(၂၂)
“ဟာ…”
အများစုမျှော်လင့်ထားသောဇာတ်လမ်းမဟုတ်ပါ။ ပရိတ်သတ်တွေကြားထဲတိုးတိုးလျလျဆူညံသံတွေ စီလာသည်။
“ဦးကျော်မြင့်ဦးရဲ့ ကြယ်ကြွေဇာတ်လမ်းလေးက အဆွေးဇာတ်လမ်းကြီး” ဆိုပြီးမှတ်ချက်ပေးကြသည်။ စင်ပေါ်မှာရှိနေတဲ့ ဦးကျော်မြင့်ဦးကတော့ ပြုံးပြုံးလေးပင် ပရိတ်သတ်တွေထဲကမေးသမျှကို ဖြေကြား ပေးနေသည်။
“လူတိုင်းရဲ့အချစ်ဇာတ်လမ်းကို အလွမ်းနဲ့တော့ဘယ်အဆုံးသတ်ချင်ပါ့မလဲနော်”
သူ့အပြောကို အားလုံးထောက်ခံကြပါသည်။ လောလောဆယ်မှာ ပူပူနွေးနွေးအသည်းကွဲထားတဲ့ ကျွန် တော်ဆိုရင် ပိုပြီးတော့တောင်ထောက်ခံသေးသည်။
“ဆရာ ခုထိလူပျိုကြီးပဲလား”
ပရိတ်သတ်တစ်ယောက်ကထမေးလိုက်တာကို အားလုံးဝိုင်းရယ်ကြသည်။ သူပြုံးသည်။
“သမီးက ဘယ်လိုထင်လို့လဲ” ဆိုပြီးမေးခွန်းပြန်ထုတ်သည်။
“ဆရာက ရွှေရည့်ကိုတကယ်ချစ်ခဲ့တာပဲ၊ ပြန်လာမလားလို့မျှော်နေနိုင်ကောင်းပါရဲ့”
သူခေါင်းညိတ်သည်။ ပြီးတော့…
“ကျွန်တော်တကယ်ချစ်ခဲ့တာတော့မှန်ပါတယ်၊ ဒါပေမဲ့ မျှော်လို့မရဘူးလေ၊ သူ့မှာမိသားစုရှိနေ လောက်ပြီပေါ့၊ အခုဆိုရင်တော်တော်တောင်အခြေကျနေပြီထင်ပါရဲ့”
“ဒါဆို ဆရာအခုအိမ်ထောင်ကျပြီပေါ့”
“လူပျိုကြီးပါပဲ”
ခမ်းမတစ်ခုလုံးဆူညံသွားလေသည်။
“အဲဒီနောက်ပိုင်းမှာရော ဆရာ မစုံစမ်းဘူးလား၊ ရွှေရည်ဘာလုပ်နေလဲ၊ မင်္ဂလာဆောင်ကိုရော မသွား ခဲ့ဘူးလားဟင်”
“ဘယ်တော့မှပြန်မရနိုင်တော့တဲ့အချစ်တစ်ခုကိုမျှော်လင့်နေမယ့်အစား ကိုယ့်ဘဝအတွက်အရေးပါတဲ့ အလုပ်တွေကိုပဲ အချိန်ပေးပြီးလုပ်တော့မယ်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့လို့ပါ၊ မင်္ဂလာဆောင်ကိုလည်း ကျွန်တော်မသွားခဲ့ပါဘူး၊ သူတို့လည်းမဖိတ်ခဲ့ဘူး”
“ဆရာ့မိသားစုရော”
“ရှိပါတယ်၊ အခုချိန်ထိ လေညှင်းတောင်မှာပါပဲ၊ ကျွန်တော်ကလစဉ်ထောက်ပံ့ပေးပါတယ်”
“ဆရာ့ ညီလေးရော”
အားလုံးရယ်လိုက်ကြပြန်သည်။
“သူအခုဆိုအိမ်ထောင်ကျပြီး ကလေးအဖေဖြစ်နေပြီဗျ”
မေးခွန်းမေးတဲ့ကောင်မလေးကို ၀ိုင်းစ သံတွေဆူညံသွားလေသည်။
“ဒါဆို ဆရာအောင်မြင်နေတာသူတို့တွေမသိကြဘူးပေါ့နော်”
