တစ်သက်တာ

(၁)

ကွမ်လာလမ်ပူ၊ ဧပြီ ၂

စိတ်ပြေ လက်ပျောက် အပန်းဖြေခရီးအဖြစ် ဒီနေရာကိုလာခဲ့ပေမယ့် ဒါဟာ ကံဆိုးခြင်းပေါင်းများစွာကို သယ်ဆောင်ပြီး အိမ်ပြန်စေခဲ့တဲ့ ခရီးဆိုတာ ပြန်ခါနီးသုံးရက်အလိုမှာ ကျွန်တော်သိခဲ့ရပါသည်။

တကယ်ပဲ ကမ္ဘာကြီးက ကျဉ်းလှပါသည်။ ကမ္ဘာပေါ်မှာ အတွေ့ချင်းဆုံ လူတစ်ယောက် ကို . . . စိတ်ထဲမှာ အမြဲတစေရှိနေတဲ့ လူတစ်ယောက်ကို လုံးဝမထင်မှတ်စွာ တွေ့ဆုံခြင်းမှ စတင်ခဲ့လေသည်။

Kata Rayar (ကိုတာရာယာ) သို့ ကျွန်တော်ရောက်ရှိသောအချိန်မှာ ဒေသစံတော်ချိန် ၁၁ နာရီဖြစ်သည်။ ဒီအချိန်ဆို ရန်ကုန်မှာ ကိုးနာရီခွဲပဲရှိဦးမှာပေါ့။

ကွာလာလမ်ပူမြို့ရှိ Kota Raya Shopping Complex အနီးတစ်ဝိုက်သည် မလေးရှားရောက် မြန်မာလူမျိုးများ ကျက်စားရာနေရာဖြစ်သည်။

တစ်မြို့လုံးမှာ မတွေ့ရတဲ့ ကွမ်းတံတွေးတွေ ဒီနားတစ်ဝိုက်တွေ့ရသည်။ Kota Raya အရှေ့ဘယ်ဘက်လောက်မှာ ကုက္ကိုလ်ပင်ကြီး နှစ်ပင်ရှိသည်။ အလုပ်အားလပ်ရက်တွေမှာ အဲဒီအပင်ကြီးအောက် အမှတ်အသားလုပ်ပြီး မြန်မာလူမျိုးတွေ စုဝေးကြသည်။ အသိမိတ်ဆွေ သူငယ် ချင်း အချင်းချင်း၊ ဆွေမျိုးသားချင်း အချင်းချင်း တွေ့ဆုံပြီး မြန်မာပြည်မှာလို လက်ဖက်ရည် ဆိုင်ထိုင်ကြသည်။ စျေးဝယ်ထွက်ကြသည်။ ဒီနားတစ်ဝိုက်က မြန်မာဆိုင်တွေချည်းဖြစ်သည်။ အဲဒီအနား . . . လက်ကိုင်ကင်မရာတစ်လုံးနဲ့ ဟိုဟိုဒီဒီ လျှောက်ရိုက်နေစဉ်မှာပဲ ကျွန်တော်အင်မတန် လွမ်းနေခဲ့ သည့် အသံကို စတင်ကြားခဲ့လေသည်။

“ထူးဝေယံ”

အလွတ်ရနေသည့် ခင့်အသံ။ ရုတ်တရက်ကြီး ကြားလိုက်ရတော့ အသက်ရှုမဝသလိုပင် ဖြစ်မိသွားသည်။ ဘုရား . . . ဘုရား . . . ကျွန်တော် သူ့ကို တကယ်တွေ့နေတာပါလား။ လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်း က ကွယ်ပျောက်သွားခဲ့တာ။ ခင်သက်ညို့ဟာ ကေအယ်လ်မှာ ရှိနေတာပေါ့။

“ခင်”

ကျွန်တော် ခေါ်နေကျ နာမည်လေးကို တီးတိုးရေရွတ်မိသည်။ ဒါကြောင့်ထင်သည်။ ခင့်ရဲ့ အမြွှာမောင် မင်းသက်ညိုက မလေးရှား ကို အပန်းဖြေခရီးဆိုတော့ မသွားဖို့ အသည်းအသန်တားခဲ့သေးသည်။ ခင်နဲ့တွေ့ရင် ကျွန်တော့ဒဏ်ရာတွေ ပိုပြီး ပိုပြီး အနာတရမဖြစ်စေချင်ပုံရ သည်။ မင်းမင်းက ကျွန်တော့အပေါ် သူငယ်ချင်းကောင်းပီသသလောက် သံယောဇဉ်ကြီးသလောက် သူ့အစ်မက သူနဲ့ စိတ်ရော အကျင့်စရိုက်ပါ ဘာလို့မတူညီကြတာပါလဲ။

