(၈)
တောကသိပ်တော့မထူထပ်လှတာမို့ လူသူအရောက်ပေါက်နည်းလှတဲ့နေရာဆီကိုတမင်ရွေးပြေးသည်။ လူမရောက်တဲ့နေရာတွေမှာခြုံနွယ်ပိတ်ပေါင်းထူထပ်နေတော့ ပုန်းရပြုရလွယ်ကူမည်။
“ဟေ့ကောင် မင်းမပြေးနဲ့၊ မိရင်တော့ လူသူမရှိတဲ့ဟောဒီတောထဲမှာ သတ်ပစ်ထားခဲ့မယ် ဘာမှတ်လဲ”
ပြေးခါစမှာ အဲဒီလိုအငြိုးတကြီးနဲ့ပြောပြီး သူ့ကိုမိအောင်လိုက်ဖမ်းပေမယ့် အချိန်နည်းနည်းကြာလာတဲ့ အခါမှာတော့ စကားကောင်းကောင်းမပြောနိုင်တော့ပါ။ မောပန်းလှပြီ။ ဦးလှမောင်ကသူ့ထက်အပြေး သန်ပါသည်။ ဒါပေမဲ့ သူကကြောက်ကြောက်နဲ့ပြေးရတာမို့ ပိုမြန်နေသယောင်။ ပြေးရင်းပြေးရင်းနဲ့ လေသာတောင်ဖက်ဆီကိုရောက်လာခဲ့သည်။
အဲဒီဖက်က တောနည်းနည်းနက်သည်။ အဲဒီတောင်ပေါ်မှာဘုရားရှိတယ်လို့လည်းပြောကြပေမယ့် သူ့ တစ်သက်တစ်ခါမှမရောက်ဖူးသေးပါ။ လေသာတောင်နားကတောအုပ်ဆီကိုပြေးလာခဲ့သည်။ ဦးလှ မောင်သူ့ကိုမျက်ခြေပြတ်လောက်ပြီထင်၏။ နောက်ကိုလှည့်ကြည့်တော့ အရိပ်အယောင်မတွေ့ရ။ သူ ခြုံနွယ်တစ်နေရာကိုကွယ်ယူကာ အမောဖြေလိုက်သည်။ ကွမ်းတစ်ယာညက်လောက်အထိအမောဖြေ ရင်း အသံကိုနားစွင့်နေမိ၏။ ဒါပေမဲ့ ဘာသံမှမကြားရတော့။
“ဟင့်အင်း သူငါ့ကိုမိလို့တော့မဖြစ်ဘူး ပြောတဲ့အတိုင်းငါ့ကိုသတ်ပြီးတောထဲမှာပစ်ထားခဲ့ရင်သွားပြီ၊ ငါသေသွားတာအကြောင်းမဟုတ်ဘူး၊ အမေနဲ့ညီလေးကိုဘယ်သူစောင့်ရှောက်မှာလဲ၊ အဲလူကြီးနဲ့ ထားခဲ့ရင်တော့ အမေတစ်သက်လုံးစိတ်ချမ်းသာရမှာမဟုတ်ဘူး”
ချွေးတွေကိုလက်ဖျံနဲ့သုတ်ရင်း တွေးနေမိသည်။ လက်ထဲမှာကျစ်ကျစ်ပါအောင်ဆုတ်ထားမိတဲ့ ပိုက် ဆံတွေကိုဖြန့်ကြည့်ကာသေချာပြန်စီရင်း ဘောင်းဘီတိုအိတ်ထဲထည့်ထားလိုက်၏။
“ချပ် ….ချပ်”
သစ်ရွက်ကြွေတွေကိုနင်းတဲ့ခြေသံတစ်ချို့ကိုသူကြားလိုက်ရသည်။
“ဟော…သူရောက်လာပြီ”
