ဆရာမ ပလေးတယ်

ကျွန်တော် သူ့ကို ကျောင်းဆရာမလေးမှန်းမသိဘူး။ တရားစခန်းအဆောင်ထဲ ကျွန်တော့်ဘေးမှာ နေတဲ့ ကောင်ရဲ့ ရည်းစားလို့ပဲသိထားတာ။ အတော်ကလေးယဉ်တယ်၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ ဝါညက်ညက်ပါးပြင်ကလေးနဲ့ အသားညိုညိုကလေး၊ အပြုံးချိုချိုကလေးကိုစ,ပြီးသတိထားမိတယ်။ ရှင်းရှင်းပြောရရင် သူများရည်းစားမှန်းသိရက်နဲ့ သဘောကျမိခဲ့တယ်ဆိုပါတော့။

အဲတော့ ငယ်ကျင့်ဆိုးကလေးကပေါ်လာတယ်။ ဒီကောင်မလေးကို ငါရအောင်လိုက်မယ်ပေါ့။ မရရအောင် လုပ်ချင်တတ်တဲ့အကျင့်၊ သွေးတိုးစမ်းချင်တတ်တဲ့ ငယ်ဂုဏ်ကလည်းရှိနေတာကိုး။ သူများရည်းစားဆိုပေ မယ့် သူတို့က ရည်းစားသက်တမ်းကြာပုံလည်းမရသေးဘူး၊ ငါတကယ်ချစ်ရင် လိုက်ခွင့်ရှိတယ်၊ သူ့အချစ် ကိုမရရအောင်ယူမယ်လို့ ဆုံးဖြတ်လိုက်တယ်။

နာမည်က ဆွေသော်တာဝင်းတဲ့။ စာရေးဆရာသော်တာဆွေရဲ့နာမည်ပြောင်းပြန်လည်းမှတ်လို့ရသလို ငွေသော်တာရောင်ခြည်သီချင်းနဲ့လည်းတွဲမှတ်လို့ရတယ်။ ကျွန်တော့်အတွက်တော့ ဘယ်လိုပဲမှတ်ရခက် တဲ့နာမည်ဖြစ်ပလေ့စေ၊ အသေအချာကို မှတ်မိနေတာပေါ့။ သူ့ကို ကျွန်တော်က သော်တာလို့ စိတ်ထဲက နေပစ်ခေါ်ပစ်လိုက်တယ်။

သော်တာလည်း ကျွန်တော်တို့နဲ့ တရားစခန်းအတူတူပဲ။ အောင်ဆန်းဘုန်းကြီးကျောင်းမှာ နွေရာသီ သင်္ကြန်အကြိုတရားစခန်းပေါ့။ ကျွန်တော်တို့လို ဆယ်တန်းစာမေးပွဲဖြေပြီးတဲ့ချာတိတ်တွေတော်တော် များများ အဲဒီတရားစခန်းကိုဝင်ကြတယ်။ သော်တာကတော့ သူ့ကောင်လေးဝင်လို့လိုက်ဝင်တာလို့ သူ့ ကောင်လေးကပြောပြတယ်။ အဲဒီကောင်နာမည်က နေမျိုးအောင်၊ မင်းသားနာမည်ပဲ။

“ငါ့ဆရာမ လာပေးထားတာကွ၊ ရော့ မင်းယူစားဦး”

