(၁၆)
ချစ်သူ့လိုအင်ဆန္ဒဖြည့်ဆည်းပေးခြင်းသည် ချစ်သူရဲ့စိတ်ချမ်းသာမှုအပြင် မိမိစိတ်ချမ်းသာမှုအတွက် လည်း အဓိကကျတဲ့အရာဖြစ်လေသည်။ သူ့ရဲ့လေးခုမြောက်သောစာအုပ်လှည်းလေးထောင်အပြီး နောက်မှာတော့ ရွှေရည့်လိုအင်တွေကိုအရင်ကထက်ပိုပြီးဖြည့်စွမ်းပေးနိုင်လာသည်။ စာအုပ်လှည်း တွေရဲ့ဝင်ငွေကအရမ်းမကောင်းလှပေမယ့် စားရေးသောက်ရေးဖူလုံတဲ့အပြင် အပိုငွေတွေကိုပါ စုဆောင်းနိုင်လာသည်။ နေစားရိတ်ကတော့ဘုန်းကြီးကျောင်းမှာမို့မကုန်သည့်အပြင် တစ်ခြားသူ့လို ဘုန်းကြီးကျောင်းကပ်နေတဲ့သူငယ်ချင်းတစ်ချို့ကိုပါ သူကအလုပ်ပေးနိုင်လာ၏။
“ရွှေရည်၊ ငါနင့်အတွက်ဂုံးဟင်းချက်လာပေးတယ်”
သူမ ငယ်ငယ်ကတည်းကကြိုက်ခဲ့တဲ့ ဟင်းတစ်ခွက်ကိုသူဘယ်တော့မှမေ့မည်မဟုတ်ပါ။ မြောက်ဦး မှာ ဂုံးတွေလတ်လတ်ဆတ်ဆတ်ရဖို့ကမလွယ်၊ ရရင်လည်း လေညှင်းတောင်မှာသူရှာခဲ့တဲ့ဂုံးတွေလို အကောင်သေးသေး အရသာကောင်းကောင်းမဟုတ်တာမို့ လေညှင်းတောင်ကဂုံးတွေကို မရမကကြိုး စားပြီးရှာရလေသည်။ လူကြုံနဲ့မှာ၊ လူကြုံဆီမှာပါလာရင်ချက်ချင်းချက်ပြီးသူမကိုအပြေးအလွှားပေး တတ်သည်။ အဲဒီခဏမှာ မြင်လိုက်ရတဲ့သူမရဲ့အံသြပျော်ရွှင်မှုတွေကို သူဘယ်အရာနဲ့မျှလဲနိုင်မည် မဟုတ်ပါ။
“ဟယ်၊ ရွာကဂုံးပဲ”
သူ့ကိုတအံတသြကြည့်ပြီး ကျေးဇူးတင်တဲ့အပြုံးတွေနဲ့ ကျက်သရေရှိလိုက်တာရွှေရည်ရယ်။ သူမရဲ့ အကြည့်တွေက ရွှန်းလက်တောက်ပကာ သူ့ကိုစိတ်ချမ်းသာမှုတွေတဖွားဖွားပေးလို့နေလေသည်။
“နင် ဒါတွေကိုမှာမို့တော်တော်ခက်ခဲမှာပဲနော်”
“နင့်အတွက်ဆိုမခက်ခဲပါဘူး ရွှေရည်ရာ”
သူမ မျက်စောင်းလေး လှမ်းထိုးသည်။
“ငဇော်ကတော့ တစ်ပတ်တစ်ခါလာလာပေးတယ် ဟ”
“အော်”
စိတ်ထဲ တစ်မျိုးဖြစ်သွားမိသည်။ သူဟန်ဆောင်မကောင်းပါ။ သူ့မျက်နှာပျက်သွားတာကိုသူမ ရိပ်မိ ဟန်ဖြင့် “အို..ငါ တစ်ခြားသဘောနဲ့ရည်ရွယ်ပြီးပြောတာမဟုတ်ပါဘူး၊ ဒီလိုပဲ ပြောလိုက်မိတာ၊ နင် စိတ်မကောင်းဖြစ်သွားတာလား ကျော်ကျော်” လို့ပြန်ပြောသည်။
“ရပါတယ်၊ မဖြစ်ပါဘူး”
သူ့လေသံက ပုံမှန်ထက်တော့တိုးလျသွား၏။ ရွှေရည့် မျက်နှာလေးပြုံးပြကာ သူစိတ်ချမ်းသာမယ့် စကား တစ်ခွန်းကိုပြောလာသည်။
“နင်ကိုယ်တိုင်ချက်လာတဲ့ ဂုံးဟင်းကို ငါပိုတန်ဖိုးထားပါတယ်”
အိုး။ ပျော်လိုက်တာ။ ရွှေရည့်ဆီကအဲဒီစကားကြားရတာတန်ဖိုးရှိလိုက်တာ။ သူ့မျှော်လင့်ချက်တွေအ ရောင်သန်းသွားသည်။
