“ညီလေး ရွှတ် ရွှတ် ရွှတ်” လို့စခေါ်ကတည်းက သူအလိမ်ခံရတော့မည်၊ ခေတ်စကားနှင့်ဆိုပါလျှင် ဂျင်းမိ တော့မည် မှန်း ကျွန်တော်သိလိုက်ပါပြီ။ ကျွန်တော်လည်း ရန်ကုန်ကိုရောက်ခါစကထိုသို့ပင် ဂျင်းအမိခံ ခဲ့ ရသည်မဟုတ်ပါလား။ အခေါ်ခံရသောညီလေးသည် အသက်အားဖြင် ၂၀ စွန်းစွန်းသာရှိဦးမည်။ ရုပ်ရည် ခပ်သန့်သန့်ထဲကဖြစ်ပြီး ဆံပင်ကိုကျော့နေအောင်ဖြီးထားကာ ဂျင်းဘောင်းဘီနှင့်တီရှပ်ကိုသေသေသပ် သပ်ဝတ်ဆင်ထားလေသည်။ သူ့မျက်နှာမှာတော့ ဝက်ခြံဖုများက ဟိုတစ်စုဒီတစ်စုဖြင့် နီညိုရောင်သန်း နေလေ၏။ ထိုအချက်ကပဲ တရွှတ်ရွှတ်အခေါ်ခဲ့ရလေခြင်းပင်။
မည်သည့်နေရာ မည်သည့်ဒေသကမှန်းမသိသောအပင်အမြစ်များ၊ အရွက်များကို ဗီနိုင်းစကြီးပေါ်တွင် ဟိုတစ်စုဒီတစ်စုပုံထားသည်။ ဗီနိုင်းပေါ်တွင်လည်း ဝက်ခြံပျောက်ဆေး၊ ညှင်းပျောက်ဆေး၊ တင်းတိတ် ပျောက်ဆေး၊ ပွေးပျောက်ဆေး အစရှိသည်ဖြင့် အရေပြားနှင့်ပတ်သက်သောဝေဒနာများကို ပုံနှင့်တကွချ ရေးထားလေသည်။ ဝက်ခြံဗလပွဖြစ်နေသည့်သူများ၏ (အင်တာနက်မှဒေါင်းလုပ်ယူထားသောပုံများဖြစ် သည်) ပုံများကိုလည်းဗီနိုင်း၏တစ်ဖက်တစ်ချက်တွင်တွေ့ရသည်။ သူတို့ရောင်းသည့်ဆေးမှာ ခံစားရ သည့်ဝေဒနာများတကယ်ပျောက်မပျောက်ကိုတော့ ကျွန်တော်လည်းသေသေချာချာမသိပါ။ ဟိုကောင် လေးကတော့ ဆေးအရောင်းခံရမည်မှာအသေအချာပင်ဖြစ်တော့သည်။
“ညီလေး ခဏ လောက်ကွာ”
ရုပ်ရှင်ထဲကရဲလာဖမ်းစဥ်ပြောသည့်လေသံလိုလို စားပွဲထိုးကိုလှမ်းခေါ်လိုက်သည့်လက်ဖက်ရည်သောက် သူလိုလိုခေါ်ခံလိုက်ရသည့် ဟိုကောင်လေးကတော့ သူတို့နားကိုမအူမလည်နှင့်ရောက်သွားခဲ့ပြီ။ လက် ပတ်နာရီကိုတစ်ချက်ကြည့်လိုက်တော့ ရုံးချိန်နည်းနည်းစောနေပါသေးသည်။ ထို့ကြောင့်ပင် ကျွန်တော် သူ့နောက်ကို ယောင်လည်လည်ဖြင့်မသိမသာကပ်ရက်ပါသွားခဲ့၏။ လမ်းသွားလမ်းလာပုံစံမို့ သူတို့ကျွန် တော့်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ရုံမှအပ စကားမဆိုကြပါ။ ဟိုကောင်လေးကိုတော့ စကားလုံးများ ဖြင့်ဆွယ်ဖို့ပြင်လေသည်။
