(၂)
စကားပြောသံအမျိုးမျိုးကို ကျွန်တော်ကြားနေရပေမယ့်သိပ်မသဲကွဲလှပါ။ တစ်ကိုယ်လုံးလေပေါ်မှာပဲဝဲ ပျံနေသလိုလို၊ အိပ်မှုန်စုံဖွားနဲ့ကယောင်ကတမ်းလျှောက်သွားနေမိသလိုလိုနဲ့ အရာရာတိုင်းဟာဝိုးတဝါး ဖြစ်လို့နေလေသည်။
“ဟေ့လူ၊ ဟေ့လူ ခင်ဗျားကြားရဲ့လားဟင်၊ အသက်ရှိသေးလားဟင်”
ကျွန်တော့်ရဲ့မေးစေ့ကိုခပ်ကြမ်းကြမ်းပွတ်ပြီးနှိုးနေတာကိုတော့ ကျွန်တော်မြင်နေရသည်။ ဟော…သ တိလစ်နေတဲ့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကိုလည်းကျွန်တော်မြင်နေရသည်။ ဟင် ဒါဆို၊ ဒါဆို ကျွန်တော် သေဆုံးခဲ့ပြီလား။ အခုကျွန်တော်ဖြစ်တည်နေတာက ၀ိဉာဉ်လား၊ မြင်နေရတဲ့သူတို့ပွေ့ထားတဲ့ခန္ဓာ ကိုယ်က ကျွန်တော့်ရဲ့သေဆုံးပြီးတဲ့အလောင်းလား။
ဘုရား၊ဘုရား။ ဘာတွေဖြစ်ကုန်ပြီလဲ။ ခုနကမသဲကွဲသောအဖြစ်အပျက်တွေအခုတော့သဲကွဲလာသလို ခံစားရသည်။ သူတို့ကျွန်တော့်ခန္ဓာကိုယ်ကိုကားပေါ်ပွေ့တင်ထားသည်။ ပြီးတော့တစ်နေရာဆီကိုဦး တည်ပြီးမောင်းနေ၏။
“ငါတို့ ဘာဆက်လုပ်မလဲဟင်၊ ဆေးခန်းပို့ဖို့ကလည်းဒဏ်ရာမတွေ့ဘူး”
“အတွင်းကြေကြေပြီးသေသွားတာလားမသိဘူး”
“အေး၊ သတိလစ်တာဆိုရင်လည်းသတိရသင့်ပြီ၊ ဆယ်ငါးမိနစ်လောက်တော့ရှိရောပေါ့”
“တစ်ချို့တွေကလနဲ့နှစ်နဲ့ချီပြီးသတိလစ်နေတာရှိတာပဲ၊ နင်ကိုးရီးယားကားမကြည့်ဘူးလား”
“အေး ၊ ငါကြည့်တဲ့ကားတွေမှာအဲလိုဇာတ်လမ်းမျိုးမပါသေးဘူး၊ နောက်မှငါနင့်ဆီလာငှားမယ်”
“နေကြပါဦးဟာ၊ အခုဒီအကောင်ကြီးကိုဘယ်လိုလုပ်ကြမလဲ၊ အစဖျောက်လိုက်ကြမှာလား”
သူတို့စကားပြောသံတွေကို ကျွန်တော်အတိုင်းသားကြားနေရသလို မြင်လည်းမြင်နေရပြီဖြစ်သည်။ ဒါ ပေမဲ့ ကျွန်တော်ဘယ်နေရာမှာလဲဆိုတာတော့ မသဲကွဲသေးပါ။ ကျွန်တော့်အရွယ်ကောင်လေးနှစ် ယောက်နဲ့ ကောင်မလေးနှစ်ယောက်။ ရန်ကုန်ငယ်မွေးခြံပေါက်တွေဖြစ်မည်။ သွက်သွက်လက်လက်နဲ့ စကားလည်းအင်မတန်များကြသည်။
“ငါတို့သူ့ကိုတိုက်မိတာကို မြင်တဲ့သူဘယ်နှစ်ယောက်လောက်ရှိလဲဟင်”