အသက်ရှုသံပြင်းပြင်းကိုထိန်းချုပ်ထားလိုက်သည်။ ခြေသံကတစ်ဖြည်းဖြည်းနဲ့နီးသည်ထက်နီးလာလေ သည်။ ဘုရားဘုရား၊ မတွေ့ပါစေနဲ့။ ၀ါးရင်းတုတ်စိမ်းစိမ်းတစ်ချောင်းကိုင်ရက်သားနဲ့ သူ့ကိုလိုက်ရှာနေ တာကို ခြုံနွယ်တွေဖြတ်၍မြင်လိုက်ရသည်။
“ချပ်…. ချပ်”
သူ့အနားဆီသို့ရောက်လာခဲ့ပြီ။
“ဟူး”
သက်ပြင်းသံကြီးတစ်ချက်ချမိလိုက်သည်။ တောကတိတ်ဆိတ်နေတာမို့ ထင်ထားတာထက်ပိုကျယ် လောင်သွားလေ၏။ သူ့သက်ပြင်းသံကိုကြားသွားပြီထင်ပါရဲ့။ သူရှိရာခြုံနွယ်ကိုဝါးနဲ့ရမ်းကာဖြဲကြည့် လာသည်။ ကြောက်ရွံ့နေတဲ့သူ့မျက်လုံးအစုံနဲ့ဦးလှမောင်ရဲ့မျက်လုံးအစုံဆုံမိလိုက်ပြီ။
“မင်း ဘယ်ပြေးမလဲ”
သူရှိသမျှအားယူပြီးထပြေးလိုက်သည်။ ဒီတစ်ခါတော့သူတို့နှစ်ယောက်ရဲ့အကွာအဝေးကနီးနီးလေးမှ တကယ့်ကိုနီးနီးလေး။ လက်နှစ်ပြန်သုံးပြန်လောက်ပဲကွာမည်။
“ကဲကွာ”
ဦးလှမောင်လက်ထဲကိုင်ထားတဲ့ဝါးရင်းတုတ်နဲ့ သူ့ကိုလှမ်းပေါက်သည်။ အကွာအဝေးကနီးလွန်းတာ ကြောင့် ၀ါးရင်းတုတ်ကသူ့ဆီကိုအရှိန်ပြင်းပြင်းကျရောက်လာလေသည်။ အားပြင်းတာကြောင့် သူလဲ ကျသွား၏။ သွားပြီ။
“လူမရှိသူမရှိ တောထဲမှာငါတော့ သူ့အသတ်ကိုခံရတော့မယ်၊ ငါဘယ်လိုလုပ်ရမလဲ”
ဦးလှမောင်ပစ်လိုက်တဲ့ဝါးရင်းတုတ်ကို ကိုင်ရက်မိသားဖြစ်နေတာက သူကံကောင်းတာပဲလား ကံဆိုးတာပဲလားမသိတော့ပါ။ အဲဒီတုတ်နဲ့ထောက်ကာ အားယူထလိုက်ပြီး သူ့ဆီကိုပြေးဝင်လာသော ဦးလှမောင်ဆီကို အားကုန်လွှဲရိုက်ပစ်လိုက်သည်။
“အား”
အော်သံနဲ့အတူ ဦးလှမောင်လဲကျသွားခဲ့သည်။ သူရိုက်လိုက်တဲ့နေရာက ခုနကရထားသောဒဏ်ရာ ပေါ်ထပ်ကျသွားတာမို့ အနာကြီးနာသွားပုံရသည်။
“ဟာ”
တုတ်တုတ်မျှမလှုပ်တော့။
“ဘုရား ဘာတွေဖြစ်ကုန်ပြီလဲ”
သူဝါးရင်းတုတ်ကိုလွှတ်ချကာ ကြောက်ကြောက်နဲ့ဆက်ပြေးလာခဲ့သည်။ ဘယ်နေရာတွေဆီရောက် နေပြီလဲတောင်မခန့်မှန်းတတ်တော့ပါ။ သူအရမ်းမောနေတဲ့အချိန်မှာတော့ နေဝင်ရီတရောအချိန်ကို ရောက်ခါနီးလေပြီ။