“ဘာလို့လဲ”
နင့်ကိုချစ်လို့ဆိုတဲ့စကားကိုမျှော်လင့်ပြီးမေးလိုက်တာပင်။ သူမဖြေတဲ့အဖြေက မျှော်လင့်ထားသလိုမ ဟုတ်ပေမယ့် စိတ်ကျေနပ်စရာကောင်းလှပါသည်။
“ငဇော်က အိမ်ကနေသူ့အမေချက်ပေးလိုက်တာကို ငါ့ကိုခွဲပေးတာလေ၊ ပြီးတော့သူကပြန်နေကျဆို တော့ ဂုံးဟင်းရှာရတာအပန်းမကြီးဘူးပေါ့၊ နင်ကျတော့အဲလိုမဟုတ်ဘူးလေ၊ ငါ့အတွက်သပ်သပ်မှာ ပေးရတယ်၊ ရွာပြန်ပြီးကိုယ်တိုင်ရှာလို့လည်းမရဘူး၊ မှာလို့ရလာတာကိုလည်းငါ့အကြိုက်ကိုယ်တိုင် ချက်ပေးရတယ်၊ ကဲ ဘယ်လောက်ကွာလိုက်သလဲ၊ ဟင်းတစ်ခွက်ချင်းတူပေမယ့် သူ့နောက်ကွယ်က အဖြစ်အပျက်တွေက တန်ဖိုးအရမ်းကွာလွန်းတယ်လေ၊ အဲဒါကြောင့်နင့်ဟင်းကိုငါပိုတန်ဖိုးထားပါ တယ် သူငယ်ချင်းရယ်”
အော်၊ သူငယ်ချင်းတဲ့လား၊ ဘာပဲဖြစ်ဖြစ် သူကျေနပ်ပါသည်။ သူကျေနပ်လောက်အောင်လည်းရွှေရည် ပြောတတ်ပါသည်။
“အော်၊ နင့်ကိုငါကျွေးစရာတစ်ခုရှိတယ်”
သူမ အိမ်ထဲခဏဝင်သွားပြီးပြန်ထွက်လာတော့ လက်ထဲမှာပန်းသီးညိုညိုတွေပါလာသည်။ မြောက်ဦး မှာပန်းသီးရဖို့သိပ်လွယ်လှသည်မဟုတ်။ ရန်ကုန်လိုမြို့ကြီးကနေတကူးတကမှာမှရတတ်၏။ စျေးထဲ မှာတော့ တစ်ခါတစ်လေရှိတတ်ပေမယ့် အဲဒီလိုပန်းသီးညိုညိုတွေမဟုတ်ပါ။ တရုတ်ပြည်ထွက်ပန်းသီး တွေကို ရန်ကုန်ကတစ်ဆင့်သယ်ရောင်းကြတာဖြစ်သည်။ ရွှေရည်ယူလာတာကတော့တရုတ်ပန်းသီး မဟုတ်။ အညိုရောင်ကိုအနက်ဖက်သန်းသည်အထိဖြစ်နေကာရှည်မျှောမျှောလေးဖြစ်သည်။
“အယ် ပန်းသီးတွေပါလား”
“အေး ဟုတ်တယ်၊ ဘုန်းကြီးကျောင်းကိုသုံးလုံးလှူ၊ ကျန်တဲ့နှစ်လုံးက နင့်ဖို့”
စုစုပေါင်းငါးလုံး။ စျေးတော်တော်ကြီးမယ်မှန်းသူရိပ်မိလိုက်၏။
“နင် ဘယ်ကရတာလဲ”
“သူငယ်ချင်းတစ်ယောက်ကလက်ဆောင်မှာပေးတာလေ”
အဲဒီသူငယ်ချင်းဘယ်သူလဲဆိုတာ သူ့စိတ်ထဲအတပ်သိနေသယောက်။
“ငဇော်လား”
“အေး ဟုတ်တယ်”
ပန်းသီးဆိုတာက ရာသီးမရွေးပေါ်တဲ့အသီး။ ရွှေရည်စားချင်ရင်ဆယ့်နှစ်လလုံးမှာပေးလို့ရသည်။ ပိုက်ဆံတတ်နိုင်တဲ့ငဇော့်အနေနဲ့ပေါ့။ သူ့အတွက်ကတော့ငဇော့်လောက် ပိုက်ဆံလည်းမတတ်နိုင်၊ မှာဖို့ကလည်းဘယ် ကိုဘယ်လိုမှာရမယ်မှန်းမသိ။