နေမျိုးအောင်က ကျွန်တော့်ကို ငှက်ပျောသီးတွေလာကျွေးတယ်။ နားချိန်တုန်းက အဲဒီငှက်ပျောသီးအဖီး လိုက်ကြီးယူလာပြီးပေးသွားတာ ကျွန်တော်မြင်လိုက်သားပဲ။ ကျွန်တော် တစ်လုံးဖြုတ်ယူပြီးစားလိုက် တယ်။ နေမျိုးအောင်ရဲ့အစားအသောက်တင်မကဘူး၊ အချစ်ကိုပါ ကျွန်တော့်လက်ထဲရအောင်ယူမယ် ဆို တဲ့စိတ်ပေါ့လေ။ ဒီကောင်က ဆရာမကိုတကယ်မချစ်တာ ကျွန်တော်သိသွားလို့လည်းပါတယ်။ ဒီကောင် က ဆရာမက သူ့ကိုကြွေနေလို့ တစ်ရပ်ကွက်တည်းသားအချင်းချင်းမို့သနားလို့ပြန်ကြိုက်တဲ့အထာတွေ ကျွန်တော့်ကိုလာကြွယ်တယ်။ ကျွန်တော်လည်းဘယ်ရမလဲ၊ ဆရာမဘယ်မှာနေတယ်၊ ဘာလုပ်တယ်၊ မိ သားစုဘယ်နှစ်ယောက်၊ အကျင့်စရိုက်ဘယ်လို၊ ဘာတွေကြိုက်တတ်တယ်ဆိုတာတွေကို မသိမသာလေး တွေမေးယူရတာပေါ့။ ယောင်္ကျားလေးနဲ့မိန်းကလေး သက်သက်စီနေရ၊ တရားထိုင်ရတယ်ဆိုပေမဲ့ ကျွန်တော့်မြင်ကွင်းထဲမှာ ဆရာမကို သေသေချာချာမြင်ရတဲ့နေရာမှာပဲထိုင်တယ်။ တရားစခန်း (၉) ရက်မှာ ဆရာမအကြောင်းအတော်ကလေးသိလိုက်တယ်။ အိမ်က တော့ တရားရဖို့၊ စိတ်တည်ငြိမ်ဖို့ လွှတ်လိုက်တာပဲ။ ကျွန်တော်ကတော့ ဆရာမပူပင်သောကနဲ့ Toxic Culture ရပြီး တရားစခန်း ကထွက်လာတယ်။

တစ်ပတ်လောက်နားပြီးဆရာမကို လိုက်ဖို့ပြင်ဆင်ရတာပေါ့။ ဆရာမက တရားစခန်းမှာတရားမှတ်နေချိန် ကလေးခိုးခိုးကြည့်ရင် သိပ်ချစ်စရာကောင်းရုံတင်မကဘူး။ အပြင်မှာလည်းပိုတောင်ချစ်စရာကောင်းနေ သေးတယ်။ အင်းစိန်ဂျပန်လမ်းနားက ဘကကျောင်းကလေးတစ်ကျောင်းမှာ ပရဟိတဆရာမလေးအဖြစ် စာသင်တယ်။ အဖြူအစိမ်းကလေးနဲ့ ကျောင်းသားလေးတွေဝန်းရံပြီးကျောင်းလာကျောင်းပြန်တတ်တဲ့ သော်တာ့ကို ကျွန်တော် စ,လိုက်တယ်။ ဘာမပြောညာမပြောဘဲနဲ့ သူ့ကျောင်းအသွားအပြန်အချိန်တွေမှာ သူ့နောက်ကနေ တကောက်ကောက်လိုက်တာ။ သူ့အိမ်ကကျောင်းနဲ့မဝေးဘူး၊ ဖော့ကန်နားမှာပဲ။

“အစ်ကိုကြီး ဆရာမကပြောလိုက်တယ်၊ နောက်နေ့မလာနဲ့တော့တဲ့”

လေးရက်မြောက်ကျတော့ ကျောင်းသားလေးဆီက စကားတစ်ခွန်းပြန်လာတယ်။ ဒီတော့ ကျွန်တော် လည်း ပြုံးစိစိနဲ့သူ့ကို စကားသွားပြောတော့တာပေါ့။ ဘာလို့ကိုယ့်ကိုမလာခိုင်းတာလဲဆိုတော့ သူစိမ်း တစ်ယောက်က အခုလို သူ့အနောက်က နေအဲလိုလျှောက်လိုက်တာမကောင်းဘူး၊ သူများအမြင် လည်းမတင့်တယ်ဘူးဘာညာနဲ့ကျွန်တော့်ကိုချုပ် ပါလေရော၊ ကျွန်တော်တို့က သူစိမ်းမှ မဟုတ်တာ တရားစခန်းမှာ မြင်ဖူးတယ်လေလို့ဆိုတော့ ဟုတ်လား၊ မသိပါဘူး၊ မမှတ်မိဘူးတဲ့။ ဆရာမပလီတာလို့ ကျွန်တော်တွေးလိုက်တယ်။

