(၆)
အဲဒီနေ့က ဗြုတ်ချောင်းစျေးနေ့၊ သူစျေးသွားရောင်းရတဲ့နေ့ဖြစ်သည်။ အခင်းထဲမှာဖရဲသီးတွေအ ပြိုက်ပြိုက်မှည့်နေကြပြီမို့ ဝယ်သူမစောင့်တော့ဘဲစျေးနေ့ကြုံတုန်းရောင်းရတာဖြစ်သည်။ နှစ်တိုင်းဆို ဦးမိုးသီးကအခင်းလိုက်ကြိုဝယ်သူတွေဆီရောင်းတတ်ပေမယ့် ဒီနှစ်ကတော့ဝယ်လက်စောင့်ရောင်း တာကြောင့် အသီးတွေရောင်းချိန်တန်လို့ဝယ်သူရောက်မလာတဲ့အပတ်ဆို စျေးနေ့မှာသွားရောင်းပေး ရသည်။ ရောင်းလို့ရတဲ့ပိုက်ဆံတစ်ချို့တစ်ဝက်ကိုသူ့ကိုခွဲပေး၏။
မနက်ငါးနာရီကတည်းကထပြီး ဖရဲသီးတွေလှေပေါ်အပြည့်တင်ပြီးစျေးရှိရာဆီကိုထွက်လာခဲ့လေ သည်။ သီချင်းတစ်အေးအေး လေတဖြူးဖြူးနဲ့ဝေလီဝေလင်းအချိန်ကကဗျာဆန်လှ၏။ ဗြုတ်ချောင်း ဘက် ကမ်းရောက်တော့ စျေးထဲမှာနေရာအရင်သွားရှာပြီး လှေပေါ်ကဖရဲသီးတွေ ထမ်းသယ်ပြီး ချရောင်းရုံပင်။ အလုံးအကြီးအသေးအပေါ်မူတည်ပြီးစျေးနှုန်းသတ်မှတ်လိုက်သည်။ သူများတွေထက် နည်းနည်းလောက်သက်သာအောင် သတိထားရောင်းရ၏။ စောစောရောက်တော့စောစော ရောင်းရ တယ်ဆိုပေမယ့် တစ်ချို့တွေကစျေးကွဲချိန်ကိုတမင်လာ ရောင်းစျေးထက်မတန်တဆနှိမ်ပြီး ဝယ်ချင် ကြသည်။ စျေးလည်းသိမ်းတော့မယ် အသီးတွေကိုပြန်မသယ်ချင်တော့တဲ့သူတွေ အတွက် တော့ ရရာစျေးနဲ့ရောင်းလိုက်ရတာပေါ့လေ။
စျေးကွဲချိန်နီးတော့ အဲဒီလိုမျိုးစျေးနှိမ်ဝယ်မယ့်သူတစ်ယောက် သူ့ဆီရောက်လာသည်။ မထူးတော့တဲ့ သဘောနဲ့ သူစျေးနည်းနည်းပိုတောင်းရောင်းလိုက်၏။ ဦးမိုသီးကတော့ဘာမှပြောမှာမဟုတ်။ သူ့ကို တော့ယုံကြည်ပုံရသည်။
“မင်းကျောင်းဆက်တယ်မယ်လို့ မင်းအမေကပြောလိုက်တယ် ဟုတ်လား ကျော်ကျော်”
ကိုင်းကိုပြန်ရောက်တော့ ဦးမိုးသီးကမေးသည်။
“ဟုတ်”
“မင်းအမေယောကျင်္ားကရော ဘယ်လိုသဘောရှိလဲ”
“ဘယ်ထားချင်ပါ့မလဲ ဦးလေးရာ၊ ပိုက်ဆံကုန်မှာကြောက်မှာပေါ့”
“အဲဒါကြောင့် မင်းကအလုပ်လုပ်ပြီးကျောင်းစားရိတ်ရှာနေတာလား”