“အံ့သြသွားလို့လား ထူးဝေယံ။ ငါလည်း မြင်မြင်ချင်းအံ့သြပြီး လှမ်းခေါ်လိုက်တာ။ ကေအယ်လ်ကို ဘာလာလုပ်တာလဲ။ တစ်ယောက် တည်းလား။ ကိုတာရာယာကိုရော ဘယ်လိုလုပ်ရောက်လာတာလဲ”

ခင်တော်တော်လှလာပါသည်။ ကျွန်တော့အပေါ်ကိုလည်း အရင်ကထက် လှိုက်လှိုက်လှဲလှဲ ဆက်ဆံပုံရသည်။

“ဦးလေးနဲ့လာတာ။ အလည်ဆိုပါတော့ . . . ဦးလေးက အသိတစ်ယောက်နဲ့တွေ့နေတုန်း ဟိုဟိုဒီဒီ လျှောက်ကြည့်နေတာ။ ခင် . . . နင် ငါ့ကို အသိမပေးပဲ ထွက်သွားပြီး အခုလို အေးအေးဆေးဆေး စကားပြောနိုင်တာ အံသြတယ်ကွာ”

“ငါနဲ့နင်နဲ့ ဘာဆိုင်လို့ . . . ထူးဝေယံ။ ငါ့ကို ရန်မတွေ့နဲ့ဟာ ဟုတ်ပြီဟား။ နင့်ကိုငါ သူငယ်ချင်း တစ်ယောက်လို သံယောဇဉ်ထားတယ်။ ငါက ဒီမှာမိတ်ဆွေတွေနဲ့ မြန်မာဆိုင် တစ်ဆိုင်ဖွင့်ထားတယ်ဟ။ ရောက်တုန်းရောက်ခိုက် ဆိုင်ကိုလိုက်လည်လေ”

“ဟင့်အင်း . . . ငါလျှောက်ကြည့်ချင်သေးတယ်”

ကျွန်တော့အသံ တုန်ရီနေမှန်း သူမသတိထားမိလိမ့်မည် မထင်ပါ။ ခင်သက်ညို့ဟာ ကျွန်တော်နဲ့ ပတ်သက်ရင် ဘာကိုမှ အလေးအနက် မထားတာ သူမနဲ့စသိကတည်းကပါပဲ။ ဘာမှ မဆိုင်ဘူးတဲ့လား . . . ။ ရက်စက်လိုက်တာ။ နင့်အပေါ်ကို ငါ တစ်သက်တာလုံးအတွက် ရည်ရွယ်ပြီး နှစ်နှစ်ကာကာ ချစ်ရတာပါ။ ကျွန်တော့မေးရိုး၊ တံတောင်ဆစ်တွေ စူးခနဲ နာကျင်သလိုဖြစ်သွားပြီး အသက်ရှုမဝသလို ခံစားရသည်။ ခေါင်းထဲက မိုက်ခနဲဖြစ်ပြီး ယိုင်သွား၏။

“ထူးဝေယံ . . . ဘာဖြစ်လို့လဲ။ ရရဲ့လား . . . မှန်း . . . ” သူမက ကျွန်တော့ပုခုံးကို ဆွဲကိုင်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။

“နင်ငိုနေတယ် . . . ဟုတ်လား”

“ဟာ . . . ငါက ဘာကိစ္စ ငိုရမှာလဲ”

ခင်နဲ့ ပတ်သက်လာရင် ကျွန်တော် ဘာလို့ဒီလောက်ထိ ပျော့ညံ့ရတာပါလဲ။ အတတ်နိုင်ဆုံးစိတ်ကို ချုပ်တည်းထားလိုက်မိ၏။

“ကဲ . . . လာ။ ငါဒီနေ့အလုပ်တွေဖျက်ပြီး နင့်ကိုလိုက်ပို့မယ်။ မနက်ဖန်တနင်္ဂနွေဆိုတော့ မနက်ဖြန်လည်း ငါအားတယ်ဟာ။ နင်ဘယ်တွေသွားချင်လဲ။ Twin Tower ရော ရောက်ပြီး သွားပြီလား”

