(၂၄)
သူမ ဆီကအချစ်ကိုတရားမျှတစွာရရှိခဲ့တာမဟုတ်မှန်း သူ့စိတ်ထဲမှာသိနေသလိုပဲ သူမလည်းသိမှာ သေချာပါသည်။ အဲဒီအတွက်တစ်ခါတစ်လေမှာလိပ်ပြာမလုံဖြစ်မိပေမယ့် သူမရဲ့အချစ်ကိုလက်ဝယ် ပိုင်ဆိုင်ရရှိခဲ့ပြီဆိုတဲ့အသိကြောင့်ကျေနပ်ဝမ်းသာရပြန်သည်။
ချောမွေ့ကြည်ဖြူစွာရရှိခဲ့တာမဟုတ်တော့လည်း စတေးမှုနည်းနည်းပါးပါးကိုတော့ရင်ဆိုင်ရသည်။
“ငါတို့ကအခုခဏတာချစ်မယ့် ချစ်သူတွေမဟုတ်ဘူးလေ၊ တစ်သက်တာလုံးလက်တွဲဖို့အတွက်နင့်ကို ငါချစ်ခဲ့တာပါရွှေရည်ရာ၊ အဲဒါကို ငါတို့ရဲ့အချစ်ဆုံးသူငယ်ချင်းကျော်ကျော်ကိုတော့ဖွင့်ပြောသင့်တယ် လို့ငါထင်တယ်၊ သူကလည်းနင့်ကိုချစ်ခွင့်ပန်ထားတဲ့သူဆိုတော့ နောက်ဆုတ်လို့ရအောင်…”
သူတို့နှစ်ယောက်ရဲ့အခြေအနေကို ကျော်ကျော့်ကိုဖွင့်ပြောဖို့အတွက် သူမငြင်းဆန်ခဲ့ပါသည်။
“ဟင့်အင်း၊ ငါမပြောချင်ဘူး၊ အားလုံးကိုပြောရင်တောင်ကျော်ကျော်တစ်ယောက်ကိုတော့ငါမသိစေ ချင်ဘူး”
ဘာကြောင့်လဲ ဆိုတာသူမမေးသင့်မှန်းသိပေမယ့် မေးလိုက်မိပါသည်။ ပြန်ကြားရသောအဖြေကသူ ထင်ထားသလိုမဟုတ်တဲ့အတွက်ကြောင့် ရွှေရည့်ကိုသူကျေးဇူးတင်ရသည်။
“သူ့ကိုငါပုံပြင်တွေပြောထားတယ် ငဇော်”
“ဘယ်လို ပုံပြင်လဲဟင်”
“သူ ငါ့ကိုချစ်တယ်ပြောတိုင်း ငါလိုချင်တဲ့အနေအထားရောက်အောင်ကြိုးစားလို့ပေါ့”
အဲဒီစကားဘာကြောင့်ပြောတာလဲဆိုတာ သူမအပြင် ကျွန်တော်ရောကောင်းကောင်းသိပါသည်။ ကျွန် တော်တို့နှစ်ယောက်လုံး ကျော်ကျော့်ကိုအခုလိုအခြေအနေမျိုးကနေလွတ်မြောက်စေချင်သည်။ ကိုယ့် သူငယ်ချင်းကိုတော့ အမြင့်ဆုံးမှာရောက်စေချင်တဲ့စိတ် သူတို့နှစ်ယောက်လုံးဆီမှာကိန်းအောင်း နေခဲ့ တာပင်။
“နင် သူ့ကိုဘယ်အချိန်အထိ..”