သစ်ပင်ကြီးတစ်ပင်အောက်မှာအမောဖြေလိုက်၏။ အဲဒီအချိန်မှာပဲ မွှေးကြိုင်လှတဲ့ရနံ့တွေကိုသူသ တိထားမိသည်။
“ဟင် ဒါကံ့ကော်ပန်းနံ့ပဲ”
ပတ်ဝန်းကျင်တစ်ခုလုံးမွှေးကြိုင်နေလိုက်တာ။ သူအပင်ရှိရာကိုလိုက်ရှာမိသည်။ ဟော..သူရှိရာနေရာနဲ့ မလှမ်းမကမ်းမှာပင်။ လူနှစ်ဖက်စာလောက်တောင်ကြီးတဲ့ကံ့ကော်ပန်းပင်။ ဒါပေမဲ့ အမြင့်ကသူ့အရပ် သုံးပြန်ထက်မပိုလောက်။ တစ်ပင်လုံးညွှတ်လို့ပွင့်ချင်တိုင်းပွင့်နေလေသည်။ ဟုတ်တယ်၊ ဒီရာသီက ကံ့ကော်ပန်းပွင့်တဲ့ရာသီပဲ။ နွေမှာပွင့်တဲ့အလှဆုံးပန်းတွေထဲမှာ ကံ့ကော်ပန်းလည်းအပါအဝင်ပဲ။ ပန်း တွေက သူလက်လှမ်းခူးလို့ရလောက်အောင်နိမ့်နိမ့်လေးတွေမှာ။
ရွှေရည်။ ရုတ်တရက် သူငယ်ချင်းမလေးကိုသတိရမိသွားသည်။ ရွှေရည့်အတွက်ပေးချင်လိုက်တာ။ သူ ကံ့ကော်ပန်းတွေရှိရာဆီကို အပြေးတစ်ပိုင်းရောက်သွားမိလိုက်သည်။ ပန်းပွင့်တွေကသူ့ကိုခူးပါ ငါ့ကို ခူးပါဆိုပြီး ဖိတ်ခေါ်နေသယောင်။ တစ်ပင်လုံးပြွတ်ခဲလျှက်။ အပင်ပေါ်မှာတင်မဟုတ်။ အပင်အောက် မှာလည်း ကံ့ကော်ပွင့်ဖတ်တွေပြန့်ကျဲလို့။ ဘယ်လောက်တောင်များကြွေနေသလဲဆိုရင် သူနင်းလိုက် တဲ့ခဏမှာ အိခနဲဖြစ်သွားတဲ့အထိတောင်။ ပန်းမွေ့ရာဆိုတာဒါများလား။ ကံ့ကော်ပွင့်ဖတ်တွေကအ ထပ်ထပ်မို့မြေကြီးရဲ့တစ်လက်မအကွာလောက်အထိတောင်ထူနေပြီ။ ဒီနေရာမှာများခြေပစ်လက်ပစ် ထိုင်အပန်းဖြေလိုက်ရရင် ဘယ်လောက်တောင်များဇိမ်ရှိလိုက်မလဲ။ သူ့လက်နဲ့တစ်ပွေ့ကြီးရတဲ့အထိ အဲဒီပန်းတွေကိုခူးကာ ရွာရှိရာဆီကိုမှန်းပြီးလာခဲ့လိုက်သည်။ ဒီအချိန်ကနေသွားလို့ရွာရောက်ရင်တော့ နည်းနည်းမှောင်နေပြီပေါ့။ အဲဒါဆို လူတွေကသူ့ကိုသိပ်မြင်တော့မှာမဟုတ်။