သူခေါင်းညိတ်ပြလိုက်တော့ ဦးမိုးသီးသက်ပြင်းချပါသည်။ ဖရဲသီးရောင်းလို့ရတဲ့ငွေတွေကိုရေရင်းသူ့ကို ဂရုဏာသက်စွာကြည့်သည်။
“ရော့ မင်းအတွက်”
တစ်ထောင်တန်အထပ်ထူထူကိုတွေ့တော့ သူမျက်လုံးပြူးသွားလေသည်။
“ဦးလေး ဒါက”
“မင်းလုပ်ခလေ ကျောင်းတက်ဖို့ရအောင်လို့ ဦးလေးကပိုပေးတာ”
“ဗျာ”
သူ အံသြစွာနဲ့မျက်ရည်လည်မိသည်။ နှစ်သောင်းလောက်တောင်ရှိမလားပဲ။ သူမနက်ကဖရဲသီးသွား ရောင်းတာအဲလောက်တောင်မရခဲ့ပါ။ ဝမ်းသာလိုက်တာ။ အမေ တော့ပျော်မှာပဲ။
“ဝမ်းသာလိုက်တာဦးလေးရာ”
“အေးပါ၊ မင်းအရင်စုထားတဲ့လုပ်ခတွေလည်းငါပေးဦးမှာ ဒီပိုက်ဆံကဖရဲသီးရောင်းလို့ရတဲ့ငွေတွေနဲ့ မင်းစေတနာတွေအတွက် သပ်သပ်ဂုဏ်ပြုတာ၊ အော် နေဦး၊ ဟိုမှာငါဒီမနက်ခူးထားတဲ့ ဖရဲသီးဆယ် လုံးအလုံးနှစ်ဆယ်လောက်ရှိတယ်၊ အဲဒါသွားပေးပေးဦး၊ ဟိုဖက်ကိုင်းဆီကို”
ဟိုဖက်ကိုင်းဆီ ဆိုတာကအကျဉ်းသားများအလုပ်လုပ်ရာနေရာကိုဆိုလိုတာဖြစ်သည်။ ကိုင်းတွေကအဲ လိုမျိုးဖရဲသီးတွေပိုနေတာမျိုး၊ တစ်ခြားစားစရာတစ်ခုခုလုပ်စားကြတာမျိုးဆိုရင်တော့ အဲဒီနေရာကို တကူးတကချန်ပြီးသွားပေးတတ်ကြသည်။
“ဦးလေး၊ ကျွန်တော် ဒါသွားပေးပြီးလို့ညနေစောင်းရင် အမေ့ဆီခဏပြန်မယ်နော်၊ ပိုက်ဆံပြန်အပ်ချင် လို့”
“အေး အေး၊ လှေယူသွားလေ”
“မယူတော့ဘူး၊ ကိုင်းမှာအသုံးလိုရင်လိုမှာပေါ့၊ ကျွန်တော်လှေကြုံနဲ့လိုက်သွားလိုက်မယ်”
သူအရမ်းပျော်နေခဲ့သည်။ ပိုက်ဆံဒီလောက်အများကြီး သူ့ဘဝမှာတစ်ခါမှမရဖူးပါ။ သူ့အပျော်တွေ အကျဉ်းသားတွေဆီကိုတောင်ကူးစက်သွားခဲ့သည်။ ကိုင်းတဲကိုရောက်တာသိပ်မကြာသေးဘူးဆိုပေ မယ့် ဒီကအကျဉ်းသားတွေနဲ့သူနဲ့ တော်တော်လေးခင်မင်ရင်းနှီးနေကြပြီဖြစ်သည်။
တစ်ဖက်ကမ်းဆီကရွှံတွေသယ်၊ ဒီဖက်ကမ်းရောက်တော့အဲဒီရွှံတွေကိုသမအောင်နယ်တဲ့သူကနယ်၊ ပုံစံခွက်ထဲထည့်တဲ့သူကထည့်၊ အုတ်ပုံစံရလာတဲ့အခါမှာတော့ နေပူထဲသွားလှမ်းသူကလှမ်းနဲ့ ကိုယ့် တာဝန်ကိုယ်စီနဲ့ ပုံမှန်လည်ပတ်နေတဲ့အကျဉ်းသားတို့ရဲလုပ်ငန်းခွင်လေး။ ဒီဖက်ကမ်းမှာအုတ်တွေကို လုပ်၊ နေလှမ်း၊ ခြောက်လာရင်ဖုတ် ပြီးရင်ဟိုဖက်ကမ်းဆီသယ်သွားတဲ့အလုပ်ကို လုပ်ကိုင်လည်ပတ် နေကြတာဖြစ်သည်။ နေ့စဉ်ကိုယ့်တာဝန်တွေကိုယ်စီခွဲဝေပေးတာမျိုးကို တန်းစီးအစ်ကိုကြီးက ဦးဆောင်လုပ်ပေးလေသည်။
