစ်သွားရင် gas မပါတဲ့တရုတ်အချိုရည်လေးသောက်လိုက်နဲ့ သာယာလိုက်တာဆိုတာလေ။
နောက်နေ့မနက်မိုးလင်းတော့ ဗွမ်းခနဲ ဂွမ်းခနဲမြည် ပြီးတဝေါဝေါနဲ့ဂျိုးဖြူပိုက်ကိုဖင်တပ်ထားသလား အောက်မေ့ရတယ်။ ဗိုက်ထဲကိုရှင်းလင်းပေါ့ပါးသွားတာပဲ။ 😛
ရှန်ဟိုင်းမှာ မဖြစ်မနေလည်စရာ
အလုပ်တွေလည်းပြီး ပိတ်ရက်လည်းရောက်ပြီမို့ လည်စရာတွေကိုရွေးချယ်လည်ပတ်ဖို့စဉ်းစားရပါ တော့တယ်။ ရှန်ဟိုင်းကိုရောက်ပြီးလည်ဖို့ပတ်ဖို့ဆိုရင်တော့ အရင်ဆုံးရွေးချယ်သင့်တဲ့နေရာက Oriental Pearl Tower လို့ သတ်မှတ်လိုက်ပါတယ်။ အရင်နှစ်ခေါက်ရောက်တုန်းကလည်း အဲဒီနေရာ ကိုသွားခဲ့ပြီးပြီဆိုပေမယ့် အဲဒီနေရာကိုမရောက်ရင်ရှန်ဟိုင်းကိုမရောက်ဘူးလို့ ဆိုလိုနိုင်တာမို့ သွားဖြစ် အောင်သွားခဲ့ပါတယ်။
ကမ္ဘာလုံးပုံသဏ္ဍာန်အလုံးကြီး၊ အလတ်၊ အသေး သုံးလုံးပါတဲ့တာဝါကြီးကို ထင်းခနဲမြင်နေအောင် ဆောက်ထားတာမို့ Oriental Pearl Tower ဟာ ရှန်ဟိုင်းရဲ့ Land mark ဖြစ်ပါတယ်။ တကယ်တော့ အဲဒီတာဝါဟာ ရေဒီယိုနဲ့တယ်လီဗေးရှင်းတာဝါတစ်ခုပါပဲ။ Pudong ဧရိယာမှာရှိပြီးအချက်အချာလည်း ကျ၊ ကမ္ဘာကျော်တရုတ်ဒီဇိုင်းနာတွေဆောက်ထားတာလည်းဖြစ်တာကြောင့် လူမပြတ်စည်ကားနေ တော့တာပါပဲ။ အမြင့် ၄၆၈ မီတာရှိပါတယ်။ မနက် ၈ နာရီကနေ ညနေ ၁၀ နာရီလောက်အထိဖွင့်ပေး ထားတာတွေ့ရပါတယ်။ လက်မှတ်ကတော့ စျေးကြီးတယ်လို့ဆိုရမှာပါ။ ကိုယ်သွားမယ့်နေရာအပေါ်မူ တည်ပြီးလက်မှတ်စျေးကွာပါတယ်။ ယွမ် ၁၆၀၊ ယွမ် ၂၂၀ ကနေ ဘူဖေးနေ့လည်စာ၊ ညစာတွေပါစား နိုင်မယ့်ယွမ် ၃၀၀ ကျော်အထိစျေးပေါက်ပါတယ်။ ကျွန်တော်တို့ကတော့ လူအသွားအများဆုံးလည်း ဖြစ် စျေးလည်းအပေါဆုံးဖြတ်တဲ့ ယွမ် ၁၆၀ တန်ကိုဝယ်လိုက်ပါတယ်။
မီတာ ၂၆၀ အမြင့်ကိုရောက်မှာဖြစ်ပြီးအဲဒီကနေ အောက်ကို မှန်တစ်ချပ်သာကာပြီး တိုးလျှိုးပေါက်မြင် နေရတဲ့နေရာကိုရောက်မှာပါ။ ဓါတ်လှေကားစီးပြီး အမြင့်ကိုရောက်လေ နားတွေအူလေလေပါပဲ။ ကမ္ဘာ လုံးပုံသဏ္ဍာန်အရွယ်အစားအကြီးဆုံးဖြစ်တဲ့ မီတာ ၂၆၀ အမြင့်မှာဆင်းရပါတယ်။ ၀ိုး ရှန်ဟိုင်းမြို့ကြီးရဲ့ မြင်ကွင်းပတ်ပတ်လည်ကိုအပေါ်စီးကနေစီးပြီးမြင်ရပါတယ်။ ခမ်းနားထည်ဝါတဲ့နောက်ဆုံးပေါ်မိုးမျှော် တိုက်ကြီးတွေ မီးရောင်စုံထိန်ထိန်လင်းနေတဲ့မြို့ပြညတွေက