(၁၈)
ချစ်သူနဲ့မဝေးသောနေရာမှာ ရှိခွင့်ရဖို့ကလွဲရင်ကျန်တဲ့အရာတွေကိုဒုတိယအဖြစ်နဲ့သာစဉ်းစားခဲ့တဲ့ သူ့အနေနဲ့ စားဝတ်နေရေးကအဓိကအရာလည်းဖြစ်လာခဲ့သည်။ ရွှေရည်ဖြစ်စေချင်တဲ့လူတစ်ယောက် ဖြစ်ဖို့ တတ်နိုင်သမျှကြိုးစားမည်။ ရန်ကုန်ဆိုတာအခွင့်အလမ်းတွေအပေါများဆုံးနေရာမဟုတ်လား။
ရွှေရည် ထွက်ခွာပြီး လ ပိုင်းလောက်မှာပဲ သူလည်းရန်ကုန်ကိုရောက်လာခဲ့၏။ သူ့အတွက်တော့အရာ ရာဟာ စိမ်းကားတဲ့ အကြည့်တွေနဲ့သာပြည့်နှက်လို့နေလေသည်။ ငဇော်နဲ့သူနဲ့အဆက်အသွယ်ပြတ် ခဲ့တာ၊ စကားမပြောဖြစ်ခဲ့တာတော့ ရွှေရည်သွားပြီးကတည်းကပင်။ အရင်လို တစ်ယောက်ကိုတစ် ယောက်တွေ့ဖို့လည်း မရှာတော့ပါ။
“လောလောဆယ်ကတော့ အထမ်းနဲ့အစုံသုတ်လိုက်ရောင်းတဲ့နေရာမှာဝင်ကူလုပ်ပေါ့ကွာ၊ ပြီးမှ တစ်ခြား အလုပ်တစ်ခုခုထပ်ရှာပေါ့”
“ကျွန်တော် ဟိုမှာလုပ်လာတဲ့ရွေ့လျားစာအုပ်ဆိုင်လေးလုပ်ချင်တယ်”
“အင်း၊ နယ်မြေကျွမ်းကျင်အောင်အသုတ်အရင်ရောင်းလိုက်ပါဦး”
ဘုန်းကြီးကျောင်းကအဆက်အသွယ်တစ်ချို့ရဲ့ကူညီဖေးမမှုကြောင့် လှိုင်သာယာ သမကုန်းနားက မြောက်ဦးမြို့ခံနေအိမ်တစ်အိမ်မှာ ကပ်နေခွင့်ရခဲ့လေသည်။ သူတို့ကအထမ်းနဲ့အသုတ်လည်ရောင်း တာမို့ အလုပ်ပါတစ်ခါတည်းရရှိတာက သူ့အတွက်ကံကောင်းခြင်းလို့ဆိုရပေမည်။
သူ့မှာ အရင်းအနှီးပြုဖို့ငွေတစ်ချို့ပါလာပေမယ့် အိမ်ရှင်ကအဲဒီငွေတွေကို စာအုပ်လှည်းလေးအတွက် ပေးမသုံးသေးပါ။ ရန်ကုန်မှာအထမ်းနဲ့အသုတ်ရောင်းရတာတွက်ခြေကိုက်ကြောင်း ရှင်းပြသည်။
“ဒီမှာရောင်းတဲ့အသည်တွေကို လိုက်ကြည့်၊ စားကြည့်လိုက်ကွ၊ ရောင်းတာရခိုင်မုန့်တီ၊ အသုပ်စုံတဲ့၊ ဘာအရသာမှလည်းမရှိဘူး၊ ငါတို့ရခိုင်ပြည်နယ်ကထွက်တဲ့အစားအစာကို တွက်ခြေကိုက်အောင်ပြီးပြီး ရောရောင်းနေကြတာကွ၊ ဒီတော့ ရခိုင်ပြည်နယ်မှာစားကြတဲ့အရသာအစစ်အမှန်ကဘယ်လိုမျိုးလဲ၊ ဘယ်လောက်အရသာကောင်းလဲဆိုတာကို ရန်ကုန်ကစားသုံးသူတွေသိအောင်ပြဖို့လိုတယ်”