အဲဒါတော့ သူမေးသင့်တယ်လို့ထင်ပါသည်။
“ငါတို့လက်မထပ်ခင်အထိပေါ့”
အဲဒီစကားလေးကချိန်မြိန်လိုက်တာ။ ငါတို့လက်မထပ်ခင်အချိန်အထိတဲ့။
“သူ့ရှေ့ရောက်ရင် ငါတို့ချစ်သူမဖြစ်သေးသလို၊ နင့်ကိုရော သူ့ကိုပါငါအဖြေမပေးရသေးသလိုပုံစံ နေပေးပါ ငဇော်ရာ၊ နော်…ကျော်ကျော့်အတွက်စိတ်ချရတဲ့အနေအထားတစ်ခုအထိရောက်အောင် ငါ တို့ စိတ်ခွန်အားပေးကြမယ်”
“အဲဒီစိတ်ခွန်အားက ဘယ်လောက်အတိုင်းအတာထိ ထိရောက်မယ်လို့နင်ထင်လဲ”
“ထိရောက်တယ်လို့ငါမမျှော်လင့်ပါဘူးဟာ၊ ဒါပေမဲ့ သူသွားနေတဲ့လမ်းကြောင်းကိုအဟန့်အတားဖြစ် စေမယ့် စူးငြောင့်ခလုတ်တစ်ခုမဖြစ်စေချင်တာတော့အမှန်ပဲ၊ အဲဒါကြောင့်ပါ”
သူမ ရဲ့ကျော်ကျော့်အပေါ်ထားတဲ့စေတနာတွေက သူ့ထက်အဆပေါင်းများစွာပိုမှန်းတစ်ဖြည်းဖြည်းနဲ့ နားလည်လာခဲ့သည်။ သူတို့နှစ်ယောက်တည်း (ကျော်ကျော်မသိအောင်) တွေ့ဖြစ်ကြရင် ကျော်ကျော့် အကြောင်း မပါမဖြစ်ပြောတတ်ကြသည်။ တစ်ခါတစ်လေမှာ သူမနာလိုချင်စရာကောင်းလောက် အောင်လည်း သူမ ကကျော်ကျော်အကြောင်းပြောတတ်လေသည်။
“မနက်က ကျော်ကျော်ဂုံးဟင်းတွေလာပေးသွားတယ်၊ သူကိုယ်တိုင်ချက်ထားတာတဲ့လေ၊ မြောက်ဦး မှာ ဒီလိုမျိုးဂုံးရဖို့ကမလွယ်ဘူး၊ လေညှင်းတောင်ကနေတကူးတကမှာပြီးချက်ထားတာတဲ့၊ သနားပါ တယ် ငါ့ သူငယ်ချင်းလေး” ဆိုပြီးအကြင်နာတွေပိုပြတတ်သည်။
သူတို့နှစ်ယောက် ဆိုင်တစ်ဆိုင်မှာထိုင်လို့ စားသောက်နေကြပြီဆိုရင်လည်း ကျော်ကျော်အကြောင်း ကို ညည်းတတ်သည်။
“အင်း ငါတို့ကအခုလိုစားနိုင်သောက်နိုင်ချိန်မှာ ကျော်ကျော်ကတော့ ရုန်းကန်လှုပ်ရှားရင်းပင်ပန်းနေ မှာပဲနော်”
“အေး ငါတို့ကရော အလုပ်မလုပ်လို့လား”
ဆိုပြီးတော့ ရွဲ့ပြောတာကို သူမကမျက်စောင်းလေးလှမ်းချီပြီး “ဟဲ့ ငါတို့ကသူ့ထက်စာရင်သာသာယာ ယာလုပ်နိုင်တယ်လေ၊ သူ့လိုမျိုး အလုပ်မျိုးစုံ လုပ်ရတာမှမဟုတ်တာ” ဆိုပြီးပြန်ရန်တွေ့တတ်သည်။
တစ်ခါတစ်လေတော့လည်း ကိုယ့်ချစ်သူက ကိုယ့်ထက်ပိုပြီးတစ်ခြားတစ်ယောက်ကို သတိရနေတဲ့ အဖြစ်ကို ခံစားရတာပေါ့။ သူမ ဆီကအချစ်ကိုမတရားနည်းနဲ့ရခဲ့တယ်ပဲဆိုဆို၊ သူမ သူ့ကိုတကယ် မချစ်ဘူးပဲဆိုဆို လက်ရှိအချိန်မှာ သူမက သူ့ချစ်သူပဲလေ။
“ငါ တစ်ခါတစ်လေ ဝမ်းနည်းမိတယ် ရွှေရည်”
