ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၁)

(၂၁)

လိုချင်တဲ့အရာတစ်ခုကိုရဖို့ကြိုးစားရင်း တခြားလိုအပ်နေတဲ့အရာတွေပါကိုယ့်ဆီမှာရရှိလာတဲ့အ ဖြစ်အပျက်မျိုးကို အိပ်ရာဝင်ပုံပြင်တွေမှာကြားဖူးခဲ့ပါသည်။ မြောက်ဦးမှာတုန်းက ဘုန်းကြီးကျောင်းမှာ ဆရာတော်တွေ၊ ကိုရင်တွေပြောပြောနေကြတာကိုလည်း ကြားဖူးခဲ့သည်။ သူနဲ့အရင်းနှီးဆုံးသော ပုံပြင်တစ်ပုဒ်။

သူဌေးဖြစ်ချင်လွန်းသော တောင်သူဇနီးမောင်နှံနှစ်ဦးက ရွာဦးကျောင်းဆရာတော်ထံကိုသွားလျှောက် ကြသည်။ သူတို့စိုက်ပျိုးထားတဲ့ယာခင်းကရွှေဖရုံသီးတွေကို လှူဒါန်းပြီး သဌေးဖြစ်နည်းလေးမ စ ပါ ဘုရားလို့ဆိုတော့ ဆရာတော်က “အေး အခုလှူဒါန်းတဲ့ရွှေဖရုံသီးအညှာကို စပါးခြင်းတောင်းတစ် တောင်းပြည့်အောင်ထည့်ပြီးလာလှူဒါန်းနိုင်တဲ့တစ်နေ့မှာ သဌေးဖြစ်နည်းပေးမယ်” ဆိုပြီးပြောလိုက် သည်။ အဲဒီနောက်တော့ တောင်သူဇနီးမောင်နှံက ရွှေဖရုံသီးအညှာတစ်တောင်းရရှိဖို့အတွက် အလုပ် တွေ ကြိုးစား ကုန်းရုန်းလုပ်ပြီးလ အတော်ကြာမှာတော့ ဘုန်းကြီးကျောင်းဆီကိုပြန်ရောက်လာခဲ့ သည်။ စပါးခြင်းတောင်းထဲမှာတော့ ရွှေဖရုံသီးအညှာအပြည့်ထည့်လို့ပေါ့။ အဲဒီတော့ ဆရာတော်ဘု ရားကြီးက “ဒီရွှေဖရုံသီးအညှာတွေက မင်းတို့အလကားရခဲ့တာမဟုတ်ဘူး၊ ဇွဲနဲ့မာန်နဲ့ကြိုးစားပြီးရခဲ့ တာ၊ ရွှေဖရုံသီးရောင်းလို့ရတဲ့ပိုက်ဆံတွေကမင်းတို့ကိုသူဌေးဖြစ်စေခဲ့ပြီပဲ၊ အဲဒါသူဌေးဖြစ်နည်း အစစ် အမှန်ပဲ” လို့ဆိုလိုက်တော့တောင်သူဇနီးမောင်နှံက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး သူတို့ ရဲ့ပိုက်ဆံတွေကိုသတိရသွားကြသတဲ့လေ။

သူဌေးဖြစ်နည်းကိုရဖို့ ရွှေဖရုံသီးအညှာတွေရောင်းပြီး စုဆောင်းရင်းပိုက်ဆံတွေရမှန်းမသိရလာခဲ့ သည်။ စုဆောင်းထားမှန်းမသိ စုဆောင်းနိုင်ခဲ့သည်။ နောက်ဆုံးသူတို့ အသပြာအသင့်အတင့် ရှိသော သူဌေးဖြစ်နေမှန်းမသိ ဖြစ်ခဲ့ကြတာကိုပင်ဂရုမမူခဲ့ ဘူးတဲ့။

