ကမ္ဘာနှင့်အဆက်အသွယ်ပြတ်ပြီး ကမ္ဘာကဲ့သို့သောလူအများအပြားနေထိုင်သည့် ဂြိုဟ်တစ်ခုပေါ်တွင် ကျွန်တော်နေထိုင်ပါသည်။ ထိုဂြိုဟ်ထဲတွင် ကမ္ဘာကဲ့သို့ပင်နိုင်ငံပေါင်းများစွာရှိပြီး ကျွန်တော်နေထိုင် သော နိုင်ငံ၏ မြို့ကလေးသည် မင်းမဲ့စရိုက်ပေါများသော၊ ခြစားမှုပြင်းထန်သော နေရာတစ်နေရာဖြစ် သည်ဟုဆိုရမည်ပင်။
လွန်ခဲ့သော ခြောက်လခန့်ကဝယ်ယူထားသည့် ဘတ္ထရီစက်ဘီးကလေး အခိုးခံရမှ အဖြစ်အပျက်တို့စတင် ခဲ့သည်ဟုဆိုရပါမည်။ တရိပ်ရိပ်တက်နေသော ကုန်ဈေးနှုန်းကြောင့် ဝယ်တုန်းက သုံးသိန်းကျပ်သာ ပေးရသည့် ကျွန်တော့်ဘတ္ထရီဘီးကလေးသည် ကာလပေါက်ဈေး ခြောက်သိန်းခွဲဝန်းကျင်တန်ခဲ့ပြီ။
ဉစ္စာပျောက် ငရဲရောက်ဟူသော စကားပုံသည် ကျွန်တော့်အတွက်ဖြစ်လာခဲ့သည့်နေ့မှာ အရာရာတိုင်း သည် အစဉ်တကျမရှိဘဲ ကစဉ်ကလျားအဖြစ်အပျက်များနှင့်သာ ကုန်ဆုံးရတော့သည်။
“ဟာ..စက်ဘီးမရှိတော့ဘူး” ဟု ကျွန်တော့်နှုတ်မှ ရေရွတ်မိလိုက်သည်နှင့်အတူ နှမြောတသဖြစ်စိတ်၊ ရင်ဘတ်ထဲဗလောင်ဆူသံတို့ဖြင့် တစ်ကိုယ်လုံးထူပူနေမိလေသည်။ အိမ်ရှေ့တွင် မိနစ်ပိုင်းမျှသာရပ်ထား မိသောစက်ဘီးကလေးသည် တမုဟုတ်ချင်းပျောက်ချင်းမလှပျောက်သွားမိရာမှ ဇာတ်လမ်းစတင်ခဲ့ရ သည်ဟုဆိုရမည်ပင်။
“အိမ်နောက်ဖေးက ကိုကျော်သူဆီကိုလာတဲ့ဧည့်သည်ယူသွားတာတွေ့လိုက်တယ်၊ သေချာတယ်၊ ယူတဲ့ လူကိုလည်းမှတ်မိတယ် ဆံပင်စုတ်ဖွားနဲ့၊ အသားညိုညိုနဲ့လူ၊ ကိုကျော်သူ့ဆီကိုမကြာမကြာလာပြီးနှစ် လုံးထိုးနေကျလေ၊ ငါတို့က သူ့စက်ဘီးထင်လို့”
စက်ဘီးပျောက်ဆုံးကြောင်းသတင်းသည် ဖေ့စ်ဘုတ်ပေါ်တွင် လိုက်ဖ်လွှင့်ကြေညာစရာမလိုဘဲ တစ်ရပ်ကွက်လုံး သို့ ပြန့်ခြင်းမက ပြန့်နှံ့သွားတော့သည်။ မထူးဇာတ်ခင်းပြီမို့ ကျွန်တော်သည်လည်း ဟိုမေးဒီမေးလိုက်မေး ရတော့ အဖြေသဲ့သဲ့ရသည်။ ကျွန်တော့်စက်ဘီးကိုယူသွားသည့်လူကို ပတ်ဝန်းကျင်ကကောင်းကောင်း ကြီးမှတ်မိကြသည်မို့ မဆိုင်းမတွပင် ကိုကျော်သူတို့အိမ်ကို ကျွန်တော်ရောက်သွားကာ သတင်းမေးရတော့၏။ သို့သော်လည်း တစ်ရပ်ကွက်တည်းနေသူသမားတို့ ၏ အကျင့်အတိုင်း မည်သူမျှ အမုန်းမခံလိုကြ။ ငါပြောတယ်လို့မပြောပါနဲ့ဟု အသီးသီးကနှုတ်ပိတ်ကြပြန် သောအခါ သက်သေကမရှိတော့ပြန်။ နောက်ဆုံးတော့ ကိုကျော်သူ့ကိုတိုက်ရိုက်မေးရန်သာဆုံးဖြတ်ခဲ့ တော့သည်။
