ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၂)

(၁၂)

“ငါလွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်လာတာ”

ကိုတန်းစီးဘာအမှုနဲ့ကျလာတာလဲ။ ဘာကြောင့်လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာပါလာတာလဲ သူနားမ လည်ပါ။ ဒါပေမဲ့ သူကတော့ ကိုတန်းစီးခေါ်ရာနောက်ကိုလိုက်လာခွင့်ရရှိခဲ့လေသည်။

မြောက်ဦးမြို့။ မြန်မာနိုင်ငံရဲ့အထင်ကရမြို့တစ်မြို့။ ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်အများကြီးပိုင် ဆိုင်ထားတဲ့မြို့ကိုသူရောက်လာခဲ့ပြီ။ သူတို့ရွာကနေမြောက်ဦးကိုသွားဖို့က ဆင်အိုးဝရွာကိုစက်လှေစီး ပြီးအရင်သွားရသည်။ ဆင်အိုးဝရောက်တော့ကားစီးရင်စီး မြင်းလှည်းစီးရင်စီး ကြိုက်ရာနဲ့သွားနိုင် သည်။ ရာဇဝင်သမိုင်းအစဉ်အလာကြီးမားတဲ့မြို့ဆီကို လမ်းကြမ်းကြမ်း၊ ဖုန်ထူထူတောထဲ လမ်းတစ် လျှောက် ဘုရား၊ စေတီပုထိုးတွေကို ငေးရင်ရောက်မှန်းမသိရောက်သွား၏။

စက်ဘီး၊  မြင်းလှည်းတွေနဲ့ လှည့်လည်သွားလာနေတဲ့နိုင်ငံခြားသားခရီးသွားတစ်ချို့ကိုလည်းမြင်ရ သည်။ ရခိုင်ဘုရင်မင်းစောမွန် စိုးစံချိန် (ခရစ်သက္ကရာဇ် ၁၄၃၀) မှာစတင်တည်ထားခဲ့တဲ့ ဘုရား၊ စေတီ ပေါင်းများစွာကို မြောက်ဦးမြို့ဟောင်းနေရာအနှံ့တွေရမည်ဖြစ်သည်။ အထင်ရှားဆုံးကတော့ သျှစ် သောင်းပုထိုးတော်ကြီး၊ ကိုးသောင်းပုထိုးတော်ကြီး၊ တုက္ကသိမ်၊ အံတော်သိမ်၊ မာန်ငါးပါး၊ လေးမျက်နှာ ပုထိုးတော်ကြီး၊ ဗန္ဓုလကျောင်း စသည်ဖြင့်ပြောမဆုံးနိုင်အောင်ပင်။ သဇင်ပန်းခိုင်တစ်မြိုင်မြိုင် ရခိုင် ဘုရားပေါင်းတဲ့။ ရခိုင်ဘုရားအရေအတွက်ကို မှတ်သားထားခဲ့ကြသည်။

သူနေထိုင်ရမည့်နေရာကတော့ သျှစ်သောင်းပုထိုးတော်ကြီးနဲ့သိပ်မဝေးဘူးတဲ့။ ဆယ်မိနစ်လောက် လမ်းလျှောက်သွားရင်ရောက်ပြီဆိုပဲ။ ကိုတန်းစီးကပြောသည်။ မြောက်ဦးမြို့ဆီကိုဝင်ပြီးသိပ်မကြာခင် မှာပဲ နန်းရာကုန်းကိုဘွားခနဲတွေ့လိုက်ရ၏။ ရခိုင်ဘုရင်တွေအုပ်ချူပ်နေထိုင်ခဲ့တဲ့နန်းတော်ရာနေရာ။ အခုတော့လည်း ရှေးခေတ်အုတ်တံတိုင်းများကိုသာမြင်ရပြီးနန်းတော်ကတော့မြေကြီးထဲကျွံဝင်နေခဲ့ပြီ။ သက်ဆိုင်ရာကတူးဖော် ထိန်းသိမ်းရေးတွေလုပ်နေဆဲ။

ဆင်အိုးဝ ရွာလေးကမြောက်ဦးမြို့ရဲ့အရှေ့ဖက်လေးမြို့မြစ်ကမ်းဘေးမှာရှိတာမို့သူတို့လာရာလမ်းက အရှေ့ဖက်ဆီမှဖြစ်သည်။

