(၁၁)
သူ့ပိုက်ဆံတွေကိုတအံတသြကြည့်ပြီးအမေမျက်ရည်ဝဲလေသည်။
“သား လုပ်အားခလေအမေ၊ ကျောင်းတက်ဖို့လုံလောက်အောင်တော့ထပ်ပွားရမှာပေါ့”
အမေကခေါင်းညိတ်ပြသည်။ အရင်တစ်ခါလည်းပိုက်ဆံပွားဖို့ပြောရင်း ပြသနာတက်ကြတာမဟုတ် လား။ အခုတစ်ခါမှာတော့ သူရောက်လာတာနဲ့ဦးလှမောင်ကအပြင်ကို ထထွက်သွားလေသည်။ သူ့ကို ရန်မမူတော့။ အခြေအနေကသွေးအေးသွားပြီမှလား။ အမေကလည်းပြောထားမှာပေါ့။ ပြန်လာရင်ပြ သနာမရှာဖို့၊ ရန်မလုပ်ဖို့။
“သားလေး ကျောင်းအရမ်းတက်ချင်နေတာအမေသဘောပေါက်ပါတယ်ကွယ်၊ အမေလည်းသားကို ပညာတတ်ကြီးဖြစ်စေချင်တာပေါ့၊ ခဏနေဦး”
အမေက တဲထောင့်သေတ္တာအောက်ထဲကတစ်စုံတစ်ရာကိုသွားယူလိုက်သည်။ အမေ့လက်ထဲမှာရွှေ ထည်ပစ္စည်းတစ်ချို့ကိုတွေ့လိုက်ရသည်။ နားကပ်လေးတစ်ရံနဲ့ဆွဲကြိုးလေးရယ်ပါ။
“ဒီမှာတွေ့လား၊ သားအတွက်အမေစုထားတာ၊ ကျောင်းတက်ဖို့လေ”
“ဟင်”
သူ အမေ့ကိုတစ်လှည့်အဲဒီပစ္စည်းတွေကိုတစ်လှည့်ကြည့်နေမိသည်။
“ဒီဟာတွေရယ်၊ သားဆီမှာရှိတဲ့ပိုက်ဆံတွေရယ်ပေါင်းလိုက်ရင် ကျောင်းတက်လို့ရပြီပေါ့သားရယ်၊ မဟုတ်ဘူးလား”
အမေ့ရဲ့ဝမ်းသာအားရအပြောကြောင့် သူအားတက်သရောဖြစ်ကာအမေ့ကိုဆွဲဖက်လိုက်လေသည်။ ဝမ်းသာလိုက်တာ။
“အမေ၊ သားရွှေရည်တို့အိမ်ကိုခဏသွားလိုက်ဦးမယ်အမေ”
“သားသူငယ်ချင်းတွေက ကျောင်းသွားတက်ပြီလေ၊ ရွာမှာမရှိကြတော့ဘူး၊ မြို့(မြောက်ဦး)မှာ”
“ဟုတ်၊ သိတယ်အမေရ၊ သူတို့လိပ်စာသွားမေးမလို့ လေ”
မြောက်ဦးလိပ်စာသိမှ ရွှေရည်တို့နေတဲ့နေရာနားမှာသူလည်းနေလို့ရမည်။ ရွှေရည်တို့ကျောင်းတက်တဲ့ နေရာမှာ သူလည်းတက်လို့ရမည်။ နေစရာကတော့ဘုန်းကြီးကျောင်းတစ်ကျောင်းကျောင်းမှာနေဖို့ စိတ်ကူးထားလိုက်မိ၏။
ရွှေရည်တို့အိမ်ရှိရာဆီကိုလှမ်းတဲ့သူ့ခြေလှမ်းတွေက ပေါ့ပါးလို့နေလေသည်။ ရွှေရည့်အမေကိုအကျိုး အကြောင်းပြောပြလိုက်တော့တအံတသြ နားထောင်ပေးသည်။
“အရီးဝမ်းသာလိုက်တာသားရယ်”
