ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၄)

(၁၄)

တစ်စုံတစ်ယောက်ကိုချစ်မိသွားပြီဆိုရင် သူနဲ့ပတ်သက်ပြီးအရာရာခံစားနေရတော့တာပါပဲ။ သူပျော် နေတာတွေ့ရင် ကိုယ်လည်းပျော်မယ်၊ သူမျက်နှာညှိုးနေရင်ကိုယ်လည်းစိတ်မကောင်းဘူး၊ သူတစ်စုံ တစ်ရာလိုချင်တယ်ဆိုရင် ဖြည့်ဆည်းပေးချင်စိတ်ကပေါ်လာတတ်တာ သဘာဝပဲလားမသိတော့ပါ။ သူ ရွှေရည့် ကို တိတ်တခိုးချစ်နေမိတာတွေကတစ်နေ့ထက်တစ်နေ့ ဖုံးမနိုင်ဖိမရဖြစ်လာခဲ့လေသည်။

ရွှေရည့်အနားမှာ သူအမြဲတမ်းနေချင်သည်။ ရွှေရည့်အပြုံးတွေကိုနေ့တိုင်းမြင်ချင်သည်။ သူမရဲ့စကား သံချိုချိုလေးတွေကိုနားထောင်ချင်သည်။ အဲဒါရွှေရည့်ကိုသူချစ်နေတာကလွဲရင်ဘာဖြစ်နိုင်ဦးမှာလဲ။ အချစ်ဆိုတာ စိတ်ခံစားမှုသပ်သပ်ဆိုရင်လည်းအဲဒီခံစားချက်ကိုပဲ သူအမြတ်တနိုးဖက်တွယ်သာယာ ချင်ပါသည်။ ကောင်းခြင်းဆိုးခြင်းဘာကိုမှမတွေးချင်ပါ။

အချစ်ရဲ့တွန်းအားကြောင့်လားမသိပါ။ ရွှေရည့်ကို သူချစ်ကြောင်းသက်သေပြဖို့တစ်နေ့ထက်တစ်နေ့ အားအင်တွေ တိုးလာခဲ့သည်။ ရွှေရည်ကအရမ်းလှတဲ့မိန်းကလေးတစ်ယောက်မဟုတ်ပါ။ သာမန်သ မားရိုးကျမိန်းကလေးပင်။ ရိုးရိုးယဉ်ယဉ်ဝတ်စားတတ်သည်။ ဆံပင်ရှည်ကိုအမြတ်တနိုးထားတတ် သည်။ ခေတ်ပေါ်မိန်းကလေးတွေလိုဆွဲဆောင်မှုရှိအောင်လည်းမပြင်ဆင်ပါ။ အဲဒီလိုမပြင်မဆင်လှ နေတာကိုကသူ့အတွက်ဆွဲဆောင်မှုတစ်ခုလိုဖြစ်နေခဲ့တာလားမပြောတတ်တော့ပါ။

သူ့လိုပဲ ရွှေရည့်ကိုနှစ်သက်သဘောကျနေတဲ့ကောင်တွေအများကြီးရှိကောင်းရှိနိုင်ပေမယ့် သူနဲ့အဓိက ယှဉ်ပြိုင်ရမယ့်သူက ငဇော်ဆိုတာကိုသဘောပေါက်ခဲ့တာကြာပြီဖြစ်သည်။ ငဇော်ကရွှေရည်နဲ့ပတ် သက်ရင် သူ့အပေါ်လက်ဦးမှုရယူတတ်တာမို့ သတိအကြီးကြီးထားရမယ့်အထဲမှာပါဝင်သည်။ သူငယ် ချင်းသံယောဇဉ်ကဘယ်လောက်ပဲကြီးကြီး၊ ဘယ်လောက်ပဲတစ်ယောက်အပေါ်တစ်ယောက်နားလည် နားလည် အချစ်နဲ့ပတ်သက်လာရင်တော့ ကိုယ့်အတ္တကိုပဲဦးစားပေးချင်ပါသည်။ သူငဇော့်ကိုစတင်အ နိုင်ရှိလိုက်တဲ့နေ့တစ်နေ့ကနေပြီး သူနဲ့ငဇော်ကြားထဲမှာပြိုင်ပွဲစတင်ဖြစ်လာခဲ့၏။