အံ့မခန်းပါပဲ။ နေရာတစ်ပတ်ပတ်ကြည့် လိုက်တော့ ရှန်ဟိုင်းမြို့ကိုတော်တော်စုံစုံလင်လင်တွေ့လိုက်ရပါတယ်။ အဲဒီနေရာကနေ အောက်ကို တစ်ထပ်လှေကားနဲ့ဆင်းလိုက်ရင်တော့ ကျွန်တော်အရမ်းသဘောကျတဲ့နေရာကိုရောက်ပါတယ်။ မှန် တစ်ချပ်သာကာထားပြီး မီတာ ၂၆၀ လောက်အမြင့်နေ ဟိုးအောက်ကိုတိုးလျှိုးပေါက်မြင်နေရတဲ့နေ ရာပေါ့။ မှန်အပေါ်ကိုတက်ပြီးအောက်ကိုကြည့်တဲ့အရသာက ဘယ်လောက်တောင်စိတ်လှုပ်ရှားစရာ ကောင်းလိုက်မလဲ။ ကျွန်တော်ကတော့ကြောက်လို့မှန်ပေါ်ကိုမတက်ရဲပါဘူး။
တစ်ချို့တွေကတော့ မှန်ပေါ်ကိုခုန်ပါခုန်လိုက်ပါသေးတယ်။ မတော်တဆများပြုတ်ကျခဲ့ရင်ဆိုတဲ့ အတွေးနဲ့ ရင်တွေတောင်ခုန်မိပါရဲ့။
နောက်ထပ်လည်စရာတစ်နေရာကတော့ Yu Garden ဖြစ်ပါတယ်။ မင်မင်းဆက် (၁၅၅၉) ခုနှစ်က ဆောက်ထားခဲ့တဲ့ဥယာဉ်ဖြစ်ပါတယ်။ ရှေးဟောင်းအဆောက်အဦဟောင်းတစ်ခုကို ဥယျာဉ်ကျယ်ကြီး တစ်ခုကို ဘယ်လိုထိန်းသိမ်းထားသလဲ ဘယ်လောက်တောင်ခမ်းနားကြီးကျယ်သလဲဆိုတာကိုသွား ကြည့်သင့်တာမို့ ရှန်ဟိုင်းရောက်ရင်မဖြစ်မနေသွားသင့်တဲ့နေရာတစ်ခုလို့ဆိုချင်ပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့နေ့က စနေနေ့ ရုံးပိတ်ရက်မို့ လူကျိတ်ကျိတ်တိုးစည်ကားနေပါတယ်။ ဥယျာဉ်ဝင်ပေါက် ရောက်ဖို့ကိုတောင် လူတော်တော်တိုးလိုက်ရပါတယ်။ ကားရပ်လိုက်ပြီးဆိုတာနဲ့ မျက်စိတစ်ဆုံးလူ့ပင် လယ်ကြီးက တရုတ်သိုင်းကားထဲကအုတ်ကြွပ်မိုးအဆောက်အဦတွေကြားထဲတိုးဝှေ့နေရော။
စျေးဝယ်သူကဝယ်၊ အမှတ်တရဓါတ်ပုံရိုက်သူကရိုက်နဲ့ ဟိုငေးဒီကြည့်ရင်လူတိုးလာခဲ့ပါတယ်။ အစား အသောက်ဆိုင်တွေမှာဆိုရင်လည်းလူအပြည့်။ အထူးသဖြင့် ဖက်ထုတ်ဆိုင်တွေကိုသတိထားမိပါ တယ်။ အဲဒီနေရာကဖက်ထုတ်ကအရမ်းများကောင်းသလားတော့မသိ။ လူ ရာချီပြီးတန်းစီဝယ်စားနေ ကြတာတွေ့ရပါတယ်။ ဥယျာဉ်နားတစ်ဝိုင်းကတော့ အစားအသောက်တန်းနဲ့ စျေးဝယ်စရာနေရာတွေ ကို စုံစုံလင်လင်တွေ့နိုင်ပါတယ်။ ဝင်ကြေး ယွမ် ၄၀ ပေးရပါတယ်။ ဒီတစ်ခါဝင်ကြေးကတန်ပါတယ်။ နေရာအများကြီးကိုတွေ့ရတယ်လေ။ ဥယျာဉ်သာဆိုတယ် ရပ်ကွက်လေးတစ်ခုလောက်ကိုကျယ်ပါ တယ်။ ကျောက်သား၊ ကျောက်ဆောင်တွေနဲ့ဆောက်ထားတဲ့နံရံတွေ၊ ရေအိုင်တွေဖြတ်သန်းစီးဆင်းနေ တဲ့တံတားလေးတွေ၊ နှစ်ပေါင်းရာချီရှိနေတဲ့ သစ်ပင်အိုတွေ နန်းတော်တမျှခမ်းနားတဲ့အဆောက်အဦ တွေကို တစ်နေရာတည်းမှာမြင်တွေ့နိုင်ပါတယ်။ တရုတ်တို့ရဲ့ကြီးကျယ်ခမ်းနားမှုကိုတစ်နေရာတည်း မှာပေါင်းစပ်ထားသလိုပါပဲ။ အဲဒီအထဲမှာ အမှတ်တရလက်ဆောင်ပစ္စည်းတွေ၊ ပန်းချီပြခန်းတွေလည်း ရှိပါသေးတယ်။ လက်မှုပညာမြတ်နိုးသူတွေအတွက်ကတော့ လေ့လာစရာတွေအများကြီးလို့ဆိုချင်ပါ တယ်။
ရှန်ဟိုင်းက ဂျင်းတွေ
အာရှနိုင်ငံတော်တော်များများမှာ ဂျင်းထည့်တာပေါပါတယ်။ ကျွန်တော်ရောက်ဖူးသမျှအာရှနိုင်ငံတွေ ထဲမှာ စင်ကာပူကလွဲရင်တော်တော်များများဂျင်းပေါပါတယ်။ ရှန်ဟိုင်းလိုကြီးကျယ်ခမ်းနားလှတဲ့မြို့မှာ လည်းဂျင်းရှိတာပါပဲ။
အလွယ်တကူမိနိုင်တဲ့ဂျင်းကတော့ တက္ကစီတွေပါ။ မြို့နေလူအားလုံးနီးပါးက ရထားပဲစီးကြတာမို့ တက္ကစီကိုတော့ နိုင်ငံခြားသားတွေအစီးများပါတယ်၊ ဒီတော့ သူတို့အနေနဲ့ဂျင်းထည့်လို့ကောင်းတာ ပေါ့။ တကယ့်သတ်မှတ်ထားတာကတော့ မီတာနဲ့စီးရမယ်လို့ဆိုပေမယ့် ညဖက်တွေကတော့မီတာနဲ့ မမောင်းပါဘူး။ ရောက်ခါစကတော့ ရထားဘူတာဘယ်နားမှာရှိလဲမသိ၊ ရထားဘယ်လိုစီးရမလဲ မသိတာမို့ အလုပ်လုပ်တဲ့ရက်တွေအားလုံး တက္ကစီနဲ့ပဲဖြတ်သန်းခဲ့ပါတယ်။ မနက် အလုပ်သွားချိန်၊ ပြန်ချိန်က မိုး အရမ်းမချုပ်သေးတာမို့ မီတာတက္ကစီတွေချည်းပါပဲ။ ဘယ်ဟာက မီတာတက္ကစီလဲ၊ ဘယ်ဟာကမဟုတ် ဘူးလဲ ခွဲခြားသိစရာ မေးစရာမလိုပါဘူး။ အားလုံးမီတာနဲ့ပဲမောင်းပါတယ်။ အဲ ညမိုးချုပ်ပြီးလည်းဆိုရော တော်တော်များများက မီတာနဲ့မဟုတ်တော့ပါဘူး။ Oriental Pearl Tower သွားတဲ့ညက ကျွန်တော်တို့ ဂျင်းမိပါတယ်။ အသွားတုန်းကတော့ မိုးချုပ်ခါစဆိုပေမယ့် မီတာတက္ကစီကိုမှီလိုက်ပါတယ်။ တည်းတဲ့ ဟိုတယ်ကနေ Oriental Pearl Tower ကို ၈၅ ယွမ်ပေးရပါ တယ်။
အပြန်လည်းကျတော့ တိုင်ပတ်တော့တာပါပဲ။ မိုးလည်းတော်တော်ချုပ်နေပြီမို့ ကားတားလိုက်၊ စျေးခေါ် လိုက်တဲ့အချိန်တော်တော်ကုန်ပါတယ်။ ၈၅ ယွမ်တန်ခရီးကို ယွမ် ၄၅၀ တဲ့။ တိန်။ အံသြခြင်းကြီးမားလှ ပါတယ်။ သူတစ်စီးတည်းလားဆိုတော့လည်းမဟုတ်ပါဘူး။ အခြားတက္ကစီတွေတားရင်လည်းအဲဒီလိုပါ ပဲ။ ၃၀၀ တောင်းလိုက် ၂၅၀ တောင်းလိုက်နဲ့ နောက်ဆုံး ကျွန်တော်တို့ရှေ့မှာ ကားနှစ်စီးအပြိုင်ရပ်ပြီး