တဲ့။ ရွှေရည်နေတဲ့လိပ်စာကို စာရွက်တစ်ရွက်ထဲသေချာရေးပေးလိုက်၏။
လိပ်စာ စာရွက်ကို ဘောင်းဘီအိတ်ထဲခေါက်ထည့်ရင်းအမေရှိရာနေရာဆီကိုပြန်လာခဲ့လိုက်သည်။ တဲ ကိုရောက်ခါနီးခပ်လှမ်းလှမ်းကနေ အမေ့ရဲ့အော်သံကြောင့်သူလန့်ဖျပ်သွားမိကာတဲဆီကိုအပြေးတစ် ပိုင်းပြေးလာခဲ့လိုက်သည်။
“ဟင်”
အမေ့လက်ထဲက ပိုက်ဆံတွေ၊ လက်ဝတ်လက်စားတွေကိုလုယူနေသည့် ဦးလှမောင်။ အမေကမပေး ဘဲနဲ့အတင်းပြန်လုနေသည်။
“ကိုလှမောင်၊ မလုပ်နဲ့ အဲဒါကျွန်မသားပစ္စည်းတွေ၊ ရှင်နဲ့ဘာမှမဆိုင်ဘူး၊ ပေး ပြန်ပေး”
“ဘာဖြစ်နေလဲ၊ ဖယ်စမ်းပါကွာ”
ဦးလှမောင်က အတင်းဆွဲလုသည်။ အမေကလည်းလုံးဝပြန်မပေး။ ပိုက်ဆံတစ်ချို့စုတ်ပြဲထွက်ကုန် သည်။ အိပ်မောကျနေတဲ့ညီလေးလန့်နိုးလာပြီးထငိုသည်။
“မပေးနိုင်ဘူး၊ မပေးနိုင်ဘူး”
အမေက အတင်းရုန်းကန်ပြန်လုသည်။
“ဟာ၊ ကဲ ကွာ”
အမေ့ဆီကို ဦးလှမောင်ရဲ့အားပြင်းတဲ့ရိုက်ချက်တစ်ချက်ရောက်ရှိသွားလေသည်။
“အား”
ယောင်္ကျားအားမို့ နာကျင်စွာနဲ့အားခနဲ့တစ်ချက်အောက်ကာ အမေယိုင်နဲ့သွားလေ၏။
“ဟေ့လူ”
သူသည်းမခံနိုင်တော့ပါ။ သူအချစ်ဆုံးအမေ့ကို ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတော့ လုံးဝ သည်းခံနေနိုင်မှာမဟုတ်။ ဒေါသတွေတဟုန်းဟုန်းတောက်လာသည်။ ဘုရားဘုရား၊ သူအရမ်းချစ်ရတဲ့ အမေကို သူအရမ်းမုန်းတဲ့လူက ကိုယ်ထိလက်ရောက်ရိုက်နှက်စော်ကားနေပြီ။
ဦးလှမောင်ရှိရာဆီကိုတစ်ရှိန်ထိုးရောက်သွားလိုက်သည်။ ပြီးတော့နောက်ကျောကနေပြီးကျောကုန်းကို ဆောင့်ဆွဲ သူရှိရာဆီမျက်နှာကိုဆွဲလှည့်လိုက်ကာလက်သီးပြင်းနဲ့ထိုးချလိုက်လေသည်။ သူအရွယ် ရောက်လာပြီ။ လူကောင်သေးသေးညှပ်ညှပ်လည်းမဟုတ်တော့။ ဦးလှမောင်လောက်တော့ သူပြန်ခု ခံကာကွယ်နိုင်လေပြီ။
ဒေါသက လက်သီးတစ်ချက်တည်းနဲ့ပျောက်ကွယ်သွားတာမဟုတ်။ ဆင့်ကာဆင့်ကာထိုးချလိုက်လေ တော့သည်။
“မှတ်ထား၊ မှတ်ထား”