အချစ်နဲ့ပတ်သက်လာရင်အားလုံးအနိုင်ရချင်တဲ့သူတွေချည်းပဲ။ အနစ်နာခံပေးဆပ်ချင်တဲ့သူတွေတော့ ရှိကောင်းရှိနိုင်ပေမယ့် အဲဒီလိုအမျိုးအစားထဲမှာသူမပါဝင်ပါ။ ချစ်သူကိုရယူပိုင်ဆိုင်ပြီးအနားမှာထား ချစ်သူလိုချင်တာဖြည့်ဆည်းပေးခွင့်ရတဲ့သူပဲဖြစ်ချင်တာ။ ကံကြမ္မာကမျက်နှာသာပေးခဲ့ရင်အားလုံးက အဲလိုပဲဖြစ်ချင်ကြတယ်ဆိုတာငြင်းစရာမလိုပေ။

ဆယ်တန်းဒုတိယနှစ်စာမေးပွဲဖြေပြီးသင်္ကြန်ကာလ အကြိုနေ့ မှာ သူငဇော့်ကိုအနိုင်ရရှိခဲ့လေသည်။ ငဇော်ထက်ဦးပြီး ရွှေရည့်ကိုရေလောင်းခွင့် ရရှိခဲ့ခြင်း ပင်။ ရခိုင်သင်္ကြန်မှာ မြန်မာ့ရိုးရာယဉ်ကျေးမှု များထဲကအထင်ကရတစ်ခုဖြစ်ပြီး ပျော်ရွှင်စရာအကောင်းဆုံးဓလေ့တစ်ခုလည်းဖြစ်သည်။

“ဟေး”

သင်္ကြန်အကြိုနေ့ ဘုရားရေသပ္ပါယ်လို့အပြီးမှာပဲ ရွှေရည့်ကိုချက်ချင်းရေလောင်းနိုင်ခဲ့၏။ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေ စတဲ့ရခိုင်ပြည်နယ်ဝန်းကျင်ဒေသတော်တော်များများမှာတော့ သင်္ကြန်အကြို နေ့မှာ ရခိုင်ရိုးရာနံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲတွေကိုသင်္ကြန်အကြိုနေ့မှာကျင်းပလေ့ရှိပြီးအဲဒီ အခမ်းအနားပြီးမှတစ်ယောက်ကိုတစ်ယောက်ရေလောင်းခွင့်ရှိသည်။ တကယ်လို့ဘုရားရေသပ္ပါယ်လို့ မပြီးခင်မှာရေလောင်းရင်တော့ တစ်နှစ်ပတ်လုံး မကျန်းမမာဖြစ်တတ်တယ်ဆိုပြီးအယူရှိသည်။သင်္ကြန် ရှင်မ (သင်္ကြန်စောင့်နတ်) မကြိုက်ဘူးပေါ့လေ။

“နင်ဘယ်လိုလုပ်လိုက်တာလဲ ကျော်ကျော်”

သူမ တစ်ကိုယ်လုံးစိုရွှဲလို့သွားတာကိုသူကကျေနပ်ရင်း….

“နင့်ကိုငါ ဦးဦးဖျားဖျားရေလောင်းလိုက်ရလို့ပျော်သွားတယ်ဟာ၊ လန့်သွားရင်တောင်းပန်ပါတယ်” လို့ ဆိုလိုက်တော့ သူမမျက်နှာလေစူပုပ်ပုပ်ဖြစ်သွားလေသည်။

“မနက်ဖြန်နင်မဏ္ဍပ်မှာရှိမှာမလား၊ ငါရေလာလောင်းမယ်နော်”

“ဟင့်အင်း၊ ငါနဲ့ငဇော်တို့ရွာခဏပြန်မယ်”

“အော်”

သူကတော့ရွာပြန်ဖို့စိတ်ကူးမရှိပါ။ ငွေတစ်ချို့တစ်လေအမေ့ကိုထည့်ပေးလိုက်ရုံကလွဲရင် ရွာကိုလည်း သတိမရနိုင်တော့။ ပထွေးဖြစ်သူဘာမှဖြစ်မသွားဘူးလို့ သတင်းရထားတော့ နေရထိုင်ရတာပေါ့ပါး သွားသည်။ ဓါးကရှပ်ထိသွားတာတဲ့လေ။ မဟုတ်ရင်တော့ဝရမ်းပြေးဖြစ်ရဦးမည်။ ဘာပဲဖြစ်ဖြစ် ပထွေး ကတော့သူ့ကိုတော့ဘယ်လိုမှအခဲမကျေနိုင်ပါ။ ဒါကြောင့် သူရွာမပြန်တာပဲကောင်းလိမ့်မည်။