“ညီလေး ခဏလာဦိးကွာ”
ထိုလေသံမှာ ဘီယာဆိုင်စားပွဲထိုးအားလှမ်းခေါ်သည့်ဖောက်သည်၏ အသံနှင့်ရာနှုန်းပြည့်နီးပါးတူနေ ပြန်လေသည်။ သူတို့အပြန်အလှန်ပြောကြမည့်စကားများကိုလုံးဝကြားနိုင်မည့်နေရာတွင် ရပ်ကာ သူတို့ကိုကျော ခိုင်းထားလိုက်ပါသည်။ ဘတ်စ်ကားစောင့်နေသယောင်၊ တက္ကစီတားရန်ပြင်နေသယောင် နှင့် နားနှစ်ဖက်ကတော့ သူတို့နေရာသို့။
“မျက်နှာမှာဝက်ခြံပေါက်နေတာ ဆေးလေးမေတ္တာလက်ဆောင်ပေးချင်လို့”
ကျွန်တော်ပြုံးမိပါသည်။ သူတို့က ထိုခဏတွင် ကမ္ဘာပေါ်တွင်စေတနာမေတ္တာအရှိဆုံးသော လူသားများ ဖြစ်သွားကြတော့သည်။ ထိုအပြောများဖြင့်မဲဆွယ်ပါ က ထောက်ခံသူအများအပြားရနိုင်သည် မဟုတ် ပါလား။
“ဗျာ”
အနှီကောင်လေးက မအူမလည်နှင့် သူတို့ကိုငေးကြောင်ကြည့်နေလိမ့်မည်။ သူတို့ကတော့ ထိုကောင် လေး၏မျက်နှာပေါ်ကဝက်ခြံများကိုရမယ်ရှာကာ ပိုက်ဆံများကိုသဲ့ယူတော့မည်။ ထိုသို့ဆိုခြင်းအားဖြင့် လူလိမ်ဟုလည်းမစွပ်စွဲလိုပါ။ မရိုးသားသူဟုလည်းမဆိုလိုပါ။ အရာအားလုံးကိုဘောင်ထဲမှလုပ်ကိုင်ခြင်း ဟု ကျွန်တော့်အားငြင်းချက်ထုတ်လာလျှင်ဖြင့် ကျွန်တော့်ထံတွင် ပြန်ငြင်းစရာအကြောင်းခိုင်ခိုင်လုံလုံမ ရှိပါ။ သေချာသည်ကတော့ အောင့်သက်သက်နှင့်ပေးလိုက်ရသောပိုက်ဆံများစကားပြောတတ်လျှင် သက်သေလိုက်ပေးနိုင်ပါလိမ့်မည်။
“ညီလေးက ဝက်ခြံခဏခဏပေါက်တတ်တယ်မှလား”
“ဟုတ်တယ်ဗျ”
“ဟိုဆေးဒီဆေးသုံးတာလည်းများနေပြီ လုံးဝအမြစ်ပြတ်ပျောက်ကင်းတာမျိုးမရှိသေးဘူးမှလား”
“ဟုတ်ကဲ့”
“အေး အဲဒါကြောင့်အစ်ကိုတို့က စေတနာနဲ့ဝက်ခြံပျောက်ဆေးလက်ဆောင်ပေးချင်လို့ပါကွာ”
“ဟို ကျွန်တော်”