“အစ်ကို့အိမ်ကိုလာတဲ့ ဆံပင်စုတ်ဖွားနဲ့ဧည့်သည်ယူသွားတယ်ဆိုပြီးမြင်လိုက်တဲ့သူတွေကပြောလို့ သူ လာရင်တော့ ကျွန်တော့်ကိုမေးပေးလို့ရမလား”
ထိုစကားသည် ကိုကျော်သူ့အတွက် စိတ်ဆိုးစရာဖြစ်သွားခဲ့တော့သည်။ သူ့ဧည့်သည်ကို သူခိုးဟုစွပ်စွဲ ရပါ့မလားဟူသည့်သဘောဖြင့် ကျွန်တော့်ကိုရန်လိုမုန်းထားအကြည့်တို့ဖြင့် စကားစစ်ထိုးတော့သည်။
“ငါ့ဧည့်သည်ကိုမစော်ကားနဲ့၊ မင်းပစ္စည်းကိုမင်းမထိန်းသိမ်းနိုင်ဘဲနဲ့ ဘာလဲကွာမင်းက၊ လူကလက် တောက်လောက်ရှိသေးတယ်၊ ငါတို့ကိုများစော်စော်ကားကား” ဟုအစချီကာ နှမ မအေကိုင်တုတ်ကာ ဆဲရေးတိုင်းထွာတော့သည်။ ပြဿနာကထင်ထားသည်ထက်ပို၍ကြီးမားခဲ့လေပြီ၊ မဖြစ်ချေတော့ဟု တွေးကာ အိမ်သို့ပြန်လာခဲ့သော်လည်း မပြီးဆုံးနိုင်သေး။ ကိုကျော်သူသည် ကျွန်တော်တို့အိမ်ရှေ့အထိ ရောက်လာကာ အော်ဟစ်ဆဲဆိုနေတော့သည်။
“မနေ့တစ်နေ့ကမှ ဒီရပ်ကွက်ကိုပြောင်းလာတဲ့ကောင်၊ ဘာလဲကွ ရာရာစစ၊ မင်းကဘာမို့လိုငါ့ကိုလာ ပြီး စွပ်စွပ်စွဲစွဲတွေလုပ်ရတာလဲ၊ မင်းကဘာကောင်လဲ”
မိုက်ကြေးခွဲစကားလုံးများ၊ ခြိမ်းခြောက်မှုများကို နာရီဝက်ခန့်ပြောအပြီးမှတော့ မော၍လားမသိ၊ လာ လမ်းအတိုင်းပြန်လှည့်သွားတော့သည်။ တစ်ခွန်းတစ်ပါဒမျှပြန်မပြောခဲ့၊ ကျွန်တော့်အမျိုးသမီးဖြစ်သူက လည်းပြဿနာမဖြစ်ချင်၍ တားသည်။ ရပ်ကွက်ကလူအတော်များများကတော့ ထွက်ကြည့်ကြ၊ တီးတိုး တီးတိုးသဖန်းပိုးလုပ်ကြဖြင့် ပွဲဆူနေတော့၏။ ကိုကျော်သူပြန်သွားပြီး နာရီအတန်ကြာသည့်တိုင်အောင် ကျွန်တော့်ကိစ္စကိုပြော၍မဆုံးနိုင်သေး။ ဒီရပ်ကွက်မှမဟုတ်။ ကျွန်တော်အရင်နေခဲ့ဖူးသည့်ရပ်ကွက်တိုင်း သည်လည်း ကိစ္စတစ်ခုခုဖြစ်ပြီ၊ ရုတ်ရုတ်သဲသဲဖြစ်ပြီဆိုလျှင် ကာယကံရှင်များကသာပြီးဆုံးသွားသည်။ သူတို့ကတော့ သုံးသပ်၍၊ ဝေဖန်၍၊ ရှုမြင်၍ မပြီးစီးနိုင်သေး။ အခုကိစ္စတွင်လည်း ကျွန်တော့်စက်ဘီးကို ယူသွားသည်ဟုအခိုင်အမာမြင်လိုက်သည်ကတစ်ဖွဲ့၊ စွပ်စွဲသည်ဟုထင်ကြေးပေးကြသည်ကတစ်ဖွဲ့၊ ကြားနေကတစ်ဖွဲ့ ဖြင့် အဖွဲ့များစွာကွဲလွဲနေတော့လေသည်။