သူလည်းအဲဒီလိုပါပဲ၊ ရွှေရည့်ဆီကအချစ်ကိုရဖို့ကြိုးစားရင်း သူ့မှာ ပစ္စည်းဥစ္စာရှိသင့်သလောက်ရှိ လာခဲ့သည်။ စာအုပ်ဆိုင်လေးတွေတစ်ဆိုင်ပြီးတစ်ဆိုင်၊ စာအုပ်လှည်းလေးတွေ တစ်ခုပြီးတစ်ခု တိုးပြီး ရင်းတိုးလာခဲ့သည်။ စာအုပ်ဆိုင်ဆိုတာကအရင်းအနှီးလေးတစ်ခု စိုက်ထားလိုက်ရင်ကျန်တာကသိပ် များများစားစားထပ်ထည့်စရာမလိုတော့။ စာအုပ်တိုက်တွေကလာရောက်တင်ထားတဲ့စာအုပ်တွေကို နေရာပေးပြီး ရောင်းချပေးရုံသာ။

“ဆရာ ကျွန်တော်တို့လှည်းလိုချင်လို့ပါ၊ ရောင်းရမယ့်နေရာလည်းရှာတွေ့ထားပါပြီ”

ဘယ်တုန်းကမှ မျှော်မှန်းမထားတဲ့အခေါ်အဝေါ်တွေကိုလည်း သူပိုင်ဆိုင်ရပြီ။ ဆရာ တဲ့။ သူတ ကယ်ပဲ ဆရာဖြစ်နေပြီလား။ သူကိုတလေးတစားခေါ်တဲ့သူတွေပေါနေပြီလား။ သူဘယ်လိုမှထင်မှတ် မထားခဲ့ပါ။ အဲဒီအခြေအနေမှာ ရွှေရည့်ကိုတွေ့နိုင်ပြီလို့သူသတ်မှတ်လိုက်ခဲ့သည်။

“ငါ နင်နဲ့တွေ့နိုင်ပြီလို့ သတ်မှတ်တယ်ရွှေရည်၊ နင့်ကိုငါလာတွေ့ပါရစေ”

သူမ ရှိရာကိုစုံးစမ်း၊ ဖုန်းဆက်ဖြစ်သည်။ နှစ်အတော်ကြာတဲ့အထိ သူမ မြောက်ဦးကိုမပြန်ဖြစ်ပါ။ သူ့ကိုစောင့်နေတာများလားဆိုပြီး စိတ်ကူးယဉ်ကြည့်မိသေးသည်။ ဒါပေမဲ့ သူမ ရန်ကုန်မှာ ဧည့်လမ်း ညွှန်အလုပ်လုပ်နေပြီဆိုတာကိုလည်း သူသိထားလေသည်။

“ကောင်းပြီလေ၊ မနက်ဖြန်တွေ့ကြမယ်၊ လာခဲ့”

သူမ ချိန်းဆိုတဲ့နေရာကို မှတ်သားရင်း ရင်ခုန်နေမိသည်။ ချစ်တယ်ဆိုတဲ့အဖြေတစ်ခုကိုရဖို့အတွက် မျှော်လင့်ချက်က စာမေးပွဲအောင်စာရင်းရလာဒ်ထက်ပိုရင်ခုန်ဖို့ကောင်းပါသည်။ အချစ်ကအောင်စာ ရင်းလိုအောင်၊ ရှုံးအဖြေနှစ်ခုထက်ပိုပြီး သာယာကြည်နူးမှု တွေ၊ လွမ်းဆွတ်တမ်းတမှုတွေ ရောစွက်လို့ နေလေသည်။

သူ့ထက်ပိုပြီးစောရောက်နေတဲ့ သူမကိုကြည့်ရင်းကြည်နူးမိ၏။ အမှန်ဆိုသူကအရင်စောရောက် သင့်တာပေါ့။ တကယ်လည်း သူစောစောလာခဲ့တာပင်။ ချိန်းထားတာထက်နာရီဝက်စောနေတာ တောင် သူမက ရောက်နှင့်နေပြီ။

“နင် အရမ်းလှတယ် ရွှေရည်”

