(၁၀)
လတ်တလောကာလ သူ့မှာတိုင်ပင်စရာဆိုလို့ကိုင်းမှာတွေ့ရတဲ့ အကျဉ်းသားအစ်ကိုကြီးတွေပဲရှိသည်။ အဲဒီအထဲမှာမှ ကိုတန်းစီးကအကြီးဆုံးလူလို့ သူကယူဆထားတာမို့ကိုတန်းစီးကို သူကြုံလာရသမျှတွေ ရင်ဖွင့်ဖြစ်၏။ အကျဉ်းသားတွေရဲ့လုပ်ငန်းခွင်ကိုကြီးကြပ်နေရင်း သူပြောသမျှကို ကိုတန်းစီးကနား ထောင်နေသည်။ အာရုံဝင်စားသလား မဝင်စားဘူးလားသူမပြောတတ်ပါ။ သူပြောချင်ရာကိုပြောလိုက် ရတဲ့အတွက်တော့ ရင်ထဲပေါ့သွားတာအမှန်ပင်။
“ဟူး မင်းအဖြစ်ကလည်းမလွယ်ပါလား”
သူ့စကားအဆုံးမှာတော့ သက်ပြင်းရှည်ကြီးချလျှက် သူ့ကိုဂရုဏာသက်စွာကြည့်သည်။ ပြီးတော့မှတစ် စုံတစ်ခုကိုတွေးမိသွားဟန်နဲ့ နေပါဦး မင်းကငါတို့လိုအကျဉ်းသား လူမိုက်တွေကိုဘာလို့တိုုင်ပင်ရင်ဖွင့် အကြံဉာဏ်တောင်းနေရတာလဲ လို့မေးသည်။
“ကျွန်တော့်မှာတိုင်ပင်စရာလူမှမရှိတာ”
“အေး ညီလေး မင်းမှာတိုင်ပင်စရာမရှိရင်ငါတို့ထက်အကြံကောင်းဉာဏ်ကောင်းပေးနိုင်မယ့်သူကိုရှာ သင့်တယ်ကွ၊ ပညာရှိကိုချည်းကပ်ရမယ်လို့မင်းစာမှာမသင်ဖူးဘူးလား ငါတို့လိုအသိပညာမဲ့ ဆင်ခြင် ဉာဏ်မဲ့လို့ထောင်ထဲကိုရောက်လာတဲ့သူတွေဆီကအကြံကောင်းတော့မရနိုင်ပါဘူးကွာ”
“ပညာတွေအများကြီးတတ်ပြီး မထင်မှတ်တဲ့အမှားတစ်ချက်ကြောင့်လည်းထောင်ထဲရောက်လာရတဲ့ သူ တွေရှိတယ်လို့ ကျွန်တော်ကြားဖူးပါတယ်ဗျာ၊ ကျွန်တော်ယုံကြည်တဲ့သူကိုပဲ ကျွန်တော်တိုင်ပင် တာပါ အစ်ကိုရာ”
“တယ်ဟုတ်ပါလား မင်းစကားက”
သူ့အပြောကို ကိုတန်းစီးကျေနပ်သွားသည်။ စက္ကန့်ပိုင်းလောက်စဉ်းစားဟန်ပြုပြီးမှ
“နေဦးကွ၊ မင်းကငါတို့နဲ့လည်းတော်တော်ခင်နေပြီဆိုတော့ အရင်းနှီးဆုံးမိတ်ဆွေတွေပီပီအကြံကောင်း လေးပေးဖို့တော့ ငါတို့စိတ်ကူးထားပါ့မယ်၊ ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး ငါတို့တိုင်ပင်ကြည့် လိုက်ဦးမယ်၊ မနက်ဖြန်ဒီအချိန်မင်းပြန်လာခဲ့ကွာ”
ဘဝအတွေ့အကြုံတော်တော်များများကိုဖြတ်သန်းပြီး အမှားတစ်စုံတစ်ရာကြောင့်အကျဉ်းထောင်ထဲကို ရောက်လာရတဲ့ သူတို့အားလုံးဆီမှာတော့ အတွေ့အကြုံပေါင်းများစွာ အကြံပေါင်းများစွာရှိပါလိမ့်မည်။ သူ့ကိုအကြံပေးလာလို့ စိတ်ထဲမှာဘဝင်ကျရင်အဲဒီအကြံကိုယူမှာပေါ့။ ဘဝင်မကျရင်တော့ မလုပ်ဘဲ ထားလိုက်ရုံပေါ့ လို့ပဲတွေးလိုက်သည်။