ကျွန်တော်တို့လင်မယားနှစ်ယောက်တွင်တော့ စက်ဘီးပျောက်သည်ထက် ရပ်ကွက်ကအတင်းအဖျင်း ပြောမှုကြောင့် စိတ်ပင်ပန်းရသည်ကိုပို၍များတော့သည်။ နောက်ဆုံးတော့ ထွေအုပ်ရုံးတွင်အလုပ်လုပ် နေသည့် ဦးလေးဖြစ်သူထံကို အကူအညီတောင်းရတော့သည်။ အခုကာလက အစိုးရရုံးတွင် အသိမိတ် ဆွေတစ်ယောက်ရှိထားခြင်းက အားကိုးရာကောက်ရိုးတမျှင်ပင်။ ရုံးအချင်းချင်းအဆက်အသွယ်အချိတ် အဆက်ဖြင့် အလုပ်လုပ်လျှင် ပုံမှန်ထက်ငွေကုန်ကြေးကျသက်သာသည်၊ အချိန်လည်းသိပ်မကုန်။
“အိမ်ရှေ့မှာ ဒီအတိုင်းခဏလေးရပ်ထားရာကနေပျောက်သွားတော့တာပဲ၊ သော့လည်းခတ်တော့ခတ် ထားပါတယ်၊ သော့ကိုဖျက်ပြီးယူသွားတာ၊ အဲဒီလူယူသွားတာကိုလည်း သေသေချာချာမြင်တဲ့သူတွေ ကမြင်ကြတယ်”
“ရဲစခန်းမှာအမှုဖွင့်မလား”
ဦးလေးအကြံအစည်ကိုတော့ ကျွန်တော်လက်မခံချင်။ ရဲစခန်းသွားလျှင် အလုပ်ကရှုပ်ဦးမည်။ ဒီအတိုင်း ပြီးမည်မဟုတ်။ အမှုဖွင့်ပြီးဆိုလျှင် ပိုက်ဆံကကုန်တော့မည်၊ လက်ဖက်ရည်ဖိုး၊ စာရွက်ဖိုးအကြောင်းပြ ၍ မပြီးဆုံးနိုင်သောကုန်ကျမှုများက ဆက်တိုက်လာလိမ့်မည်။ ထိုမျှမကသေး၊ အကြောင်းအမျိုးမျိုးဖြင့် ရဲ စခန်းက ခဏခဏခေါ်၍သွားရမည်၊ သွားတိုင်းလည်းကုန်ကျစရိတ်ကရှိဦးမည်။ စက်ဘီးကိုပြန်လိုချင် သော်လည်း ရုံးကန္ဒားတော့မသွားချင်။ မည်သူမျှလည်းသွားချင်သည့်အလုပ်မဟုတ်။ အစိုးရရုံးများနှင့် ပက်သက်လာလျှင် မည်သူကမျှလိုလိုလားလားရှိမနေသည်မှာအမှန်ပင်။ သို့ဖြင့် အမှုမဖွင့်တော့ကြောင်း နှင့် ရှိပါစေတော့ကြောင်းကိုဦးတည်လိုက်ရတော့သည်။ အလုပ်သွား၊ အလုပ်ပြန်မို့ ဘတ္ထရီစက်ဘီးလေး ကလည်းမရှိ၍မဖြစ်သည်မို့ မိန်းမလက်ဝတ်လက်စားကိုပေါင်နှံကာ ဘီးအသစ်တစ်စီးဝယ်ရန်ပြင်ဆင်ရ လေသည်။ မိန်းမလက်ဝတ်လက်စားကလည်း ကျွန်တော်တို့နေထိုင်သည့်အိမ်တွင်မရှိ၊ သူ့မိဘ ကျွန်တော့် ယောက္ခမအိမ်တွင်သိမ်းထားသည်မို့ ယောက္ခမအိမ်သွားရန်ပြင်ဆင်ရသည်။ ဒီကာလက သူခိုးသူဝှက် လည်းအင်မတန်ပေါမှပေါ၊ ကားစီးလျှင်လည်း ခါးပိုက်နှိုက်ရန်ကိုကြောက်ရသည်။ လမ်းသွားလျှင်လည်း ဖုန်းပြောနေ၍မရ၊ လက်ထဲကဖုန်းကိုလုပြေးကြသည်မှာအခါခါ၊ ဘတ်စ်ကားမစီးဘဲတက္ကစီစီးပြန်တော့ လည်း တက္ကစီသမားက ခရီးသည်ကိုမယုံ၊ ခရီးသည်က တက္ကစီသမားကိုမယုံကြ။ ဆိုင်ကယ်စီးတော့ လည်း ပစ္စည်းလု၊ ဆိုက်ကားစီးတော့လည်းစိတ်မချရဖြင့် နေရာတိုင်းတွင် ယုံကြည်မှုကင်းမဲ့လျက်ရှိ တော့သည်။
ယောက္ခမအိမ်ကို သွားလုဆဲဆဲတွင် ကျွန်တော်တို့အိမ်ရှေ့သို့ လူနှစ်ယောက်ရောက်လာခဲ့သည်။ စက် ဘီးပြန်တွေ့သည့်အကြောင်းကို ထူးဆန်းစွာပြောတော့သည်။
“ဒီအိမ်ကစက်ဘီးပျောက်တာ ရဲစခန်းမှာသိမ်းထားပါတယ်၊ အဲဒါလာယူဖို့ အကြောင်းလာကြား ပေးတာပါ”
သူတို့၏ စကားကြောင့် စဉ်းစားစရာအများကြီးရသွားတော့သည်။ စက်ဘီးပျောက်ဆုံးကြောင်းကိုရဲစခန်း တွင်လည်းမတိုင်ထားပါဘဲဘာကြောင့် ရဲစခန်းမှာသိမ်းထားရတာလဲ၊ ကျွန်တော်တို့အိမ်ကစက်ဘီး ပျောက်ဆုံးသွားသောအိမ်မှန်းသူတို့က ဘယ်လိုသိသလဲ၊ ဘာလို့ အိမ်ကိုတကူးတကလာအကြောင်းကြား ရသလဲ၊ ကျွန်တော့်စက်ဘီးမှန်းသူတို့ဘယ်လိုသိသလဲ စသည်ဖြင့် မေးခွန်းပေါင်းများစွာကို မေးနေမိ သည်။ သို့သော်လည်း စက်ဘီးကိုတော့ပြန်လိုချင်စိတ်များတဖွားဖွားပေါ်လာပြန်သည်။ ပိုက်ဆံကဖောင်း ပွနေပေမယ့် ရှာရတာခက်ခဲလှနေတဲ့ကာလကြီးမှာ အသစ်ဝယ်ဖို့ကျတော့လည်း ငွေအပိုမထွက်ချင်။ မိန်း မကလည်း သူ့လက်ဝတ်လက်စားကိုရောင်းချပြီးဝယ်ဖို့ သဘောတူပေမယ့် မျက်နှာကတော့ ညိုးလို့နေ လေသည်။ စက်ဘီးပြန်တွေ့ပြီဆိုသည့်သတင်းကတော့ မင်္ဂလာသတင်းပဲဖြစ်သည်။
“သိပ်အများကြီးမတွေးပါနဲ့ရှင်၊ ကျွန်မတို့သတင်းက ဟိုးလေးတကြော်ဖြစ်သွားတာကို ရပ်ကွက်ရဲစခန်း က သိထားလို့ စက်ဘီးပြန်တွေ့တော့လာအကြောင်းကြားပေးတာနေမှာပါ” ဟု အမျိုးသမီးက နှစ်သိမ့် စကားဆိုလေသည်။
“ဒါဆို ကိုယ်တို့စက်ဘီးမှာ အမှတ်အသားလည်းမရှိဘဲနဲ့ သူတို့ဘယ်လိုသိသလဲ”
