(၁၉)
သူမရဲ့ သူ့ကိုမြင်တဲ့အံသြမှုက ဝမ်းသာအားရရှိလှသည်။ မထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်သလို တွေ့လိုက်ရတဲ့အတွက်ကြောင့် သူမအံသြမယ်လို့တော့ သူတွေးထားပြီးသားပါ။
“ဟယ်၊ ကျော်ကျော် ဘုရား၊ ဘုရား နင်ကျော်ကျော်ဟုတ်ပါတယ်နော်”
“အေး၊ ငါကျော်ကျော်ပါဟ၊ နင့်ကိုလာတွေ့တာလေ”
“အေး ငါလည်းနင့်ကိုလွမ်းလို့သေတော့မယ် သိလား”
သူမ နှုတ်ဖျားကလွှတ်ခနဲထွက်သွားတဲ့ အဲဒီစကားက ကြည်နူးဖို့ကောင်းလိုက်တာ။ သူမ ကိုကြင်နာ လွမ်းဆွတ်စွာကြည့်နေမိသည်။ ရှက်သွေးစိုနေတဲ့မျက်ဝန်းတစ်စုံကိုမြင်ရ၏။
“ကျော်ကျော်၊ အဲလောက်မကြည့်နဲ့ ငါကြောက်တောင်ကြောက်လာပြီ” တဲ့။ သူအကြည့်လွှဲလိုက်ရ သည်။ ငါဘယ်လောက်တောင်များလွမ်းဆွတ်နေရသလဲ နင်သိလားရွှေရည်ရာ။ တစ်မြို့တည်းမှာတူတူ ရှိတယ်ဆိုတာ သိရက်နဲ့တွေ့ခွင့်မကြုံတဲ့ဘဝ ဘယ်လောက်တောင်များခံရခက်သလဲ။ သူမကျေနပ်နိုင် တဲ့အခြေအနေတစ်ခုကိုရောက်ဖို့ကြိုးစားရင် သူမကိုလွမ်းဆွတ်နေခဲ့သည်။ သိရနေခဲ့သည်။
“ငါ ရန်ကုန်ရောက်တာကြာပြီ”
အဲဒီစကားကို သူမ မအံသြပါ။
“ငါသိတယ်” တဲ့။
“ဟင်၊ နင်ကဘယ်လိုလုပ်သိတာလဲ”
“ငါဒီကိုလာပြီး သိပ်မကြာဘူး နင်လည်းလိုက်လာတယ်ဆိုတာသတင်းရပြီးသား၊ နင်ခုလိုငါ့ဆီကိုတစ် နေ့လာတွေ့လိမ့်မယ်ဆိုတာကိုလည်း ငါကြိုတွက်ထားပြီးသား၊ ငါအရမ်းဝမ်းသာတယ် ကျော်ကျော် ရယ်၊ ငါနင့်ကိုမျှော်နေခဲ့တာကြာပြီ”
ဘယ်လိုသံယောဇဉ်မျိုးနဲ့ အဲဒီလိုစကားတွေပြောနေတာလဲဆိုတာကို သေချာနားမလည်ပေမယ့် သူကျေနပ်ပါသည်။ သူ့အပေါ်ဂရုစိုက်ကြင်နာတဲ့ နားဝင်ချိုစေတဲ့စကားလုံးတွေ သူမဆီကကြားရတိုင်း ပျော်ရွှင်ခဲ့ရတာချည်းပင်။
“နင် နင် ငါ့ကိုတကယ်ပဲ မျှော်နေခဲ့တာလားဟင်”
မဝံ့မရဲ မေးလိုက်မိသည်။ ဘာလို့မျှော်နေခဲ့တာလဲ၊ ဘာလို့ငါ့ကိုတွေ့ချင်နေခဲ့တာလဲ…အဲဒါတွေအား လုံးဟာ ငါ့ကိုချစ်လို့လားရွှေရည် ဆိုပြီးမေးလိုက်ချင်တာပေါ့။
“အင်းလေ၊ နင်ရန်ကုန်ကိုလာတယ်ဆိုတာပဲသိတယ်၊ ဘယ်နေရာမှာဘယ်လိုနေသလဲ၊ ဘယ်ကို ပျောက်လို့ပျောက်မှန်းမသိနေခဲ့တာ၊ စိတ်ပူတာပေါ့ဟာ”
“ငါ ရန်ကုန်ကိုစွန့်စားပြီးလာခဲ့တာ”
