ဈေးဝယ်သူ

(၁)
တစ်သောင်းတန်နှစ်ရွက်ကို လက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၊ အခြားလက်တစ်ဖက်က ဈေးဆွဲခြင်းကိုကိုင်ထားရင်းက ထိုဆိုင်ရှေ့သို့ရောက်လာရသည့်အချိန်တွင် ကျွန်တော့်နှလုံးသားအရည် ပျော်ကျမတတ်ဖြစ်ရသည့်အခိုက်အတန့်ကိုရင်ဆိုင်ရတော့သည်။ နားနှစ်ဖက်တွင်တော့ အမျိုးသမီး၏ မှာကြားသံများကို အဆက်မပြတ်ကြားယောင်နေလေ၏။

“အဲဒီအဖွားကြီးဆိုင်က ရှင်လုံးဝမဝယ်နဲ့နော်၊ အသက်ကြီးကြီးအဖွားကြီးဆိုပြီး သနားလို့ဝယ်တာအမြဲ တမ်းလူလည်ကျခံရတယ်၊ ဈေးသည်လုပ်နေပြီး ရိုးရိုးသားသားမရောင်းဘူး၊ လူကိုကြည့်ပြီးဈေးတင် ရောင်းလိုရောင်း၊ ပစ္စည်းတွေ ဂျင်းထည့်လိုထည့်နဲ့ အကုသိုလ်ယူနေတာ”

ထိုအဖွားကြီးသည် အသက် ၇၀ ကျော်ရော့မည်။ တစ်ခေါင်းလုံးဖွေးဖွေးလှုပ်နေသောဆံပင်ကျိုးတို့ကျဲတဲ ကိုပိုင်ဆိုင်ထားပြီးခပ်နွမ်းနွမ်းဖလံထည်အကွက်အင်္ကျီကိုအမြဲတစေဝတ်ထားတတ်သည်။ ပါတိတ်ထမီ နွမ်းလျလျကို ခပ်လျော့လျော့ဝတ်ထားတတ်ပြီး သစ်သားထိုင်ခုံကလေးပေါ်ထိုင်ကာ ဈေးဝယ်သူမျှော် တတ်ပါသည်။ တစ်ခါတစ်လေတွင်တော့ အသက် ၁၀ နှစ်အရွယ်ကောင်လေးတစ်ယောက်က ကူဖော် လှောင်ဖက်လုပ်ပေးနေလေသည်။

ဈေးသည်အဖွားနှင့်ပတ်သက်၍ ကျွန်တော် နှစ်ကြိမ်ကြုံဖူးခဲ့သည်။ ပထမတစ်ကြိမ်တုန်းက ပဲပင်ပေါက် ပဲပြားဝယ်စဉ်ဖြစ်သည်။ အခြားဈေးရောင်းသူများထံတွင် ပဲပြားတစ်ခုလျှင် တစ်ရာ့ငါးဆယ်ကျပ်ဈေး(ယခုအချိန်တွင်တော့ သုံးခုကိုတစ်ထောင်) တုန်းက နှစ်ခုကိုငါးရာဖြင့် ကျွန်တော့်ကို ရောင်းခဲ့သည်။ ဈေးကြီးမှန်းသိသိကြီးနှင့် နှစ်ခုကိုငါးရာကျပ်ဖြင့် ဝယ်ယူပြီး သူ့ဆိုင်ရှေ့ကမထွက်ခင် အခြားဈေးဝယ်သူတစ်ယောက်ကို တစ်ခုလျှင် နှစ်ရာကျပ်ဖြင့် ရောင်းလိုက်သည်ကို ကျွန်တော်မြင်တော့ ကျွန်တော့်ကိုကျဘာလို့နှစ်ခုငါးရာနဲ့ရောင်းတာလဲ၊ သူ့ကိုတော့ တစ်ခုကိုနှစ်ရာနဲ့ဘာလို့ရောင်းတာလဲ ဟု ပေါ်တင်မေးဖူးသည်။ “သူက တစ်ခုတည်းယူတော့ နှစ်ရာအကြွေလွယ်လို့ပါသားရယ်” ဟု ခပ်ပြုံးပြုံးဖြင့် ဖြေခဲ့ပါသည်။ အဖွားအရွယ်မို့ သူ့ကို စိတ်ငြိုငြင်စွာပြောခဲ့ခြင်းမဟုတ်၍ စိတ်ထဲလည်းသိပ်မထားဖြစ်ခဲ့။