အမေလည်းဝင်မတားနိုင်ပါ။ ဦးလှမောင်ရိုက်ချက်ကြောင့်မူးနောက်နောက်ဖြစ်နေပုံရသည်။ ဝင်တားဖို့ အားယူနေ၏။ သူ့လက်သီးချက်ကို ဦးလှမောင်ကငြိမ်မခံပါ။ ကြိုးစားရုန်းကန်ရင်းနံရံပေါ်က ငှက်ကြီး တောင် ဓါးကိုယူကာသူ့ဆီကိုလွှဲရိုက်လာလေတော့သည်။
သူရှောင်နိုင်သမျှရှောင်လိုက်သည်။ တစ်ကြိမ်မှာတော့ ဦးလှမောင်ရဲ့ဓါးကိုင်ထားတဲ့လက်ကောင်ဝတ် ကို အမိအရဖမ်းဆုတ်လိုက်နိုင်ကာ အဲဒီဓါးကိုဆွဲလုနိုင်လိုက်လေသည်။
“ခင်ဗျား ကျုပ်အမေကို ရိုက်တဲ့အတွက်တစ်သက်မကျေဘူး ဦးလှမောင်”
ဦးလှမောင်ရင်ဘတ်ဆီကို ငှက်ကြီးတောင်ဓါးနဲ့လွှဲရိုက်လိုက်ပြီးချိန်မှာတော့ တစ်စုံတစ်ရာမှားသွားမှန်း သူသိလိုက်သည်။ ဒါပေမဲ့ နောက်ကျခဲ့လေပြီ။
ဦးလှမောင်ရဲ့ကိုယ်ဆီကနေ သွေးတွေဖြန်းခနဲထွက်လာချိန်မှာတော့ အကျဉ်းသားတွေရဲ့လုပ်ငန်းခွင် ကိုသူ ဖျတ်ခနဲမြင်ယောင်လိုက်သည်။ အုတ်တွေရိုက်၊ နေလှမ်းနဲ့တစ်ပင်တစ်ပန်းလုပ်နေကြတဲ့အကျဉ်း သားတွေ။ ဘုရား၊ ဘုရား။ သူအဲဒီဘဝကိုရောက်ရတော့မှာလား။
သူဓါးကိုလွှတ်ချလိုက်မိသည်။ ကြောက်အားလန့်အားနဲ့အသားတွေတဆတ်ဆတ်တုန်ရင်လာ၏။
“သား၊ သား မင်း …မင်း”
အမေလည်းကြောက်ကြောက်နဲ့စကားသံတောင်ဆုံးအောင်မထွက်နိုင်တော့။ အံသြခြင်းကြီးစွာနဲ့သူ့ကို လက်ညိုးထိုးလိုက်၊ လဲကျနေသည့်ဦးလှမောင်ဆီကိုကြည့်လိုက်နဲ့။
အမေနဲ့ဦးလှမောင်တို့ရုန်းရင်းဆန်ခတ်ဖြစ်သွားကြတဲ့ပစ္စည်းတွေ ကြမ်းပေါ်မှာပြန့်ကျဲလို့နေလေသည်။ အဲဒါတွေကို ခုချိန်မှာပြန်မကောက်နိုင်တော့။
“အမေ၊ အမေ သားကြောက်တယ်”
အမေ့ကိုကြည့်ရင်း သူ့ခြေလှမ်းတွေကအနောက်ဖက်ဆီကို ဆုတ်ရင်းဆုတ်ရင်းတဲအပြင်ဖက်ကိုရောက် လာခဲ့သည်။ ဘုရား။ သူဘာလုပ်ရမလဲ မတွေးနိုင်တော့။
အမှားတစ်ခုကိုကျုးလွန်ခဲ့ပြီ။ အဲဒီအမှားကခါတိုင်းပြုလုပ်တဲ့အမှားတွေထက်အဆပေါင်းများစွာကြီးမား လေသည်။
“ငါ ဘာလုပ်ရမလဲ”