“အင်း”
“ငါမသိ မကျွမ်းကျင်တဲ့ ဒေသတစ်ခုကိုဘာလို့စွန့်စားပြီးရောက်လာရတာလဲ နင်သိတယ်မှလား”
“အင်း၊ သိပါတယ်”
သူမ ထင်ထားတာထက်ပွင့်လင်းလှ၏။
“ငါ ငါအခုဆိုရင်အရင်ကထက်အခြေအနေအများကြီးကောင်းနေပြီရွှေရည်ရ၊ အမေ့ဆီကိုလည်းပိုက် ဆံကောင်းကောင်းထောက်ပံ့နိုင်ပြီ၊ စာအုပ်ဆိုင်သေးသေးတစ်ဆိုင်လည်းငါပိုင်ထားတယ်၊ အရင်လုပ် နေကျ စာအုပ်လှည်းလေးနှစ်လှည်းလည်းငါပိုင်တယ်၊ ရန်ကုန်မှာအဲဒီအနေအထားရောက်ဖို့မလွယ် ဘူးဆိုတာ နင်နားလည်မှာပါ၊ အခုနင်ဘာစာအုပ်ဖတ်ချင်လည်း ငါ့ဆိုင်မှာစုံသလောက်ရှိတယ်၊ ငါပေး နိုင်တယ်၊ နင်လိုချင်တဲ့စာအုပ်တွေကိုလည်းငါမှာပေးနိုင်တယ်ရွှေရည်”
သူ့စကားတွေကို သူမကျေနပ်လိမ့်မယ်လို့ထင်ထားပေမယ့် သူမရဲ့တုန့်ပြန်မှုကအားရစရာမရှိပါ။
“အင်း၊ နင့်ပုံပန်းသဏ္ဍာန်ကိုကြည့်ရတာတော့ အရင်ကထက် အခြေအနေအများကြီးကောင်းတယ်ဆို တာငါလက်ခံပါတယ်၊ ဒါပေမဲ့ ငါလိုချင်တဲ့အနေအထားတော့မဟုတ်သေးဘူးဟ”
သူ သက်ပြင်းချလိုက်မိ၏။ မိန်းကလေးတစ်ယောက်က ယောကျင်္ားလေးတစ်ယောက်ဆီကလိုချင်တဲ့ အရာထဲမှာ စည်းစိမ်ဥစ္စာကအဓိကပါဝင်လေသလား။
“ငါ…ငါအတတ်နိုင်ဆုံးတော့ကြိုးစားနေပါတယ် ရွှေရည်ရာ”
အားအင်ဖျော့တော့သော သူ့အသံကိုသူမ မကြိုက်ပါ။
“နင်ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့အသံကိုပဲငါကြားချင်တယ်ကျော်ကျော်၊ နင်အခုလိုအခြေအနေ ရောက်လာဖို့ကို ငါအရမ်းမျှော်မှန်းခဲ့တာ၊ ပြီးတော့ နင့်အတွက်လည်းငါစီစဉ်ထားတာတစ်ခုရှိတယ်”
“ဘယ်လို”
သူ့ကိုမျှော်နေရုံသပ်သပ်မဟုတ်ဘဲ သူ့အနာဂတ်အတွက်အကျိုးရှိမယ့်အစီအစဉ်တစ်ခုကိုလည်းသူမ ကစီစဉ်ထားခဲ့တယ်ဆိုတာ အဲဒီနေ့ကသိခဲ့ရပါသည်။ သူမအပေါ်ပိုပြီးလေးနက်စွာအသိအမှတ်ပြုမိ သည်။ တော်ရုံတန်ရုံအတိုင်းအတာ သံယောဇဉ်နဲ့တော့ သူ့ကိုသူမ မျှော်နေခဲ့လိမ့်မည်မဟုတ်ပါ။ ပြီးတော့ သူ့အတွက်စီစဉ်ထားတာရှိတယ်ဆိုတော့ ဘယ်လိုမျိုးအစီအစဉ်လဲ၊ ဘာကြောင့်လဲဆိုတာ သူ သဘောပေါက်လွယ်ခဲ့ပြီဖြစ်သည်။
ရွှေရည်။