“ရှိတာပေါ့၊ ရုတ်ရုတ်သဲသဲတောင်ဖြစ်သွားသေးတယ်လေ၊ ငါတို့သူ့ကိုကားပေါ်တင်ပြီးမောင်းပြေးလာ လို့ လူတွေရှင်းသွားတာ၊ ကားနံပါတ်တော့မှတ်ထားပြီးရဲကိုဖုန်းဆက်အကြောင်းကြားတဲ့သူရှိကောင်း ရှိမယ်ထင်တယ်၊ လူတွေတားတာကိုလည်းငါတို့မကြားချင်ယောင်ဆောင်ပြီး မောင်းထွက်လာခဲ့တာပဲ လေ၊”
“ဒုက္ခပါပဲ၊ ဘယ်လိုလုပ်ကြမလဲ”
“ရေခဲတိုက်ကိုတန်းပို့လိုက်မလား”
“နင့်ကြီးဒေါ်၊ ကြံကြံဖန်ဖန်မတွေးနဲ့”
“ဟော ဟိုမှာရဲ၊ ရဲ တားနေပြီ”
“လုပ်ကြပါဦးဟ၊ ဒါကြီးကိုမမြင်အောင်ဘယ်လိုလုပ်မလဲ”
“ကားအနောက်ဖက်မှာ ပိုက်ဖျာတစ်ချပ်ရှိတယ်၊ အဲဒါနဲ့အုပ်ထားလိုက် မြန်မြန်”
စကားပြောလို့တောင်မပြီးသေး၊ ပိုက်ဖျာကြီးတစ်ချပ်ကျွန်တော့်ကိုယ်ပေါ်အုပ်မိုးထားလေသည်။ အဲဒါ မျိုးတွေဆိုသွက်လိုက်ကြတာ၊ မြို့ကြီးပြကြီးကလူငယ်တွေ လည်လိုက်ကြတာ။
ယာဉ်ထိန်းရဲက စတစ်ကာမှန်ကာထားတာနဲ့ပတ်သက်ပြီးစကားပြောတာဖြစ်သည်။ ယာဉ်မောင်းတဲ့ လူငယ်က သူ့ရဲ့စတစ်ကာကတ်ခွင့်တွေပြဘာညာနဲ့ခဏလေးနဲ့ပြီးသွား၏။ ကားအနောက်ဖက် ကျွန် တော်ရှိရာဆီကို ယာဉ်ထိန်းအရာရှိကတစ်ချက်ကြည့်တော့ ပိုက်ဖျာကိုအတင်းအကြပ်ဆုတ်ကိုင်ထား ကြလေသည်။
“အဲဒါက လူမဟုတ်ဘူးလား”
ခန္ဓာကိုယ်ကိုအုပ်ထားတယ်ဆိုပေမဲ့ ခြေတောက်နဲ့လက်နေရာတစ်ချို့တွေကအတိုင်းသားပေါ်နေတော့ မြင်ပြီပေါ့။ သူတို့အုပ်ထားတာကြောင့်အသက်ရှုကြပ်သလိုခံစားလိုက်ရ၏။ ဒါဆို ကျွန်တော်၊ ကျွန်တော် မသေဘူးပေါ့။ ကိုယ်နဲ့စိတ်နဲ့ကတစ်နေရာစီသာရောက်နေတာ၊ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုအတိုင်းကျွန် တော်ခံစားရသေးတာပဲ။ တွေးပြီးဝမ်းသာမိသွားသည်။
“ဟုတ်၊ ဟုတ်ပါတယ်”
အားလုံးက မျက်နှာငယ်လေးတွေကိုယ်စီနဲ့။
“ဘာလုပ်ထားတာလဲ”
အဖြေရကြပ်တဲ့မေးခွန်းလို့ထင်ရပေမယ့် ကားမောင်းတဲ့လူငယ်က အလွယ်တကူပင်ဖြေလိုက်လေ သည်။
“ကျွန်တော့်သူငယ်ချင်း အမူးလွန်လာလို့ပါ၊ ကားအဲကွန်းကြောင့်အနံ့တွေထွက်နေလို့အုပ်ထားတာ”
ယာဉ်ထိန်းရဲကခေါင်းတစ်ချက်ညိတ်လိုက်ကာ လိုရာခရီးကိုဆက်သွားဖို့ညွှန်ပြလေသည်။ လွတ်ပြီလဲ ဆိုရော ကိုယ်တော်ချောကဝုန်းခနဲမောင်းထွက်သွားလိုက်တာ အကုန်လန့်ဖျပ်ကုန်၏။