“အဲတော့ ကိုယ့်အကြောင်းသိအောင် CV Form ယူလာပေးရမလား” လို့ဆိုတော့ သူက ခေါင်းညိတ်ပြ တယ်။ နောက်နေ့ကျတော့ ကျွန်တော် CV Form လေးလုပ်လာပြီး ဆရာမဆွဲခြင်းလေးထဲ ထည့်လိုက် တယ်။ ကြည်ကြည်ဖြူဖြူနဲ့ ပြုံးပြသွားတဲ့ အပြုံးလေးကို အခုထိမမေ့သေးဘူး။ အဲဒီတုန်းကတော့ အပြုံး လေးက ရိုးစင်းဖြူစင်လိုက်တာလို့ထင်ခဲ့တာကိုး။ တကယ်တော့ လူတွေဟာ ကိုယ်ထင်ကုတင်ရွှေနန်းပဲ။

အဲဒီနေ့ ညနေမှာ ဆရာမဆီကဖုန်းလာတယ်။ တကယ်ကိုထင်မထားဘူး။

“တရားစခန်းမှာမြင်ဖူးတော့ အစ်မမှာရည်းစားရှိတယ်ဆိုတာသိပြီးပြီပေါ့၊ ဘာလို့ နောက်ကနေအခုလိုမျိုး လျှောက်လိုက်နေတာလဲ၊ နောက်နေ့မလိုက်နဲ့တော့လို့ ပြောဖို့ ဖုန်းဆက်တာ”

“အဲဒီရည်းစားနဲ့ ပြတ်သွားတာ ကိုယ်သိတာပေါ့၊ မလိုက်နဲ့ဆို မလိုက်ဘူး၊ ဖုန်းတော့ဆက်လို့ရတယ် မှလား၊ ဖုန်းနံပါတ်ပေးပါဦး”

သော်တာ့ဆီကဖုန်းနံပါတ်ရတယ်။ သူ့အိမ်ဘေးကဖုန်းပေါ့။ တစ်ဆင့်ခေါ်ရတဲ့ အိမ်ဖုန်းပေမဲ့ အားနာစရာ မလိုဘူး။ တစ်မိနစ်ကိုငါးဆယ်ပေးရတယ်။

ကျွန်တော်ကတော့ အဖေပေးထားတဲ့ ၅၀ လက်ကိုင်ဖုန်းနဲ့ ဆိုတော့ ကြွယ်လို့ရတယ်။ သူ့နောက်ကိုလိုက်တုန်းကလည်း အပြတ်အသပ်သ,ထားပြီးလိုက်တာကိုး။ ဆံ ပင်ကေမှာ ဂျယ်လ်ကိုမာနေအောင်ထောင်၊ ဂျင်းဘောင်းဘီကိုသစ်လွင်နေမှန်းအသိအသာဆုံးပုံစံကိုဝတ်၊ အင်္ကျီခေါက်ရာမပျက်နဲ့ လုံးဝစမတ်ကျနေရော၊ ဒီတော့ ဆရာမ,သတိမထားဘဲမနေနိုင်တော့ ဖုန်းတွေ ဘာတွေ စ,ဆက်တာပေါ့။ CV Form ထဲက ကျွန်တော့်အကြောင်းကိုကြည့်ပြီး ဆရာမက စကားချိုလေးတွေနဲ့ လေပြေသွေးတယ်။ သူ့ထက်နှစ်နှစ်ငယ်ကြောင်း၊ အိမ်ကပိုက်ဆံရှိတယ်ဆိုပြီး အခုလိုမျိုး ထင်ရာလျှောက်မလုပ်သင့်ကြောင်း၊ သင်တန်းလေးဘာလေးတက်ပြီး တက္ကသိုလ်အတွက်ပြင် ဆင်သင့်ကြောင်းဘာညာပေါ့။