သူငယ်ငယ်ကတည်းက ချစ်ရပါသောမိန်းကလေး။ အဲဒီမိန်းကလေးကို သူရဲ့အချစ်ဆုံးသူငယ်ချင်းတစ် ယောက်နဲ့ပြိုင်ပြီးချစ်ခဲ့ရသည်။ သူတို့နှစ်ယောက်လုံးအား ရွှေရည်ကအခွင့်အရေးတန်းတူပေးခဲ့သည်။ သဘောထားချင်းတန်းတူထားခဲ့သည်။ အဲဒီနောက် ရွှေရည်ရန်ကုန်ရောက်လာသည်။ သူက မနေနိုင် မထိုင်နိုင်ဖြစ်ပြီး ရန်ကုန်လိုက်လာသည်။ သူမက ဝမ်းပန်းတသာဖြစ်သည်။ သူ့ကိုအလေးထားတဲ့စ ကားတွေပြောသည်။ အဲဒီတော့….သူမရဲ့သဘောထားက သူ့ကိုသာမန်ထက်ပိုနေတာကလွဲရင်ဘာ များဖြစ်နိုင်ဦးမှာလဲ။
“နင့်အတွက်အသုံးဝင်မှာပါ ကျော်ကျော်”
ဘာအစီအစဉ်လည်း မသိပေမယ့်သူမစိတ်တိုင်းကျနေဖို့က သူ့အလုပ်တစ်ခုလိုယူဆထားသည်။ ထူး ဆန်းတာတစ်ခုက ငဇော့်အကြောင်းကို သူမ လုံးဝမမေးပါ။ အဲဒီတော့လည်း သူက စ ရသည်။
“နင် ငဇော့်ကိုရော သတိမရဘူးလား”
သူမ မျက်နှာလေးတစ်မျိုးပြောင်းသွားတာကိုတော့ သတိပြုလိုက်မိသည်။ သတိမရဘဲနေပါ့မလား။ သိပ်သတိရတာပေါ့။ သူမ မပြောနဲ့ စကားများရန်ဖြစ်ခဲ့ပြီးမခေါ်တဲ့ သူတောင်သတိရပါသည်။ သူငယ် ချင်းသံယောဇဉ်ကြား ချစ်ခြင်းတရားတစ်ခုဝင်လာတော့ သူနဲ့ငဇော်တို့ခပ်တန်းတန်းအခြေအနေတင် မကဘဲ မခေါ်မပြောနိုင်သည်အထိဖြစ်ခဲ့ရသည်။
သူ ရန်ကုန်ကိုလာခါနီးတောင် ငဇော့်ကိုနှုတ်မဆက်ခဲ့ရပါ။ ဒီကောင်အခုဘာတွေလုပ်နေလဲ၊ အရာရှိ ကြီးဖြစ်နေပြီလား။
“ငါတို့ ငါတို့ရန်မဖြစ်သင့်ခဲ့ဘူး”
“အေး ဟုတ်တယ်”
ငဇော့်အကြောင်းတွေးပြီး နှစ်ယောက်သားခဏတာမျှတိတ်ဆိတ်မိသွားကြသည်။ သူနဲ့ငဇော်ဟာ ရွှေရည်ဆိုတဲ့ ကြယ်တစ်ပွင့်ကိုရင်ခွင်ကိုယ်စီမှာပိုင်ဆိုင်ဖို့ကြိုးစားရင်း၊ မျှော်လင့်ရင်းအချစ်ဆုံးသူငယ် ချင်းကနေ အခုလိုအခြေအနေမျိုးရောက်သွားရတာပင်။
“ထားပါ၊ နင်ငါ့အတွက် စီစဉ်ထားတယ်ဆိုတာဘာလဲ ရွှေရည်”
“အေး၊ လာမယ့်စနေနေ့ နင်ငါ့ဆီတစ်ခေါက်လာလို့ရမလား”
“အင်း ရတယ်လေ”
“အဲဒီအချိန်ကျရင်ပြောမယ်၊ နင် ငါ့ဆီကိုမနက်စောစောသာရောက်အောင်လာခဲ့”
သူမ ရဲ့ပဟေဠိကို သူအမြန်ဆုံးသိချင်နေပေမယ့် သူမနဲ့နောက်တစ်ခေါက်တွေခွင့်ရဖို့အခွင့်အရေးကို ပိုပြီး ကျေနပ်မိလေသည်။ တကယ်တော့ ရွှေရည့်ရဲ့အစီအစဉ်ဟာ သူ့ဘဝအတွက်အရေးပါလှသော အပြောင်းအလဲကြီးတစ်ခုဖြစ်ခဲ့လေသည်။
Xxxxxxxxxxxxxxxxxxxxxx