မခံနိုင်တော့တဲ့နေ့ရက်တစ်ချို့မှာသူမ ကိုရင်ဖွင့်ဖြစ်ပါသည်။
“ဘာကိုလဲ”
“ငါ နင့်အပေါ်ထားတဲ့အချစ်နဲ့တူညီတဲ့တုန့်ပြန်မှုမျိုးမရဘူးလို့ငါခံစားရလို့”
အဲဒီလိုပြောလိုက်လို့ သူမ မျက်နှာလေးညှိုးငယ်သွားတာကိုတော့သတိပြုမိသည်။ သူစိတ်မကောင်းပါ။ ချစ်သူငြိုငြင်မယ့်အဖြစ်အပျက်မျိုးသူမဖန်တီးချင်ပါ။ အခုဟာကသူခံစားရလွန်းလို့။
“နင် ငါ့ကိုချစ်နေတာလိုတာထက်ပိုလို့နေမှာပေါ့”
ဆိုပြီး ရယ်ကျဲကျဲလုပ်ကာပြန်ပြောတော့ သူပြုံးမိသည်။
“ဟုတ်မယ်ထင်တယ်”
သူမ ပါးလေးကိုလိမ်ဆွဲလိုက်ပြီး ဝမ်းနည်းနေသောစိတ်တွေဖြေဖျောက်ရပါသည်။
သူမ ရန်ကုန်မှာဧည့်လမ်းညွှန်သင်တန်းတက်ဖို့စီစဉ်နေတော့ သူ့အလုပ်ကိုလည်းရန်ကုန်မှာပြောင်းလို့ ရအောင် စီစဉ်ရသည်။
သူတို့နှစ်ယောက်လုံးရန်ကုန်မှာအလုပ်လုပ်ပြီး မင်္ဂလာဆောင်ဖို့အတွက်ပိုက်ဆံရှာဖို့သဘောတူညီမှုရရှိ ခဲ့ကြသည်။ တကယ်တမ်းမှာတော့ မင်္ဂလာဆောင်မယ်၊ ချစ်သူနဲ့အတူသွားအတူလာမယ်ဆိုတဲ့သမား ရိုးကျ အဖြစ်အပျက်တွေအားလုံးမှာ သူမရဲ့စိတ်ပါဝင်စားမှုကပုံမှန်ထက်အဆပေါင်းများစွာလျော့ကျ နေမှန်း သူအသိဆုံးပါ။
အတတ်နိုင်ဆုံးမသိချင်ယောင်ဆောင်ပေးခဲ့သည်။ သူမ ဆုံးဖြတ်ရခက်စေတဲ့အဖြစ်အပျက်တွေကို သူက ဦးဆောင်ပြီးဆုံးဖြတ်ခဲ့သည်။ စီစဉ်ခဲ့သည်။ ဒီလိုမှမလုပ်ရင် အခွင့်အရေးတွေဆုံးရှုံးရတော့မည်။ သူမ သူ့ကိုချစ်တယ်ဆိုပြီးသူဇွတ်မှိတ်ယုံကြည်ထားသည်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အမူအရာတွေဘာပုံစံ ပဲဖြစ်နေဖြစ်နေ သူ့ကိုသူမချစ်တယ်ပဲ သူအတင်းဇွတ်ယုံကြည်ထားလေသည်။
ရန်ကုန်မှာ ဧည့်လမ်းညွှန်သင်တန်းသွားတက်မယ်ဆိုတာကလည်း သူနဲ့ဝေးအောင်များစီစဉ်တာလား ဆိုပြီးသံသယဖြစ်မိခဲ့သေးသည်။
“ငါ ဒီအခြေအနေနဲ့ဧည့်လမ်းညွှန်အဖြစ်အသက်မွေးဝမ်းကျောင်းပြုဖို့မလုံလောက်သေးဘူးငဇော်၊ သင် တန်းတွေထပ်တက်ဖို့လိုအပ်နေတယ်”
“နင် ဘယ်လောက်ကြာမှာလဲ”
“အနည်းဆုံးတော့တစ်နှစ်လောက်ပေါ့၊ ငါလိုချင်တဲ့အနေအထားရောက်မှ ငါမြောက်ဦးပြန်လာဖို့စီစဉ် မယ်၊ ရန်ကုန်မှာကသင်တန်းစုံတယ်၊ ဖြစ်နိုင်ရင် ဒီပလိုမာတစ်ခုခုလောက်တော့ရအောင်တက်ချင် သေးတယ်”
