(၁၅)
သူ့ရဲ့ပထမဆုံးစဉ်းစားပုံမှာ ရွှေရည်နဲ့အခုထက်ပိုပြီးတွေ့ခွင့်ရဖို့ပဲဖြစ်သည်။ အဲဒီတော့ သူမဘယ် နေရာမှာရှိတတ်တယ်၊ ဘာတွေလုပ်တယ်ဆိုတာကိုစုံစမ်းရသည်။ တစ်ပတ်တာလုံးမှာသူနဲ့ရွှေရည်တွေ့ ချိန်က ငဇော်နဲ့တွေ့ချိန်လောက်ရှိမှာမဟုတ်တာအသေအချာပင်။
သူကစာအုပ်လှည်းလေးထွက်ရ သည်။ အခုဆိုရင်စာအုပ်ရောင်းတဲ့လှည်းလေးတစ်ခုပါထပ်တိုးထားတော့ အရင်ကထက်အလုပ်ပိုရှုပ် သည်။ စာအုပ်အငှားလှည်းလေးကိုတော့ ဘုန်းကြီးကျောင်းက အလုပ်မရှိတဲ့သူငယ်ချင်းတစ်ယောက် ကို အမြတ်ခွဲဝေ ရာခိုင်နှုန်းစနစ်နဲ့ငှားလိုက်သည်။ သူ့အတွက်ရောကိုယ့်အတွက်ပါတွက်ခြေကိုက်တော့ စာအုပ်အရောင်းလှည်းလေးကိုပဲအာရုံစိုက်ပြီးလုပ်နိုင်သည်။ အရောင်းလှည်းလေးထဲမှာတော့မြောက် ဦးနဲ့ပတ်သက်တဲ့သမိုင်းကြောင်းစာအုပ်တွေ၊ အမှတ်တရပစ္စည်းတွေစုံနိုင်သမျှစုံအောင်ထည့်ရောင်းဖို့ စီစဉ်ရသည်။ ဆိုင်အထိုင်တွေထက်စာရင်ရွေ့လျားဆိုင်တွေကပိုပြီးအခွင့်အရေးရှိသည်။
ကိုယ်ရောင်းချင်တဲ့နေရာကို လှည်းလေးတွန်းသွားပြီးရောင်းရုံသာ။ ရွှေရည်အများဆုံးရောက်တတ် တာက သျှစ်သောင်းပုထိုးတော်ကြီးဖြစ်သည်။ မြောက်ဦးရဲ့အထင်ရှားဆုံးနေရာပင်။ သူအဲဒီနေရာမှာ ပဲအများဆုံးနေဖို့ဆုံးဖြတ်လိုက်သည်။ ရွှေရည်ကသျှစ်သောင်းကို တစ်ပတ်သုံးခေါက်လောက်အနည်း ဆုံးရောက်တတ်တာသူစုံစမ်းသိရှိပြီးဖြစ်သည်။ သူရဲ့ဗျူဟာကတော်တော်အထမြောက်သည်လို့ဆိုရ မလိုပင်။ စရောင်းတဲ့နေ့မှာပဲရွှေရည်နဲ့သူဆုံရသည်။
“ငါနင့်ကိုလည်းမကြာမကြာတွေ့ရအောင်၊ နင့်ဧည့်သည်တွေလည်းငါ့ဆီကပစ္စည်းတွေဝယ်အောင်ဒီမှာ လာရောင်းလိုက်တာ၊ စာအုပ်လှည်းလေးကိုတော့တစ်ခြားတစ်ယောက်နဲ့လွှဲထားတယ်”
သူမ မျက်နှာလေးရွှင်လန်းသွားတာကို မြင်လိုက်ရ၏။ သူမလည်းသူနဲ့မကြာမကြာတွေ့ချင်နေ တယ်ထင်ပါရဲ့။
“အေး အတော်ပဲ၊ သျှစ်သောင်းသမိုင်းကြောင်းကိုငါအလွတ်ကျက်ထားတာနည်းနည်းမေ့နေတယ်၊ နင် သိတယ်မှလား၊ သိချင်တာနင့်ဆီလာမေးမယ်”