အူကြောင်ကြောင်တော့ဖြစ်နေလိမ့်မည်မှာအမှန်ပင်။ လွန်ခဲ့သောဆယ်စုနှစ်များဆီကကျွန်တော့်ပုံစံကို မြင်ယောင်မိလေသည်။ ထိုစဥ်က ကျွန်တော်လူပျိုပေါက်စ အသက် ၁၆ နှစ်အရွယ်မို့ဝက်ခြံကြောင့်စိတ် စ ညစ်နေပြီပေါ့။ ညီလေးလာဦးဟု အစချီကာ ကျွန်တော့်ကိုဝက်ခြံပျောက်ဆေးရောင်းလိုက်သည့်အဖြစ်ကို လိမ်နေမှန်းသိသိကြီးနှင့်ခံခဲ့ရသည်။ “နှစ်ရက်ပဲသုံးကြည့် မင်းမပျောက်ရင်ပါးလာရိုက်” ဟူသည့်ပရိုးမိုး ရှင်း ကြီးကိုကြောက်လည်းကြောက် ယုံလည်းယုံကာအိတ်ထဲပါလာသမျှပိုက်ဆံများအားလုံးကိုပေးလိုက် ခဲ့သည်။ သူကမည်ရွေ့မည်မျှဟုစျေးမသတ်မှတ်ထားသည်ကပိုဆိုးသည်။ သူတရားဟောလွှတ်ပုံကိုအခု ထိ မှတ်မိနေသေးသည်။
“စေတနာနဲ့မို့ညီလေးကိုကောင်းစေချင်လို့ပေးတာ သဘာဝသစ်မြစ်သစ်ဖုနဲ့လုပ်ထားလို့ဘာဘေးဥပဒ်မှမ ဖြစ်စေရဘူး၊ နှစ်ရက်ပဲသုံးကြည့် မင်းမပျောက်ရင်ပါးလာရိုက်လှည့်၊ ဘယ်လောက်ကျသလဲလို့မမေးနဲ့ အစ်ကိုတို့ကစျေးဘယ်လောက်ဆိုပြီးမသတ်မှတ်ထားဘူး၊ မင်းမှာပါသလောက်သာပေးခဲ့၊ တစ်ရာပါရင် တစ်ရာ ငါးရာပါရင်ငါးရာ၊ ကျေးဇူးတင်အသိအမှတ်ပြုလွန်းရင်တော့တစ်ထောင် ထောင့်ငါးရာပေးခဲ့ရင် လည်းပြသနာမရှိဘူးပေါ့ညီလေးရာ”
ထိုစဥ်က ကျွန်တော့်မုန့်ဖိုးကတစ်နေ့လျှင်တစ်ရာသာရသည်။ နယ်မှရန်ကုန်ကိုရောက်လာခါစမို့မအူမ လည်ဖြင့် ကျောင်းတက်နေရသည့်ကာလလည်းဖြစ်သည်။ သူပြောသည့် တစ်ထောင် ထောင့်ငါးရာဆို သည်မှာ ကျွန်တော်နှင့်အဝေးကြီးသာ။ အိတ်ထဲတွင်ပါလာသည့် နှစ်ရာတန်ကိုမပေးချင်ပေးချင်ဖြင့်ပေး ခဲ့ရသည်။
ကျွန်တော့်စိတ်ထဲတွင် သူတို့၏ဆေးကိုမယုံကြည်ပါ။ ထိုအပြင်အိမ်ရောက်လျှင်လည်းလိမ်းဖို့စိတ်လုံးဝမရှိ ပါ။ သူ့လေသံများကခြိမ်းခြောက်နေသလိုလိုတောင်ခံစားရသည်။ ရန်ကုန်မြို့ဟူသည်အလိမ်အညာများ ပေါလှသည်ဟုကြားဖူးနားဝရှိသည်အတိုင်း အရာရာတိုင်းကိုသံသယမျက်လုံးများဖြင့် ကြည့်နေတတ်ခဲ့ သည်မဟုတ်ပါလား။ ထိုသို့ကြည့်နေသည့်ကြားထဲမှပင် ခဏခဏအလိမ်ခံရသည်။ ဝက်သားတုတ်ထိုး တစ်ချောင်းကို နှစ်ဆယ်ဟုအော်ရောင်းနေ၍ ထိုင်စားကာ ပိုက်ဆံရှင်းတော့မှ ကြောက်ခမန်းလိလိပမာ ဏများဖြစ်နေတတ်သည်။ တစ်ချောင်းကိုနှစ်ဆယ်မှန်ပါသည်။ သို့သော်လည်း ဝက်သားတုတ်ထိုးအတုံး လေးတစ်တုံးတွင် တုတ်ချောင်းသုံးချောင်းစီထိုးထားသည့်အခါ စုစုပေါင်း ၆၀ ဖြစ်သွားတော့သည်။ အမဲ အူပြုတ်တစ်ပွဲကို ၁၀၀ ဟုအော်ရောင်းသည်။ ဝယ်စားပြီးသည့်အခါ တစ်ပွဲ ၃၀၀ ဖြစ်သွားတော့သည်။ ဘာ ကြောင့်လဲမေးပါက ၁၀၀ တန်က အဖတ်နည်းနည်းပဲပါတယ်။ အခုရောင်းလိုက်တာက ၃၀၀ တန်ဟုဆို ပြန်သည်။
ပန်းသီးများရှားသည့်ခေတ်က တစ်လုံးကို ၅၀ ဟုအော်ရောင်းသည်။ ဝယ်မယ်ပြုသည့်အခါ တစ်လုံးကို ၂၀၀ ဖြစ်သွားသည်။ ၅၀ တန်က ဘေးမှာပုံထားသည့် တစ်ခြမ်းပုပ်များဟုဆိုသည်။ အလိမ်အညာအမျိုး မျိုးတို့ကို နှစ်ပေါင်းများစွာဖြတ်သန်းပြီးသည့်နောက် ရန်ကုန်ကြောကိုနပ်လာလေသည်။ ရွှတ်ရွှတ်ဟု စုတ်သပ်၍ခေါ်ပါက လှည့်မကြည့်ဖြစ်။ ညီလေးဟု အချိုလာသပ်ပါက မကြားချင်ယောင်ဆောင်တတ်ခဲ့ လေပြီ။
သို့သော်လည်း ကျွန်တော့်အနောက်တွင်ရှိသည့် ညီလေးကတော့ အိတ်ထဲမှပိုက်ဆံများပြောင်တော့မည် ဟုတွေးမိလိုက်တော့သည်။
“ပိုက်ဆံနဲ့ရောင်းတာတော့မဟုတ်ဘူးညီလေး၊ အစ်ကိုတို့က စေတနာသပ်သပ်နဲ့ခေါ်ပေးတာပါ”
တော်ကီများနှင့်အသေဖုတ်နေလေပြီ။ ထိုညီလေး မည်သို့ပြောဆိုကာကွယ်မည်လဲစိတ်ဝင်တစားနားစွင့် နေမိ၏။
“ကျွန်တော် ဒီဆေးတွေမသုံးဖြစ်လို့ဗျ ကျေးဇူးပါပဲ”
မဆိုးဘူးဟုသုံးသပ်မိသည်။ သို့သော်လည်း ထိုမျှလောက်နှင့်ပြီးသွားလိမ့်မည်မဟုတ်။
“မသုံးဖြစ်လို့ သုံးဖူးသည်ရှိအောင် မင်းကိုသုံးခိုင်းတာပေါ့ကွ၊ သုံးကြည့်၊ စေတနာကိုမစော်ကားနဲ့၊ ရော့ အလကားမလိုချင်လည်းဖြစ်တယ်၊ စေတနာရှိသလောက်ပေးသွားလိုက် ဟုတ်ပြီလား၊ မင်းမှာ ငါးသောင်း ပါရင်ငါးသောင်းပေး တစ်သိန်းပါရင်တစ်သိန်းပေးသွားလည်းရတယ်”
နည်းနည်းတော့ကြမ်းလေပြီ။ ထိုညီလေး၏ မျက်နှာ ဇီးရွက်လောက်မျှသာရှိပါလေစ။ သူတို့၏လေသံမှာ စေတနာပါပါပေးနေသည်နှင့်မတူတော့။ အနုကြမ်းစီးသလိုလို ဓါးပြပဲတိုက်နေသလိုလိုလေသံဖြစ်လာ လေတော့သည်။
