(၂၃)
နွေရာသီကာလရဲ့ပွဲတော်တွေထဲမှာ အထင်ရှားဆုံးပွဲတော်တစ်ခုက နတ်သျှင်တောင်ဘုရားပွဲဖြစ်သည်။ နတ်သျှင်တောင်စေတီတော်ကတောင်တန်းစိမ်းစိုစိုတွေကြားထဲ တည်ငြိမ်စွာသပ္ပါယ်လှသည်။ ဘုရားပွဲ ကို တောင်ခြေကမြေပြန့်လွင်ပြင်ကျယ်ထဲမှာကျင်းပလေ့ရှိပါသည်။ ဘုရားပွဲဆိုတော့ ဇာတ်ပွဲ၊ ရခိုင် ရိုးရာကျင်ပွဲ၊ လောင်းလှေပြိုင်ပွဲတွေလည်းထည့်သွင်းကျင်းပပါသည်။ ညဖက်ရောနေ့ခင်းဖက်ပါ ပွဲစျေး တန်းတွေ၊ စားစရာသောက်စရာ၊ ဝယ်စရာဆိုင်တွေ ကျိတ်ကျိတ်တိုးစည်ကားလို့။
တစ်ခုသော ဘုရားပွဲကာလအတွင်းမှာ သူနဲ့ရွှေရည်တို့ ဘုရားဖူးလာဖြစ်ကြပါသည်။ ကျော်ကျော်က တော့ ပါမလာခဲ့ပါ။ လေညှင်းတောင်ကထွက်ခွာပြီးနောက်ပိုင်း လေညှင်းတောင်ကိုကျော်ကျော်ပြန်မ လာခဲ့ပါ။ အဲဒီတော့ အခုလိုမျိုးဘုရားပွဲတွေ၊ တစ်ခြားပွဲလမ်းသဘင်အခမ်းအနားတွေဆို သူနဲ့ရွှေရည် တို့ နှစ်ယောက်တည်းသွားဖြစ်ကြသည်။ သူတို့လည်းလေညှင်းတောင်မှာနေတာမဟုတ်ဘဲ မြောက်ဦး မှာပဲ နေဖြစ်ကြတာဆိုတော့ များသောအားဖြင့် မြောက်ဦးကနေတစ်ဆင့်ပဲလာဖြစ်ကြသည်။ နတ်သျှင် တောင်ဘုရားပွဲကျတော့ အိမ်မှာသုံးလေးညအိပ်ပြီးသွားဖြစ်ကြတာပင်။
“ကျော်ကျော်မပါတော့တစ်မျိုးကြီးပဲဟာ” ဆိုပြီးရွှေရည်ကပြောတတ်ပေမယ့် သူကတော့အခုနောက် ပိုင်းမှာ ကျော်ကျော်မပါတာကိုပိုသဘောကျသယောင်ခံစားရသည်။ သူနဲ့ကျော်ကျော်တို့နှစ်ယောက် လုံးက သူမ ဆီကအချစ်ကိုရဖို့ကြိုးစားနေတဲ့ကာလ။
ငယ်ငယ်တုန်းကဆိုရင်တော့ ဘယ်သွားသွားတူတူပေါ့။ ဘုရားပွဲတွေဆို တစ်ယောက်မှာရှိတဲ့ပိုက်ဆံကို တစ်ယောက်နဲ့ တစ်ယောက်မျှသုံးလိုက်၊ မုန့်တွေဝယ်စားလိုက်နဲ့ပင်။ အခုလူကြီးအရွယ်၊ အချစ်ကိုသိရှိ နားလည်လာတဲ့အရွယ်ကျတော့ သူနဲ့ကျော်ကျော်ကတစ်ယောက်ကိုတစ်ယောက်လူပိုလိုမျိုးခံစားလာ ရသည်။