နောက်တစ်ကြိမ်ကတော့သံပုရာသီးဝယ်စဉ်ကဖြစ်သည်။ သံပုရာသီးတစ်ထောင်ဖိုး ၁၅ လုံး (ယခုအချိန် တွင်တော့ ၇ လုံး) ရစဉ်အခါက သူ့ထံတွင် ၁၀ လုံးကိုတစ်ထောင်ဖြစ်သည်။ ထုံးစံအတိုင်းသက်ကြီးရွယ် အိုဈေးရောင်းတော့ ဝယ်ချင်စိတ်တစ်ဝက်ကအလိုက်သင့်ရှိနှင့်နေပြီမို့ တစ်ထောင်ဖိုးဝယ်ကာ အဖွားပဲ ရွေးပေးပါဟု အကဲစမ်းခဲ့ဖူးသည်။ ကျွန်တော် သံပုရာသီးဝယ်လျှင် ခပ်နွမ်းနွမ်းတစ်ဝက်၊ ခပ်လတ်လတ် တစ်ဝက်နှုန်းဖြင့်ရွေးချယ်တတ်ပါသည်။ ကျွန်တော်က အကောင်းချည်းရွေးသွားလျှင် နောက်နေ့ သူ့ ကုန် စိမ်းတွေ ပိုနွမ်း၍ရောင်းပန်းလှတော့မည်မဟုတ်သည့်အတွက်ပင်။ အဖွားသည် ကျွန်တော့်အားသံပုရာ သီးဗန်းထဲမှ အနွမ်းဆုံး ၁၀ လုံးကိုရွေးချယ်ပေးခဲ့ပြီး အိမ်ကမိန်းမက “သံပုရာသီးအကောင်းတောင်နင် မရွေးတတ်ဘူးလား၊ သုံးလုံးအပုပ်ပါတယ်”ဟု ပြောကာ အပြစ်တင်ခံခဲ့ရသည်။

ယခုလည်း သူ့ဆိုင်ရှေ့တွင် ကျွန်တော်ရောက်နှင့်နေပြီဖြစ်သည်။ ဈေးဝယ်မဝယ်မဆုံးဖြတ်ရသေးခင် တွင် အမျိုးသမီးမှာလိုက်သောအဝယ်စာရင်းကိုပြန်လည်စဉ်းစားရင်း သူ့ကိုကြည့်နေမိခြင်းပင်။ အဖွား နှင့်မလှမ်းမကမ်းတွင် အခြားကုန်စိမ်းဆိုင်တစ်ဆိုင်ရှိပါသည်။ အသက် ၂၀ အရွယ်လူငယ်လင်မယား တက်ညီလက်ညီရောင်းနေကြခြင်းဖြစ်ပြီး အသီးအရွက်များအားလုံးလတ်လတ်ဆတ်ဆတ်ဖြစ်သည့် အပြင် ဈေးလည်းပိုသက်သာသည်။ အမျိုးသမီးက ထိုလင်မယားဆိုင်မှ ဝယ်လာရန်ဆတ်ဆတ်မှာလိုက် ခြင်းဖြစ်သည်။
ငရုတ်သီးစိမ်းတစ်ထောင်ဖိုး၊ ဂေါ်ဖီတစ်ထုတ်၊ ခရမ်းသီးအကြီးနှစ်လုံး၊ ထိုင်ဝမ်မုန်ညင်းငါးဆယ်သား၊ ပဲသီးအကြီးတစ်စည်း၊ ကန်စွန်းရွက်ရိုးနီသုံးစည်၊ ဖလံတောင်ဝှေးတစ်စည်း၊ ရွှေဖရုံသီးအသေးတစ်လုံး၊ ပင်စိမ်းတစ်စည်း၊ နံနံပင်ငါးရာဖိုး။ ဝယ်ရမည့်အသီးအရွက်က လူငယ်လင်မယားဆိုင်တွင်လည်း ကောင်း၊ အဖွားဆိုင်တွင်လည်းကောင်း အလုံးစုံရှိသည်။ မိန်းမစကားကိုနားထောင်၍ လူငယ်လင်မယားဆိုင်တွင် လတ်ဆတ်သောဟင်းသီးဟင်းရွက်များကို ဈေးသက်သက်သာသာဖြင့် ကျွန်တော်ဝယ်လိုက်လျှင်ပြဿ နာမရှိ။
သို့သော်…ထိုနေ့က အဖွားနေမကောင်းပါ။