သူရွာထဲဆီကို ပြေးလာခဲ့လိုက်သည်။ အရှိန်အဟုန်ပြင်းစွာပြေးလာခဲ့တာဖြစ်သည်။ သူပြသနာတစ်ခုခု ဖြစ်လာပြီဆိုတာ ရွာကလူတွေရိပ်မိမှာသေချာတာပေါ့။ သူပြေးတဲ့အရှိန်ကကြောက်အားလန့်အားနဲ့မို့ ပုံမှန်ပြေးတာထက်အဆပေါင်းများစွာမြန်နေလေသည်။
ရွှေရည်တို့အိမ်ကိုတစ်ချက်ကြည့်ပြီး ရွာထဲဖက်ဆီကိုထပ်ပြေးသည်။ ရွာထဲကလူတစ်ချို့သူ့ကိုစူးစမ်း တဲ့အကြည့်တွေနဲ့ကြည့်ကြသည်။ သူပြန်မကြည့်နိုင်ပါ။ ဆက်ပြေးသည်။ ဟိုတစ်ဖက်ရွာပြင်ဆီအထိ။ သူတို့ရဲ့လေညှင်းတောင်အောက်ရွာကျော်လွန်လာတဲ့အထိ။ အောက်ရွာနဲ့အထက်ရွာကိုသွားရာလမ်း ကြောင်းဆီအထိ။
ကနစိုခင်းတွေကိုဖြတ်ပြေးလာသည်။ တစ်ခြားသီးပင်စားပင်စိုက်ခင်းတွေကလမ်းတစ်လျှောက်စီရရီ။
“ဟူး”
မောလိုက်တာ။ သူအားအင်တွေကုန်ခမ်းလာသည်။ ရွာနှစ်ရွာကြားကအကျဉ်းထောင်ရှိရာနားဆီကို ရောက်လာခဲ့သည်။ အကျဉ်းထောင်ကိုတစ်ချက်ကြည့်မိလိုက်တော့ ကြက်သီးမွှေးညှင်းတွေထောင်း ခနဲထွက်သွားလေသည်။ ဟင့်အင်း။ သူအဲဒီမှာမနေချင်ပါ။ ပညာတတ်ကြီးဖြစ်ချင်သည်။ ပိုက်ဆံတွေ အများကြီးရချင်သည်။
သူ့အပြုအမူက သူ့ရည်ရွယ်ချက်ကိုထိခိုက်တော့မည်ဆိုတာကိုတွေးမိရင်း ပြေးဖို့အားအင်တွေပြန်ပြည့် လာသလိုခံစားလိုက်ရသည်။
“အား”
သူအားကုန်ထုတ်ကာ ဆက်ပြေးသည်။ လေညှင်းတောင်အထက်ရွာရှိရာလမ်းဆီကိုဆက်ပြေး၏။ တစ်နေရာမှာတော့ သူဟန်ချက်ပျက်ကာချော်လဲသွားခဲ့သည်။
“ဘုတ်”
မြေကြီးနဲ့သူ့ရင်ဘတ်ထိလိုက်သံက ဘုတ်ခနဲမြည်လေ၏။ ပြန်ထပြေးဖို့ကြိုးစားပေမယ့် တော်ရုံနဲ့ထလို့ မရပါ။ အသက်ကိုဖြည်းညှင်းစွာရှုထုတ်ရင်း ထ ဖို့ကြိုးစားလိုက်သည်။ ရုတ်တရက် သူ့ရှေ့မှာခြေတစ်စုံ ရောက်လာသည်။ မျက်လုံးလှန်ကြည့်လိုက်တော့ ရင်းရင်းနှီးနှီးရှိလှသောမျက်နှာတစ်ခုကိုမသဲမကွဲ မြင်လိုက်ရသည်။ အဲဒီလူကသူ့ကိုဆွဲထူဖို့လက်ကမ်းပေးနေသည်။
“လာလေ”
အဲဒီလူလက်ကမ်းရာကိုဖမ်းဆုတ်ရင်းထလိုက်တော့မှ အဲဒီလူဘယ်သူလဲဆိုတာသူသဲသဲကွဲကွဲမြင် လိုက်ရလေသည်။
“ဟင်၊ ကိုတန်းစီး”
Xxxxxxxxxxxxxxxxxxxxxx