“အေး ။ အတော်များများတော့ရောက်ပြီးပြီ။ တောင်ပေါ် Genting Theme Park နဲ့ ဒီနေရာပဲ ကျန်တော့တယ်။ ငါတို့ ခြောက်ရက်နေ့ ပြန်မှာ”

“သုံးလေးရက်လိုသေးတာပဲ။ မနက်ဖန်တစ်ရက်တော့ ငါလိုက်ပို့ပေးပါ့မယ်။ ဒီနေ့ရော နင်ဘာတွေ ဝယ်ချင်သေးလဲ။ ဘယ်တွေသွားချင် သေးလဲ။ နင့်ဦးလေးလာရင် ပြန်နားခိုင်းပြီး ငါလိုက်ပေးမယ်”

ကျွန်တော် လက်ခံလိုက်သည်။ ဒုတိယအကြိမ်မြောက် စိတ်ကို အတတ်နိုင်ဆုံး ချုပ်တည်းထား လိုက်သည်။ ရုတ်တရက်ကြီး ရောဂါ ပြန်ထသွားတာထင်ပါရဲ့။ လူအများစု အသက်ရှုမဝတာဟာ စိတ်ဖိစီးမှုများလို့တဲ့။ အသက်ရှုလို့မရတဲ့ ခံစားမှုမျိုးဟာ Hyper Ventilation ကြောင့် ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်တွေ နည်းသွားပါသတဲ့။

အသက်ရှုမဝတာ။ တံတောင်ဆစ်၊ မေးရိုးတွ ရုတ်တရက်နာတာတွေဟာ နှလုံး တိုက်ခိုက်ခံရတဲ့ လက္ခဏာတွေပေါ့။ ဟင့်အင်း . . . ခင်နဲ့တွေ့တဲ့အချိန်မှာ ဒါတွေမဖြစ်စေရပါ။ ကျွန်တော့ နှလုံးရောဂါ အခြေအနေ ဘယ်လောက် ပဲရှိရှိ ခင်မသိစေရ။ ခင်ကို ရန်ကုန်ပြန်ခေါ်မည်။ ရှစ်လတာ မတွေ့ရတာမို့ မြင်မြင်ချင်း ဘယ်လိုမှခွဲခွာချင်စိတ်မရှိတော့။

အဲဒီနေ့က ကျွန်တော်တို့နှစ်ယောက် Kota Raya ထဲ ဝင်ကြည့်ကြပါသည်။ ကွာလာလမ်ပူရှိ ရှေးဟောင်းအဆောက်အဦးကြီးတစ်ခုဖြစ် သည်။ အထဲမှာ မြန်မာတွေချည်း ခြေချင်းလိမ်နေတာ တွေ့ရသည်။ အဆောက်အအုံထဲမှာ လိုချင်တဲ့ပစ္စည်းအကုန်ရသည်။ အထူးသဖြင့် အိတ်ဆိုင်တွေ၊ အဝတ်အထည်ဆိုင်တွေ၊ ဖိနပ်ဆိုင်တွေ အတော်များများရှိသည်။

Kota Raya ရဲ့ အနီးအနားမှာပဲ မြန်မာစားသောက်ဆိုင်တွေရှိသည်။ ခင်တို့ ဆိုင်လဲ အဲဒီနားတစ်ဝိုက် မှာပဲလို့ ပြောသည်။ ကျွန်တော်က မြန်မာထမင်းဟင်းစားချင်တယ်ပြောတော့ သိဒ္ဓိဝင်ထမင်းဆိုင်ကို လိုက်ပို့ပေး၏။ ရန်ကုန် က ဆိုင်တွေလို ဟင်းတွေမစုံပေမယ့် ဝက်သားဟင်း၊ ကြက်သားဟင်း၊ ဘဲဥဟင်းတွေတော့ရသည်။ ငါးပိရည်၊ သခွားသီးတို့စရာနဲ့ ချဉ်ပေါင်ရွက် ဟင်းချိုပါ ချပေးသည်။ နောက်ပြီး ဘူးသီးကြော်၊ ကြက်သွန်ကြော်စတဲ့ အကြော်စုံလည်း ဒီမှာရသည်။ ဆိုင်ထဲမှာ ဖွင့်ထားတဲ့ အခွေတွေကလည်း မြန်မာခွေတွေ၊ မေခလာရဲ့ ဝါကာဝါကာ သီချင်းခွေ။ လာရောက်စားသောက်သူ အားလုံး မြန်မာတွေချည်းဖြစ်သည်။