အဖွားသည် အညာစောင်ပါးကလေးကိုကွေးကွေးလေးခြုံကာ ငုပ်တုတ်ကလေးကျုံ့လျက်ဈေးရောင်းနေ ရရှာသည်။ ဦးခေါင်းသုံးလုံးရှိသူထံတွင်သင်ယူပါဆိုသည့် ငယ်စဉ်ကသင်ခဲ့ရသောပုံပြင်ထဲကအဖိုးအိုကဲ့ သို့ အဖွားထိုင်နေသည့်ပုံစံမှာ ဦးခေါင်းသုံးလုံးယှဉ်လျှက်ထားသည့်ပုံစံပင်။ ထောင်ထားသောဒူးနှစ်ဖက်အ လယ်တွင် ခေါင်းကလေးကဝင်နေလျှက် စောင်ကိုခြုံရက်မှပင် တအီးအီးကလေးညည်းနေရှာသည်။ မျက် နှာနေရာကို ကွက်ဖော်ထားပြီး ဈေးဝယ်သူကိုလည်းခပ်မှေးမှေးကလည်းကြည့်မျှော်နေလေ၏။

“အဖွားကြီး နေမကောင်းဘူးလား၊ ငန်းဆေးလေးသောက်လိုက်လေ”

ဆိုင်ဘေးမှ အစ်မကြီးကလှမ်းပြောတော့ ခေါင်းကိုတွင်တွင်ညိတ်ကာသောက်ပြီးကြောင်းပြောလိုက်၏။ ကူလုပ်ပေးနေသည့် ကလေးငယ်လည်းမတွေ့ရ။ တစ်ယောက်တည်းဈေးခင်းပြီးရောင်းနေခြင်းလား။ ကုန်စိမ်းဆိုင်ထွက်ရန်အတွက် မနက်ဈေးကြိုရသည်။ သီရိမင်္ဂလာဈေးသို့သွားကာရောင်းချမည့်အသီး အရွက်များကို မနက်လေးနာရီဝန်းကျင်ထ၍သွားဝယ်ကာ ရပ်ကွက်ဈေးအမှီပြန်လာဈေးဗန်းခင်းရ၏။ ထိုအလုပ်များကိုဘယ်သူများလုပ်ပေးနေပါလိမ့်၊ ယခုကဲ့သို့နာမကျန်းဖြစ်နေသည့်အချိန် ခဏတာမျှ မနားသင့်ပေဘူးလား။

နေ့စဉ်ငွေရှာနေလျှက်အနေအထားတွင်တောင်မှ ဝင်ငွေထွက်ငွေက အလျဉ်မမီဖြစ်နေသည့် ကျွန်တော့် မိသားစုအခြေအနေကိုတွက်ဆရင်းမှ အဖွားကိုကိုယ်ချင်းစာမိပြန်သည်။ သူလည်း သူ့မိသားစုအတွက် ဈေးမထွက်၍မရသည့်အနေအထားမို့ နေမကောင်းသည့်အနေအထားတွင်တောင်မှ ဈေးရောင်းနေရ သည့်အဖြစ်။ ကိုယ်နှင့် လုံးဝမသက်ဆိုင်ဘူးဟုယူဆထားသည့် ရွှေဈေးတက်၊ ဒေါ်လာဈေးတက်သည့် သတင်းများ၏နောက်ဆက်တွဲ ကုန်ဈေးနှုန်းတက်သည့်ဒဏ်ကို ယခုလပိုင်းတွင် ကျွန်တော်တို့အားလုံး လူးလှိမ့်နေအောင်ခံစားကြရသည်။ တစ်ဦးချင်းဝင်ငွေတိုးလာခြင်းမရှိဘဲ နေ့စဉ်စားသုံးစရိတ်ကနှစ်ဆ မှ သုံးလေးဆအထိတိုးမြင့်နေသည့်ဒဏ်ကို မငတ်ရုံတမယ်ရင်ဆိုင်နေရသည်။

ပိုက်ဆံနှစ်သောင်းဆိုသည့်ပမာဏသည် ကျွန်တော်တို့မိသားစုအတွက် တစ်ပတ်စာဈေးဝယ်စရိတ်ဖြစ် သည်။ ထို့ကြောင့် သက်သာရာသက်သာကြောင်းကိုရွေးချယ်ဝယ်ယူတတ်စေရန် အမျိုးသမီးကညွှန် ကြားကာ ကျွန်တော့်ကိုဈေးလွှတ်လိုက်ခြင်းပင်။ လူမမယ်သားသမီးနှစ်ယောက်နှင့် ကိုယ်စီအလုပ်ကို ထိန်းကျောင်းလှုပ်ရှားရရင်းမလူးသာမလွန့်သာအနေအထားတွင် မကျေနပ်သံခပ်တိုးတိုးမှလွဲ၍ ငြိုငြင် မှုမပြုရသည့်ဘဝပေးအခြေအနေပင်။