သူတို့တစ်နေ့တာလုံးအလုပ်လုပ်တဲ့ပုံစံအားလုံးကို သူကမှတ်မိနေသည်။ ကိုင်းမှာရောက်နေတဲ့သူတို့ လိုအရွယ်လူငယ်တွေ၊ သူတို့ထက်ငယ်တဲ့ကလေးတွေက အချိန်ရရင်ရသလို ဒီလုပ်ငန်းခွင်ထဲကိုလာ ကြည့် အကျဉ်းသားတွေနဲ့လက်ပွန်းတတီးနေထိုင်တတ်ကြသည်။ ကိုယ့်ဖရဲခင်းကထွက်တဲ့အသီးအနှံ တွေကိုကိုင်းရှင်တွေကလာပေးခိုင်း၊ အကျဉ်းသားတွေကလည်းကလေးတွေကိုကျေးဇူးတင်ပြီးအား ရင်အားသလို စကားလေးတွေအပြန်အလှန်ပြောကြနဲ့ အပျင်းဖြေကြသည်။
ရယ်စရာအရမ်းပြောပြီး သဘောအကောင်းဆုံးကတော့ ရွှံနယ်တဲ့နေရာကအစ်ကိုကြီးကောင်းဆိုသူဖြစ် သည်။ အားလုံးကကိုကြီးကောင်းလို့ချစ်စနိုးခေါ်တတ်ကြပြီး နာမည်အရင်းကိုတော့သူမသိပါ။ အလုပ် လုပ်ရင်သီးချင်းတစ်အေးအေးနဲ့မှန်မှန်လေးလုပ်တတ်ပြီး အကျဉ်းသားအချင်းချင်းစလိုက်နောက်လိုက် နဲ့ ရရဘဝမှာပျော်အောင်နေပုံရသည်။ ကိုကြီးကောင်းပြီးရင်တော့ သဘောအကောင်းဆုံးနောက်တစ် ယောက်ကတော့ ကိုတန်းစီးပဲဖြစ်သည်။ အရပ်ပုပု၊ မင်းသားဒွေးပုံစံမျက်နှာ၊ မျက်ခုံးတွေနဲ့ ကိုတန်းစီး ပုံစံက စိတ်နည်းနည်းဆတ်သည်။ တနင်္ဂနွေလိုနေ့မျိုးဆိုရင်တော့ သူတို့ရဲလုပ်ငန်းခွင်ကိုစောသိမ်း တတ်ကြပါသည်။ အဲဒီအချိန်ကတော့ ပျော်ဖို့အကောင်းဆုံးအချိန်ပေါ့။ အလုပ်စောသိမ်းတယ်ဆိုပေ မယ့် အကျဉ်းထောင်ရှိရာဆီကိုစောစောမပြန်ကြပါ။ သီချင်းတွေဆို ကခုန်ပြီးမှပြန်ကြသည်။ တစ်လ တစ်ခါ အဲဒီနေ့ကိုဆံပင်ညှပ်နေ့အဖြစ်သတ်မှတ်ကြပြီး ဆံပင်ညှပ်တတ်တဲ့အကျဉ်းသားနှစ်ယောက် လောက်က အားလုံးကိုဆံပင်ညှပ်ပေးသည်။ သူတို့လိုကိုင်းတဲထဲကကလေးတွေလည်း ဆံပင်ညှပ်ချင် ရင်ဝင်ညှပ်လို့ရသည်။ သူတောင်တစ်ခါဝင်ညှပ်လိုက်သေး၏။