အရင်လိုဆယ်ကျော်သက်၊ နှစ်ဆယ်စွန်းစွန်း တွေမဟုတ်တော့ သူမရဲ့တုန့်ပြန်အကြည့်ကတည်ငြိမ် လှသည်။ ဒါပေမဲ့ အေးစက်မနေပါ။ နွေးထွေးစွာ၊ လှိုက်လှဲစွာ။

“ငါနဲ့မတွေ့ဘဲ ဒီလောက်အကြာကြီးနေနိုင်တာ ငါအံသြတယ်ကျော်ကျော်၊ နင်အခုလိုမျိုးအခြေအနေ ရောက်မရောက်ဆိုတာကို လည်း ငါအမြဲတမ်းစောင့်ကြည့်နေခဲ့တယ်”

သူသိပြီးသားပါ။ သူ့လှုပ်ရှားမှုမှန်သမျှကိုသူမ လိုက်မကြည့်ဘဲ၊ မစုံစမ်းဘဲမနေဘူးဆိုတာကြိုတင်တွက် ဆထားခဲ့ပြီးသား။

“ငါလိုချင်တဲ့အဖြေကိုရဖို့ ငါအဲလောက်တော့စတေးသင့်တယ်လေ”

အဲဒီစကားလေးအပြီးမှာတော့ သူမ မျက်နှာလေးတစ်မျိုးပြောင်းသွားတာကိုသူမြင်ဖြစ်အောင်မြင်လိုက် မိသည်။ ရင်ထဲ ထိတ်ခနဲဖြစ်သွား၏။ ဘုရား ဘုရား၊ အဲဒါဘာအဓိပ္ပါယ်လဲ။

အခြေအနေကောင်းကိုပဲ သူမျှော်လင့်မိတာပါ။

“နင် အခုဆိုရင်လူတန်းစေ့နေနိုင်တဲ့အခြေအနေကိုရောက်နေပြီနော်ကျော်ကျော်”

သူခေါင်းညိတ်လိုက်သည်။

“နင်လိုချင်တဲ့အခြေအနေကို မရောက်သေးဘူးလို့ မပြောပါနဲ့နော်”

“မပြောပါဘူး၊ ငါကျေနပ်တယ်၊ နင်အရင်ကထက်အဆပေါင်းများစွာတည်ငြိမ်ရင့်ကျက်သွားမယ်မှန်း လည်း ငါသိနေတယ်၊ နင်ကငါ့ဘဝထဲမှာသံယောဇဉ်အရှိဆုံး၊ အတွယ်တာရဆုံးသူငယ်ချင်းပါ ကျော် ကျော် ရယ်”

“သူငယ်ချင်း….”

သူခဏတာမျှတိတ်ဆိတ်သွားမိသည်။ သူအမြဲတမ်းလိုလိုမျှော်လင့်ခဲ့ရတဲ့ သူမဆီကစကားသံဟာ  သူငယ်ချင်းဆိုတဲ့ သံယောဇဉ်တစ်ခုတည်းအတွက်မဟုတ်ခဲ့ပါ။

“ဟော ရောက်လာပြီလား”

သူတို့နှစ်ယောက်ထိုင်နေတဲ့နေရာဆီမှာရောက်လာသူတစ်ဦး။ တကယ့်အချိန်ကောင်းမှာရောက်လာ ခြင်းပင်။ အင်မတန်ရင်းနီးခဲ့သောမျက်နှာ။ ငယ်ရုပ်မပျောက်သောမျက်နှာ။

“ငဇော်”

ပုံပန်းသဏ္ဍာန်ကတော့ လုံးဝတည်ငြိမ်ရင့်ကျက်နေသာလူကြီးတစ်ယောက်ဖြစ်ခဲ့ပြီ။

“မင်း ငဇော်မှလား..”