နတ်သျှင်တောင်စေတီတော်ကိုဖူးဖို့၊ နတ်သျှင်တောင်ဘုရားပွဲကိုသွားဖို့အတွက် သူတို့လေညှင်းတောင် အောက်ရွာကနေ အထက်ရွာကိုသွား၊ အထက်ရွာကနေတစ်ဆင့် ဘုရားပွဲဆီကိုကူးပေးနေတဲ့ ကူးတို့ လှေစီးပြီးမှရောက်မည်။ အဲဒီတော့ သူနဲ့ရွှေရည်တို့စကားတစ်ပြောပြောနဲ့အထက်ရွာကိုလမ်းလျှောက် သွား၊ နေပူရင်ထီးအတူတူဆောင်းနဲ့သာယာလိုက်တာ။
ကူးတို့လှေစောင့်တော့လည်း လူဘယ်လောက်များများ၊ ဘယ်လောက်တိုးတိုး သူကတော့အေးဆေး ပင်။ သူ့ဘေးနားမှာ သူချစ်ရတဲ့ရွှေရည်ရှိနေရင်အရာရာတိုင်းဟာဒုတိယနေရာမှာပဲရှိသည်။
“ကူးတို့က လူများလိုက်တာ၊ ဒီနေ့တောင်ဘုရားဖူးရပါ့မလားမသိဘူး”
လှေတစ်စီးကပ်လာလိုက်၊ လူတွေတိုးကျိတ်ပြီးတက်လိုက်နဲ့မြင်ကွင်းကို ရွှေရည်ငြိုငြင်လာတော့ ချစ်သူ မျက်နှာတော်မညိုရအောင်သူစီစဉ်ရသည်။ ဒီတစ်ခေါက်တော့ရအောင်လိုက်မည်ပေါ့။ လှေလည်းကပ် လာရော သူအပြေးတစ်ပိုင်းတက်၊ သူမကိုလှေပေါ်ကလက်ကမ်းပေးပြီးမရရအောင်တင်သည်။
လှေကသတ်မှတ်ဦးရေထက်ပြည့်လျှံလို့။ လှေဦးက လေးမြို့မြစ်ရေထဲနစ်ချင်ချင်ဖြစ်လာသည်။ လှေသ မားက လေးငါးယောက်ဆင်းနေခဲ့ဖို့တောင်းဆိုပေမယ့် တစ်ယောက်မျှတုတ်တုတ်မလှုပ်။ တက်ပြီးသား မို့ အားလုံးကပြန်မဆင်းချင်။ အဲဒီတော့လည်း ဒီအတိုင်းပဲသွားရတော့သည်။ ခရီးကအဝေးကြီးတော့ မဟုတ်ပါ။ ဒါပေမဲ့။
မြစ်လယ်အရောက်မှာတော့ လှေထဲရေတွေဝင်လာသည်။
“လုပ်ကြပါဦး၊ လှေထဲကိုရေတွေဝင်လာပြီ”
အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ရုတ်တရက်မို့ ရေကိုပက်ထုတ်ရကောင်းမှန်းမသိဘဲရှောင် ကြရှားကြ အော်ကြဟစ်ကြနဲ့ စက္ကန့်ပိုင်းအတွင်းမှာလှေကလေမြို့မြစ်ထဲကိုကျွံမှောက်လာတော့၏။
“ကယ်ကြပါဦး၊ လှေမှောက်ပြီ၊ လှေမှောက်ပြီ”
အားလုံးအော်ဟစ်အကူအညီတောင်းကြတော့သည်။ လှေက လေးမြို့မြစ်ထဲကိုစုံးစုံးမြုပ်သွားတော့ သည်။ ရုန်းရင်ကန်ရင်းတစ်ယောက်ကိုတစ်ယောက်လိုက်ရှာ၊ ရေထဲမှာအသက်ဘေးကနေလွတ် မြောက်ဖို့ကြိုးစားကြတော့၏။
“ရွှေရည်..ရွှေရည် နင်ဘယ်မှာလဲ”
သူမ လက်ကလေးကိုဆုပ်ကိုင်မိရက်သားဖြစ်ပြီးမှ ပြန်လွတ်သွားသည်။ ဘုရား။ ရွှေရည့်ကိုရှာတွေ့ဖို့ သူဆုတောင်းမိသည်။ တစ်ဖက်ကလည်းရေမကူးတတ်တဲ့သူတွေကိုကယ်ရင်း။
လှေကပက်လက်အနေအထားကနေ မှောက်ခုံအနေအထားဖြစ်သွားတာမို့ ရေမကူးတတ်တဲ့သူတွေ အနေနဲ့ လှေမှောက်ခုံကိုရေထဲကနေကိုင်ထားပြီးလာကယ်တဲ့သူတွေကိုစောင့်ရုံသာ။ လူတွေကအ ကြောက်လွန်ပြီးအော်ကြဟစ်ကြမို့ဆူညံလို့နေလေသည်။
“လှေကိုပဲကိုင်ထားကြပါ၊ ဘယ်ကိုမှမကူးကြပါနဲ့၊ လှေကိုကိုင်ပြီးတော့ပဲလာကယ်တာကိုစောင့်နေပေး ကြပါ၊ လာကယ်နေပါပြီ၊ စိတ်မပူကြပါနဲ့”
လှေသမားရဲ့အော်သံက သူ့စိတ်ပူမှုကိုမပျောက်စေနိုင်။ ရွှေရည့်ကိုသူရှာမတွေ့။ သူ့ရင်တွေပူလောင် လာသည်။ သူမကိုဆုံးရှုံးရတော့မယ်ဆိုတဲ့အသိဝင်လာတော့ မြစ်ထဲမှာဟိုကူးဒီရှာရင်းယောက်ယက် ခတ်နေမိတော့သည်။
“ရွှေရည်၊ နင်ဘယ်မှာလဲ”
ဝရုန်းသုန်းကားအနေအထားမှာ သူမ ကိုတွေ့အောင်ရှာဖို့လှေမှောက်ရာနဲ့ခပ်လှမ်းလှမ်းနေရာဆီကို သူကူးခတ်သွားလိုက်လေသည်။ အဝေးကနေရှာရင်မြင်နိုင်ကောင်းရဲ့ဆိုတဲ့အတွေးနဲ့ပင်။
“ရွှေရည်”
အသံကုန်ဟစ်အော်ခေါ်မိသည်။
သူမရေကူးတတ်တယ်ဆိုပေမယ့် ကျွမ်းကျွမ်းကျင်ကျင်တော့မဟုတ်မှန်းသူသိထားတော့ စိတ်ပူမှုတွေ က ပိုပိုတိုးလာလေသည်။
“ဟဲ့ ဟဲ့ နင့်ကောင်မလေး ဟိုမှာ..”
အန်တီကြီးတစ်ယောက်က လှေဗိုက်ကိုကိုင်ရက်အနေအထားကနေ သူ့ကိုလှမ်းအော်ပြသည်။ အန်တီ ကြီးပြရာနေရာကို ကြည့်လိုက်တော့ နစ်လိုက်ပေါ်လိုက်ဖြစ်နေတဲ့ချစ်သူကိုဖျတ်ခနဲတွေ့လိုက်ရသည်။
“ဘုရား ဘုရား၊ ရွှေရည် ဘာမှမဖြစ်ပါစေနဲ့”
သူမ ရှိရာဆီကူးခတ်သွားလိုက်ကာ ရအောင်ကယ်ဖို့ဆုံးဖြတ်လိုက်သည်။ သူကံကောင်းပါသည်။ သူမ ကိုလည်းကယ်လို့အရ၊ သူတို့အားလုံးကိုလာကယ်တဲ့လှေနှစ်စင်းလည်းအရောက်။
“လူစုံလား၊ ကိုယ့်လူကိုယ်စစ်ကြပါ၊ ကိုယ်နဲ့နီးစပ်ရာလူတွေကိုမတွေ့ရင်လည်းပြောကြပါ”
သတိလစ်မေ့မျောနေတဲ့ သူမရဲ့ကိုယ်လေးကိုလှေပေါ်ဝိုင်းတင်၊ နတ်သျှင်တောင်စေတီရှိရာကမ်း ဖက်ဆီကို ကူးလာကြသည်။
“ရွှေရည်၊ ရွှေရည်”