“သော်တာ့အချစ်ကိုရရင် သော်တာပြောတာအကုန်နားထောင်မယ်” လို့ ကျွန်တော်ကပြန်ချုပ်လိုက်ရော။ သူ့ရည်းစားနဲ့ ပြတ်သွားတာ ကျွန်တော်သိသားပဲ။ လက်ကြောမတင်း၊ အ လုပ်ကလည်းမလုပ်ချင်၊ ဆယ်တန်းနှစ်ခါကျပြီး ရပ်ကွက်ထဲတေလေနေတဲ့နေမျိုးအောင်လိုကောင်ကို ဘယ်သူက အချိန်အကြာကြီးကြိုက်မှာတုန်း၊ အထူးသဖြင့် ဆရာမလို ဂုဏ်သိက္ခာရှိတဲ့ မိန်းကလေးဆို ပို တောင်မကြိုက်သေး။

နောက်ရက် ကျွန်တော်ဆရာမစာသင်တဲ့ ဘုန်းကြီးကျောင်းကိုသွားတွေ့တော့ ဆရာမကိုမတွေ့ရတော့ ဘူး။ စိတ်ထဲ ထင့်ခနဲဖြစ်ပြီး ကျောင်းသားလေးတွေကိုမေးတော့ “ဆရာမ အလုပ်ထွက်သွားပြီ” တဲ့။ စိတ် က ယောက်ယက်ခတ်သွားတယ်။ လက်ပစ်ဗုံးနှစ်လုံးရင်ဘတ်ထဲဆွဲထည့်ခံရပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ ပေါက်ကွဲသွားမတတ်ပါပဲ။ ဆရာမ,အိမ်ဘေးကဖုန်းကိုချက်ချင်းခေါ်မိပြီး ဆွေသော်တာဝင်းကိုခေါ်ပေးပါ လို့ ပြောလိုက်တယ်။ ခဏကြာတော့ ဖုန်းသံလေးကို စ,ကြားရတယ်၊ “ဟဲလို” တဲ့။

“သော်တာရယ်၊ အလုပ်ထွက်သွားတာ ကိုယ့်ကိုတောင်မပြောဘူး၊ ကိုယ့်မှာတော့ချစ်လိုက်ရတာ၊ အရမ်း ချစ်တယ် သော်တာရယ်” လို့ ရုပ်ရှင်မင်းသားလေသံနဲ့ပြောတော့ “ဟဲ့၊ ဘယ်သူလဲ၊ ငါဆွေသော်တာဝင်း အမေ” တဲ့။ ကြောက်ကြောက်နဲ့ ဖုန်းချပစ်လိုက်ရော။ ညနေကျတော့ ကျွန်တော့်ဆီကို ဖုန်းစိမ်းတစ်လုံးဝင် လာတယ်၊ ဆရာမဆီကလို့မျှော်လင့်ခဲ့ပေမဲ့ မဟုတ်ခဲ့ဘူး။

“ဟေ့ကောင်၊ ငါ နေမျိုးအောင်ပဲ၊ မင်း..ဆွေသော်တာဝင်းကို လိုက်နှောက်ယှက်နေတယ်လို့ပြောတယ်၊ မင်း ဘာကောင်လဲကွ၊ ငါနဲ့ သူနဲ့ ကြိုက်နေမှန်းသိရက်နဲ့ မင်းအခုလိုမျိုးလုပ်တာတော့မကောင်းပါဘူး၊ မင်း ကို ငါရှေ့မှာရှိရင်ဆွဲထိုးပစ်တယ်၊ နောက်ကိုသူနဲ့မပတ်သက်ဖို့ငါသတိပေးလိုက်မယ်၊ မဟုတ်ရင်တော့ မင်း အသက်ကိုဖက်နဲ့ထုတ်ထား၊ !@#$$”

“မင်းကဘာကောင်မို့ ငါ့ကို အမိန့်ပေးခြိမ်းခြောက်နေရတာလဲ၊ သတ္တိရှိရင် မင်းအိမ်ရှေ့မှာစောင့်နေလိုက်၊ ငါအခုလာခဲ့မယ်”