“အင်း နင့်သဘောပါ၊ ဒါပေမဲ့ ငါလည်းရန်ကုန်ကိုလိုက်ချင်တယ်”
“ဘာအတွက်လဲ”
“ငါ နင်နဲ့မခွဲနိုင်ဘူးရွှေရည်၊ နင့်ကိုအဲဒီလိုမြို့ကြီးပြကြီးမှာတစ်ယောက်တည်းနေစေဖို့အတွက်လည်း ငါ လုံးဝစိတ်မချနိုင်ဘူး”
တကယ်တော့ သူမ က သူနဲ့ဝေးအောင်ဖန်တီးကောင်းဖန်တီးနိုင်တယ်လို့ယူဆထားပေမယ့် ကျော် ကျော်နဲ့ဝေးရမှာကိုတော့ သူကျေနပ်မိပါသည်။ သူက သူမနောက်ကိုကြံဖန်ပြီးလိုက်နိုင်သည်။ ပိုပြီး နီး စပ်ခွင့်ရဖို့ကြိုးစားနိုင်သည်။ ကျော်ကျော်ကတော့ သူနဲ့ယှဉ်ရင်အဲဒီအခွင့်အရေးတွေမဖန်တီးနိုင်ပါ။
အဲဒါကိုပဲ သူကျေနပ်သည်။ ကျော်ကျော်မသိအောင် ရန်ကုန်ကိုလိုက်လာနိုင်ခဲ့၏။ မသွားခင်ကတည်း က သူနဲ့ကျော်ကျော်တို့ ပြသနာတက်ထားတာမို့ သူရန်ကုန်ကိုလာတာကျော်ကျော်မသိခဲ့ပါ။
“ကျော်ကျော်ရန်ကုန်ရောက်နေတယ်” လို့ သူမ ပြောလာတော့ အံအားသင့်မိခဲ့သည်။
“သူရောက်နေတာကြာပြီဟ၊ ငါလိုချင်တဲ့အနေအထားကိုမရောက်သေးလို့လာမတွေ့တာတဲ့၊ သူ့ အခြေ အနေက အရင်ကလိုမဟုတ်တော့ဘူး၊ အများကြီးပြောင်းလဲသွားပြီ”
သူမက ကျော်ကျော့်အကြောင်းပြောလာတော့ ရွှင်လန်းတက်ကြွနေတဲ့သူ့စိတ်တွေညှိုးနွမ်းသွားရသည်။ စိတ်ပင်ပန်းသွားရသည်။
“အော်” လို့သာ ခပ်တိုးတိုညည်းနိုင်သည်။
“နင် ဝမ်းမသာဘူးလား ငဇော်၊ ငါဖြင့် သိပ်ဝမ်းသာတာပဲဟာ၊ သူ့အခြေအနေက သူ့ဘဝတစ်လျှောက် လုံးမှာ အကောင်းဆုံးအခြေအနေဖြစ်နေပြီ”
သူမ ရဲ့ပြုံးပျော်နေတဲ့ အဲဒီမျက်နှာလေးကိုငေးမိနေရုံမှအပ ဘာမှမပြောနိုင်တော့ပြီ။
“ဟင် လို့၊ ငဇော် နင် ငါတို့သူငယ်ချင်းအတွက်ဝမ်းမသာဘူးလား”
“အေး၊ အေး ငါဝမ်းသာပါတယ်ဟာ”
သူ့အသံတိုးလျနေမှန်းသူမ မသိဘဲမနေပါ။ “နင် ဘာဖြစ်နေတာလဲ” ဆိုပြီးတော့လှမ်းမေးတော့သူ့မှာ ပြောစရာ အဆင်သင့်။
“သူ နင့်ဆီကအဖြေတောင်းတဲ့အခါ နင်ဘယ်လိုပြန်ဖြေမလဲ ဟင်”
“နင်က အဲဒါကို စိတ်မချဖြစ်နေတာကိုး”
“ဟုတ်တယ် ရွှေရည်၊ နင့်ကိုငါခဏခဏပြောခဲ့သလိုပါပဲ၊ ငါနင့်ကိုအရမ်းချစ်တယ်၊ လက်လွှတ်ဆုံးရှုံး မခံနိုင်ဘူးဟာ”
ရွှေရည့်ကိုလက်ဝယ်ပိုင်ဆိုင်ရပြီးမှ ဆုံးရှုံးရရင်သူပိုပြီးနာကျင်ရပါလိမ့်မည်။ သူ့အဖြစ်က လက်ဝယ်ရှိပြီး သားကိုယ်ပိုင်ပစ္စည်းတစ်ခုကို သူများယူသွားမှာစိုးရိမ်နေရတဲ့အဖြစ်။
“နင်ကလည်း..”