“မင်းငါတို့နေသလိုနေ၊ ငါတို့စားသလိုစားပြီးအိမ်အလုပ်တွေဘာတွေဝိုင်းလုပ်ပေါ့ကွာ၊ ငါအလုပ်တွေ ဘာတွေအဆင်ပြေရင်တော့မင်းကိုကျောင်းထားပေးပါ့မယ်၊ မင်းမြောက်ဦးမှာကျောင်းအရမ်းတက်ချင် မှန်းငါသိပါတယ်”

“ကျွန်တော်လည်းရရာအလုပ်ကိုလုပ်ပြီးကျောင်းတက်နိုင်အောင်ကြိုးစားပါ့မယ်၊ ဒါနဲ့ကျွန်တော်တို့နေရ မယ့်အိမ်ကကိုတန်းစီးရဲ့အိမ်လား”

“မဟုတ်ဘူး၊ ငါ့မိန်းမအိမ်”

“ဗျာ”

“အေး၊ အိမ်ရောက်တော့မယ်၊ ဟိုးဖက်ရှေ့ရပ်ကွက်ပဲ”

အခြေအနေက လေညှင်းတောင်မှာနေရတာထက်ငြိမ်သက်အေးချမ်းလိမ့်မယ်လို့ထင်ထားခဲ့ပေမယ့် သူတို့ရောက်ရောက်ချင်းမှာပဲ ကံကြမ္မာဆိုးကြီးကျရောက်လာခဲ့လေတော့သည်။ ကိုတန်းစီးရဲ့မိန်းမ အိမ်တဲ့။ ဘယ်လိုအိမ်မျိုးလဲသူသဲသဲကွဲကွဲပင်မမြင်လိုက်ရပါ။ ပျဉ်ထောင်အိမ်သေးသေးလေးဆိုတာက လွဲရင် အိမ်ကိုသေချာကြည့်ပြီးစီးပွားရေးအခြေအနေကို စိတ်ထဲဝေဖန်ပိုင်းခြားနိုင်ဖို့အခြေအနေကမ ပေးခဲ့တော့ပြီ။

အဲဒီရပ်ကွက်ရှိရာပတ်ဝန်းကျင်ကနေ လူတွေပြေးလိုက်လွှားလိုက်ဖြစ်နေကြတာမြင်လိုက်ရတော့ ပုံမှန် မဟုတ်တဲ့ပြသနာတစ်ခုရှိပြီဆိုတာသိလိုက်ရသည်။

“ဟေး၊ မီးလောင်နေတယ်၊ မီးလောင်နေတယ်”

မီးလောင်တဲ့အသံလည်းကြားရော ကိုတန်းစီးကကိုင်ထားတဲ့အိတ်ကြီးကို သူ့လက်ထဲပစ်ထည့်ကာရပ် ကွက်ရှိရာဆီတစ်ဟုန်ထိုးပြေးတော့သည်။ သူလည်းအိတ်ကြီးကိုသယ်ကာ ကိုတန်းစီးနောက်ကိုမီ အောင်လိုက်ရတော့၏။ လူတွေပြုံခဲနေတာကိုမြင်လိုက်ရတော့ သူမှင်သက်သွားမိ၏။ ရပ်ကွက်ထဲက ရှိရှိသမျှလူတွေ လမ်းပေါ်ရောက်နေကြတာ၊ ကျိတ်ကျိတ်တိုးနေကြတာ အဲဒီမြင်ကွင်းတွေက မီးလောင် တဲ့ အဖြစ်အပျက်တိုင်းမှာမြင်နေကျမဟုတ်လား။ မီးညွှန့်ရှိရာဆီကိုလက်ညိုးထိုးပြီးအံသြတဲ့သူ၊ ဘယ် တော့ငြိမ်းမလဲဆိုတာမှတ်ချက်ပြုတဲ့သူ၊ ရေပုံးတွေသယ်လာတဲ့သူ၊ သဲတွေဖြန်းဖို့အိတ်လိုက်မ သွားတဲ့ သူ စသည်ဖြင့်ရှုပ်ယှက်ခက်လို့နေလေသည်။