ရွှေရည်က ခုအလုပ်လုပ်တာမကြာသေးတော့ ဘုရားသမိုင်းကြောင်းအားလုံးအလွတ်မရနိုင်သေးပါ။ ဒါ ကြောင့် သူကတတ်နိုင်သမျှကူညီပေးရသည်။ စာအုပ်လှည်းပိုင်ရှင်မို့ သူ့ဆီမှာရွှေရည်လိုအပ်တဲ့စာအုပ် နိုင်ငံခြားသားတွေဝယ်နိုင်တဲ့စာအုပ်တွေကို ရှာဖွေထားရ၏။
အရောင်းလှည်းလေးနဲ့ရွှေရည်တို့ပထမဆုံးတွေ့တဲ့နေမှာပဲ သူကရွှေရည့်ကိုအကူညီတွေပေးနိုင်ခဲ့လေ သည်။
“မြန်မာနိုင်ငံမှာ တစ်နှစ်တည်းသင်္ကြန်နှစ်ခါကျင်းပတဲ့မြို့ ဆိုရင်ငါတို့မြောက်ဦးမြို့ပဲရှိတယ်လို့သူတို့ကို ရှင်းပြလိုက်ရွှေရည်၊ သျှစ်သောင်းဘုရားပွဲမှာသင်္ကြန်ကျင်းပတဲ့အကြောင်း ကောင်းကောင်းလေး ပြောလိုက်စမ်းပါဟာ”
သျှစ်သောင်းပုထိုးတော်ကြီး၏ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းကဆုန်လပြည့်နေ့တွင်ကျင်းပလေ့ရှိသည်။ ပွဲ တော်နေ့မှာလာရောက်တဲ့သူတွေအချင်းချင်း ရေတွေပက်ကြရင်းဒုတိယမြောက်သင်္ကြန်ကို ကျင်းပကြ တာပဲဖြစ်၏။ သျှစ်သောင်းပုထိုးတော်ကြီးမှာ မြောက်ဦးမြို့ရဲ့မြောက်ဘက်တစ်မိုင်ဝန်းကျင်အကွာ ဘိုး ခေါင်တောင်ကုန်းပေါ်မှာရှိပြီး ပုထိုးအတွင်း၊အပြင်နံရံပေါ်မှာတော့ရုပ်ထုပေါင်းရှစ်သောင်းရှိသည်။
“အဖေရှစ်သောင်း၊ သားကိုးသောင်းတဲ့စကားရှိတယ်လေ၊ အဖေ့ထက်သားကတစ်သောင်းပိုသွားလို့ ကိုးသောင်းကိုမိုးကြိုးပစ်သွားတာတဲ့၊ အဲဒီကိုးသောင်းပုထိုးတော်ကြီးကိုလည်းလိုက်ပို့ပြီးရှင်းပြလိုက်ပါ”
“အေး၊ နင်ပြောတာတွေကဘာစာအုပ်အထောက်အထားတွေမှာရှိလို့လဲ၊ သူတို့ပြန်မေးရင်ငါဘယ်လို ဖြေရမလဲ”
“ငါ စာတွေဖတ်ထားပါတယ်ဟ၊ အံမယ် နင့်ထက်တောင်သိသေးတယ်၊ ပါးစပ်ရာဇဝင်တွေဆိုရင်နင် တောင်သိမှာမဟုတ်ဘူး”