“နင်ဘာမှာဦးမလဲ”

“မမှာတော့ပါဘူး၊ ညီလေးနဲ့အမေ့ကိုတော့သတိရတယ်၊ ပြီးတော့ ဒီသင်္ကြန်မှာနင့်ကိုငါရေလောင်းချင် တယ်ဟာ”

သူမ မျက်နှာလေးရှက်သွေးဖြာသွား၏။ ရခိုင်ရိုးရာသင်္ကြန်ဆိုတာက လောင်းလှေကြီးထဲရေအပြည့် ထည့်ထားတဲ့မဏ္ဍပ်ရဲ့အထဲမှာမိန်းမပျိုလေးတွေအစီအရီထိုင်နေ၊ ကာလသားတွေက ကိုယ်သဘော ကျနှစ်သက်တဲ့မိန်းကလေးကို မဏ္ဍပ်စောင့်ဆီကနေရေလောင်းခွင့်တောင်းရတာဖြစ်သည်။ ရေတစ်ပုံး ကိုဘယ်လောက်ဆိုပြီးသတ်မှတ်ထားကာကာလသားကရေပုံးကိုဝယ်ပြီးမဏ္ဍပ်ထဲက မိန်းမပျိုလေးကို လှမ်းပြီးရေနဲ့လောင်း မိန်းမပျိုလေးကလည်းလောင်းလှေထဲကရေကိုယူပြီးကာလသားကိုပြန်လောင်း၊ အပြန်အလှန်ရေလောင်းကြပြီးကာလသားရဲ့ရေပုံးထဲရေလက်ကျန်နည်းလာရင် မိန်းမပျိုလေးကိုအနား ကိုခေါ်ပြီးပုံးထဲကရေနဲ့အနီးကပ်လောင်းခွင့်ရှိသည်။ အဲဒါကိုမေတ္တာရေလို့ခေါ်တာပေါ့။ အဲဒီအချိန်မှာ ကာလသားကြိုက်နှစ်သက်တဲ့စကားပြောနိုင်သည်။ စိတ်ဆိုးခွင့်၊ စိတ်ကောက်ခွင့်မရှိ။ သူအနှစ်သက် ဆုံးသောရိုးရာပွဲတော်ထဲမှာတစ်ခုအပါအဝင်ဖြစ်သည်။

“နင်အခုလောင်းပြီးပြီပဲ”

“မဟုတ်ဘူး၊ မဏ္ဍပ်မှာအပြန်အလှန်ရေလောင်းပြီး ရေပုံးထဲကလက်ကျန်ရေနည်းနည်းလေးနဲ့ နင့်ကို အနားခေါ်ပြီးမေတ္တာရေလောင်းချင်တာ”

“အို နင်ကလည်းဘာတွေပြောနေမှန်းမသိပါဘူး”

အဲလိုစကားပြောဖို့ သတ္တိတွေဘယ်ကနေဘယ်လိုပေါ်လာသလဲမသိတော့ပါ။ သူတို့နှစ်ယောက်စကား ပြောနေဆဲမှာပင် ငဇော်ရောက်ချလာသည်။ ငွေဖလားထဲရေအပြည့်ထည့်လို့။

“ဟင်၊ ရွှေရည် နင့်ကိုဘယ်သူရေလောင်းသွားတာလဲ၊ တစ်ကိုယ်လုံးစိုလို့ပါလား”

“ကျော်ကျော်ပေါ့၊ ဘယ်သူရှိမလဲ”