နောက်တစ်နေ့ အဲဒီကိုသူရောက်လာခဲ့ပါသည်။ အားတက်သရောနဲ့ ကိုတန်းစီးဆီကိုပြေးသွားမိသည်။ ထူးမခြားနားနေ့လေးတစ်နေ့ကို သူတို့လည်ပတ်နေမြဲပင်။ ရွှံတွေသယ်၊ သမအောင်နယ်၊ အုတ်ခဲတွေ အဖြစ်ပုံသွင်း၊ နေလှန်းတဲ့သူကလှမ်းနဲ့ သူ့တာဝန်၊ သူ့အပိုင်းလိုက် တရွေ့ရွေ့လှုပ်ရှားနေကြ၏။
“အေး၊ လာ မင်းကိုကြီးကောင်းဆီကိုသွားလိုက်”
ရွှံတွေနယ်နေသည့် ကိုကြီးကောင်းဆီထံကိုလက်ညှိုးထိုးကာသွားခိုင်းလေသည်။
“သူ့ဆီမှာ မင်းအတွက်အကြံဉာဏ်ရှိတယ်၊ ပြောပြလိမ့်မယ်”
သူ ကိုကြီးကောင်းထံကို ပြေးလာခဲ့ပါသည်။ ကိုကြီးကောင်းကသူ့ထုံးစံအတိုင်း အေးအေးလူလူ သီချင်း လေး ညည်းလျှက်ရွှံ့ွှ တွေကိုနယ်နေသည်။
“မင်း၊ ဆင်အိုးကိုတစ်ယောက်တည်းသွားတတ်လား”
ဆင်အိုးဝကို ဘာလို့မသွားတတ်ရမှာလဲ။ သူတို့လေညှင်းတောင်နဲ့အနီးဆုံးနေရာ။ ပြီးတော့ မြို့လည်းပို ကျသည်။ မြောက်ဦးမြို့ကနေ ဆင်အိုးကိုတစ်ဆင့်လာ ပြီးမှသူတို့ရွာလေညှင်းတောင်ဆီကိုရောက် တာဖြစ်သည်။
သူခေါင်းညိတ်ပြလိုက်သည်။
“အေး၊ အဲဒီမှာ တနလာင်္နေ့တိုင်းမနက်ဆယ်နာရီလောက်ဆိုလှေတစ်စီးဆိုက်တတ်တယ်၊ လှေထဲမှာ တော့ ငါးပိတွေ၊ ဆားတွေပါတယ်၊ အဲဒါလှည့်ရောင်းတာပေါ့ကွာ၊ အဲဒီလှေကိုမင်းသွားစောင့်၊ ကိုအောင်သန်းဆိုတာလှေမှာပါလိမ့်မယ်၊ အဲဒါငါ့ယောက်ဖပဲ၊ သူ့ကိုပြော ငါကလွှတ်လိုက်တာလို့ အလုပ်တစ်နေရာလောက်ကျိန်းသေလုပ်ပေးပါလို့ပြောလိုက်”
“ဗျာ”
သူ့အံသြသွားမိ၏။ ထွက်ပေါက်တစ်ခုအနေနဲ့ဘာလုပ်သင့်လဲလို့တွေးပြီးအကြံတစ်ခုလေးပဲတောင်းချိန် မှာ အလုပ်ရအောင်ပါစီစဉ်ပေးကြတဲ့သူတွေ ဘယ်လောက်တောင်များကျေးဇူးတင်စရာကောင်းလိုက် ပါသလဲ။
“ကျွန်တော့်ကို အဲလောက်ထိလုပ်ပေးလိမ့်မယ်လို့တကယ်မထင်ထားဘူး၊ ဘာပြောရမှန်းတောင်မသိ တော့ပါဘူးဗျာ”
“ငါတို့အတွက်အပန်းမကြီးပါဘူးကွာ၊ အခြေအနေအကြောင်းကြောင်းကြောင့် ထောင်ကျနေရတာဆို ပေမဲ့ ကိုယ်ချင်းစာသနားတတ်တဲ့စိတ်ငါတို့မှာရှိပါတယ်၊ မင်းအတွက်အခုချိန်မှာလိုအပ်နေတာ ငွေပဲ လေ၊ ပိုက်ဆံရှိရင် အရာရာပြည့်စုံတယ်၊ အဓိကပညာတတ်ဖို့လည်းလိုတယ်၊ အဲတော့မင်းပညာဆက် သင် ဖို့ပိုက်ဆံရှိမှရမယ်လေ”