ကြက်တွန်သံ၊ ခွေးဟောင်သံတွေကိုတော့နားစွင့်ရတာပေါ့လေ။ သူခန့်မှန်းချက်ကမှန်ကန်စွာပင်ရွာရှိ ရာဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ သူ့ကိုသိပ်သတိမထားမိကြသေးပါ။ ရွှေရည်တို့အိမ် ကိုဝင်မလို့ကြံတုန်းမှာပဲ အိမ်ထဲကထွက်လာတဲ့ရွှေရည့်ကို အဆင်သင့်တွေ့လိုက်ရသည်။
“ဟယ် ကျော်ကျော်၊ အေး နင့်ကိုငါစိတ်ပူနေတာ၊ ဘာတွေဖြစ်ကုန်ပြီလဲ၊ ရွာထဲမှာတော့သတင်းတွေ ပြန့်နေပြီ၊ နင့်ကိုလည်းလိုက်ရှာနေကြတယ်”
“ဟင် သတင်းကအဲလောက်တောင်မြန်လား”
“အေး မြန်တယ်၊ လာနင်အိမ်ထဲခဏဝင်ပုန်းနေ”
ကံ့ကော်ပန်းတွေကို သူမလက်ထဲထိုးပေးလိုက်သည်။ သူမကတယုတယနမ်းရှိုက်ပြသည်။ ဟာ… အဲဒီ မြင်ကွင်းကို မြင်ခွင့်ရတဲ့သူ့အဖို့ရင်ထဲအေးမြသွားလေသည်။
“ဘာတွေကြားလဲဟင်”
“နင်တို့ဘာတွေဖြစ်ခဲ့လဲဆိုတာအားလုံးကြားတယ်၊ ဦးလှမောင်လည်းသတိပြန်ရလာပြီ၊ နင့်အမေက ရွာကလူကြီးတွေခေါ်ပြီးနင်တို့နောက်ကိုလိုက်ခဲ့တာ”
“ဟူး တော်ပါသေးရဲ့ ငါကဦးလှမောင်သေပြီအောက်မေ့လို့”
“စိုးရိမ်နေတာလား”
“အေး၊ ငါထောင်ကျမှာကြောက်တယ်”
“ဒါများပန်းတောင်ခူးလာနိုင်သေးတယ်နော်”
သူပြုံးပြလိုက်သည်။ ငါဘယ်လိုအခက်အခဲတွေပဲကြုံရကြုံရ နင့်ကိုတော့တခုတ်တရ သတိရနေတာပါ ရွှေရည်ရာ။
“ငါဘယ်လိုပြန်ရမလဲဟင် ကိုင်းကို”
“ခဏလေး ငါအမေနဲ့တိုင်ပင်လိုက်ဦးမယ်၊ လောလောဆယ်တော့ ငါတို့အိမ်ထဲမှာပဲနေဦး”
သူတို့စကားပြောနေစဉ်မှာပဲ အိမ်ထဲကိုတစ်စုံတစ်ယောက်ဝင်လာလေသည်။ ငဇော်ပေါ့။
“ဟော ငဇော်ရောက်လာတယ်၊ နင်နောက်ဖေးထဲခဏဝင်နေဟာ၊ အမေ့ကိုအရှေ့ခဏထွက်ခဲ့ပါ လို့ပြောပေး”
သူနောက်ဖေးဆီကိုဝင်လာခဲ့လိုက်သည်။ ထမင်းစားခန်းမှာထားတဲ့သောက်ရေအိုးစင်ဘေးနားမှာ သူခူးလာတာမဟုတ်တဲ့ ကံ့ကော်ပန်းတွေကိုတွေ့လိုက်ရ၏။ ဟင် ဒါဆိုသူကရွှေရည်အတွက်တစ်ဦး တည်းသောကံ့ကော်ပန်းခူးပေးတဲ့သူမဟုတ်ဘူးပေါ့။ သူ့အရင်အဲဒီပန်းတွေခူးပေးတဲ့သူက ဘယ်သူများ ပါလိမ့်။
Xxxxxxxxxxxxxxxxxxxxxx