“ဘယ်လိုပုံစံညှပ်ချင်လဲ”
ဆံပင်ညှပ်တဲ့အစ်ကိုကြီးက သူ့ကိုမေးတော့သူကလည်းသူသဘောကျတဲ့မင်းသားဆံပင်ကေကိုပြောပြ လိုက်သည်။
“ရီဝေယံကေ”
“ရီဝေယံ ကေကဘယ်လိုပုံစံလဲ”
“အာ…အစ်ကိုကြီးကလည်း ညံ့လိုက်တာ၊ ရီဝေယံကေတောင်မသိဘူးလား၊ အရှေ့ကအရှည်နဲ့ဘေး တွေက ခပ်ပါးပါးရိပ်ရိပ်ကလေးတွေလေ”
ရီဝေယံကို သူမသိဘူးဆိုပေမယ့် သူညှပ်ပေးတဲ့ဆံပင်ကေကဗွီဒီယိုထဲကရီဝေယံကေနဲ့တော်တော်တူ လှပါသည်။ အဲဒီနောက်ပိုင်းဆံပင်ညှပ်ရင်ရွာထဲမှာသွားမညှပ်တော့ဘဲ အကျဉ်းသားတွေညှပ်တဲ့နေ့မှာ ရောညှပ်ဖို့ သူစိတ်ကူးလိုက်သည်။ ငွေကုန်ကြေးကျလည်းသက်သာတာပေါ့လေ။
“အာ…ကျော်ကျော်လာတယ်ဟေ့၊ ဖရဲသီးတွေနဲ့ပါလား”
အဲဒီနေ့က သူရောက်သွားတော့နေ့လည်စောင်းပြီဖြစ်သည်။ ကိုတန်းစီးကအလုပ်လုပ်နေကြတာကို ကြီးကြပ်နေရာမှ လှမ်းနှုတ်ဆက်သည်။
“ဟုတ်တယ် ကိုတန်းစီး၊ ဖရဲသီးတွေလာပေးတာ၊ ကျန်ခဲ့သေးတယ်၊ ဘယ်မှာထားရမလဲ”
“အေး၊ ငါ့တဲပေါ်ကိုထားခဲ့၊ များသေးလား တစ်ယောက်ထည့်ပေးရမလား”
“ဟုတ်၊ များသေးတယ် အလုံးနှစ်ဆယ်လောက်ရှိမယ်”
“တယ်ဟုတ်ပါလား၊ အေး တစ်ယောက်ထည့်ပေးမယ် ၀ိုင်းသယ်ဖို့၊ ညနေမင်းရဲ့ဖရဲသီးစားပြီးငါတို့ပွဲ လေးဆင်နွဲလို့ရတာပေါ့”
“ဗျာ၊ ပွဲရှိတယ် ဟုတ်လား”
“အင်း၊ ဒီနေ့စောသိမ်းရမယ်လေ”
“ဟာ၊ ဟုတ်လား ပျော်စရာကြီး ကျွန်တော်ရောပါမယ်လေ”
ပွဲဆိုတာကတော့ ဂီတာတီးပြီးသီချင်းဆိုကြမယ့် အစီအစဉ်ကိုပြောခြင်းပင်။ ဂီတာကိုမယ်ဒလင်ပုံစံတီး ပြီး အဆိုကောင်းသူကဦးဆောင်ဆိုသည်။ အတီးကောင်းသူကဒိုင်ခံတီးသည်။ တစ်ခါတစ်လေ အက လေးတောင်ပါလိုက်သေးသည်။ အဆိုကောင်းရင် သီချင်းဝိုင်းတောင်းလို့ရသည်။
သူပုံမှန်တောင်းတတ်တဲ့သီချင်းတစ်ပုဒ်ရှိပါသည်။ သူတို့ရခိုင်ရိုးရာသီချင်းပေါ့။ အဲဒီသီချင်းကိုတော့ ပုဏ္ဍာကျွန်းသား ဦးရောင်နီကကျွမ်းကျွမ်းကျင်ကျင်ဆိုတတ်လေသည်။ “မင်းလေ့ရခိုင် ငါလေ့ရခိုင်” သီချင်း။ ရွာထဲမှာအလှူလုပ်ရင်၊ ပွဲလမ်းသဘင်လုပ်ရင်အမြဲတမ်းလိုလို တီးဆိုတတ်ကြတဲ့သီချင်း။