သူ့ဆိုင်မှာ နိုင်ငံခြားသားတွေကပစ္စည်းတွေရွေးဝယ်နေတုန်း သူနဲ့ရွှေရည်တို့စကားတွေအများကြီးပြော ဖြစ်သည်။ ပုဂ္ဂိုလ်ရေးအကြောင်းတွေတော့မပါဝင်ခဲ့ပါချေ။ ဘယ်လိုပဲပြောရပြောရ သူမက သူ့ကို စိတ်လို လက်ရစကားပြောနေတာနဲ့တင်သူကျေနပ်နေပြီ။ အချစ်ဆိုတာအဲဒါပါပဲလား။ ကိုယ်ချစ်တဲ့ သူကိုမြင်ခွင့် တွေ့ခွင့်ရနေတိုင်း အလိုလိုကိုစိတ်ကျေနပ်ပျော်ရွှင်နေရတာပင်။
“အေးပါ၊ အေးပါ ဒီမှာနင့်ကိုမေးနေတယ်၊ ဒီဘုရားအကြောင်းရှင်းပြနေတာလားတဲ့၊ သူ့ကိုလည်းရှင်းပြ ပါတဲ့”
နိုင်ငံခြားသားအမျိုးသမီးတစ်ယောက်က သူတို့နှစ်ယောက်စကားပြောနေတာကို နားစွင့်ပြီးရွှေရည် ဘာသာပြန်ပေးမှုကတစ်ဆင့်သူ့ကို စကားလာပြောလေသည်။
“အေး၊ အဲဒါဆိုလည်းပြောရသေးတာပေါ့”
အဲဒီလိုမျိုးကြုံချင်နေတာမို့သူ့စိတ်ထဲမှတ်မိသမျှအကြောင်းတွေကို ရွှေရည့်ဆီကနေတစ်ဆင့်အဲဒီနိုင်ငံ ခြားသားအမျိုးသမီးဆီကိုပြောပြဖြစ်သည်။
“ရခိုင်ရိုးရာကျင်ပွဲ၊ လောင်းလှေပြိုင်ပွဲ၊ ရခိုင်ဇာတ်သဘင်တွေကိုသျှစ်သောင်းဘုရားပွဲမှာထည့်သွင်း ကျင်းပလေ့ရှိတယ်၊ လောင်းလှေပြိုင်ပွဲဆိုရင်သံချပ်တွေဘာတွေအပြိုင်ရွတ်ပြီးလှော်ကြတာ၊ ကျင်ပွဲဆို ရင်လည်း အိုး…ဘာပြောကောင်းမလဲ အကျိတ်အနယ်ပြိုင်ကြတာ၊ အော်…ကျင်ပွဲဆိုတာသူသိမှာမ ဟုတ်ဘူး၊ ရခိုင်ရိုးရာလက်ဝှေ့ပွဲကိုပြောတာလို့၊ လက်ဝှေ့ပွဲနဲ့တော့သိပ်မတူဘူးပေါ့လေ၊ ကျင်ဆိုတာက ကျားနဲ့ယင် ဆိုတဲ့ဝေါဟာရပေါင်းစပ်ပြီးပေါ်ပေါက်လာတာလို့၊ ကျားကယင်ကိုအုပ်ဖမ်းလိုက်ယင်က ရှောင်လိုက်နဲ့ ယင်အကောင်နှစ်ဆယ်ကိုကျားနှစ်ကောင်ကလိုက်ဖမ်းဖို့အတွက်အကွက်ရွှေ့ကစားနည်း ကိုအခြေခံပြီးပေါ်ပေါက်လာတာလို့ ငါစာထဲမှာဖတ်ဖူးတယ်လို့ ရှင်းပြပေး…နောက်ပြီး…”
“ကျော်ကျော် နေပါဦး၊ ငါဘာသာပြန်ပေးပါရစေဦး ”
“အော်အေး၊ မေ့လို့”
ရွှေရည်က နိုင်ငံခြားသူကို သူပြောသမျှဘာသာပြန်ပေးနေတာကိုပြံးလျှက်ကြည့်နေမိသည်။ သူမအလှ ကိုလည်းငေးရင်းပေါ့။ ရခိုင်ရိုးရာကျင်ပွဲ(လက်ပန်းလုံးပွဲ) ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာ မြင့်ခဲ့ပြီတဲ့။
