ဆောင်နိုင်ကြီးရေတံခွန်ကိုသွားမယ် ဆိုရင်

ကျိုက်ထီးရိုးရာသီရောက်ပါပြီ။ ဘုရားဖူးပြီးတာနဲ့ရေတံခွန်ကိုအပျော်ခရီးသွားကြဖို့စိတ်ကူးရှိမယ်ဆိုရင် ဆောင်နိုင်ကြီးရေတံခွန်ကို သွားဖို့ ဆောင်ရန်ရှောင်ရန်မျှဝေပေးပါရစေ။

ဘယ်လိုသွားရလဲ

ကင်းမွန်းစခန်းကနေသွားရင် နာရီဝက်လောက်မောင်းရပါတယ်။ လူများရင်ကားကြီးတွေဝင်လို့မရဘူး၊ ကင်းမွန်းစခန်းကနေကားသေးငှားပြီးသွားရတယ် ဘာညာဆိုပြီး လာပြောကြတာတွေ့ရင်ငြင်းလိုက်ပါ။ အဲဒါဂျင်းဗျို့ ဂျင်း။ ကျွန်တော်တို့ရုံးအဖွဲ့သွားတုန်းက လူအယောက် ၂၀ ကျော်စီးတဲ့ကားကိုဝင်လို့မရ ဘူး ကားငှားသွားမှရမယ်ဆိုပြီး စားသောက်ဆိုင်ကပြောတော့ငှားလိုက်ရပါတယ်။ တစ်ယောက်ကို နှစ်ထောင်နှုန်းနဲ့ အယောက် ၂၀ စာ လေးသောင်းပေးလိုက်ရတာပေါ့လေ။ ရုံးပိတ်ရက်မို့လို့အထဲကို ကားပေးမဝင်ဘူးဘာညာဆိုပြီးတော့လည်း ဂျင်းထည့်ပါလိမ့်မယ်။ မယုံပါနဲ့ ဘာမှကိုမယုံပါနဲ့ဗျာ။ ဂျင်း တွေများပါတယ်။ အဲ လမ်းတော့နည်းနည်းကြမ်းပါတယ်။ သဘာဝတောတောင်ဆီကရတဲ့ လေပြေ တွေကို ရှုရှိုက်ရတာတော့အမြတ်ပါပဲ။

သွားတဲ့လမ်းမှာဘာတွေတွေ့ရမလဲ

လမ်းမှာစေတီလေးတစ်ဆူကိုလည်းကြည်ညိုဖွယ်ရာတွေ့ရမှာပါ။ ပထမဦးဆုံးကတက်ချောင်းတံတား ဆိုတာကိုဖြတ်ရမှာဖြစ်ပါတယ်။ အဲဒီမှာရေဆော့တဲ့သူမရှိသလောက်နည်းပါတယ်။ ဆောင်နိုင်ကြီးရေ တံခွန်ကတော့ ရာမညအပန်းဖြေစခန်းမှာရှိတာပါ။ အဲဒီစခန်းကိုရောက်တာနဲ့ တံတားလေးတွေ၊ စိမ့် ကျောက်ကြီးတွေ၊ သဘာဝရှုခင်းတွေကိုမြင်ရမှာဖြစ်ပါတယ်။ ဝင်ကြေးအနေနဲ့ကားတစ်စီး ၅၀၀ ကျပ် ပေးရပါတယ်။ လူတစ်ယောက်ကို ၅၀၀ ကောက်တယ်လို့လည်းကြားဖူးပေမယ့် ကျွန်တော်တို့တုန်းက တော့ လူအတွက် မပေးခဲ့ရဘူးဗျ။
ရေတံခွန်ပင်မနေရာကိုသွားတဲ့လမ်းက အရမ်းလျှောက်လို့ကောင်းပါတယ်။ စားသောက်ဆိုင်တန်းတွေ လည်းရှိတာကြောင့် ရှုခင်းနဲ့ဓါတ်ပုံရိုက်လိုက်၊ ဆိုင်တွေမှာ မုန့်တွေဝယ်စားလိုက်နဲ့ မိုက်တယ်ဗျို့။ လမ်း တစ်လျှောက်မှာ တဝေါဝေါကျနေတဲ့ရေတံခွန်စီးကြောင်းနဲ့ ကျောက်တုံးမည်းမည်းကြီးတွေကို စိတ် ချမ်းမြေ့ဖွယ်တွေ့ရမှာပါ။ ရေစီးနည်းနည်းသန်တာမို့သတိထားဖို့တော့လိုတယ်ဗျို့။ နောက်ဆုံးမှာတော့ မိတ်ဆွေတို့ရဲ့ပန်းတိုင် ဆောင်နိုင်ကြီးရေတံခွန်ကိုမြင်ရပါပြီ။ (ကင်မရာမပါသွားလို့ ရေတံခွန်ဓါတ်ပုံကောင်းကောင်းမတင်နိုင်တာခွင့်လွှတ်ပါ) လမ်းတစ်လျှောက်လုံးရော ပင်မရေတံခွန် မှာရော ဓါတ်ပုံရိုက်လို့ကောင်းပါတယ်။ ကျောက်တုံးပေါ်တက်ရိုက်မလား၊ ရေထဲပဲဆင်းရိုက်မလား၊ ရေ ကူးနေတဲ့ပုံပဲရိုက်မလား၊ သဘာဝရှုခင်းချည်းရွေးရိုက်မလား အားလုံးအဆင်ပြေပါတယ်။ ရန်ကုန်နဲ့အနီး ဆုံးနေရာမှာရှိလို့ နေ့ချင်းပြန်ပဲဖြစ်ဖြစ်၊ တစ်ညအိပ်ပဲဖြစ်ဖြစ်သွားကြည့်လို့ကောင်းတဲ့ နေရာလေးတစ်ခု အဖြစ်ညွှန်းဆိုချင်ပါတယ်။ (ကျွန်တော်တို့ကတော့ ရန်ကုန်ကနေကျိုက်ထီးရိုး၊ ကျိုက်ထီးရိုးကင်မွန်းစခန်းကနေဆောင်နိုင်ကြီးကိုသွားတာဖြစ်ပါတယ်)

သတိထားသင့်တဲ့အချက်တွေ

(၁) ကင်မရာယူသွားပါ ဓါတ်ပုံကောင်းကောင်းရိုက်မယ်လေ
(၂) ရေကူးဖို့အတွက်ရေးကူးဝတ်စုံအရေးကြီးပါတယ်
(၃) ရေစီးသန်တာကိုသတိထားစေချင်ပါတယ်
(၄) ဂျင်းထည့်တတ်တဲ့အဲဒီနားကလူတွေရဲ့အပြောကိုချင့်ချိန်ပြီးမှယုံပါ လို့ဆိုချင်ပါတယ်။