သူမရဲ့မေးဖျားလေးကိုကိုင်လျက်လှုပ်နှိုးနေမိသည်။ ကမ်းရောက်တော့ တတ်သမျှမှတ်သမျှရှေးဦးသူ နာပြုစုနည်းတွေနဲ့ သတိရပြန်ရအောင်လုပ်နိုင်ခဲ့သည်။ သူမ သတိရလာတော့သူ့ရင်ခွင်မှာ။
“ငဇော်”
“အင်း၊ ငါရှိတယ် နင့်ဘေးမှာငါရှိတယ်ရွှေရည်၊ နင်ဘာမှမဖြစ်တော့ဘူးနော်”
သူ့နှစ်သိမ့်စကားကြောင့် သူမ ပိုဝမ်းနည်းသွားကာ ရှိုက်ငိုတော့သည်။ သူမရဲ့ပခုံးလေးကိုတယူတယ ဖက်ကာ နေ့လည်ဖက်စျေးတန်းဆီကိုခေါ်ဆောင်သွားလိုက်သည်။ သူမ ရှက်နေမှာပေါ့။ လူတွေဝိုင်း ကြည့်နေကြတာကိုး။ ခဏကြာတော့ ရုတ်ရုတ်သဲသဲအဖြစ်အပျက်တွေကွယ်ပျောက်ကွယ်ကာ ပုံမှန် အတိုင်းစည်စည်ကားကားနဲ့ခုနကဖြစ်ပျက်ခဲ့တာတွေကို သတိမထားမိကြတော့။
“ရွှေရည် နင့်အကျီင်္တွေလဲရအောင်နော်၊ စိုနေတဲ့အဝတ်အစားနဲ့ဘုရားပေါ်တက်လို့မကောင်းဘူးလေ”
သူမ ကိုပွဲစျေးတန်းအဝတ်အစားဆိုင်တစ်ဆိုင်ကိုခေါ်သွားကာ အသစ်လဲစေသည်။ ပြီးတော့နေ့လည် စာကျွေး၊ စိတ်တည်ငြိမ်သွားအောင် ရယ်စရာစကားတွေပြောပေးနဲ့အချိန်အတော်ကြာမှ ဘုရားပေါ် တက်ဖြစ်ကြသည်။ နတ်သျှင်တောင်စေတီကတောင်ထိပ်ပေါ်မှာရှိတာမို့ ခပ်ပြေပြေဖြစ်နေတဲ့ တော တန်းတွေကို ကျော်ဖြတ်ပြီးမှဘုရားဖူးနိုင်မည်ဖြစ်သည်။
အဲဒီတောတန်းတွေထဲကနေ တောင်အထပ်ထပ်ကိုတမျှော်တခေါ်ကြီးမြင်ရသည်။ ကွေ့ကောက်ဝှေ့ ၀ိုက်စီးဆင်းနေတဲ့လေးမြို့မြစ်စိမ်းစိုစိုကိုလှမ်းမြင်ရသည်။ မြစ်ဘေးမှာရှိတဲ့ရွာတွေကို မှိန်ပျပျလည်းတွေ့ ရသည်။ ကျေးငှက်သာရကာတွေရဲ့တေးသီသံတွေကိုလည်း သာယာနာပျော်ဖွယ်ကြားရသည်။
“ငါတို့ ခဏနားရအောင် ရွှေရည်”
ဘုရားပွဲဆိုပေမယ့် အေးချမ်းဆိတ်ငြိမ်နေတဲ့ဒီလိုသဘာဝပတ်ဝန်းကျင်အနေအထားမျိုးမှာ ချစ်သူနဲ့ နှစ်ယောက်တူတူ ရှိနေခွင့်ရတာဟာဘယ်လောက်များကံကောင်းလိုက်ပါသလဲ။
သူတို့နှစ်ယောက်လုံး မမောသေးပါ။ ဒါပေမဲ့ နားဖို့တော့လိုအပ်သည်။ သူရွှေရည့်ကိုချစ်တဲ့အကြောင်း အရမ်းပြောချင်နေသည်။ ဘာကြောင့်ရယ်မသိ အခုလိုအခြေအနေမျိုးမှာသူမကိုချစ်တယ်ဆိုတဲ့စကား အထပ်ထပ်အခါခါပြောချင်နေမိသည်။