“အတော်များများက ကေအယ်လ်မြို့ပေါ်မှာ အလုပ်လုပ်ကြတာမဟုတ်ဘူး။ ဒီကနေ တစ်နာရီလောက်၊ လေးဆယ့်ငါးမိနစ်လောက် ကား စီးသွားရတဲ့ နေရာတွေကနေ အားလပ်ရက်မှာ မြို့ထဲလာဆုံကြတာလ။ မနက်ဖန်ဆို ဒီထက်များဦးမယ်။ နောက်ပြီး ရန်ကုန်မှာ သုံးနေတဲ့ အသုံး အဆောင်၊ အစားအသောက်တွေ ဒီမှာအကုန်ရတယ်”

နောက်ထပ် ခင်လိုက်ပြသောနေရာက ဇေယျာစတိုးဖြစ်သည်။ ကွမ်းယာကအစ ရန်ကုန်မှာ အပတ်စဉ်ထွက်နေကျ ဂျာနယ်တွေအထိ အကုန်ရသည်။ အဲဒီနေရာနဲ့ ငါးမိနစ်လောက် လမ်းလျှောက်လို့အကွာဝေးမှာ တရုတ်တန်းဆိုတာရှိသည်။ ဖိနပ်တွေ စျေးသက်သက်သာသာနဲ့ ဝယ်လို့ကောင်းတဲ့ နေရာတဲ့။ တရုတ်တန်းအနားမှာ ကုန်တိုက်ကြီးတစ်ခု။ အဲဒီအထဲမှာတော့ ပါတိတ်တွေချည်းရောင်းတာ ဖြစ်သည်။ ကိုယ်ဆစ်နိုင် သလောက်စျေးသက်သာသည်။ စတိုးဆိုင်တွေ၊ စင်တာတွေမှာ ၂၅ ရင်းဂစ်ကျတဲ့ ပါတိတ်ဝမ်းဆက်ကို အဲဒီမှာ ၁၈ ရင်းဂစ်လောက်နဲ့ရသည်။

ဒေသစံတော်ချိန် လေးနာရီခွဲလောက်မှာတော့ ကျွန်တော်ပင်ပန်းစပြုလာပြီ။ ဒီနားတစ်ဝိုက်လည်း စုံနေပြီမို့ ခင့်ကိုပြန်ဖို့ပြောရသည်။ ခင်က ပြုံးလျက် ခေါင်းညိတ်ပြ၏။

“ငါ ဒီကနေ နင်တည်းတဲ့ ဟိုတယ်အထိကို တက္ကစီငှားပေးလိုက်မယ်လေ”

သူမ လိုက်မပို့နိုင်သောအခါ ကျွန်တော်ဝမ်းနည်းသွားမိ၏။

“ဟင့်အင်း။ ငါမိုးပျံရထားနဲ့ပဲ ပြန်ချင်တယ်။ နင် ငါ့ကိုဘူတာအထိလိုက်ပို့။ လက်မှတ်ဝယ်ပေးပြီး ဘယ်နှစ်ဘူတာမှာ ဆင်းရမယ်ဆိုတာ ပြောလေ . . . ”

“နင် . . . ဖြစ်ပါ့မလား ထူးဝေယံ”

“ငါ ကလေးမှမဟုတ်တာ”

ကျွန်တော်တို့ ရထားဘူတာအထိ လမ်းလျှောက််ကြတော့မှ သက်သောင့်သက်သာ စကားပြော ခွင့်ရသည်။ MRT ဘူတာ (ကျွန်တော်ကတော့မိုးပျံရထားဘူတာဟုသာခေါ်လေသည်) ကို တော်တော် လမ်းလျှောက်ရပြီး ပြေပြစ်ညီညာလှသော လှေကားထစ်လေးတွေကို တက်ရ၏။

“နင်နဲ့ တွေ့ရတာ ငါ့အတွက် ကံကောင်းတာလား။ ကံဆိုးတာလားမသိဘူး။ နင့်ကို ငါလက်လွှတ် မခံချင်တော့ဘူး ခင်။ နင် ရန်ကုန် ပြန် လိုက်ခဲ့ဟာ နှစ်ချို့အောင် နင်အချစ်ကို ငါကြိုးစားခဲ့တာပဲ။ နားလည်ပေးပါဟာ”