“ရွှေရည် ငါတို့မြောက်ဦးမြို့အကြောင်းကိုနင်ရှင်းပြပြီးပြီလား၊ မြောက်ဦးမြို့ဟာပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲမတိုင်ခင်က ရခိုင်ပြည်နယ်ရဲ့ရုံးစိုက်ရာမြို့လို့၊ ရခိုင်မင်းတွေထီးနန်းစိုက်ခဲ့တဲ့မြို့လို့ အဲဒါကိုလည်း ထည့်ပြီးရှင်းပြပေးဟာ”
“အေး နင်ကဧည့်လမ်းညွှန်လား၊ ငါကဧည့်လမ်းညွှန်လား”
သူမက ဘုဆတ်ဆတ်ပြောတော့ ရယ်ကျဲကျဲလုပ်လိုက်ကာ “နင်” ဆိုပြီးသူမကိုလက်ညိုးထိုးပြလိုက် သည်။ မျက်စောင်းလေးတစ်ချက်စွေ့ခနဲ။
အဲဒါပါပဲ။ သူရွှေရည့်ကိုချစ်တယ်ဆိုတာ။ ရွှေရည်ဘာလုပ်လုပ်ချစ်နေတော့တာပါပဲ။ ငယ်ငယ်ကတည်း က သူမအလိုကျနေထိုင်ချင်၊ ဖြစ်ချင်ခဲ့တာ၊ သူမလိုချင်တာမှန်သမျှကိုလိုက်လျောချင်ခဲ့တာ အဲဒါတွေ ဟာသူငယ်ချင်းသံယောဇဉ်ထက်ပိုပြီး အရောင်ပြောင်းသည်ထက်ပြောင်းလာခဲ့ပြီးဖြစ်သည်။
“ရွှေရည်…”
“အေး ပြော”
“နင့်ကိုငါချစ်တယ်ဟာ”
“ဟင် ဘာကြီးတုန်း”
စကားဦးလည်းမသန်း၊ ကဗျာဆန်ဆန် နှစ်ယောက်တည်းတွေ့ဆုံခြင်းလည်းမဟုတ်တဲ့အခြေအနေမှာ သူမကို ရည်းစားစကားပြောလိုက်မိ၏။ သူမရှက်သွားပုံရပေမယ့် အံသြဟန်တော့မတွေ့ရပါ။ အခြေ အနေနဲ့အချိန်အခါကိုစောင့်ရမယ်မှန်းသူသိပေမယ့် သူ့မှာထိန်းချူပ်နိုင်စွမ်းမရှိပါ။ ဟုတ်တယ်။ လူတစ် ယောက်ကိုချစ်တဲ့နေရာမှာအရေးကြီးဆုံးက သူ့ကိုအရမ်းချစ်နေတဲ့စိတ်ရှိဖို့ပဲ။ အချစ်ကအရာရာကိုဖန် တီးနိုင်သည်။ အချစ်ကြောင့်မပြောသင့်မပြောထိုက်တဲ့အခြေအနေမှာသူဖွင့်ပြောလိုက်မိပြီ။
နိုင်ငံခြားဧည့်သည်သုံးဦးက သူ့ဆိုင်ထဲကအမှတ်တရပစ္စည်းတစ်ချို့နဲ့စာအုပ်တစ်ချို့ကိုရွေးချယ်ရင်း စကားကောင်းနေဆဲမှာပဲ သူဖွင့်ပြောခဲ့၏။
“နင့်ကိုငါချစ်တယ်လို့ပြောနေတာလေဟာ၊ မကြားဘူးလား အော်ပြောရမလား”
“ကျော်ကျော် ငါ့မှာဧည့်သည်တွေနဲ့ ကြားသွားရင်မကောင်းဘူး”
“နင့်ဧည့်သည်တွေက ငါပြောတဲ့စကားကိုနားမှမလည်တာ”