“ကျွန်တော်မအောင်မြင်ပါဘူး၊ အခြေအနေမဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကနေ လူလတ်တန်းစား ဘဝကိုရောက်လာတာပါ၊ ကျွန်တော့်ဘဝအခြေအနေကအထိုက်အသင့်ကောင်းလာမှန်းတော့ သူတို့ သိကြပါတယ်”
“နှစ်တွေဒီလောက်ကြာတာတောင် အဆက်အသွယ်မလုပ်ကြဘူးလား”
“အချစ်နဲ့ပတ်သက်လာရင် အဖြစ်အပျက်တွေအားလုံးကအမြဲတမ်းလတ်ဆတ်နေတတ်ပါတယ်၊ ဒါ ကြောင့် ကျွန်တော်သူတို့ကိုမဆက်သွယ်ခဲ့ဘူး၊ သတိရတိုင်းအလုပ်ကိုပဲ ဖိလုပ်ဖြစ်ခဲ့တယ်”
“အလုပ်က အလွမ်းကိုပြေပျောက်စေလား ဆရာ၊ သိချင်လို့ပါ”
သူတွေဝေသွားသည်။ အဲဒီမေးခွန်းကိုဖြေဖို့အားယူနေတာထင်ပါရဲ့။
“အလုပ်ကအလွမ်းကိုမပြေနိုင်ဘူး၊ ဒါပေမဲ့ လွမ်းနေတာထက်အဓိပ္ပါယ်ရှိတဲ့ရလာဒ်တွေကိုပေးတယ်ဆို တာတော့ လက်တွေ့ပဲဗျ”
မေးခွန်းမေးတဲ့လူငယ်တွေအားလုံးနီးပါးက အချစ်နဲ့ပတ်သက်ရင်ခံစားတတ်ကြတဲ့မနူးမနပ်အရွယ်တွေ ချည်းပင်။ ခဏကြာတော့ဟောပြောပွဲကိုအဆုံးသတ်လိုက်လေသည်။
UMFCCI ခန်းမထဲကအထွက်မှာတော့ ကျွန်တော့်ကိုကားနဲ့တိုက်မိမလိုဖြစ်တဲ့အဖွဲ့ကိုမှိန်ပျပျတောင် မတွေ့ရတော့။ ဘယ်အချိန်ကတည်းကလစ်ထွက်သွားပြီလဲမသိ။ ကျွန်တော်ကတော့အားလုံးထွက်ခွာ ပြီးမှ ထွက်ဖို့ဆုံးဖြတ်လိုက်သည်။ ပြီးတော့….
ပြီးတော့ ကျွန်တော်ဦးကျော်မြင့်ဦးနဲ့စကားပြောရဦးမည်။ သေသေချာချာကိုပြောရဦးမည်။ ကျွန်တော် တွေ့ကြုံခဲ့သမျှ၊ သိထားသမျှအားလုံးပေါ့။ ဦးကျော်မြင့်ဦးလှုပ်ရှားမှုမှန်သမျှကို ကျွန်တော်စောင့်ကြည့် နေလိုက်သည်။
“ခုံလေး သိမ်းပါရစေ”
ကျွန်တော်ထိုင်နေတဲ့ခုံကိုသိမ်းဖို့ဝန်ထမ်းတွေရောက်လာသည်။ ခမ်းမမှာရှိတဲ့ခုံတွေအားလုံးကိုလိုက် သိမ်းနေပြီ။ ဦးကျော်မြင့်ဦးကတော့ စင်ဘေးတစ်နေရာမှာ လူတစ်ချို့နဲ့မတ်တပ်ရပ်စကားပြောလို့ ကောင်းတုန်း။ လွန်ခဲ့သောမိနစ်ပိုင်းအတွင်းက ဆူညံစည်ကားနေခဲ့တဲ့ပတ်ဝန်းကျင်သည်ရုတ်တ ရက်တိတ်ဆိတ်သွား၏။
“ကဲသွားဦးမယ် အစ်ကိုရာ၊ နောက်မှတွေ့မယ်”
ဦးကျော်မြင့်ဦးနဲ့စကားပြောနေတဲ့လူတွေကနှုတ်ဆက်ကာ ခန်းမထဲကနေထွက်ဖို့ပြင်သည်။ အခုတော့ ဦးကျော်မြင့်ဦးရယ်၊ သူ့ဘေးနားမှာနေပေးတဲ့အဖော်အစ်ကိုကြီးတစ်ယောက်ရယ်။ နှစ်ယောက်သား စကားတိုးတိုးပြောကာ ခန်းမထဲကနေထွက်နေကြပြီ။