“ဖြည်းဖြည်းလုပ်ပါဟ၊ ဒီမှာအသေကောင်ကြီးကို ကြားထဲညှပ်ထိန်းထားရတာလေးတယ်”
“အေး၊ အခုဘယ်လိုလုပ်ကြမလဲ၊ ငါတို့ဟောပြောပွဲလည်းသွားရဦးမယ်”
“ဟုတ်တယ်၊ တိကျသေချာပြီးအားလုံးအန္တရယ်ကင်းမယ့် အဖြေတစ်ခုကိုစဉ်းစားကြဦး”
“ငါတော့ ဦးကျော်မြင့်ဦးဟောပြောပွဲကိုအရင်တက်ချင်တယ်၊ လောလောဆယ် ကားနဲ့သူ့ကိုခဏ လောက်ခြေရာဖျောက်ထားပြီးဟောပြောပွဲပြီးမှ ဆက်စဉ်းစားကြရင်မကောင်းဘူးလား”
“ဟုတ်တယ်၊ ကားကိုတော့ခဏဖွက်ထားမှဖြစ်မယ်၊ ငါတို့ကားနံပါတ်ကိုမှတ်ထားတဲ့သူတော့ ကျိန်းသေ ရှိမှာပဲ”
“ငါတော့ သူ့ကိုဆေးခန်းပြချင်တယ်၊ ပြသနာဖြစ်သွားပြီဆိုမှာတော့ ရှောင်လွှဲမနေချင်တော့ဘူးကွာ၊ အမြန်ပဲရင်ဆိုင်လိုက်ချင်တယ်”
“ဟဲ့၊ ငါတိုက်မိတာလေ၊ ငါကွိုင်တက်မှာပေါ့၊ ကြောက်ပါတယ်ဆိုမှ လုပ်တော့မယ် နင်က”
“နင့်ကိုအစောကြီးကတည်းက မမောင်းပါနဲ့လို့ငါတားခဲ့တယ်လေ၊ ပြသနာတက်တော့မှကြောက်တယ် ဘာညာလုပ်နေတယ်၊ အေး ဒီသူငယ်ချင်းလေးယောက်စီးလာတဲ့ကားဆိုတော့ ဒီလေးယောက်ပဲအတူ ရင်ဆိုင်မယ်၊ နင်တစ်ယောက်တည်းကိုကွက်ပြီးချောက်မတွန်းဘူး ဟေမာ၊ စိတ်ချ”
“ဟေအေး၊ ဘာပဲဖြစ်ဖြစ်ငါက တိုက်မိသွားတဲ့ကာယကံရှင်ဟ၊ ကြောက်တာပေါ့”
“ပြသနာကိုရှောင်နေမှ ပိုဆိုးလာမှာဟ”
“အဲဒီတော့ ဘာလုပ်ကြမလဲ”
“ဆေးခန်းအရင်ပို့မယ်”
“ဦးကျော်မြင့်ဦးဟောပြောပွဲရော..”
“ကျွီ…….”
ကားဘရိတ်အုပ်သံကျယ်နဲ့အတူ ကားပေါ်ပါလူတွေအားလုံးယိမ်းခနဲ ဖြစ်သွားလေသည်။ ကျွန်တော့် ခန္ဓာကိုယ်ကတော့အထိန်းအကွပ်မဲ့ကာ ကားအရှေ့ထိုင်ခုံဆီကိုဆောင့်မိလေ၏။
“အား၊ သေပါပြီ၊ နာလိုက်တာ”
တိုးတိုးရေရွတ်လိုက်၏။ အဲဒီခဏမှာပဲ ကျွန်တော်ထပ်မံမေ့မြောသွားလေသည်။ သတိပြန်လည်လာတဲ့ အခါမှာတော့ အရာရာတိုင်းဟာကျွန်တော့်ပတ်ဝန်းကျင်နဲ့စိမ်းလို့နေပြီ။
အင်မတန်လှပတဲ့မြစ်တစ်စင်း။ တောင်ပတ်လည်ဝန်းရံနေတဲ့ပတ်ဝန်းကျင်။ ၀ါညက်ညက်သဲ သောင်ပြင်တချို့။ အိုး လှလိုက်တာ။