အပြန်လမ်းမတစ်လျှောက်လုံးမျှော်လင့်ချက်တွေပြည့်နှက်လို့နေလေသည်။ သုံးလေးပတ်လောက် တော့လုပ်လို့ရတယ်၊ ဆက်လုပ်ချင်ရင်လုပ်၊ မလုပ်ချင်ရင်လည်းလုပ်ခရှင်းပြီးပြန်လာခဲ့ လို့ ကိုကြီး ကောင်းက ပြောလိုက်၏။ အသင့်ရေးထားတဲ့စာတစ်စောင်ကိုလည်းပေးလိုက်လေသည်။
နောက်တစ်နေ့မနက်စက်လှေနဲ့ ဆင်အိုးကိုလိုက်လာခဲ့သည်။ ဦးမိုးသီးကိုအကျိုးအကြောင်းရှင်းပြရ၏။ ငဇော်ဆီကိုခဏဝင်ကာ အမေ့ကိုမှာစရာရှိတာမှာသည်။ စိတ်မပူဖို့၊ ၀ါးဖောင်လိုက်သလိုမပင်ပန်း ကြောင်း၊ ခဏရှောင်နေတဲ့သဘောနဲ့သွားတာဖြစ်ကြောင်း မှာရ၏။
“ကောင်းပြီလေ၊ မင်းကိုအခုပဲအလုပ်စခန့်လိုက်ပြီ”
စာကိုပေးလိုက်ပြီးနောက်ပိုင်းမှာတော့ သူချက်ချင်းအလုပ်ရရှိသွားလေသည်။ အဲဒီအချိန်အခိုက်အတန့် ကစပြီးသူ့ဘဝရဲ့ယူမကုန်နိုင်တဲ့အတွေ့အကြုံတွေရရှိခဲ့လေ၏။
လေးမြို့မြစ်တစ်လျှောက်ရွာတွေဆီကိုတစ်ရွာဝင်တစ်ရွာထွက် ငါးပိ၊ ဆား ရောင်းရသည်။ လှေ ဆိုက်ပြီဆိုတာနဲ့ ရွာအသီးသီးကလာဝယ်ကြတာမို့အော်ရောင်းစရာလည်းမလို၊ လှေပေါ်မှာထိုင်ရောင်း ရုံသာ။ အဲဒီအလုပ်တင်မဟုတ်၊ တစ်ခြားအလုပ်တစ်ခုကိုလည်းသက်တောင့်သက်သာလုပ်ရသေး သည်။ ပွဲစျေးရောင်းရတဲ့အလုပ်။
လှေပေါ်မှာရောင်းချစရာပစ္စည်းတွေပါလာသည်။ စက္ကူအရုပ်လေးတွေ၊ ကွဲျရုပ်၊ နွားရုပ် စသည်ဖြင့်အ ရုပ်မျိုးစုံနဲ့ ကလေးကြိုက်ကာတွန်းစာအုပ်လေးတွေ၊ ရောင်စုံခြယ်ပုံဆွဲစာအုပ်လေးတွေ။ ဇာတ်ပွဲရှိတဲ့ နေရာနဲ့ကြုံရင် အဲဒီပစ္စည်းတွေကိုထုတ်၊ ပွဲစျေးမှာချရောင်းရုံပင်။ လူကျိတ်ကျိတ်တိုးစည်ကားပြီး ဇာတ် ပွဲတွေကိုစျေးရောင်းရင်းကြည့်နိုင်တာမို့ပျော်စရာလည်းကောင်းလှသည်။
ဒါပေမဲ့ သူညစဉ်လွမ်းနေတာတော့ရှိပါသည်။ ညဖက်လှေပေါ်မှာထိုင်ရင်းကောင်းကင်ပေါ်ကကြယ်တွေ ကိုကြည့်တာ တစ်ယောက်သောသူကိုလွမ်းရသည်။ ရွှေရည်။ သူ့ရဲ့သူငယ်ချင်းမလေး။ ကောင်းကင် ပေါ်မှာလင်းလက်နေတဲ့ကြယ်လိုပဲ ရွှေရည်ကလှသည်။ သူမအကြောင်းတွေးလိုက်ရင်သူ့ဖြစ်တည်မှု တွေပုံမှန်ထက်လင်းလက်တောက်ပသွားသလိုခံစားရသည်။ ရွှေရည်ကသူ့ဘဝအတွက် သူညတိုင်းမြင် နေရတဲ့ကြယ်လိုပါပဲ။ ချစ်စရာကောင်းသည်။ အလင်းရောင်တွေကိုပေးသည်။ ဖြစ်နေရတဲ့ဘဝမှာ ပျော်နေပေမယ့် ရွှေရည့်ကိုသူလွမ်းလှပါသည်။