“မခိုင်၊ မခိုင်”

ကိုတန်းစီးက ပျဉ်ထောင်အိမ်လေးတစ်အိမ်ရှေ့မှာ မခိုင် ဆိုပြီးအော်ခေါ်လိုက်၏။ အဲဒီအိမ်ပဲဖြစ်မယ်ဆို တာသူသဘောပေါက်လိုက်သည်။

“မခိုင်ရေ”

ကိုတန်းစီးရဲ့မျက်နှာမှာစိုးရိမ်ကြောင့်ကြမှုတွေအထင်သားမြင်နေရသည်။ ပျဉ်ထောင်အိမ်လေးကတော့ မီးတွေစပြီးလောင်ကျွမ်းနေပြီ။

“မခိုင်ရေ”

သွေးပျက်နေတဲ့ အသံကျယ်ကြီးနဲ့အတူအိမ်ဆီကို လှမ်းအော်နေတဲ့ကိုတန်းစီးကို ဘယ်လိုကူညီရင် ကောင်းမလဲဆိုတာပဲ သူတွေးနေမိသည်။ မီးညွှန့်ရှိရာဆီသဲနဲ့ပက်သူကပက်၊ ရေနဲ့လောင်းသူလောင်း နဲ့ ပတ်ဝန်းကျင်ကြီးကဆူညံလို့နေသည်။ မီးအရှိန်ကတစ်အိမ်ကနေတစ်အိမ်ကိုကူးပြီးတစ်ရပ်ကွက်လုံး ပါမယ့်အခြေအနေလားလို့တောင်ထင်ရသည်။ မီးသတ်ကားကလည်းသတ်မနိုင်သေး။

အခုလိုပတ်ဝန်းကျင်မျိုးမြင်လိုက်ရလိမ့်မယ်လို ဘယ်သူကတွေးမိမှာလဲ။ အေးဆေးငြိမ်သက်စွာကြိုဆို နေလိမ့်မယ်လို့ပဲထင်ထားခဲ့တာ။

“အစ်ကို”

ကိုတန်းစီးရှိရာဆီကို အမျိုးသမီးတစ်ယောက်က အစ်ကို လို့အော်ခေါ်ရင်းရောက်လာသည်။ သူတို့နှစ် ယောက်တွေ့ဆုံမှုက ကြည်နူးစရာမကောင်းလှပါ။ ယောကျင်္ားဖြစ်သူထောင်ကထွက်လာလို့ရုတ်တရက် မှင်သက်အံသြရမယ့်အစား အိမ်မီးလောင်လို့ပူပင်သောကရောက်ရတာကပိုနေသည်။

“ပစ္စည်းတွေ တစ်ခုမှမရလိုက်ဘူးအစ်ကို၊ စာအုပ်ဆိုင်မှာစောင့်နေရင်းနဲ့အိမ်ကိုမီးစွဲတာမို့လို့လူတောင် မနည်းရုန်းပြေးရတယ်၊ သွားပါပြီ၊ စာအုပ်ဆိုင်ကိုကူးလာရင်တော့မီးတောက်ကပိုဆိုးလာမယ်ထင် တယ်၊ စက္ကူတွေဆိုတော့…..”

“စာအုပ်ဆိုင်ကဘယ်နားမှာလဲ အစ်မ”

သူမဆိုင်းမတွ ဝင်မေးလိုက်မိသည်။

“ဟိုမှာလေ၊ အခုကူးတော့မယ်”

ရုတ်တရက် သူဆုံးဖြတ်ချက်တစ်ခုကိုချလိုက်သည်။ စာအုပ်ဆိုင်ကိုတော့ကူးလို့မဖြစ်၊ မီးကပိုတောက် လာမည်။ မီးတောက်များလာတော့အခြားဘေးအိမ်တွေကိုပါ ဆက်တိုက်ဆက်တိုက်ပိုကူးလွယ်မည်။ ဒီတော့…သူ့လက်ထဲကအိတ်တွေကို ကိုတန်းစီးတို့နှစ်ယောက်ရှေ့ဘုန်းခနဲပစ်ချရင်း မီးတောက်တွေရှိ ရာဆီကိုပြေးလိုက်သည်။