မြစ်ရဲ့ရေတိမ်နေရာလေးတွေမှာလူတွေ၊ လူတွေ။ ဦးခေါင်းတစ်ပိုင်းပဲရေပေါ်ကိုမြင်ရကာ ကျန်တဲ့ခန္ဓာ ကိုယ်ကရေအောက်ထဲနစ်နေသည်။ သူတို့အလုပ်လုပ်နေကြတာ။ တစ်စုံတစ်ရာကိုစမ်းရမ်းရှာဖွေနေ ကြတာမှန်းကျွန်တော်သိလိုက်ပြီ။ ဟော….သူတို့လက်ထဲမှာသံပန်းကန်ပြားအစုတ်တွေနဲ့။ ရေထဲကသဲ တွေကိုအဲဒီသံပန်းကန်ပြားတွေနဲ့ခြစ်ယူလိုက်ကြသည်။ အဲဒီခြစ်လိုက်တဲ့ရေထဲကမြေနေရာထဲမှာထိုး ထိုးထောင်ထောင်လေးတွေပေါ်လာ၏။ အဲဒါလေးကိုကိုတစ်ခုချင်းလိုက်ကောက်ပြီး ပါလာတဲ့ပလိုင်းထဲ ကိုထည့်ကြသည်။ သူတို့ကျောပေါ်မှာပလိုင်းလေးတွေကိုယ်စီနဲ့။
ဘာလေးတွေပါလိမ့်။ သေချာကြည့်လိုက်မိသည်။
“အိုး၊ ဒါဂုံးတွေပဲ”
ဂုံးသေးသေးလေးတွေ။ စီးတီးမတ်မှာတွေ့တဲ့ဂုံးတွေလောက်မကြီး။ လက်မအရွယ်သာသာလောက်ရှိ တဲ့ဂုံးလေးတွေ။ သူတို့တွေအပြိုင်အဆိုင်ဂုံးစမ်းနေကြတာပါလား။ အင်း စီးပွားဖြစ်လုပ်တာတော့ဟုတ် ပုံမရ။ တစ်ပိုင်တစ်နိုင်အိမ်စားအတွက်ပဲ။ သူတို့ဘယ်လိုစားကြတာပါလိမ့်။
“ဟေး၊ ကျော်ကျော် တော်ပြီလား၊ ပလိုင်းပြည့်သွားပြီပေါ့”
ကျွန်တော့်ကိုကြည့်ပြီးခေါ်နေသလိုခံစားရပေမယ့် ကျော်ကျော်ဆိုတာကျွန်တော့်နာမည်မှမဟုတ်ပဲ။
“အင်း၊ နည်းနည်းလိုသေးတယ်၊ ဒါပေမဲ့ တော်ပါပြီ”
ကျော်ကျော်ဖြစ်ပုံရတဲ့လူငယ်ကပြန်ဖြေသည်။ နေပါဦး။ သူလှုပ်ရှားနေသမျှဟာကျွန်တော်လှုပ်ရှားနေ သလိုပါပဲလား။ ဘုရား၊ ဘုရား။ ဘာတွေဖြစ်ကုန်ပြီလဲ။ ကျွန်တော်ရဲ့ဝိဉာဉ်ဟာကျော်ကျော့်ဆီကိုဝင်ပြီး ပူးကပ်သွားတာလား။
သူကမ်းခြေဖက်ဆီကို ရေတွေထဲကနေခပ်သုတ်သုတ်ထွက်ခွာလာသည်။ သူ့ခြေလှမ်းတိုင်းရဲ့နောက် မှာကျွန်တော်ကပ်ပါလာသလိုခံစားရ၏။ ကျွန်တော်ကဘာလဲ။ ကျော်ကျော်ရဲ့အရိပ်အဖြစ်ဘဝပြောင်း သွားတာလား။ သူလှုပ်ရှားမှုမှန်သမျှကို ကျွန်တော်မြင်နေရ၊ ကြားနေရသည်။ ကျွန်တော့်ရဲ့ခန္ဓာကိုယ် စိတ်တွေ ဘယ်နေရာရောက်နေသလဲဆိုတာကိုတော့ကိုယ်တိုင်ရှာမတွေ့။ လေထဲမှာပဲဝဲပျံနေသလို ခံစားရသည်။