ကျွန်တော်ကတော့ ဒါလုပ်ကြံဇာတ်လမ်းတစ်ပုဒ်ဟု တစ်ထစ်ချယုံကြည်ထားသည်။ တိုင်းပြည်မကောင်း တာကိုအကြောင်းပြကာ အစိုးရဝန်ထမ်းအမည်ခံလူများနှင့် အကျင့်စရိုက်မကောင်းသူများပူးပေါင်းကာ ပြည်သူထံမှ ပုံစံပေါင်းစုံဖြင့် လာဘ်စား၊ ဖြတ်စားလုပ်ကြသည့်ခေတ်မဟုတ်ပါလား။ ကျွန်တော်ပျောက် ဆုံးခဲ့သောဘတ္ထရီစက်ဘီးဇာတ်လမ်းမှာ အခြားဇာတ်လမ်းများနှင့်ပုံစံတူဖြစ်လိမ့်မည်။
စက်ဘီးသူခိုးက စက်ဘီးကို ရဲလက်ကိုအပ်မည်၊ ရဲက စက်ဘီးဖမ်းဆီးရမိပုံစံဖြင့်ရဲစခန်းတွင်သိမ်းထား မည်၊ ကျွန်တော်က စက်ဘီးပျောက်ဆုံးကြောင်းရဲစခန်းကိုလာတိုင်သည့်အခါ သုံးလေးရက်အချိန်ဆွဲ ထားမည်။ သူတို့စက်ဘီးရှာပေးသည့်သဘောပေါ့။ ထို့နောက် အချိန်တစ်ခုစောင့်ပြီးသည့်အခါ အသင့်ရှိနေသောစက် ဘီးကို သူတို့ဖမ်းဆီးရမိသည့်ပုံစံဖြင့်ပြောကာ ထုတ်ပေးမည်။ နောက်ဆုံးအဆင့် ကျွန်တော့်ဆီက သူ တို့သတ်မှတ်ဈေးဖြတ်၍ ငွေတောင်းကာ ရဲတစ်ဝက်၊ သူခိုးတစ်ဝက် ခွဲဝေယူကြမည်။ ဒါက တန်ဖိုးကြီး ပစ္စည်းပျောက်ဆုံးတိုင်ချက်များကို လုပ်နေကျအတိုင်းဖြစ်သည်။ ကျွန်တော့်ဇာတ်လမ်း က ထိုထက်နည်းနည်းလေးပို၍ ရှုပ်သွားခဲ့ပါသည်။ ထွေအုပ်ရုံးတွင်ရှိသော ဦးလေးထံဖုန်းဆက်အကူအညီ တောင်းခဲ့မိ၍ပင်။
ဦးလေးက ရဲစခန်းရှိ အရာရှိထံဖုန်းဆက်၍အကူအညီတောင်းသည်။ ရဲစခန်းက ကျွန်တော် စက်ဘီးလာ ယူသည့်အချိန်ကိုစောင့်ကာ စက်ဘီးကို သူတို့ရှာဖွေဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ပျောက်ဆုံးပစ္စည်းကို လက်ဖက်ရည်ဖိုးဖြင့်ပြန်ရွေးနိုင်ကြောင်းပြောသည်။ လက်ဖက်ရည်ဖိုးဆိုသည်မှာ အနည်းဆုံးသိန်းဂဏန်း မှန်း တစ်နိုင်ငံလုံးက ကောင်းကောင်းသဘောပေါက်ကြသည်မဟုတ်ပါလား။
“ခဏတော့စောင့်ပေး၊ ခင်ဗျားရှေ့မှာ အမှုတစ်ခုရှိသေးတယ်၊ အဲဒါကိုဖြေရှင်းနေရမယ်၊ ဟော ဟိုနားက လက်ဖက်ရည်ဆိုင်မှာသွားထိုင်နေ၊ ရရင်ကျွန်တော်တို့ခေါ်လိုက်မယ်” ဟုဆိုကာ ကျွန်တော့်အချိန်များကို ဖြုန်းတော့သည်။ ဒါ အစိုးရရုံးများ၏ ထုံးစံလိုပင်ဖြစ်နေပြီ။ မည်သည့်ဌာန၊ မည်သည့်ရုံးကိုသွားပါစေ၊ ဘယ်လောက်ပဲအရေးကြီးနေပါစေ သူတို့ကတော့ အေးအေးလူလူပင်။ တမင်ကိုအချိန်ဆွဲပြီး ငွေညှစ်ကြ မယ်၊ သူတစ်ပါးကိုစိတ်ပျက်လက်ပျက်ဖြစ်အောင်လုပ်မည်၊ နောက်ဆုံးသူတို့ကကူညီမှ ရပါတယ်ဆိုသည့် အမြင်ဖြစ်အောင်လုပ်မည် မဟုတ်ပါလား။