အဖွား၏အခြေအနေကိုသုံးသပ်၊ အမျိုးသမီးဖြစ်သူ၏စကားကိုလည်းကြားယောင်၊ ဈေးဖိုးနှစ်သောင်း ကိုလည်းတွက်ဆရင်း ကျွန်တော် နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်တော့သည်။
>>>>>
(၂)
ကျွန်တော့်လက်ထဲက ဈေးခြင်းတောင်းထဲတွင် ဟင်းသီးဟင်းရွက်များအပြည့်ပါလာလေသည်။ အားလုံးက လတ် ဆတ်သော အသီးအရွက်များပင်၊ ဈေးကလည်းသက်သာသလားမမေးနဲ့။ လူငယ်လင်မယားက ကျွန်တော်မဝယ်ခင်ကမှ ဈေးကြို၍ပြန်လာကာ ဈေးဗန်းခင်းတုန်းအချိန်သာရှိပါသေးသည်။ မနက်စောစောအဦးဆုံးဝယ်လျှင် ဈေးကြီးနှင့်မိသည်ဆိုသောစကားက တကယ်တော့ အမြဲမမှန်။ လူငယ်လင်မယား ထံတွင်သာဝယ်၊ ဈေးလည်းမှန်ပစ္စည်းလည်လတ်သည်။

အမျိုးသမီးမှာလိုက်သည့် ဟင်းသီးဟင်းရွက်များအပြင် သမီးငယ်စားရန် ပန်းသီးတစ်လုံးပါပိုဝယ်လာခဲ့ သည်။ အရင်တုန်းက တစ်လုံးကိုငါးရာဖြင့်ဝယ်စားနေကျ ချင်းတောင်ပန်းသီးကလေးသည် ယခုအခါ တစ်ထောင့်ငါးရာကျပ်ဖြစ်ခဲ့ပြီး။ နေ့စဉ်နှင့်အမျှ တရိပ်ရိပ်တက်နေသည့် ကုန်ဈေးနှုန်းကြားထဲလုံးလည် ချာလည်လိုက်ရင်း ဘယ်နေရာက ကိုယ့်အတွက် အသက်သာဆုံးဖြစ်မလဲဟူသည့်အတွေးကိုအတ္တကြီး စွာဖြင့် တွေးဆနေရသည့်ဘဝပင်။

“အဖွားရေ…နောက်ဘဝများရှိခဲ့ရင် အခုလို ဖျားနေရင်းတန်းလန်းကြီးဈေးရောင်းနေရတဲ့အဖြစ်မျိုးကို မဖြစ်ပါစေနဲ့ဗျာ၊ စိန်နားကပ်ကြီးတွဲလဲဆွဲ၊ စိန်လော့ကတ်သီးကြီးဆွဲပြီး ဝတ်ကောင်းစားလှတွေနဲ့ သူ ဌေးမကြီးအဖြစ်နဲ့ပဲ ရှင်သန်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်၊ ကျွန်တော့်အခြေအနေကို လည်းနားလည်ပေးပါ” ဟုသာ အတွင်တွင် စိတ်ထဲကဆုတောင်းရင်း လူငယ်လင်မယားထံသို့ မိန်းမ မှာ လိုက်သော အသီးအရွက်များကို ရွေးချယ်ဝယ်ယူမိခဲ့သည်။

နှလုံးသားအရည်ပျော်ကျမတတ်ဖြစ်ပေါ်လာသည့် သနားကြင်နာစိတ်တို့ကို သက်ပြင်းရှည်ကြီးဆွဲချကာ ထိန်းချုပ်ရင်း ကိုယ့်ဘဝကိုကိုယ်မပိုင်၊ ရှင်သန်ရပ်တည်ရေးအတွက် အနာဂတ်တို့ကိုမှန်းဆလျှက် ဈေး ခြင်းတောင်းထဲသို့ ဈေးသက်သာပြီးလတ်ဆတ်သော အသီးအရွက်များရောက်ရှိရေး အတွက်သာ အတ္တဆန်စွာတွေး ဆ နေမိခဲ့တော့သည်မဟုတ်ပါလား။
>>>>>
မေတ္တာရိပ်မှာ အေးချမ်းပါစေ
ထင်ဒိုင်းအောင်