နေ့လည်ဖက်ကလှေပေါ်မှာ ထိုင်ပြီး ငါးပိ၊ဆားတွေရောင်း၊ ညဖက်ပွဲရှိရင် စာအုပ်လေးတွေ၊ အရုပ်လေး တွေရောင်းနဲ့ အလုပ်မှာ ပျော်မွေ့နေခဲ့သည်။ ပြီးတော့ကလေးကာတွန်း စာအုပ်လေးတွေကို သူချစ် တတ်လာခဲ့သည်။ နေ့လည် နေ့ခင်း အားချိန်ခဏမှာစာအုပ်လေးတွေကိ်ုလှန်လှောရင်း စာချစ်တတ်တဲ့ စိတ်ဖြစ်လာ၏။
အဲဒီလိုမျိုးစျေးရောင်းရတဲ့အလုပ်က သိပ်ကြာကြာမလုပ်ရပါ။ ပွင့်လင်းရာသီချိန်လေးပဲလုပ်ရတာဖြစ် သည်။ သူ့ကျောင်းတက်ဖို့လည်းအချိန်တန်ပြီမို့ ငါးပါတ်၊ ခြောက်ပါတ်လောက်ပဲလုပ်ပြီး သူပြန်လာဖို့ အချိန်ကျရောက်လာခဲ့၏။
အလုပ်လုပ်ရတာကြာမြင့်ချိန်ခဏပေမယ့် သူ့အတွက်ကျေနပ်စရာအချိန်များဖြစ်ခဲ့လေသည်။
“တော်သလင်း၊ သီတင်းကျွတ် မိုးလေကင်းလို့စျေးရောင်းပြန်ထွက်ရင်လာခဲ့ပေါ့ကွာ၊ ငါတို့လှေလေးက မင်းကိုမျှော်နေမှာပါ”
ပေါ့ပါးသွက်လက်စွာအလုပ်လုပ်တတ်တဲ့သူ့ကို လှေပေါ်မှာပါလာတဲ့အစ်ကိုတွေက ညီလေးအရင်းလို ခင်လာကြသည်။
“ရော့၊ ဒါမင်းအတွက်လုပ်ခ”
ငါးရာတန်အထပ်လိုက်ကြီးကိုကြည့်ရင်း သူဝမ်းသာလိုက်တာ။ သူ့ရည်ရွယ်ချက်ကိုအားလုံးကသိထား တော့ ငွေရေးကြေးရေးနဲ့ပတ်သက်လာရင် သူမျှော်မှန်းထားတာထက်ပိုရတာချည်းပင်။
“မင်းကိုပိုပေးတာမဟုတ်ဘူး၊ မင်းစေတနာပါပါနဲ့လုပ်လို့ကံကောင်းတာပါ”
ပိုက်ဆံကိုဆုတ်ကိုင် ရင်ဘတ်ထဲပိုက်မိရင်းကျောင်းတက်ရတော့မယ့်အဖြစ်ကို စိတ်ကူးယဉ်ပျော်ရွှင်မိ လေသည်။ အခုလောက်ဆိုရင် ရွှေရည်တို့မြောက်ဦးမှာကျူရှင်တက်နေကြလောက်ပြီပေါ့။ သူညစဉ် ညတိုင်းလွမ်းခဲ့ရတဲ့ကြယ်လေး။
အဲဒီကြယ်လေးနဲ့အတူ မြောက်ဦးဆိုတဲ့မြို့ကြီးမှာကျောင်းတက်ဖို့သူရင်ခုန်နေမိခဲ့သည်။ သူ့အိမ်ပြန် လမ်းက မျှော်လင့်ချက်တွေတသီတတန်းကြီးနဲ့ပင်။ ဒါပေမဲ့ သူ့ဘဝအတွက်အရာရာမချောမွေ့နေခဲ့ပါ။ သူအိမ်ပြန်ရောက်တဲ့နေ့မှာပင် သူ့ဘဝရဲ့အကြီးမားဆုံးအလှည့်အပြောင်းကြီးတစ်ခု ဖြစ်လာခဲ့ရလေ သည်။ သူအိမ်ကိုပြန်ရောက်တဲ့နေ့။ အဲဒီနေ့ပေါ့။
Xxxxxxxxxxxxxxxxxxxxxx