သူတို့နှစ်ယောက်အကြည့်ချင်းဆုံလိုက်ကြသည်။ ဒီတစ်ခါတော့သူကအနိုင်ရတဲ့အကြည့်နဲ့ ငဇော်က တော့ရှုံးနိမ့်သူတစ်ယောက်လို မကျေနပ်တဲ့အကြည့်နဲ့ပေါ့။ ရွှေရည်နဲ့ပတ်သက်လို့ငဇော်ကို အနိုင်ရရှိ တဲ့အရသာ ကို သူကျေနပ်မိလေသည်။ ဟုတ်တယ်။ သူအရမ်းမြတ်နိုးရတဲ့မိန်းကလေးတစ်ယောက်ကို သူအချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့လက်ထဲအပါမခံနိုင်လောက်အောင်ကို ချစ်ရတာ။

“ရွှေရည် နင်ရေတွေတော်တော်စိုနေတယ်၊ အကျီင်္ပြန်လဲလိုက်ရင်ကောင်းမယ်”

အိမ်ကသိပ်မနီးမဝေးမှာမို့ ငဇော်ကရွှေရည့်ကိုအဝတ်ပြန်လဲခိုင်းသည်။

“အာ ရပါတယ်၊ နင်တို့နဲ့စကားပြောဖို့ချိန်းထားတာပဲ၊ တော်ကြာမိုးချူပ်ရင်မကောင်းဘူးလေ၊ ဒီအတိုင်း ပဲနေလိုက်ပါ့မယ်”

“မဟုတ်တာ၊ နောက်နေ့မှထပ်ချိန်းလည်းရတယ်၊ ငါတို့ကမတွေ့ရမယ့်သူတွေလည်းမဟုတ်ဘူး၊ နင့် အအေးပတ်လို့ရှောသွားရင်သာစကားမပြောနိုင်ဘဲနေလိမ့်မယ်၊ သွားလဲချည်”

“ကောင်စုတ် နင်နော်”

ချစ်စဖွယ် စိတ်ကောက်ကာသူမနေထိုင်ရာအိမ်ရှိရာသို့လှည့်ထွက်သွားလေသည်။ ရွှေရည်ကမြောက်ဦး မှာ ဧည့်လမ်းညွှန်အလုပ်လုပ်ခွင့်ရတာခြောက်လလောက်တောင်ရှိခဲ့ပြီ။ ငဇော်ကတော့ဝန်ကြီးဌာနတစ် ခုမှာ အသင့်အတင့်ရာထူးနဲ့အသားကျလို့ လေညှင်းတောင်ကိုတစ်ခါတစ်လေမှပြန်ဖြစ်ကြသည်။

ရွှေရည့်ရဲ့ကျောပြင်လေးကိုနှစ်ယောက်သားငေးမောမိကြသည်။ သူတို့ပတ်ဝန်းကျင်မှာဘုရားပုထိုးတွေ ကို စိတ်ချမ်းမြေ့ဖွယ်မြင်ရသည်။ သင်္ကြန်အကြိုနေ့၊ ရေလောင်းခွင့်ရခါစအချိန်မို့ပတ်ဝန်းကျင်ကတော့ အရင်လိုတိတ်ဆိတ်မနေပါ။ ဒါပေမဲ့ ဒီနေရာကတော့လူသွားလူလာနည်းနေသည်။

“ကဲကွာ”

ရုတ်တရက် သူ့မျက်နှာထူပူသွားလေသည်။ ငဇော်သူ့ကိုထိုးလိုက်တာ။ သူအံသြမှင်သက်သွား၏။ တစ် သက်တာလုံးမမျှော်လင့်ခဲ့သောအဖြစ်အပျက်။

“ဟင်၊ မင်း ဘာလုပ်လိုက်တာလဲ ငဇော်”

“အေး ထိုးလိုက်တာလေ၊ ထိုးလိုက်တာ ငါ့ချစ်ရတဲ့မိန်းကလေးကိုငါ့ထက်ရေအရင်လောင်းတဲ့မင်းကို မကျေနပ်လို့ထိုးလိုက်တာ”

ငဇော့်မျက်နှာက ရွှေရည်ရှိတုန်းကလိုအေးစက်တည်ငြိမ်မနေဘဲ နီမြန်းလို့နေလေသည်။ ဒေါသရိပ်တွေ လွှမ်းမိုးတဲ့အကြည့်နဲ့သူ့ကို စူးရဲရဲကြည့်နေလေ၏။

“ငါ့ချစ်ရတဲ့မိန်းကလေး ဟုတ်လား”