“ဟေး ဟေး ဘယ်တုန်း ကျော်ကျော်”

တားသံတော့ကြားလိုက်ရပေမယ့် သူနောက်ပြန်မလှည့်ကြည့်တော့ပါ။ မီးလောင်အိမ်ဘေးနားကစာ အုပ်ဆိုင်ရှိရာဆီကိုကဆုန်စိုင်းလာခဲ့လေသည်။ ပထမဦးဆုံးသူလုပ်ရမည်မှာ ရေရှိရာနေရာကိုရှာဖို့ပင်။ ဘေးဘီဝဲယာကြည့်လိုက်တော့ ရေလှည်းတွေ၊ ရေပုံးတွေသယ်လောင်းနေတဲ့သူတော်တော်များများ ကိုတွေ့ရသည်။

“ရေ၊ ရေ ဘယ်ကယူတာလဲ”

လူငယ်တစ်ယောက်က အိမ်တစ်အိမ်ကိုညွှန်ပြသည်။ သူအဲဒီအိမ်ကိုပြေးဝင်ကာတွေ့ရာပုံးတစ်ပုံးကို ဆွဲ၊ ရေတွေအပြည့်ထည့်လာကာ စာအုပ်ဆိုင်ခေါင်မိုးဆီကိုဖြန်းပစ်လိုက်သည်။ အဲဒီလောက်နဲ့တော့ ရမှာမဟုတ်၊ လေးငါးဆယ်ခေါက်လောက်ဆက်တိုက်လုပ်အပြီးမှာတော့ စာအုပ်ဆိုင်ရဲ့ခေါင်မိုးလေးက စိုရွှဲလို့နေပြီ အဲဒီတော့မှစိတ်နည်းနည်းချကာမီးတောက်တွေလာမည့်လမ်းတွေကိုမှန်းရင်း ရေတွေဖြန်း ပေးနေမိလေသည်။

ခေါင်းမိုးတွေပေါ်ကို မီးစစင်လာကာကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်။ ခေါင်မိုးကိုရေဖြန်းလိုက်တော့ စင်ကျလာတဲ့မီးစတွေက ရေအရှိန်နဲ့သေပြီးမလောင်ကျွမ်းနိုင်တော့။ သူတို့ရောက်ပြီးနာရီဝက်လောက် အထိမီးကမငြိမ်းနိုင်သေးပါ။ မီးသတ်ကားတွေတစ်စီးပြီးတစ်စီးရောက်လို့လာသည်။

ရပ်ကွက်ရဲ့ဆောင်ရွက်ချက်၊ မီးသတ်ကားရဲ့ငြိမ်းသတ်မှုတွေကြောင့် တဖြည်းဖြည်းနဲ့မီးအရှိန်တွေ လျော့ကျလာသည်။ လူတွေလည်းပင်ပန်းလို့နေကြပြီ။ သူကတော့ရေပုံးနဲ့ရေတွေသယ်လိုက်မီးလာ မယ့်နေရာဆီကိုသွားဖြန်းလိုက်နဲ့အလုပ်ရှုပ်လို့နေသည်။

“ကျော်ကျော် လာခဲ့တော့ မီးသတ်ကားတွေလာနေပြီ”

ကိုတန်းစီးအော်ခေါ်သံကြောင့် သူလုပ်လက်စကို ရပ်လိုက်ဖို့ဆုံးဖြတ်လိုက်ကာနောက်အလှည့်။ အရှိန် ခပ်ပြင်းပြင်းတွန်းလာသည့် ရေစည်လှည်းကိုရုတ်တရက်ရှောင်လိုက်ရသည်။ ဒါပေမဲ့ ခြေတောက်ချော် ကျပြီးရေစည်လှည်းရဲ့ ဘေးလက်ရန်းသစ်သားတန်းနဲ့ သူ့နဖူးတို့ အရှိန်ပြင်းစွာမိတ်ဆက်လိုက်ကြလေ တော့သည်။

“အား”

အားခနဲ တစ်ချက်အော်ကာလောကကြီးကိုခဏတာမျှမေ့လေတော့၏။

Xxxxxxxxxxxxxxxxxxxxxx