ရန်ကုန်မှာရှိတဲ့အထမ်းသည် တော်တော်များများရောင်းကြတဲ့ ရခိုင်မုန့်တီ၊ အသုတ်စုံတွေက အိမ်ရှင် ပြောသလိုပဲအရသာမကောင်းလှပါ။ ကောင်းတဲ့သူကရှားသည်။ အဲဒီအားသာချက်ကိုအခွင့်ကောင်းယူ ကာ သူရောင်းတဲ့အထမ်းလေးအရောင်းသွက်အောင်လုပ်နိုင်သည်။
ရခိုင်မုန့်တီရဲ့အခရာက အရည်ပင်။ အဲဒီမုန့်ရည်အရသာကောင်းဖို့က ငါးအပေါ်မူတည်သည်။ ရန် ကုန်မှာ ကအလွယ်တကူရတဲ့စျေးထဲကငါးမြစ်ချင်းနဲ့ချက်ကြတာမို့ ထွက်လာတဲ့အရသာကပေါ့ရွှတ်ရွှတ် ဖြစ်လို့နေသည်။ သူတို့ရခိုင်မှာကမုန့်တီချက်တဲ့ငါးသပ်သပ်ရှိသည်။ ရခိုင်မှာတော့ သင်းဖောထူးလို့ အသံထွက်ခေါ်ကြ၏။ ရန်ကုန်မှာတော့အဲဒီငါးမျိုးရှိချင် ရှိနိုင်ပေမယ့် ရှားမှာတော့သေချာပါသည်။ သင်း ဖောထူးငါးကိုကြပ်တိုက် အခြောက်လုပ်ပြီးအိမ်မှာသိမ်းထားကာမုန့်တီချက်ရောင်းတာမို့ သူနေတဲ့အိမ် ရှင်ရဲ့အထမ်းလှည်းကနာမည်ကြီးပါသည်။
“ငါးပိကောင်းကောင်းလည်းသုံးဖို့လိုတယ်ကွ၊ ဒီကငါးပိတွေက ငါတို့ဆီကငါးပိတွေလိုမကောင်းဘူး၊ ဆေးကလည်းအရောင်အမျိုးမျိုးဆိုးထာသေးတယ်၊ ရန်ကုန်မှာကအစစ်အမှန်ဆိုတာရှားတယ်ကွ၊ အား လုံးအရောအနှောနဲ့တွက်ခြေကိုက်အောင်လုပ်နေကြတာများတယ်၊ ဒါတွေကို အားသာချက်အဖြစ်ယူ ပြီးတော့ စေတနာကောင်းကောင်း ပစ္စည်းမှန်မှန်နဲ့ရောင်းတတ်ရင်မင်းလုပ်သမျှကိုင်သမျှမအောင်မြင် ဘဲနေမလား မောင်ချေရ”
အိမ်ရှင်ဦးလေးရောင်းတဲ့ ရခိုင်သင်္ဘောသီးသုပ်၊ ရခိုင်မုန့်တီ၊ မုန့်တီသုပ်တို့မှာဖောက်သည်အသီးသီး ရလို့နေခဲ့ပြီမို့ စျေးရောင်းမလာရင်မျှော်တဲ့သူတွေလည်းအများကြီး။ သူကတော့ ဦးလေးကြီးနဲ့ကူ ပြီးစျေးလိုက်ရောင်းရသည်။ သူ့စာအုပ်လှည်းလေးအတွက် အကွက်အကွင်းကျတဲ့နေရာကိုရွေးချယ် ရသည်။ ဂိမ်းဆိုင်တွေရှိမနေတဲ့နေရာ၊ စာအုပ်ဆိုင်တွေချည်းရှိမနေတဲ့နေရာ၊ စာဖတ်တဲ့သူများမယ်လို့ ယူဆ ရတဲ့ပတ်ဝန်းကျင်တွေကို စုံစမ်းသိမှတ်ရသည်။