ရွှေရည်ကြိုက်တဲ့ ဂုံးဆိုတာကနွေရာသီသောင်ထွန်းလို့ရေတိမ်နေရာတွေမှာ စမ်းပြီးရလာတဲ့ရေထွက် ကုန်၊ အမြဲတမ်းမရနိုင်၊ မိုးတွင်းဆိုဂုံးထွက်တဲ့နေရာတွေကရေလွှမ်းလို့နေပြီ။ အဲဒီတော့ရွှေရည်ကြိုက် တဲ့ ဂုံးကိုထွက်တဲ့ ရာသီပိုင်းလေးပဲသူမှာကျွေးနိုင်မည်။ ပန်းသီးညိုညိုတွေကတော့ ဆယ့်နှစ်ရာသီ မှာလို့ရသည်။
“နင်ကလည်း ဘာဖြစ်သွားရပြန်တာလဲ”
ဒီတစ်ခါတော့ သူကြိုးစားဟန်ဆောင်လိုက်၏။
“အေး အံသြသွားတာ၊ ဒီကောင်ရန်ကုန်ကနေဘယ်လိုတောင်မှာသလဲလို့၊ ငါလည်းနင့်ကိုကျွေးချင်တာ ပေါ့ဟ”
“အို တော်ပါ၊ နင်တို့တွေလုပ်မှပဲငါကအစားငမ်းငမ်းတတ်မက်တဲ့မိန်းကလေးဖြစ်နေပြီ၊ ငါ့အတွက်ဆိုပြီး အပန်းကြီးတဲ့အရာတွေမလုပ်ပေးဖို့နင့်ကိုမှာထားမယ်ကျော်ကျော်၊ ငါ့အတွက်အဲဒီအသေးအမွှားလေး တွေအရေးမပါဘူး၊ ငါလိုချင်တာနင်ချမ်းသာဖို့ အဲဒါကအဓိကဆိုတာနင်သဘောပေါက်ထားဟာ”
“နင် ငါ့ကိုဘာလို့ချမ်းသာစေချင်တာလဲ ဟင်”
“ဘာလဲ ငါကကိုယ့်သူငယ်ချင်းတစ်သက်လုံးဆင်းရဲမွဲတေနေတာကို မြင်ချင်နေတဲ့မိန်းမလို့နင်သတ် မှတ်ထားလို့လား”
“အာ…ရွှေရည်၊ ငါဆိုလိုတာ အဲလိုမဟုတ်….”
သူမ ဟက်ဟက်ပက်ပက်ရယ်သည်။
“ငါက နောက်တာပါဟာ”
သူမ ပြုံးရယ်နေပုံများကြည့်ရတာ ကြည်နူးလိုက်တာ။ သူမကိုအဲဒီလိုမျိုးပဲတစ်သက်လုံးပျော်ရွှင်စေချင် လိုက်တာ။ သူမ အချစ်ကို ရယူရင်းသူမ ဘေးနားမှာလိုအင်မှန်သမျှဖြည့်ဆည်းပေးချင်သည်။
“ရွှေရည်”
“အင်း”
“ငါ ငဇော်တို့လောက်မချမ်းသာပေမယ့်၊ သူ့လောက်ဝင်ငွေမကောင်းပေမယ့် နင်လိုချင်တာဖြည့်ဆည်း ပေးနိုင်မယ်လို့ထင်တယ်ဟာ၊ ငါအခုအရင်လိုရရစားစားမဟုတ်တော့ဘူးဟ၊ ငှားထားတဲ့လှည်းတွေရဲ့ ပုံမှန်ဝင်ငွေအပြင်လုပ်ငန်းတိုးချဲ့ဖို့ပါငါစီစဉ်နေပြီ”
“အေး၊ ငါကျေနပ်လောက်တဲ့အထိနင်ကြိုးစားဟာ”
“နင်ကဘယ်တော့ကျေနပ်မှာလဲ၊ နင်ကျေနပ်တဲ့အချိန် ငါ့ကိုလက်ထပ်မှာမှလား”
သူမ မျက်နှာလေးရှက်သွေးဖြန်းသွားလေသည်။
“နင်ပြန်တော့” တဲ့။ ရွှေရည်အချစ်ကိုပိုင်ဆိုင်ခွင့်ရဖို့အခြေအနေက မဆိုးလှသလိုကောင်းတယ်လို့ လည်းပြောလို့မရပါ။
သူ့ဘဝမှာ ကံကြမ္မာအလှည့်အပြောင်းတွေကိုတစ်မျိုးပြီးတစ်မျိုးရင်ဆိုင်ခဲ့ရသလို သူချစ်ရတဲ့ရွှေရည်နဲ့ ပတ်သက်ပြီး အလှည့်အပြောင်းလေးတစ်ခုလည်းဖြစ်လာခဲ့လေသည်။ သူနဲ့ငဇော်တို့ရဲ့ဆက်ဆံရေး ဟာလည်းတင်းမာသည်ထက်တင်းမာလာခဲ့လေသည်။
သူဆယ်တန်းအောင်မြင်ခဲ့ပြီး အဝေးသင်ပထမနှစ်တက်ရောက်ရမယ့် အချိန်ဝန်းကျင်ပေါ့။
Xxxxxxxxxxxxxxxxxxxxxx