စျေးပြိုင်ခေါ်ကြတဲ့အထိပါပဲ။ ဟိုဖက်တက္ကစီသမားကလည်း ဆောင့်ကြီးအောင့်ကြီး ၂၅၀ တောင်းတယ် မလိုက်ရင်သတ်မယ့်ပုံစံနဲ့ကြည့်တယ်။ ဒီဖက်တက္ကစီသမားကလည်း စျေးလျှော့ပေးမယ်သူ့ကားပေါ် တက်ဆိုတာချည်းပဲ။ ကျွန်တော်တို့ကိုပဲ မဲခေါ်ပြီး သူတို့ကားသမားအချင်းချင်းကတော့စကားမများဘူး ရယ်။ တစ်မျိုးပဲ။ နောက်ဆုံးတော့ ၁၅၀ နဲ့အဆင်ပြေသွားပါတယ်။ လမ်းကလည်းကောင်း၊ စိတ်က လည်းသိပ်အခန့်မသင့်တာမို့ ဝုန်းခနဲ ဝုန်းခနဲမောင်းတာ လန့်စရာပါပဲ။
နောက်တစ်ခုကတော့ စျေးဝယ်တဲ့နေရာပေါ့။ ကမ္ဘာကျော်တံဆိပ်တွေရှိတဲ့နေရာ စျေးဝယ်စင်တာတွေ ကိုမဆိုလိုပါဘူး။ သူတို့ရိုးရာလက်မှုပညာပစ္စည်းတွေ အမှတ်တရပစ္စည်းတွေဝယ်မယ်ဆိုရင်တော့ အဲဒီ ပစ္စည်းရောင်းတဲ့နေရာကိုရောက်ရင်တော့ စျေးသာဆစ်ပေတော့။ ကျွန်တော်တို့ရန်ကုန်မှာ စျေးဆစ်သ လောက်တော့ သူကသနားတယ်။ ယွမ် ၁၂၀ တန်ပစ္စည်းကို ၅၀ လောက်နဲ့ပိတ်သာဆစ်၊ မရဘူးမထင် နဲ့ ရပါတယ်။ သူတို့ပေးပါတယ်။ ဒီတော့ ရှန်ဟိုင်းမှာ စျေးမကပ်ထားတဲ့ပစ္စည်းတွေကိုဝယ်မယ်ဆိုရင် သုံးပုံတစ်ပုံလောက်အတင် ဆစ်ရမယ့်အပေါက်ပါ။ ကျွန်တော်ဝယ်တဲ့ အမှတ်တရ ပစ္စည်းတော် တော်များများက သုံးပုံတစ်ပုံနီးပါးစျေးဆစ်လို့ရလာတာတွေပါ။ ဆစ်တတ်ရင်တော့ ပျော်စရာကြီးရယ်။
Yu Garden ကိုဝင်တဲ့လမ်းမှာ လက်ဖက်ခြောက်ဆိုင်တစ်ဆိုင်ရှိပါတယ်။ နှစ်ပေါင်း ၂၀၀ သက်တမ်းရှိ တဲ့ဆိုင်ကြီးလို့ရေးထားပါတယ်။ တကယ်လည်းအထောက်အထားတွေရှိပါတယ်။ နိုင်ငံခြားသားတွေ လက်ဖက်ခြောက်ကြိုက်တဲ့သူတွေ ဆိုင်အပြည့်ပါပဲ။ လက်ဖက်အညွှန့်လေးတွေ ဗူးလှလှလေးတွေနဲ့ အမှတ်တရပစ္စည်းလေးတွေလည်းရောင်းပါတယ်။ စျေးအရမ်းကြီးပါတယ်။ ကျွန်တော်ကတော့လက် ဖက်ခြောက်မကြိုက်တတ်တဲ့သူမို့လို့လားမသိဘူး၊ ဘာအရသာမှန်းလည်းမသိစျေးကြီးတာပဲသိတာမို့ ဂျင်းလို့ဆိုချင်ပါတယ်။ လေးယောက်စာလက်ဖက်ခြောက်နည်းနည်းခပ်ထားတဲ့ရေနွေးကြမ်းဝိုင်းကို ယွမ် ၆၀၀ ကျော် မြန်မာငွေ ၁၃၀၀၀၀ လောက်ပေးရပါတယ်။ အဲလောက်ကြီးတော့စျေးမကြီးသင့်ဘူး လို့ထင်တာပါပဲ။ နှစ် ၂၀၀ သက်တမ်းပဲရှိရှိ ၃၀၀ သက်တမ်းပဲရှိရှိ ပေါ့နော့။
အပြန်လေဆိပ်မှာ အိုင်ဖုန်းဟန်းဆက်အချို့ကိုင်ပြီး အိုင်ဖုန်းဝယ်မလားလိုက်မေးနေတဲ့ဂျင်းတွေလည်း တွေ့ခဲ့ပါတယ်လို့။