အဲဒီနေ့ကသူပါ သီချင်းဝိုင်းဆိုရင်းအပျော်ကြီးပျော်ခဲ့လေသည်။
“ကျွန်တော်ကျောင်းတက်ဖို့အတွက် ကိုင်းရှင်ကပိုက်ဆံတွေအများကြီးပေးတယ်ဗျ၊ အဲဒါအရမ်းပျော် တယ်အစ်ကိုရာ”
ကိုတန်းစီးကိုပြောပြဖြစ်သည်။ အနားမှာကိုကြီးကောင်းလည်းရှိတော့ သူ့ကိုပြုံးကြည့်နေကြသည်။ သူ့ရဲ့အပျော်တွေ သူတို့ဆီကိုပါကူးစက်ပြီပေါ့။
“အို အို ရခိုင်ပြည်ကြီးလှပလို့နီရေ…အို အို ဗဟိုစည်တီး နန်းမြို့ကြီးပါဝေ မင်းလေ့သောရခိုင် ရခိုင်သား ဝေး ငါလေ့သော့ရခိုင် ဇာကွာခြားလီလေ ”
နောက်ပြီး အဲဒီနေ့ကကိုကြီးကောင်းက ရွှံ့နဲ့လုပ်ထားတဲ့ ကျွဲရုပ်နှစ်ရုပ် သူ့ကိုလက်ဆောင်ပေးလေ သည်။ ရွှံကောင်းကောင်းနဲ့လုပ်ထားတာမို့ ပြောင်ချောလှပ လက်ရာမြောက်နေလေသည်။
“ကိုကြီးကောင်းက ဒါလုပ်တတ်တယ်ဟုတ်လား”
“အင်း၊ လုပ်တတ်တာပေါ့ ငါကအရုပ်တွေလုပ်ပြီးဘုရားပွဲစျေးတွေမှာလိုက်ရောင်းတာလေ၊ လောက်စာ လုံးလုံးပြီးတော့လည်းရောင်းတယ်၊ ရွှံနဲ့လုပ်တဲ့အရုပ်တင်မကဘူး စက္ကူနဲ့လုပ်တဲ့အရုပ်တွေလည်း လုပ် တတ်တယ်၊ ဒီကျွဲရုပ်ကတော့မင်းကိုပေးချင်လို့မနက်ခဏအချိန်ရတုန်းလုပ်ထားတာ၊ ဒီနေ့မင်းမလာရင် တစ်နေရာမှာဖွက်ထားခဲ့မလို့”
“အရမ်းကြိုက်တယ်ဗျာ၊ ကျေးဇူးတင်လိုက်တာ”
အဲဒီကျွဲရုပ်နှစ်ရုပ်ကိုမြင်လိုက်တာနဲ့ ရွှေရည်နဲ့ငဇော်တို့မျက်နှာပြေးမြင်လိုက်သည်။ သူကြိုက်တဲ့ ပစ္စည်းကို သူအရမ်းခင်ရတဲ့သူငယ်ချင်းနှစ်ယောက်ကိုလက်ဆောင်ပေးချင်တာပေါ့။ ဒီနေ့ ရွာပြန်မှာနဲ့ အတော်ပဲပေါ့။ အဲဒီအချိန်အထိပျော်စရာကောင်းနေခဲ့လေသည်။ ညနေစောင်းတော့လှေကြုံနဲ့ရွာကို လိုက်လာခဲ့၏။ ရွာကိုဖြတ်ပြီးတောထဲဝင်ရမှာဆိုတော့ ပါလာတဲ့ကျွဲရုပ်နှစ်ရုပ်ကိုရွှေရည်တို့အိမ်အရင် ဝင်ပေးခဲ့ဖို့ဆုံးဖြတ်ထားသည်။ ပြီးတော့မှ အမေရှိရာဆီကိုပိုက်ဆံတွေအများကြီးနဲ့ပျော်ရွှင်စွာသွားမည် ပေါ့လေ။ ဒါပေမဲ့…။
Xxxxxxxxxxxxxxxxxxxxxx