“အာ ကျွန်တော့်မှာ အဲလောက်တော့ဘယ်ပါမလဲအစ်ကိုရယ်”
“ရတယ် ပြသနာမရှိဘူး ပါသလောက်သာပေးခဲ့၊ ကိုယ်တို့စေတနာကို အသိအမှတ်ပြုရင်တော်ပြီ ရော့ ဒီမှာ ဆေးပေးလိုက်မယ်”
မဖြစ်တော့။ ကျွန်တော် အနောက်ဖက်ဆီကိုလှည့်လိုက်ကာ သူရှိရာနေရာဆီကိုလှမ်းလိုက်တော့သည်။ ထိုလူများ၏ အမူအရာ အသံနေအသံထားကအစ ဆရာကြီး ဩဇာအာဏာညောင်းသူများပမာ ဖြစ်နေ လေကာ ထိုညီလေးမှာတော့ မျက်နှာငယ်လေးနှင့် သူတို့ပြောသမျှ အောက်သက်သက်ခံနေရသည့်ပုံစံပင်။
“ဟာ ဝေလင်း၊ မင်း ဒီမှာဘာလုပ်နေတာလဲ”
ထိုညီလေးပခုံးကို ခပ်ဆတ်ဆတ်လေးပုတ်ကာ နှုတ်ဆက်လိုက်တော့သည်။ ကျွန်တော်သိနှင့်နေပြီးသော အသိမိတ်ဆွေတစ်ဦးပုံစံဖမ်းလိုက်သည့်အခါ ထိုညီလေးရော ဆေးရောင်းသူများပါ ကျွန်တော့်ကိုအာရုံတ စိုက်ကြည့်လေတော့သည်။ ကျွန်တော်က ထိုဆေးကိုကိုများကိုဂရုမစိုက်ဟန်ဖြင့် အကြည့်လွှဲနေလေ၏။
“ကျွန်တော်…”
“အေး ထ လာလာ မြန်မြန်လာ မင်းကို ဟိုမှာ ဖယ်ရီစောင့်နေတာကြာလှပြီ၊ ငါတို့လိုက်ရှာနေတာ ဖုန်းက လည်းဆက်လို့မရဘူး မြန်မြန်လာ သွားမယ်”
သူ့ကိုအတင်းထလိုက်စေကာ ကားမှတ်တိုင်ရှိရာ လူစည်ကားရာနေရာဆီကိုသွားရန် ခေါ်ထုတ်လိုက် တော့သည်။ ကျွန်တော့်အပြုအမူများကို ထိုညီလေးက သဘောပေါက်လွယ်ကာ စွတ်ခနဲထပြီး ကျွန်တော့် ကိုပခုံးဖက်ကာ ဆေးရောင်းသည့်နေရာနှင့်ခပ်လှမ်းလှမ်းဆီကို သွက်သွက်လေးလျှောက်ခဲ့ကြတော့ သည်။
“ဆောရီး အစ်ကို၊ ခု လာပြီ ခု လာပြီ”
ဆေးရောင်းသူများ၏ ပြန်ပြောမည့်စကားကို မစောင့်တော့။ ခြေလှမ်းကိုသွက်နိုင်သမျှလျှောက်ခဲ့ကြကာ သူတို့နှင့်ဝေးပြီဆိုသည့်အခါတွင်တော့ ထိုညီလေးက ကျွန်တော့်ကို ကျေးဇူးတင်စကားဆိုလေသည်။
ထို့ နောက် သူရော ကျွန်တော်ပါ သက်ဆိုင်ရာဘက်စ်ကားများသို့တက်ကာ လုပ်ငန်းခွင်ဆီသို့။
>>>>>
ထင်ဒိုင်းအောင်