လေပြေညှင်းတွေ သူတို့နှစ်ယောက်နားကနေတိုးဝှေ့ဖြတ်သန်းသွားကြသည်။ သစ်ရွက်တွေရဲ့လှုပ်ခတ် သံတွေ၊ မြက်ပင်တွေရဲ့တစ်ပင်နဲ့တစ်ပင်ပွတ်တိုက်သံတွေကြောင့် ပတ်ဝန်းကျင်ကလိုတာထက်ပိုပြီး ဆူညံသလိုဖြစ်သွားလေသည်။
“ငဇော်”
သူမ ရဲ့အသံကိုကြည်လင်ပြတ်သားစွာကြားရလောက်တဲ့အကွာအဝေးမှာပင် သူထိုင်နေပါသည်။ ဘုရားဖူးတစ်ချို့ကိုတော့ သူတို့နှစ်ယောက်ကိုငဲ့စောင်းကြည့်ကာကျော်တက်သွားကြသည်။
“အင်း၊ ပြောလေ”
“ငါ့အသက်ကိုကယ်လိုက်တဲ့အတွက် နင့်ကိုငါကျေးဇူးတင်ပါတယ်ဟာ”
ရပါတယ်ဆိုတဲ့သဘောနဲ့ခေါင်းညိတ်ပြလိုက်၏။
“နင်ဟာ ငါ့အသက်ပါပဲရွှေရည်၊ နင့်ကိုဆုံးရှုံးရမယ်ဆိုရင် ငါ့အသက်သေဆုံးသလိုပါပဲဟာ၊ ငါတန်ဖိုး ထားတဲ့နင့်ကို ငါ့အသက်နဲ့ရင်းပြီးကာကွယ်တာပါ၊ ငါတို့နှစ်ယောက်ကြားမှာကျေးဇူးမလိုပါဘူးဟာ..ဒါ ပေမဲ့….”
သူ အခုချိန်မှာအခွင့်ကောင်းယူသလိုလုပ်ပြီး ချစ်တဲ့အကြောင်းတွေပြောသင့်ပါရဲ့လား။
“အင်း၊ ပြောလေ ငဇော်၊ ငါနားထောင်နေတယ်”
သူဘာဆက်ပြောမလဲ ဆိုတာကိုသူမတကယ်ပဲမသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား။ တကယ်ဆို အေး မပြောနဲ့ငါသိတယ်ဆိုပြီးပိတ်ရမှာမလား။ ဘယ်လိုပဲဖြစ်ဖြစ် သူကြိုတင်တွေးထား သလိုပဲ ချစ်တယ်ဆိုတဲ့စကားကိုပဲ သူပြောဖြစ်ခဲ့သလို ချစ်တယ်ဆိုတဲ့အဖြေကိုပဲ သူမဆီကကြားခွင့် ကိုလည်း တောင်းဆိုခဲ့မိလေသည်။
“နင့်ဆီကချစ်တယ်ဆိုတဲ့အဖြေကိုတော့ ငါအချိန်နဲ့အမျှမျှော်လင့်နေမိခဲ့တယ်ရွှေရည်၊ နင့်ကိုငါချစ် တယ်၊ ငါ့ဘဝနဲ့ရင်းပြီးတန်ဖိုးထားချစ်တာပါဟာ”
ခဏတာမျှ တိတ်ဆိတ်သွားသည်။ သူမဆီက ဘာစကားသံမျှထွက်မလာ။ တွေဝေနေဟန်။
“အခုချိန်မှာ ငါနင့်ဆီကအကြားချင်ဆုံးစကားကလည်း ချစ်တယ်ဆိုတဲ့စကားပါပဲရွှေရည်ရာ”
ကိုယ့်လိုအင်ဆန္ဒပြည့်ဝဖို့အတွက် အရာရာကိုဖန်တီးနေကြတဲ့လူ့သဘာဝကို သူမလွန်ဆန်နိုင်ပါ။ သူ့ လိုအင်ပြည့်ဝဖို့အတွက် သူ့ရင်ထဲမှာခံစားသမျှရွှေရည့်ကိုဖွင့်ပြောရမှာပါပဲ။