“အေး အဲဒါဆိုလည်းမပြောနဲ့ ငါကြားတယ်”
“ငါ့ကိုချစ်တယ်လို့ပြန်ပြောလေဟာ ဒါဆို”
“ဟားဟား ကျော်ကျော်ရယ် ကလေးကစားစရာကျနေတာပဲ၊ နင်ဒီထက်ပိုကြိုးစားပါဟာ”
သူမ စကားကသူ့ကိုမေးခွန်းပေါင်းများစွာဖြစ်လာသည်။ အမှတ်တမဲ့ပြောလိုက်တာပါပဲ။ ဒါပေမဲ့ အဓိ ပ္ပါယ်တွေပါဝင်သည်။ သူ့အတွက်လေးနက်စေသည်။
“နင်ဘာကိုဆိုလိုတာလဲ ရွှေရည်”
“နင့်ကိုချမ်းသာစေချင်တယ်”
“ငါ ငါအခုလည်းဝင်ငွေအထိုက်အလျောက်ရနေပါပြီဟ၊ အိမ်သာမဝယ်နိုင်သေးတာ၊ ငါ့စီးပွားရေးက မဆိုးလှပါဘူး”
ရွှေရည်ဘာကြောင့်သူ့ကိုချမ်းသာစေချင်တာလဲ။
“မလုံလောက်သေးဘူးဟ”
“ငါသိပါတယ်၊ ငါ့အခြေအနေကနင့်ကိုမျက်နှာပန်းမလှစေဘူးဆိုတာ၊ ငါဆက်ကြိုးစားမှာပါဟာ၊ နင်ငါ့ ကိုချစ်လာခဲ့ရင်နင့်မျက်နှာမငယ်စေရအောင်ငါကြိုးစားမယ် ကတိပေးတယ်”
“အေးပါ၊ နင်လုပ်နိုင်လိမ့်မယ်လို့ငါမျှော်လင့်ပါတယ်၊ ဒါပေမဲ့ တစ်ခုတော့ရှိတယ်ကျော်ကျော်၊ ငါ့ကိုချစ် တာနင်တစ်ယောက်တည်းမဟုတ်ဘူး”
“ဟင်”
ဟိုကောင်လက်ဦးပြန်ပြီလား စိုးရိမ်မိသွားသည်။ မေးမလို့ပြင်တုန်းမှာပဲ သူမရဲ့ဧည့်သည်တွေကပစ္စည်း ရွေးပြီးလို့ငွေရှင်းကာ ပုထိုးတော်ရှိရာသို့ထွက်ခွာဖို့ပြင်သည်။ သူ့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီး ဗမာလိုပြောသွား၏။
“ငါသွားတော့မယ် ကျော်ကျော်၊ ငါမှာတာမမေ့နဲ့နော်၊ နင့်ကိုချမ်းသာစေချင်တယ်”
သူ စကားပြန်ပြောခွင့်မရခဲ့ပါ။ ဧည့်သည်တွေနဲ့ပြုံးပျော်ထွက်ခွာသွားတဲ့ ချစ်သူရဲ့နောက်ကျောပြင် ကိုငေးမောကြည့်နေခဲ့ရုံမှအပ မတတ်နိုင်တော့ပါ။ သူမဘာကြောင့်အဲလိုပြောရတာလဲ။ သေချာတာက တော့ သူကြိုးစားနေတာထက်ပိုကြိုးစားရမည်။ ရွှေရည့်အချစ်ကိုရဖို့အတွက်တင်မကပါ။ မိသားစုအ တွက်၊ သူ့ပတ်ဝန်းကျင်မှာတွေ့နေရတဲ့သူ့ထက်နိမ့်ပါးတဲ့သူတွေကို တတ်နိုင်သမျှထောက်ပံ့ဖို့အတွက် တွေလည်းပါဝင်လေသည်။
Xxxxxxxxxxxxxxxxxxxxxx