ကျွန်တော်သူတို့နောက်ကနေလိုက်လာခဲ့၏။
ဘယ်လိုလုပ်ရမလဲ။ ခေါ်လိုက်ရမလား။ ခေါ်ပြီးဘယ်လိုစပြောရမလဲ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိဖြစ် နေသည်။ ခန်းမထဲလျှောက်ရင်းလျှောက်ရင်း၊ သူတို့နောက်ကိုလိုက်ရင်းလိုက်ရင်းနဲ့ UMFCCI အ ဆောက်အဦပင်မဆင်ဝင်အောက်ကိုရောက်လာသည်။
ဘုရား၊ ဘုရား။ ဒီနေရာမှာမှကျွန်တော်သူ့ကိုလှမ်းမခေါ်လိုက်ရင်သွားပြီ။ သူနဲ့နောက်တစ်ခေါက်ဆုံဖို့ဆို တာ မလွယ်ကူပါ။ ဒီအခြေအနေတောင်ကံကောင်းလို့။ ပုံမှန်ဟောပြောပွဲတွေဆို ပြီးရင်ဟောပြောတဲ့ သူက သီးသန့်အခန်းတစ်ခန်းထဲဝင် တာဝန်ရှိသူတစ်ချို့နဲ့စကားတွေပြောပြီးမှပြန်တတ်ကြတာ။
ဦးကျော်မြင့်ဦးက တန်းပြန်လို့ သူ့နောက်လိုက်ခွင့်ကိုရခဲ့တာ။ နောက်ဆုံး…ကျွန်တော် တတ်နိုင်သမျှ အားကိုတင်းလိုက်လေသည်။ပြီးတော့….
“ဆရာ”
အသံက ထင်ထားတာထက်ကျယ်ကျယ်ထွက်လာသည်။ သူလှည့်ကြည့်ပါသည်။ ကျွန်တော့်ကိုမြင်တာ နဲ့ ပြုံးပြသည်။ လှိုက်လှဲသောအပြုံး၊ ခန့်ညားသောအပြုံး အဲဒီအပြုံးနဲ့တင် သူ့ကိုစကားပြောဖို့အားအင် တွေပြည့်သွားသလိုခံစားရသည်။
“ကျွန်တော်စကားနည်းနည်းပြောချင်လို့ပါ”
“ပြောပါ သား”
သူကျွန်တော့်ကို သားလို့ခေါ်လောက်သည်အထိကျွန်တော့်အရွယ်မငယ်သလို သူ့အရွယ်လည်းမကြီး သေးပါ။ သူ့အခေါ်အဝေါ်အောက်မှာ ကျွန်တော်သိမ့်မွေ့သွားသလိုခံစားရသည်။
“ဆရာ့ဇာတ်လမ်းက အဲဒီမှာတင်မပြီးသေးဘူးဆရာ”
သူမျက်လုံးပြူးပြသည်။ အံသြတဲ့ပုံစံ။
“ဟုတ်လား ပြောပါဦး”
“ငဇော်နဲ့ရွှေရည်တို့ လက်မထပ်ဖြစ်ကြဘူးဆရာ”
“ဘယ်လို”
ကျွန်တော့်စကားသံတွေကို သူစိတ်ဝင်စားစပြုသည်။ ငချွတ်တစ်ယောက်က သူစိတ်ဝင်စားအောင်ပြော နိုင်တာကို ကျွန်တော်ဂုဏ်ယူနေမိသည်။ သူပြုံးလိုက်၏။ ကျွန်တော့်ဆီကိုမျက်နှာချင်းဆိုင်အနေ အထားဖြစ်အောင် လှည့်လာသည်။
“ရွှေရည် ဆရာ့ကိုစောင့်နေတုန်းပဲ၊ အခုချိန်ထိစောင့်နေတုန်းပဲ”