သူမ ပုံစံကြောင့် သူပိုလို့တောင်စိတ်မချဖြစ်ရသည်။ ကိုယ့်ချစ်သူတစ်ယောက်လုံးဘေးမှာရှိနေရက် သားနဲ့ ကျော်ကျော့်ကိုတမ်းတနေတာ သူမသိဘဲနေပါ့မလား။ သိတာပေါ့။ ရိပ်မိတာပေါ့။
“ဟုတ်တယ် ၊ ငါကြောက်နေတယ် ရွှေရည်”
သူ့ရင်ထဲပူလောင်နေတယ်ဆိုတာ ချစ်သူသိစေချင်သည်။ ဒါပေမဲ့ ချစ်သူစိတ်ပင်ပန်းမှာ စိတ်ငြိုငြင်မှာ လည်း သူမလိုလားပြန်ပါ။
“နင်နဲ့လက်ထပ်ဖို့အထိစီစဉ်ထားပြီးမှ၊ အစီအစဉ်တွေချပြီးရန်ကုန်လာတာအချိန်တော်တော်ကြာခဲ့ပြီး မှ နင်ကဘာလိုစိုးရိမ်နေတာလဲ ငဇော်ရယ်”
ဒါပေမဲ့ ဒါပေမဲ့…သူစိုးရိမ်နေခဲ့ပါသည်။ သူတို့နှစ်ယောက်ကြားမှာ အတားအဆီးတစ်ခုခုရှိနေမည်မှန်း သူ့စိတ်ထဲ အလိုလိုသိနေခဲ့ခြင်းပင်။
ကျော်ကျော်ရန်ကုန်ကိုရောက်လာပြီးနောက်ပိုင်း ရွှေရည့်ရဲ့ပုံစံတွေအစစအရာရာပြောင်းလဲလာတယ် ဆိုတာ သူသတိထားမိလာခဲ့လေသည်။ အာရုံကသူ့ဆီမှာရှိမနေပါ။ ကျော်ကျော်မှကျော်ကျော်ဖြစ်လာ သည်။ သူအတင်းဇွတ်မှိတ်ယုံကြည်ခဲ့သောသူ့ချစ်သူဟာ သူ့ထက်ပိုပြီးကျော်ကျော်ကိုချစ်မှန်းသူနား လည်ပြီးရင်း နားလည်လာခဲ့လေ၏။
“ငါဘာလုပ်သင့်လဲ”
အဲဒီမေးခွန်းကိုထပ်ခါထပ်ခါ နေ့စဉ်နဲ့အမျှမေးနေမိသည်။ ကိုယ့်ချစ်သူရဲ့ချစ်ခြင်းကကိုယ့်ဆီမှာမရှိ တဲ့အခါ၊ တစ်ခြားတစ်ယောက်ဆီကိုရောက်နေတယ်ဆိုတာသေချာသွားတဲ့အခါ…သူဘာလုပ်သင့်သ လဲ ဆိုတာ နားလည်သည်ထက်နားလည်လာခဲ့လေသည်။
သူ အတ္တကြီးဖို့တော့ကြိုးစားခဲ့ပါသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှေရည့်ကိုသူပိုင်ဆိုင်ရမယ်လို့။ ဒါပေမဲ့ သူမရဲ့အချစ်ကိုမပိုင်ဆိုင်ရမှန်းသိရက်နဲ့ သူမဘဝကိုရယူရမှာတော့ စိတ်ထိခိုက်ရပါသည်။ သူရွှေရည့် ကိုလက်လွှတ်ဆုံးရှုံးဖို့ဆုံးဖြတ်လိုက်မိတာက ကျော်ကျော့်ကို နှုတ်ဆက်ပြီး သူတို့နှစ်ယောက်ရခိုင်ကို ပြန်ပြီး မင်္ဂလာဆောင်အတွက်စီစဉ်မယ့်ကာလအတွင်းမှာဖြစ်သည်။
သူလုပ်သင့်တဲ့အလုပ်လို့ ကိုယ့်ကိုကိုယ်ဆုံးဖြတ်ခဲ့တာပင်။
Xxxxxxxxxxxxxxxxxxxxxx