“ရွှေရည်”
သူမ ရဲ့ပဟေဠိမျက်ဝန်းတစ်စုံကသူ့ဆီကို..။
“နင် ငါ့ကိုချစ်တယ် မှလားဟင်”
သူမ ရဲ့ကျဉ်းထဲကြပ်ထဲအခြေအနေကို သူဂရုမစိုက်နိုင်တော့ပါ။ လိုချင်တဲ့အဖြေဆီကိုသာ အာရုံက ရောက်နေတော့သည်။
“ငါ နင့်ကိုအသက်လောက်တန်ဖိုးထားတယ်ရွှေရည်၊ နင့်ကိုဆုံးရှုံးရရင်ငါလည်းသေသွားနိုင်တယ်ဆို တာ ခုနလေးတင်ပဲငါနားလည်သွားတယ်၊ နင့်ဆီကချစ်တယ်ဆိုတဲ့စကားကလွဲရင်ကျန်တာမကြားချင် ဘူးရွှေရည်ရာ”
သူအကြပ်ကိုင်နေတာလား၊ အချစ်ဓါးပြတိုက်နေတာလား သူ့ကိုယ်သူမဝေခွဲတတ်တော့။ အဓိကတော့ သူမ ဆီကအဖြေရဖို့ပဲအာရုံရောက်နေမိတော့၏။
“တကယ်လိုများ အခုချိန်မှာပဲဖြစ်ဖြစ်၊ နောင်တစ်ချိန်မှာပဲဖြစ်ဖြစ် နင်ငါ့ကိုမချစ်ဘူးလို့ပြောဖို့များစိတ် ကူးရှိတယ်ဆိုရင် ဒီတောင်ပေါ်ကနေငါ့ကိုတစ်ခါတည်းတွန်းချသွားလိုက်ပါ”
သူမ နှုတ်ခမ်းလေးပကတိအနေအထားကနေ အနည်းငယ် ဟ လာသည်။ အံအားသင့်သွားတဲ့ပုံစံပင်။ အခုလိုအချိန် အခုလိုအခြေအနေမျိုးမှာ ဒီလိုစကားမျိုးကြားရမယ်လို့ သူမဘယ်ထင်ထားပါ့မလဲ။
“အာ….အဓိပ္ပါယ်မရှိတာငဇော်ရာ၊ နင့်ကိုငါဒီတောင်ပေါ်ကနေဘယ်လိုလုပ်တွန်းချရက်ပါ့မလဲ”
အဲဒီစကားက သူအခွင့်ကောင်းယူဖို့အတွက်အကောင်းဆုံးသောအထောက်အပံ့ဖြစ်ခဲ့လေသည်။
“ဟင်….ဒါဆို….ဒါဆို….နင်ငါ့ကိုချစ်တယ်ပေါ့ ရွှေရည်၊ ဟုတ်လား”
သူမအနားဆီကို အနီးကပ်ဆုံးဖြစ်အောင်ရွှေ့လိုက်လေ၏။ စကားသံတိတ်ဆိတ်နေတဲ့တစ်ခဏပေါ့။
“ပြောပါရွှေရည်ရဲ့၊ နင်ငါ့ကိုချစ်တယ်လို့”
“အာ…ငါ…ငါ…”
“ရတယ်၊ နင်စိတ်လှုပ်ရှားနေတယ်ဆိုလည်း ခေါင်းပဲညိတ်ပြရွှေရည်ရာ၊ နင်င့ါကိုချစ်တယ်မှလား”
သူမ ရဲ့တွေဝေမှုကိုတော့ ခဏတာမျှစောင့်လိုက်ရသည်။ အဲဒီနောက်ပိုင်းမှာတော့….သူမရဲ့ခေါင်း ညိတ်လက်ခံမှုကို သူကျေနပ်စွာလက်ခံရရှိလိုက်လေသည်။
“ဟေး” လို့အော်ကာ သူမကိုကောက်ယူပွေ့ချီလိုက်မိတော့၏။ သူမရဲ့ခန္ဓာကိုယ်လေးကသူ့လက်ထဲပေါ့ ပါးစွာပါလာလေသည်။
Xxxxxxxxxxxxxxxxxxxxxx