ကျွန်တော့်စကားကို သူယုံကြည်မှာမဟုတ်မှန်းသိပါသည်။ ကျွန်တော်ကရောဘာကြောင့်အတတ်ပြော နိုင်ရတာလဲ။ ကာယကံရှင်လောက်အကြောင်းစုံကိုဘယ်သူကရောသိနိုင်မှာလဲ ဆိုတဲ့အတွေးကို သူ တွေးနေလိမ့်မယ်မှန်း ကျွန်တော်သိလိုက်၏။
“အော်”
သူ အံသြဟန်မပြ။ အော် ဆိုပြီးရေရွတ်ရုံသာ။
“ဒါနဲ့ …သားက ဘယ်လိုလုပ်ပြောနိုင်တာလဲ”
ကျွန်တော် အကြောင်းမဲ့သက်သက်ပြောတယ်လို့တော့ သူမထင်ပါ။ ကျွန်တော့်ကိုပြန်မေးသည်။
“ရွှေရည့်ရဲ့ချစ်ခြင်းတရားကို ကျွန်တော်သိနေလို့ပါဆရာ”
“ဟင်”
“ရွှေရည်တကယ်ချစ်တာ ဆရာပါ”
“ဖြစ်နိုင်ပါတယ်လေ၊ သားပြောကြည့်ပါဦး ကျွန်တော်ယုံကြည်အောင်” တဲ့။ ငချွတ်တစ်ယောက်ရဲ့စ ကားကို အာရုံတစိုက်နားထောင်ပေးမယ့်ဟန်ပြင်တော့ ကျွန်တော်အားတက်သွား၏။
ကျွန်တော့်ကို သူစိတ်ဝင်စားစပြုသည်။ ကျွန်တော့်ကိုဆိုတာထက် ကျွန်တော်ပြောတဲ့စကားတွေကို ပေါ့။ အရာအားလုံးကို ကျွန်တော်မှတ်မိသွားလေပြီ။ ကျွန်တော်ဘာလို့ကျော်ကျော်ရဲ့ငယ်ဘဝဆီကို ရောက်သွားရတာလဲ။
“ကျွန်တော် ပြီးခဲ့တဲ့သုံးလေးနာရီလောက်တုန်းက ကားမတော်တဆတစ်ခုကြုံရတယ်ဆရာ၊ ကျွန်တော့် ခန္ဓာကိုယ်ဘာမှမဖြစ်ပေမယ့် ကျွန်တော်သတိလစ်သွားခဲ့တယ်၊ သတိလစ်နေတဲ့ကာလမှာ ကျော် ကျော်ဆိုတဲ့လူတစ်ယောက်ရဲ့ငယ်ဘဝဆီကို ကျွန်တော်ရောက်သွားခဲ့တယ်ဆရာ၊ လေညှင်းတောင် က သူ့မိသားစုအကြောင်း၊ မြောက်ဦးမှာရုန်းကန်ရတဲ့အကြောင်းအားလုံးကို ကျွန်တော်သိခွင့်ရခဲ့တယ်”
သူ့ကားဒရိုက်ဘာက သူရှိရာဆီကားကိုရပ်ပေးလာတော့သူကားပေါ်တက်ရတော့မည်။ အဲဒီတော့ ကျွန်တော့်ကိုပါ ကားပေါ်တက်ဖို့သူညွှန်ပြသည်။ စကားကိုအာရုံမပျက်နားထောင်ရင်းပေါ့။ သူ့ယုံကြည်မှုကို ကျွန်တော်ရရှိခဲ့ပြီ။ ကျွန်တော် လည်း စကားပြောချင်ဇောနဲ့သူ့ကားပေါ်ကို တက်မှန်း မသိတက်မိလိုက်သည်။
“အမှန်တော့ အဲဒီအကြောင်းတွေကို သတိလစ်နေတုန်းမှာသိခွင့်ရခဲ့တာမဟုတ်ပါဘူးဆရာ၊ ကျွန်တော် အမြဲတမ်းနားရည်ဝနေတဲ့အကြောင်းအရာတွေကို သတိလစ်တုန်းမှာပြန်ကြားယောင်၊ မြင်ယောင်မိခဲ့ တဲ့သဘောပါ၊ ကျော်ကျော်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့အကြောင်းကိုကျွန်တော်ကြားဖူးခဲ့တာ ကြာပါပြီ၊ ဒါပေမဲ့ ကျော်ကျော်နဲ့ ဦးကျော်မြင့်ဦးနဲ့ဟာတူတူမှန်းအခုလေးတင်မှ သိခဲ့ရတာပါ၊ ကျော် ကျော်လုပ်တဲ့ရွေ့လျားစာအုပ်ဆိုင်လေးဟာ ဦးကျော်မြင့်ဦးရဲ့ကျော်ကျော်ရွေ့လျားစာအုပ်ဆိုင်လုပ်ငန်း နဲ့ လုံးဝပတ်သက်နေတယ်ဆိုတာ ကျွန်တော်အခုမှ ဒီနေ့တင်မှ သိလာရတာပါ”