သေချာတာကတော့ ကျော်ကျော်ဆိုတဲ့လူငယ်လှုပ်ရှားမှုမှန်သမျှကို ကျွန်တော်အားလုံးအသေးစိတ်မြင် နေ၊ တွေ့နေ ရတာပင်။ အသက်ဆယ့်လေးနှစ်အရွယ်လူငယ်လေးတစ်ဦး။ သူ မြစ်ကမ်းဘေးကနေတစ် ဆင့်တောလမ်းဆီကို သွားနေသည်။ သစ်ပင်၊ ၀ါးပင်မျိုးစိပ်တွေစုံလင်နေတဲ့တောတန်းလေး။ လူသွား လမ်းကျဉ်းကျဉ်းလေးလည်းရှိသည်။ အဲဒီလမ်းလေးအတိုင်းကို သူသွားနေသည်။ ကျောပေါ်မှာပလိုင်း လေးတစ်လုံးလွယ်ထားလျှက်။ ပလိုင်းထဲမှာတော့ ခုနကသူရှာဖွေရယူခဲ့တဲ့ ဂုံးတွေအပြည့်နီးပါး။
သူဘယ်ကိုဦးတည်သွားနေရာလဲ။
ဒီနေရာက ဘယ်နေရာလဲ။
ကျွန်တော် ဘာလို့ဒီကိုရောက်လာတာလဲ။
ကျွန်တော့်ခန္ဓာကိုယ်ကရော ဘယ်ရောက်သွားပြီလဲ။
အိုး၊ မေးခွန်းတွေအများကြီး အများကြီးထွက်လာသည်။ စိတ်တွေသူ့နောက်ကိုလိုက်နေပေမယ့် ဘယ် နေရာကနေလိုက်တာ၊ ကျွန်တော်ဘယ်ဆီမှာဆိုတာရှာဖွေဆန်းစစ်လို့မရ။
“အို အိုး ဗဟိုစည်တီးနန်းမြို့ကြီးပါဝေ…….
ရှိကပြောခရေ ငရိုရာဇဝင်မှာ ထီးနန်းဆက်ဆက်ရှိခရေ စံရဖွေဖျက် ပျက်ခရေ”
သီချင်းတစ်ပုဒ်ကိုညည်းရင်း ခပ်သွက်သွက်လျှောက်နေသည်။ အဲဒီသီချင်းက ကျွန်တော်ရင်းနှီးသော၊ ကြားဖူးသော သီချင်းတစ်ပုဒ်တော့မဟုတ်ပါ။ တိုင်းရင်းသားသီချင်းတစ်ပုဒ်ဖြစ်မည်။
ကျွန်တော်အခုရောက်နေတာ ရန်ကုန်အနီးဝန်းကျင်မဟုတ်၊ ညောင်တုန်းအနီးတစ်ဝိုက်လည်းမဟုတ် တာသေချာသည်။ ဒီလိုတောတောင်ရေမြေအနေအထားက ကျွန်တော်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိသော ပြည်နယ်တစ်ခုခုဖြစ်မည်။
“ဟေး၊ ကျော်ကျော်”
ကျွန်တော် သူ့ကိုအော်ခေါ်ကြည့်သည်။ မရ။ အသံကထွက်မလာ။
“ဟေး၊ ဒီမှာ ”
နောက်တစ်ခေါက်ထပ်ခေါ်ကြည့်သည်။
သူကတော့ သီချင်းဆိုမြဲအတိုင်း၊ လျှောက်မြဲအတိုင်း။ တောတန်းကတော်တော်သာယာပါသည်။ ကျေး ငှက်ပေါင်းစုံအသံတွေကိုလည်းကြားနေရသည်။ ယာကိုင်းတောတစ်တွေကိုလည်း တစ်ကွက်ပြီးတစ် ကွက်တွေ့လာရသည်။ သူ့ကိုနှုတ်ဆက်သူတစ်ချို့လည်းတွေ့ရ၏။ လူသူအရောက်အပေါက်တော့နည်း ပေမယ့် ရွာနဲ့အရမ်းဝေးပုံတော့မရ။ သူရွာဆီကိုသွားနေတာလား။
လမ်းတစ်လျှောက်သီးပင်စားပင်အတော်များများလည်းရှိသည်။
“ဒုက္ခပါပဲ၊ ကျွန်တော်ဘယ်ကိုရောက်နေတာလဲ၊ ဘာလို့ ဒီချာတိတ်လေးရဲ့အနားကနေမခွာနိုင်ရတာ လဲ၊ ဘုရား ကယ်တော်မူပါ၊ ဘာတွေဖြစ်ကုန်ပြီလဲ”
Xxxxxxxxxxxxxxxxxxxxxx