သုံးလလောက်အထ်ိရှာဖွေလေ့လာအပြီးမှာတော့ လှိုင်သာယာနဲ့အင်းစိန်နားတစ်ဝိုက်မှာရှိတဲ့ပတ်ဝန်း ကျင်တစ်ချို့ကိုသူနှံ့နှ့ံစပ်စပ်သိလာပြီဖြစ်သည်။ လှိုင်သာယာကတော့လက်လုပ်လက်စားသမားတွေ များတာမို့ သူ့စာအုပ်လှည်းလေးအတွက်အခြေအနေမကောင်းမှန်း သူရိပ်မိ၏။ အဲဒီတော့အင်းစိန်ကို ပဲရွေးချယ်လိုက်သည်။ အင်းစိန်ရဲ့ဆင်ခြေဖုံးရပ်ကွက်သုံးလေးခုက သူ့ကိုထမင်းနပ်မှန်အောင်ကျွေးနိုင် ခဲ့ပါသည်။
စာအုပ်လှည်းလေးအတွက် လိုအပ်သမျှကိုအိမ်ရှင်ဦးလေးက ကူညီပေးသည်။ ရွေ့လျားစာအုပ်နဲ့ပတ် သက်ပြီးတော့ပဲ သူလုပ်ချင်သည်။
အခြားအလုပ်ကိုသူမလုပ်ချင်ပါ။ စာအုပ်တွေကိုလှည်းလေးပေါ်တင် ပြီးတစ်လမ်းဝင်တစ်လမ်းထွက် ငှားမည်။ ဒီထက်ပိုပြီးဝင်ငွေကောင်းလာရင်ရောင်းမည်ပေါ့။ သူ့ဆီမှာပါလာတဲ့ငွေက အငှားလှည်းလေး အတွက်ပဲရသည်။ လှည်းလေးပေါ်မှာအရောင်းစာအုပ်တွေတင်ဖို့ကတော့မတတ်နိုင်သေးပါ။
အဲဒီသုံးလေးငါးလအတွင်းမှာ ရွှေရည့်ကိုတွေ့ချင်စိတ်တွေမနည်းထိမ်းထားရသည်။ သူမဘယ်မှာနေလဲ ဘာတွေလုပ်နေလဲဆိုတာကို သူစုံစမ်းနေမိပါသည်။ ရန်ကုန်သားရုပ်ဖြောင့်ဖြောင့်ကောင်တွေကြားမှာ သူမတစ်ယောက်ပျော်ရွှင်နေပြီလား။ လူမသိ သူမသိတောကလာတဲ့ကောင်ကိုမေ့နေပြီလားဆိုတာ တွေလည်းတွေးမိပြီး စိတ်ပူမိနေလေသည်။
“စာအုပ်လှည်းကဝင်ငွေမကောင်းဘူးမောင်ချေရဲ့၊ မင်းအသုတ်လည်းရောင်းတတ်နေပြီပဲဟာ၊ ငါတို့ ရခိုင်ကပစ္စည်းတွေလည်းမှာလို့လွယ်ရက်သားနဲ့ အသုတ်ပဲရောင်းပါလား”
အိမ်ရှင်ဦးလေးကတော့ စေတနာနဲ့အကြံပေးပေမယ့် သူခေါင်းမာစွာပင်စာအုပ်လှည်းလေးကိုပဲအာရုံ တွယ်နေမိခဲ့၏။
“ရပါတယ်ဦးလေးရ၊ ဝင်ငွေမဆိုးပါဘူး”
“အေး၊ မင်းတစ်နေ့ဝင်ငွေဘယ်လောက်ရလဲ”
လောလောဆယ်မှာတော့ ထင်ထားသလောက်ဝင်ငွေမရဘူးဆိုပေမယ့် တစ်ဖြည်းဖြည်းကောင်းလာ လိမ့်မယ်ဆိုတာ သူကြိုသိနေသည်။ သူကျွမ်းကျင်တယ်လို့ယူဆထားတဲ့အလုပ်မို့ဖြစ်အောင်လုပ်ဖို့ လည်းဆုံးဖြတ်ထားပြီးသားပင်။