“သားကို တစ်စုံတစ်ယောက်က အရင်ကတည်းကပြောပြထားတယ်ပေါ့”
“ဟုတ်ကဲ့၊ ဦးဇော်မျိုးလင်း ပါ”
“ဟင်၊ ငဇော်…ဟုတ်လား”
ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ ဆရာလင်းမကြာခဏပြောတတ်တဲ့ သူ့သူငယ်ချင်းအကြောင်း၊ ဆရာလင်းတို့ရဲ့ငယ်ဘဝအကြောင်း။
“ဟုတ်တယ်ဆရာ၊ ဆရာလင်းငယ်ဘဝအကြောင်းကို ဆရာလင်းနဲ့ရင်းနှီးတဲ့ ကျွန်တော်တို့ကျောင်း သားတွေမကြာခဏနားထောင်ရတာပါ၊ အဲဒီအထဲက ကျော်ကျော်ဆိုတာ ဦးကျော်မြင့်ဦးဆိုတဲ့ဆရာ မှန်းကို ဘယ်သူ့မှမသိခဲ့ကြဘူး၊ အခုကျွန်တော်သိတာပထမဆုံးပဲထင်တယ်”
“ငဇော်က…မင်းတို့ကို…..”
သူ ကျွန်တော့်ဆီကိုအံသြခြင်းများစွာနဲ့ကြည့်နေဆဲ။
“ဆရာလင်းက ကျွန်တော်တို့မြို့…အော်…ကျွန်တော်တို့ညောင်တုန်းမြို့ အထက (၁) ရဲ့ဆယ်တန်း သချင်္ာဆရာပါ၊ ကျွန်တော်တို့အရမ်းချစ်ကြတဲ့ဆရာတစ်ယောက်ပါ”
“သူက ကျွန်တော်သိတဲ့ ကျွန်တော့်သူငယ်ချင်းငဇော် ဟုတ်လို့လား”
“ဆရာ့ဟောပြောပွဲနားထောင်လို့ပြီးတဲ့အချိန်မှာပဲ ဟုတ်တယ်လို့သေသေချာချာသိလိုက်ရတာပါခင်ဗျ၊ ဆရာပြောတဲ့အကြောင်းအရာနဲ့ဆရာလင်းပြောတဲ့အကြောင်းအရာတွေအားလုံးနီးပါးကတူတူပဲ၊ မတူ တာတစ်ချို့ပဲရှိတယ်၊ အဲဒါကလည်း….”
ကျွန်တော် ရှေ့ဆက်ပြောဖို့အရှိန်ယူလိုက်သည်။ သူသိချင်ဇောနဲ့စိတ်ဝင်တစားကြည့်နေ၏။
“အဲဒါကလည်း ဆရာမသိသေးတဲ့အကြောင်းအရာပဲဖြစ်မှာပါ”
“ဘယ်လို၊ ကျွန်တော်မသိတဲ့အကြောင်းအရာ ဟုတ်လား”
“ဟုတ်၊ တကယ်တော့ ဇာတ်လမ်းက အဲဒီမှာတင်မပြီးသေးဘူးဆရာ၊ ရှိသေးတယ်”
“ကျွန်တော်ပြောတဲ့အကြောင်းအရာအပြင်လား”
“ဟုတ်ကဲ့၊ ဆရာလင်းပြောပြောနေကျအကြောင်းအရာတွေပါ”
ကျွန်တော် ဘာဆက်ပြောမလဲဆိုတာ သူစိတ်ဝင်တစားနားထောင်နေရုံမကဘဲ ကားမောင်းနေတဲ့ကား သမားကလည်း နားစွင့်နေသည်။
Xxxxxxxxxxxxxxxxxxxxxx