ကျွန်တော်စောင့်နေဆဲတွင်ပင် ဦးလေးဆီကိုဖုန်းဆက်ပြီးအကြောင်းစုံကိုရှင်းပြရသည်။ အခြေအနေက အခုလိုဖြစ်ခဲ့ပြီ။ ကိုယ့်စက်ဘီးကိုလည်း မျက်စိရှေ့တော်မှောက်မြင်နေရပြီ။ ကိုယ့်ပစ္စည်းမှန်းလည်းသေ ချာပြီ။ ယူရန်လည်းအဆင်အသင့်လူကရောက်နေပြီ။ ဘာကြောင့်ယူလို့မရသေးတာပါလဲဆိုသည့်အဖြေ ကို မေးမိသည်။ ဦးလေးကလည်း ဖုန်းဆက်ပေးမည်ဟုဆိုပြန်သည်။
သိပ်မကြာလိုက်။ ရဲသားလေးတစ်ယောက် ကျွန်တော့်ထံကိုရောက်လာသည်။ သူ့မျက်နှာကလည်းစိတ် ဆိုးတကြီးဖြင့် ကျွန်တော့်ကို အော်လားဟောက်လားလုပ်တော့သည်။
“ခင်ဗျားကလည်းသိပ်လောတာပဲ၊ ကျွန်တော့်လူကြီးစိတ်ဆိုးသွားပြီဗျ၊ ခင်ဗျားစက်ဘီးကိုရမယ် ခဏပဲ စောင့်ပါလို့ပြောတာကို ဖုန်းဆက်ပြီးလောနေတော့ ကျွန်တော့်လူကြီးက ဒေါသထွက်သွားတယ်၊ အဲ တော့ ခင်ဗျားစက်ဘီးကိုအခုထုတ်ပေးမယ်၊ ဒါပေမဲ့ ခင်ဗျားစက်ဘီးကို ခင်ဗျားပိုင်ဆိုင်ကြောင်းစာရွက် ရယ်၊ စက်ဘီးဝယ်တုန်းကဘောင်ချာရယ်ယူပြီး လာထုတ်လိုက်၊ အဲဒါ အိမ်ပြန်ပြီးသွားယူချည်”
ဒါသပ်သပ်ရစ်ခြင်းပင်။ ဘယ်သူကများ ကိုယ့်ပစ္စည်းကိုပိုင်ဆိုင်ကြောင်းအထောက်အထားစာရွက်ရှိမည် လဲ။ တစ်နိုင်ငံလုံးမှာ တစ်ယောက်တောင်ရှိပါ့မည်လား။ ကိုယ်ဝယ်လာတဲ့ပစ္စည်းတစ်ခုကို ကိုယ်သုံးနေ ပြီပဲ။ အဲဒီပစ္စည်းကို ပိုင်ဆိုင်ကြောင်းမော်ကြွားခွင့်လက်မှတ်က ဘယ်သူကယူဖူးသလဲ။
“အေးဗျာ ရှိပါစေတော့”
စိတ်ပျက်လက်ပျက်ဖြစ်ကာ အိမ်ပြန်ရန်ပြင်သည်။ ဦးလေးလုပ်မှ ပိုဆိုးသွားသလားမပြောတတ်။ အကျိုး အကြောင်းကိုတော့ရှင်းပြရဦးမည်ဟုတွေးကာ ဦးလေးကိုဖုန်းဆက်ပြောပြလိုက်သည်။ အမျိုးသမီးက လည်း အခြေအနေကို တရစပ်ဖုန်းဆက်မေးမြန်းနေသည်။ သူလိုက်လာ၍မဖြစ်၊ အိမ်မှာတမင်အိမ်စောင့် ထားခဲ့ခြင်းဖြစ်သည်။