“သုံးလေးထောင်ပေါ့ဦးလေးရာ”
“မင်းကွာ၊ အသုပ်ရောင်းတာ တစ်ခါတစ်လေတစ်သောင်းနီးပါးတောင် အမြတ်ဝင်တဲ့ဟာကို မလုပ်ချင်ဘူး”
“ဟုတ်၊ စာအုပ်လှည်းလေးကို ကျွန်တော်သံယောဇဉ်ရှိလို့ပါဗျာ၊ ပြီးတော့သူကဟင်းရည်အိုးတည်စရာ လည်းမလိုဘူး၊ အစောကြီးထပြီးပြင်ဆင်စရာလည်းမလိုဘူးလေ”
“အေး အေး မင်းသဘောပဲ၊ တစ်ဖြည်းဖြည်းနဲ့တော့ဒီထက်ဝင်ငွေကောင်းပါစေကွာ၊ အဆင်မပြေတော့ လည်း အသုတ်ရောင်းလို့ရတယ်”
ရန်ကုန်နဲ့သူ ကံစပ်တယ်ပဲပြောရမလားမသိတော့ပါ။ သာမန်တွေ့ကြုံနေကျအခက်အခဲတစ်ချို့ကလွဲ ရင်ကျန်တဲ့အခက်အခဲကြီးကြီးမားမားမတွေ့ရ။ စာအုပ်တွေကိုစျေးပေါပေါနဲ့ဝယ်ယူနိုင်ပြီးဆိုင်ဖွင့်ဖို့ဆို ရင်အစအဆုံးလုပ်ပေးတဲ့နေရာတွေကြောင့် သူအဆင်ပြေလှသည်။ စာအုပ်အသစ်ထွက်ရင်လည်းချက် ချင်းဝယ်တင်နိုင်သည်။
သူစာအုပ်လှည်းလေးရဲ့ အခြေအနေက သုံးလအတွင်းမှာအရောင်းလှည်းလေးအဖြစ်ဆောင်ရွက်နိုင် လာခဲ့လေသည်။ စာအုပ်တစ်အုပ်ရဲ့ငှားခက သုံးဆယ်ကနေတစ်ရာ ရသည်။ ရပ်ကွက်တွေထဲကိုသွား လာလို့ခရီးပေါက်ရင်ပေါက်သမျှငှားရသည်။ တွက်ခြေမကိုက်တဲ့အထိ မငှားရတဲ့နေ့တွေလည်း ရှိသည်။ ဒါပေမယ့်အရင်းကပြုတ်မသွားတာမို့အဆိုးဝါးဆုံးအခြေအနေကိုလည်းမရောက်ပါ။ ထိုအတူ ပဲလုံးဝ ကောင်းမွန်သောအခြေအနေကိုလည်းမရောက်ရှိ။
သူစဉ်းစားရသည်။ အဲဒီပုံစံနဲ့သူလိုချင်တဲ့အနေအထားကိုတော်ရုံနဲ့ရောက်မည်မဟုတ်။ အဲဒီတော့စာ အုပ်အရောင်းလှည်းလေးအဖြစ်ခြစ်ကုပ်ဖန်တီးယူရသည်။ စာအုပ်ငှားသူတွေဝယ်ချင်တဲ့စာအုပ်ကို စာရင်းနဲ့မှတ်ပြီး ဝယ်ပေး၊ အသစ်ထွက်တဲ့ရောင်းအားကောင်းစာအုပ်တွေကိုဝယ်ပြီးလှည်းလေးပေါ်ကို တင်ရင်း စာအုပ်အရောင်းဆိုင်လှည်းလေးဖြစ်လာခဲ့ခြင်းပင်။