“အေး၊ ဟုတ်တယ်၊ ငါရွှေရည့်ကိုချစ်နေတာ၊ ဖွင့်ပြောဖို့အားယူနေတာကွ၊ မင်းကိုငါခင်တယ်၊ ဘယ်သူ နဲ့မှမတူတဲ့သံယောဇဉ်တွေထားတယ်၊ မင်းအတွက်ဆိုငါသူငယ်ချင်းကောင်းတစ်ယောက်အဖြစ်အမြဲ တမ်းရှိနေနိုင်အောင်ကြိုးစားခဲ့တယ်၊ ဒါပေမဲ့ ငါချစ်တဲ့မိန်းကလေးကိုမင်းလက်ထဲတော့မထည့်ပေးနိုင် ဘူးကျော်ကျော်၊ ငါရွှေရည့်ကိုလက်လွှတ်ဆုံးရှုံးမခံနိုင်လောက်အောင်ချစ်မိနေပြီ၊ အဲဒါမင်းသိအောင် ဒီနေ့တစ်ခါတည်းပြောလိုက်မယ်”

“ငါလည်းရွှေရည့်ကိုချစ်နေတာပဲ၊ မင်းလည်းသိမှာပါ၊ မင်းလည်းသူ့အချစ်ကိုရယူပိုင်ခွင့်ရှိသလိုငါလည်း ကြိုးစားခွင့်ရှိတာပဲ၊ မင်းငါ့ကိုမတားပါနဲ့ငဇော်”

“ငါနဲ့မင်း အခင်ဆုံးသူငယ်ချင်းအဖြစ်ဆက်ရှိနေချင်တယ်ကျော်ကျော်”

“အေး အချစ်နဲ့ပတ်သက်လာရင်အားလုံးကအတ္တကြီးတတ်ကြတာပဲ၊ မင်းတစ်ယောက်တည်းပဲချစ် တတ်တာမဟုတ်ဘူး သူငယ်ချင်း”

“ကောင်းပြီလေ၊ အဲဒါဆိုငါတို့ဘာဆက်လုပ်မလဲ မင်းဆုံးဖြတ်”

“ဆုံးဖြတ်စရာမလိုဘူး၊ ဒါကအရည်အချင်းပြိုင်ရမယ့်ကိစ္စ မင်းလည်းကြိုးစားငါလည်းကြိုးစားမယ်၊ ရွှေ ရည့်အချစ်ကိုရတဲ့သူကအောင်နိုင်သူပဲ၊ သူငယ်ချင်းအဖြစ်ကနေပြတ်စဲစရာလည်းမလိုဘူး၊ ရှင်းရှင်း လေးပဲ၊ အေးမင်းငါ့ကိုထိုးလိုက်တဲ့တစ်ချက်ကတော့ ငါသည်းခံလိုက်ပါ့မယ်”

“ကောင်းပြီလေ၊ ရွှေရည့်အချစ်ကိုရဖို့ငါတို့ကြိုးစားကြတာပေါ့”

ငဇော်လှည့်ထွက်သွားသည်။ သူ့စိတ်ထဲမှာတော်တော်ခံပြင်းနေတယ်ထင်ပါရဲ့။

“ငဇော်”

ခြေလှမ်းဆယ်လှမ်းလောက်အရောက်မှာ ကျွန်တော်လှမ်းခေါ်လိုက်သည်။ သူလှည့်ကြည့်၏။

“မိန်းကလေးတစ်ယောက်ရဲ့အချစ်ကိုရဖို့ဘယ်အရာကအဓိကကျတယ်လို့မင်းထင်လဲ”

ကျွန်တော့်မေးခွန်းကို သူမဲ့ကာ မဆိုင်းမတွဖြေလိုက်သည်။

“ထင်မြင်ချက်မဟုတ်ဘူး သေချာတာပြောလိုက်မယ်၊ အချစ်ပဲ၊ မိန်းကလေးတစ်ယောက်ရဲ့အချစ်ကို ရဖို့ သူ့ကိုချစ်တဲ့အချစ်ပဲအဓိကကျတယ်”

သူခေါင်းညိတ်လိုက်ကာ ငဇော်ကိုပြီတီတီကြည့်လိုက်လေသည်။

Xxxxxxxxxxxxxxxxxxxxxx