သေချာအောင်ထပ်မေးမှုနဲ့အတူ သူ့အတွက်ကံမကောင်းခြင်းနိမိတ်တစ်ချို့ကိုပါသူမြင်လိုက်ရသလို ခံစားရလေသည်။ ဟင့်အင်း။ ထင်ထားသလိုဖြစ်မလာပါစေနဲ့။

“အေး၊ မင်း နေကောင်းတယ်မှလား”

သူ့ပခုံးကိုပုတ်ကာ သာကြောင်းမာကြောင်းမေးနိုင်ပြီပေါ့။ အခုချိန်က ဟိုးအရင်တုန်းကလိုသွေးပူ သွေးဆူလွယ်တတ်တဲ့အရွယ်တွေမှ မဟုတ်ကြတော့တာ။ သူခေါင်းညိတ်ပြလိုက်ပါသည်။ ရင်ထဲမှာ တော့ ဝမ်းနည်းလာသလိုခံစားရ၏။

“ငါတောင်းပန်ပါတယ် ကျော်ကျော်”

ဘုရား ဘုရား။ ရွှေရည့်ဆီကထွက်လာသည့်စကား။ သူရုတ်တရက် မတ်တပ်ရပ်လိုက်မိလေသည်။

“တော်တော့…”

သူ လှမ်းတားလိုက်လေသည်။ ဘာဆက်ပြောမလဲဆိုတာအသေအချာကိုသူသိလိုက်ပြီ။

“ဘာကြောင့်လဲ၊ ဘာလို့လဲ၊ နင်ငါ့ကိုဘာလို့ပုံပြင်တွေပြောခဲ့တာလဲရွှေရည်၊ ငါ့ဘဝတစ်ခုလုံးမှာအမျှော် လင့်ဆုံးအရာက ဘာလဲဆိုတာနင်သိရက်သားနဲ့ဟာ၊ နင် ငါ့ကိုအရူးလုပ်ခဲ့တာပဲ၊ နင်သိပ်ရက်စက် တယ် ဟာ”

သူ ဘာဆက်လုပ်ရမလဲ။ သွားပြီ။ အရာအားလုံးဟာ အဓိပ္ပါယ်မဲ့သွားပြီ။

“ကျော်ကျော်၊ မင်းငါ့ကိုထိုးချင်ရင်ထိုးလိုက်ပါ၊ ငါလည်းမင်းအတွက်တကယ်စိတ်မကောင်းပါဘူးသူငယ် ချင်းရာ၊ တကယ်တော့ ငါနဲ့ရွှေရည်က မြောက်ဦးမှာကတည်းကချစ်သူတွေဖြစ်နေခဲ့တာပါ၊ ရွှေရည့်ကို ငါနမ်းတဲ့နေ့မတိုင်ခင်ကတည်းကပါ”

“ဟင်”

ထပ်ပြီး အံသြရပါသည်။ သူအဲဒီလောက်တောင်ညံ့ဖျင်းခဲ့မှန်း သူ့ကိုယ်သူအံသြရပါသည်။ ကိုယ်နဲ့အ ရင်းနှီးဆုံးသောသူနှစ်ယောက်ရဲ့ အခြေအနေကိုမသိခဲ့လောက်အောင်ကို ညံ့ဖျင်းခဲ့ရတာပင်။

“ဒါဆို…”

“ငါတို့နင့်ကို အရူးလုပ်တာမဟုတ်ပါဘူး သူငယ်ချင်းရယ်၊ ငါ…ငါလေ…”

“တော်တော့ နင်တို့နှစ်ယောက်လုံးငါ့ကို ခေါ်ပြီး သပ်သပ်အရှက်ခွဲလိုက်တာပဲ၊ ငါအရမ်းလည်းရှက် တယ်၊ အရမ်းလည်းဝမ်းနည်းတယ်ဟာ၊ ငါ့ရဲ့အရင်းနှီးဆုံးလူနှစ်ယောက်ကအခုလိုမျိုးဖန်တီးပေးလိမ့် မယ်လို့ ငါတကယ်ကိုထင်မထားတာပါ”

“…….”