အဲဒီကနေတစ်ဆင့်တက်ပြီးစာအုပ်အရောင်းဆိုင်လေးတစ်ဆိုင်ပိုင်ဆိုင်ဖို့ သူကြိုးစားသည်။ စာအုပ်တွေ ရောင်းရင်းဝယ်ရင်း စာအုပ်တွေအကြောင်းကိုနားလည်ပြီးရင်းနားလည်လာသည်။ ရန်ကုန်မှာစာအုပ် အကောင်းတွေကိုပေါချောင်ကောင်းဝယ်လို့ရတဲ့နေရာတွေအများကြီး၊ ပန်းဆိုးတန်းအဟောင်းဆိုင် တွေမှာဆို သူ့စာအုပ်အငှားဆိုင်ကပုံမှန်ငှားတတ်တဲ့သူတွေလိုချင်နေတဲ့စာအုပ်တွေ တော်တော်များ များဝယ်ယူနိုင်သည်။ မြို့ထဲကိုတကူးတကသွားမဝယ်ချင်တဲ့သူတွေအတွက်တော့ သူကအခရာဖြစ် သည်။ ရပ်ကွက်ထဲကကလေးကြိုက်စာအုပ်တွေကို အရင်းနှစ်ရာသုံးရာလောက်နဲ့ဝယ်နိုင်တဲ့နေရာတွေ လည်းအများကြီး။
စာအုပ်အရောင်းဆိုင်လေးကို သူ့အငှားရပ်ဖြစ်တဲ့အင်းစိန်မှာ ဖန်တီးဖို့ကြိုးစားသည်။ ပေါက်တောဝ လမ်းဆုံနားမှာ စျေးသက်သက်သာသာနဲ့ ဆိုင်ခန်းလေးတစ်ခန်းကိုငှားပြီး ပေါချောင်ကောင်းစာအုပ်၊ သူဝယ်နိုင်သမျှစာအုပ်တွေတင်ရင်းနဲ့စတင်ခဲ့သည်။
စာအုပ်ဆိုင်ရယ်လို့တည်တည်ခန့်ခန့်ဖြစ်လာပြီဆို ရင်တော့ ဆိုင်ပေါ်စာအုပ်တွေဝယ်တင်ဖို့မလိုပါ။ စာအုပ်တိုက်တွေကနေလာအပ်တဲ့စာအုပ်အသီးသီးကို စာရင်းမှတ်ယူပြီးဆိုင်ပေါ်နေရာပေးရောင်းပေး ရုံသာ။
“အချိန်တိုအတွင်းမှာ မင်းအဲဒီလောက်ဖြစ်လာလိမ့်မယ်လို့မထင်ထားဘူးမောင်ချေ၊ မင်းပုံစံနဲ့မင်းတော့ ဟုတ်နေတာပဲ၊ ငါတို့ကတော့ ဒီစာအုပ်ရောင်းတာကိုသူဌေးဖြစ်မယ့်အလုပ်လို့တော့မထင်”
အိမ်ရှင်ဦးလေးကတော့ သူ့အလုပ်ကိုအသိအမှတ်ပြုလာပေမယ့် အထင်ကြီးတဲ့စကားမပြောချေ။ ဒါ ပေမဲ့ သူကတော့ ယုံကြည်ရာအတိုင်းဖြည်းဖြည်းချင်းလုပ်လာခဲ့သည်။
ရွှေရည်။ သတိရတာပေါ့။ သူမကို အချိန်နဲ့အမျှသတိရပါသည်။ စာအုပ်ဆိုင်လေးတစ်ဆိုင်ကိုပိုင်ဆိုင် အပြီးမှာတော့ ရွှေရည့်ကိုသွားတွေ့ဖို့အားအင်တွေရလာခဲ့သည်။ သူမနေထိုင်တဲ့နေရာတွေ၊ သွားလာ လှုပ်ရှားမှုတွေကို သူစုံစမ်းနေခဲ့၏။
စာအုပ်လှည်းလေးနှစ်လှည်းပိုင်ရှင်၊ စာအုပ်ဆိုင်တစ်ဆိုင်ရဲ့ပိုင်ရှင်တစ်ယောက်အခြေအနေနဲ့ သူချစ်ရ တဲ့ သူမကိုတွေ့ဆုံနိုင်ခဲ့လေသည်။
Xxxxxxxxxxxxxxxxxxxxxx