“ခဏနေဦးကွာ ငါပြန်ဆက်ပေးမယ်” ဟု ဦးလေးက ဆိုလာပြန်လေသည်။ သူတို့ အစိုးရဝန်ထမ်းအချင်း ချင်းက ချိတ်ဆက်လုပ်ကိုင် (လုပ်စား) နေကြခြင်းဟု တစ်ကိုယ်ရည်မြင်မိသည်။ ကိုယ့်ပစ္စည်းပျောက်ဆုံး တာ သူတို့အတွက် ဂွင်ဖန်ပေးခြင်းပဲဖြစ်လေသည်။ စက်ဘီးကိုပြန်လိုချင်သောစိတ်များ ပျောက်ဆုံးချင် သယောင်ဖြစ်လာသည်။ ပစ္စည်းပျောက်တယ်၊ ရဲလည်းမတိုင်ဘူး၊ ဒါပေမဲ့ ရဲတွေ ရောက်လာပြီး ပစ္စည်း လာထုတ်ဖို့ပြောတယ်၊ ပစ္စည်းသွားထုတ်တော့လည်း ကြည်ကြည်ဖြူဖြူမပေးဘူး၊ အချိန်စောင့်ခိုင်း တယ်၊ မစောင့်နိုင်တော့လည်း မရနိုင်တဲ့ စာရွက်တွေ၊ ထောက်ခံစာတွေတောင်းပြီးရစ်တယ် ဘာသဘော လဲ၊ သူတို့ဘာလိုချင်တာလဲ၊ ပိုက်ဆံဆိုလည်း ပိုက်ဆံက သင့်တော်တဲ့အနေအထားတစ်ခုပေးဖို့ဆုံးဖြတ် ပြီးသားပါ။ ဒါပေမဲ့ ဘာလို့အဲလိုမျိုးကြီး ရစ်ချင်နေရတာလဲ။
“ဟေ့လူ၊ ကျွန်တော်တို့လူကြီးက လာခဲ့ပါတဲ့”
ဦးလေးက ဖုန်းဆက်ပြီး သူတို့အချင်းချင်းချိတ်ဆက်ပြီးနောက်ပိုင်း ရဲစခန်းအတွင်းသို့ဝင်ခွင့်ရခဲ့သည်။ ဒီ ကောင်တွေ ဘာဉာဏ်ဆင်ဦးမလဲဟုတွေးကာ စိတ်က တိုလာသည်။
“ဦးပြည့်ရဲ့တူမို့လို့ ခင်ဗျားစက်ဘီးယူသွားလို့ရပါပြီ၊ တစ်သိန်းခွဲနဲ့ ဈေးဖြတ်ပေးလိုက်မယ်၊ အဲတော့ ကျွန်တော်တို့ကို တစ်သိန်းခွဲပေးပြီးရင် ဟောဟိုမှာရပ်ထားတဲ့ ခင်ဗျားစက်ဘီးပြန်ယူသွားတော့”
အထက်လူကြီးဆိုသည့်လူက ထိုစကားလုံးများကို ပြောနေကျပုံစံအတိုင်းပင်ပြောတော့ အတော်ကလေး မှင်သက်အံအားသင့်မိသည်။ ရဲစခန်းရှေ့တွင်ရပ်ထားသော ကူညီပါစေဟူသည့် စာတမ်းကို ဘူဒိုဇာကား ဖြင့်ထိုးချပစ်လိုက်ချင်စိတ်များတဖွားဖွားပေါ်လာသည်။ ကိုယ့်ပစ္စည်းကိုယ်ပြန်ယူတာ တစ်သိန်းခွဲတဲ့ လား။
ပြန်ပြောစရာစကားလုံးများလည်းမရှိသလို အထင်အမြင်သေးစိတ်များကိုလည်းထိုထက်ပို၍ထိန်းချုပ်နိုင် စွမ်းမရှိတော့ပြီမို့ တစ်သိန်းခွဲပေးလိုက်ကာ စက်ဘီးကိုခပ်သွက်သွက်ထုတ်ယူခဲ့လိုက်တော့၏။
(ထိုအဖြစ်အပျက်သည် ကမ္ဘာနှင့်မလှမ်းမကမ်းတွင်ရှိသော ဂြိုဟ်ပေါ်ရှိ ကျွန်တော်နေထိုင်သောနိုင်ငံတွင် ဖြစ်ပျက်ခဲ့ခြင်းပင်။)
>>>>>
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
ထင်ဒိုင်းအောင်