သူ့ကိုယ်သူ တည်ငြိမ်လှပြီလို့ထင်ထားခဲ့တာ။ တကယ်တမ်း သူဘယ်လိုမှတည်ငြိမ်လို့မရပါ။ ဖြစ်နိုင် ရင် အခုချိန်မှာ အစွမ်းကုန်အော်ဟစ်ပေါက်ကွဲလိုက်ချင်သည်။ ရှက်လည်းရှက်၊ ဒေါသလည်းထွက်။

“ငါ့ကိုဘာကြောင့် အစောကြီးကတည်းကမပြောခဲ့ကြတာလဲ၊ ငါ့ကိုဘာလို့ပုံပြင်တွေပြောခဲ့တာလဲ၊ ရွှေ ရည် ငါ့ကို နင်တို့လောက်မသာယာနိုင်တဲ့ငါ့ဘဝကို ဘာလို့ရည်ရွယ်ချက်ရှိရှိနဲ့ အရှက်ခွဲချင်ရတာလဲ”

“ငါ ငါပြောမထွက်ခဲ့ဘူး ကျော်ကျော်ရာ၊ ပြီးတော့ငါ့စိတ်ထဲမှာ နင်အခုလိုအခြေအနေရောက်တာကိုအ ရမ်း လိုချင်ခဲ့တာ၊ နင်စိတ်ငြိုငြင်စရာတွေပြောလိုက်မိရင် နင့်ဘဝအတွက်ရုန်းကန်နေရတာတွေ အတားအဆီးများဖြစ်သွားမလားလို့ပါ…”

“သွားစမ်းပါဟာ၊ အဲဒီစေတနာတွေက ငါ့မျှော်လင့်ချက်ကိုတစ်စစီရိုက်ချိုးပစ်ခဲ့တာပဲလေ၊ အခုငါဘာ ဆက်လုပ်ရမလဲ၊ ဘာလုပ်ရမလဲ၊ သွားပြီ ငါ့ဘဝသွားပြီ”

“ရွှေရည့်ရဲ့အချစ်ကိုမရလို့ မင်းဘဝစုတ်ပြတ်သပ်မသွားပါဘူးသူငယ်ချင်းရာ၊ မင်းဒီထက်ခက်ခဲကြမ်း တမ်းတဲ့အဖြစ်အပျက်တွေကိုရင်ဆိုင်ခဲ့တာပဲလေ”

ငဇော်ရဲ့နှစ်သိမ့်စကားက သူ့ကိုနည်းနည်းလေးမှ စိတ်သက်သာမရနိုင်ပါ။

“အေး သိပ်စုတ်ပြတ်သပ်တာပေါ့ကွာ၊ ရွှေရည့်အချစ်ကို ငါမျှော်လင့်တယ်၊ ငါ့ဘဝမှာဘယ်တုန်းကမှ မရဖူးတဲ့အကြင်နာတွေ၊ မေတ္တာတွေကို ရွှေရည့်ဆီကငါမျှော်လင့်ခဲ့တာပါကွာ…”

သူကို ဂရုဏာသက်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့အဲဒီနှစ်ယောက်ဆီကနေ သူထွက်သွားမှဖြစ်တော့ မည်။ ငယ်ငယ်တုန်းကအတိုင်းပါပဲ။ သူဟာ ငဇော်နဲ့ပတ်သက်လာရင် အမြဲတမ်းရူံးနိမ့်ခဲ့သူပါပဲ။ သူ ဘာဆက်လုပ်ရမလဲ။ ဘာလုပ်ရမလဲ။

“ငါတို့ကြောင့်တော့ နင့်ရဲ့လက်ရှိအခြေအနေပျက်စီးသွားမှာ အစိုးရိမ်ဆုံးပဲ”

သူ တစ်ချက်မဲ့ပြလိုက်သည်။

“ငါ အစွမ်းကုန်ကြိုးစားခဲ့သမျှတွေကို ခဏလေးနဲ့ပျက်စီးအောင်လုပ်ရမယ့်အဖြစ်အထိ ငါမမိုက်မဲပါ ဘူး၊ စိတ်ချပါ ငါဒီထက်ပိုပြီးတိုးတက်လာတဲ့အဖြစ်ကိုပဲ နင်တို့မြင်စေရမယ်”