စိတ်ကလက်တစ်ဆစ်အရွယ်၊ ငယ်ဂုဏ်ကလည်းရှိ၊ တစ်ဦးတည်းသောသားဆိုပြီးအဖေကလည်းအလို လိုက်ထားတော့ ဘာကိုမှမမြင်တော့ဘူး။ အဲဒီနေမျိုးအောင်ဆိုတဲ့ ကျွန်တော့်ကိုဆဲဆိုသွားတဲ့ကောင်ကို ဆွဲထိုးပစ်လိုက်ချင်လွန်းလို့ ဒီကောင့်အိမ်ရှေ့ကမူးရှူးထိုးရောက်သွားတယ်၊ ကျွန်တော်က ဒီကောင်နဲ့ သော်တာနဲ့ပြတ်သွားတာရော၊ ဒီကောင်နေတဲ့အိမ်ရော၊ ပတ်ဝန်းကျင်အနေအထားရော အားလုံးသိတယ်။ တစ်ခုခုဖြစ်လာရင်လည်း ကျွန်တော့်မှာ အဖေတစ်ယောက်လုံးရှိတယ်၊ ဒီကောင်က ကျွန်တော့်လိုလိုက်မ ရှင်းနိုင်ဘူး၊ အမေနဲ့ အစ်မတွေပဲရှိပြီး အတော်လေးနုံချာမှန်းသိထားတယ်၊ ၂၀၀၇-၂၀၀၈ ဝန်းကျင်တုန်းက ၅၀ နဲ့စ,တဲ့ဖုန်းကိုင်နိုင်တဲ့သူဆို အကောင်ပဲ၊ ပါပလစ်ကာကားလေးစီနိုင်တဲ့သူဆိုအနေအထားတစ်ခုရှိတဲ့ သူပဲ။ သူတို့လမ်းထိပ်ကိုကားမောင်းပြီး ထွက်သွားလိုက်တယ်၊ လမ်းထဲကားဝင်မရတော့ ထိပ်မှာပဲရပ်ခဲ့ ပြီး နေမျိုးအောင်တို့အိမ်ရှေ့ချဲလင်းသွားခေါ်တယ်။ မင်းထွက်လာခဲ့၊ မင်းနဲ့ငါစာရင်းရှင်းမယ် ဘာညာလုပ် တော့ ဟိုကောင်က အိမ်ထဲမှာ ပုန်းနေတယ်၊ သူ့အစ်မတစ်ယောက်ထွက်လာပြီး ကျွန်တော့်ကိုဖျောင်းဖျ ပြန်လွှတ်လိုက်တာမို့ မျိုချပြီးပြန်လာရတယ်။ ညနေကျတော့ ဆွေသော်တာဝင်းတို့အိမ်နားကိုရစ်သီရစ်သီ လုပ်ရင် ချောင်းတယ်၊ သိပ်မကြာဘူး၊ သူထွက်လာတယ်။ ညမှောင်ရီပျိုးစ,ဖြစ်နေပြီ၊ လမ်းသွားလမ်းလာ လည်းနည်းနည်းရှင်းနေတာမို့ ကျွန်တော်သူ့ကို လူရှင်းတဲ့လမ်းကြားတစ်နေရာကိုခေါ်သွားတယ်၊ စကား ပြောမယ်ပေါ့။ ကျွန်တော့်ကိုအဆက်အသွယ်ဖြတ်လိုက်တာရော၊ နေမျိုးအောင်နဲ့ ရန်တိုက်ပေးတာရော တွေးမိပြီး စိတ်ကမကျေမနပ်ဖြစ်နေတာနဲ့ ဘာစကားသံမှ ထွက်မလာဘူး၊ အဲဒါနဲ့ပဲ သူ့ပါးဝါညက်ညက် ကလေးကို တစ်ချက်ဖက်နမ်းပစ်လိုက်တယ်။ သူက ကျွန်တော့်ကိုတွန်းထုတ်ပစ်တယ်။

“အမေသိသွားပြီ၊ သိပ်အတင့်မရဲနဲ့တော့၊ အစ်မလည်း ဘိလပ်မြေကုမ္ပဏီတစ်ခုမှာ စာရေးမအလုပ်ပြောင်း လုပ်နေပြီ” တဲ့။ “ကိုယ့်ကို နေမျိုးအောင်နဲ့ဘာလို့ရန်တိုက်ပေးတာလဲ” လို့ ကမူးရှူးထိုးမေးတော့ “စိတ် စမ်းကြည့်တဲ့သဘောပါ” တဲ့။