ငဇော်က သူ့ပခုံးကိုလာပုတ်ပြန်သည်။ သူဖယ်ပစ်လိုက်၏။ နှစ်သိမ့်မှုတွေဟာသူ့အတွက်စိတ်သက်သာ မရစေတော့ပါဘူး။

“ဟို…ကျော်ကျော်”

မဝံ့မရဲစကားသံကြောင့် ငဇော့်ကိုသူစိုက်ကြည့်လိုက်မိသည်။

“ငါတို့ မင်းကိုတစ်ခါတည်းနှုတ်ဆက်ခဲ့တယ်၊ ငါတို့မကြာခင်မှာမြောက်ဦးကိုပြန်တော့မှာ၊ ပြီးတော့ ငါတို့နှစ်ဖက်မိဘတွေကိုပြောပြီး…..”

သူလက်ကာပြလိုက်သည်။

“ငါ ဝမ်းသာပါတယ်၊ ငါ့ကိုပြန်ခွင့်ပြုပါ”

ဆက်နားထောင်နိုင်စွမ်းမရှိတော့။ အရာရာပြီးဆုံးသွားလေပြီ။

“ငါတောင်းပန်ပါတယ် ကျော်ကျော်”

“ငါတောင်းပန်ပါတယ်”

ငဇော်နဲ့ရွှေရည်ရဲ့အသံကတစ်ပြိုင်တည်းနီးပါး ထွက်လာသည်။ အရာအားလုံးဆုံးရှုံးသွားသလိုခံစားပြီး မှ တောင်းပန်တယ်ဆိုတဲ့စကားကလည်း သူ့အတွက် နည်းနည်းလေးမှ အသုံးမဝင်တော့ပါဘူး။

“ရပါတယ်၊ မင်းတို့နှစ်ယောက်လုံးပျော်ရွှင်ပါစေ”

တွန့်ဆုတ်မနေတော့ဘဲ ဆတ်ခနဲလှည့်ထွက်လာခဲ့လိုက်သည်။ အဲဒီနေရာမှာဆက်နေဖို့ အားအင်တွေ မရှိတော့ပါ။ ငဇော့်ကိုသူအားကျမိပါသည်။ သူ့ထက်အစစအရာရာသာလွန်တဲ့သူငယ်ချင်း။ ရွှေရည့် အတွက်ဆို သူ့ထက်နှာတစ်ဖျားသာနေတတ်တဲ့သူငယ်ချင်း။ ငဇော့်ဆီမှာ ရွှေရည်သဘောကျနှစ်သက် တဲ့ အရည်အချင်းတွေအများကြီးရှိမှာပေါ့။

သူချစ်ရတဲ့ မိန်းကလေးတစ်ယောက်အတွက် သူစွမ်းဆောင်နိုင်သမျှစွမ်းဆောင်ခဲ့သည်။ ပေးဆပ်နိုင် သမျှ ပေးဆပ်ဖို့ကြိုးစားခဲ့သည်။ ဒါအကုန်ပဲ။ ဒီထက်ပိုပြီးဘာတွေများထူးထူးခြားခြားစွမ်းဆောင်ပေး နိုင်ခြင်း မရှိတော့ပါ။

အဲဒီတော့ ရလာဒ်ကိုကျေနပ်နိုင်အောင်ကြိုးစားရမည်။ ဒါပဲရှိတော့သည်။

“ကြယ်လေးရေ…..မင်း…ငါ့ရင်ခွင်မှာကြွေကျနိုင်မယ့် အခြေအနေဟာ ပုံပြင်လေးတစ်ပုဒ်အဖြစ်နဲ့ ရှင်သန်သွားရတော့မှာပေါ့”

Xxxxxxxxxxxxxxxxxxxxxx