“ခင်ဗျားသိပ်ရက်စက်တယ်၊ ကျုပ်အချစ်ကိုလှည့်စားသွားပြီထင်လို့ ရူးမတတ်ပဲ” ကျွန်တော့်ချုပ်ချက်တွေ ကို သူတည်တည်ငြိမ်ငြိမ်နားထောင်ပြီးပြန်သွားတယ်။ နောက်နေ့ကစ,လို့ သူအလုပ်သွားအလုပ်ပြန်အချိန် တွေမှာ သူ့နောက်ကနေ ကျွန်တော်ပြန်လိုက်တာပါပဲ။ ဆရာမဝတ်စုံလေးနဲ့တုန်းကတော့ ကျောင်းသား လေးတွေဝန်းရံပြီးကြိမ်ဆွဲခြင်းလေးနဲ့ ကျက်သရေအတော်ရှိတယ်၊ ယဉ်လည်းအတော်ယဉ်တယ်။ ကုမ္ပဏီ စာရေးမဖြစ်သွားတော့ ကောက်ကြောင်းတွေပေါ်အောင်ဝတ်၊ လက်ကိုင်အိတ်လေးကိုင်ပြီး ခေတ်ဆန်တဲ့ အသွင်ကိုပြောင်းသွားပြန်တယ်။ ကျွန်တော်ကတော့ ဆရာမဝတ်စုံလေးနဲ့ကိုပိုသဘောကျပေမဲ့ ကိုယ်ချစ် တဲ့မိန်းကလေးမို့ ဘာနေနေလက်ခံပေးရမှာပေါ့။
သူအလုပ်သွားချိန် (အိမ်ကနေခပ်လှမ်းလှမ်းရောက်တဲ့အချိန်) ကနေ စပြီးလမ်းထိပ်အထိသူ့အနားကိုကပ် ပြီး ခန္ဓာကိုယ်ချင်းမထိရုံတမယ်လေးပွတ်သီးပွတ်သပ်အနေအထားနဲ့ လိုက်ပို့တယ်။ အလုပ်ကပြန်လာ တော့လည်းအဲဒီလိုပဲလုပ်တယ်။ သိပ်မကြာဘူး၊ သော်တာရဲ့ မျက်ဝန်းလေးတွေက အရင်ကထက်ပိုလို့ ချို မြိန်လာတယ်။ အကြည့်ချင်းဆုံ၊ နားလည်မှုတွေ ပြည့်လာတယ်။
တစ်လလောက်ကြာတော့ သူ့ကိုကျွန်တော်မတွေ့ရတော့ပြန်ဘူး။ အိမ်ကိုဖုန်းဆက်တော့လည်းမရှိဘူး လို့ ပြောလိုက်ပါဆိုတဲ့အသံပဲကြားရတော့တယ်၊ သူ့အမေတောင်လာမကိုင်တော့ဘူး။ ဒီလိုနဲ့ ဆွေသော်တာ ဝင်းခေါ် ဆရာမလေးတစ်ယောက် ကျွန်တော့်ကို ပလေးသွားခဲ့တယ်။ တစ်ရက်သား ဖော့ကန်ဈေးထိပ်မှာ နေမျိုးအောင်နဲ့တွေ့တော့ သူ့အကြောင်းကို အငမ်းမရမေးမိတယ်။

“ဆွေသော်တာဝင်း ယောင်္ကျားနောက်လိုက်သွားလို့ သူ့အိမ်ကလည်းသူ့ကိုတင်းနေတယ်၊ ပြန်အပ်ဖို့လည်း လက်မခံဘူးတဲ့”

“ဘယ်ကကောင်နဲ့လဲ”

“သူတို့အလုပ်ထဲက ကုန်ကားမောင်းတဲ့ကောင်တဲ့”

နေမျိုးအောင်နဲ့ ကျွန်တော် အကြည့်ချင်းဆုံပြီး ရန်ငြိုးတွေကိုဖျောက်ပစ်လိုက်ကြတော့တယ်။
>>>>>
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
ထင်ဒိုင်းအောင်