“ကလေးမဆန်ပါနဲ့ ထူးဝေယံရယ်။ ငါပြန်လိုက်ဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီမှာအလုပ်တွေ တန်းလန်းကြီး။ အချိန်အကြာကြီးအထိ လုပ်ယူဖန်တီးလို့ မရတဲ့အထဲမှာ အချစ်ဆိုတာကြီးလည်း ပါတယ်ဟာ။ ငါနင့်ကို အစကတည်းက . . .”

“မပြောပါနဲ့ . . .”

ကျွန်တော့ကို စိတ်မချဟုဆိုကာ မိုးပျံရထားလိုက်စီးပေးပြီး ဟိုတယ်အထိလိုက်ပို့ပါသည်။ ပြန်ခါနီးမှာ ပဟေဠိစကားတစ်ခွန်း ပြောသွား သေးသည်။

“တောင်ပေါ်ကိုသွားဖို့ မနက် ၈ နာရီခွဲ လာခေါ်မယ်။ မနက်ဖန်ညနေကျရင် နင်မသိတဲ့ ငါ့ရဲ့အရေးကြီး အကြောင်းအရာတစ်ခု ပြောပြ မယ်ထူးဝေယံ။ နင်အားလုံး သဘောပေါက်သွားမှာပါ”

ကွာလာလမ်ပူ၏ ညနေသည် အိုက်စပ်စပ်နိုင်လှ၏။

x x x x x x x x x

(၂)

ကေအယ်လ် ဧပြီ (၃)

ဘယ်ရောဂါမဆို အခြေအနေ အတိမ်အနက်ဟာ စိတ်နဲ့ပဲဆိုင်တယ်လို့ ကျွန်တော်ထင်ပါသည်။ ကျွန်တော်ရောဂါသည် တစ်ယောက်လုံးလုံး မဟုတ်ပေမယ့် နှလုံးရောဂါအခံကြောင့် တစ်ခါတစ်ခါ နှလုံးတိုက်ခိုက်ခံရတတ်သည်။ မှတ်မှတ်ရရ ခင့်အချစ်ကို ရယူဖို့ကြိုးစားရင်း ခင်ရုတ်တရက် ပျောက်ကွယ်သွားတုန်းက ပေပေတေတေနေရင်း ရင်ဘတ်အောင့်တာ၊ အသက်ရှုမဝတာမျိုးဖြစ်ပြီး ဆေးရုံတစ်ပတ်တက်ရဖူးသေးသည်။ ကျွန်တော် ပျော့ညံ့တဲ့ယောကျ်ားတစ်ယောက် မဖြစ်ချင်ပါ။ ထို့အတူ ခင့်အတွက် ချစ်ခြင်းတရားကိုလည်း တစ်သက်တာလုံးအတွက် ဖက်တွယ်ထား သူလည်း ဖြစ်လေသည်။

မနေ့တုန်းက ခင်ပြန်ခါနီး သူမရဲ့လိပ်စာနဲ့ ဖုန်းနံပါတ်ကို ရေးပေးခဲ့သည်။ ခင်ရဲ့ ဝိုင်းစက်ညီညာလှတဲ့ လက်ရေး။ ကျွန်တော်အလွတ်ကျက်ထားမိသည်။ ဒီလက်ရေးလောက် လှတာ ဘယ်မှာရှိဦးမှာလဲ။

“ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား”

ရှစ်နာရီခွဲအတိမှာကျွန်တော်တည်းရာ ဟိုတယ်သို့ရောက်လာပါသည်။ ခင်ပြောမယ့်အကြောင်းအရာ ဘာပါလဲဆိုတာ တွေးရင်း Genting Theme Park ကို သွားဖို့ တက်ကြွနေမိသည်။ တောင်ပေါ် အမြင့်တွေ၊ လှေကားအမြင့်တွေကို ကျွန်တော်အင်မတန်နှစ်သက်ပါသည်။ အမြင့်တက်ရဲ တဲ့ နှလုံးရောဂါ ဝေဒနာရှင်တွေ၊ နည်းနည်းလေးပြေးရုံနဲ့ မောနေသူတွေ၊ ကားအရမ်းလှုပ်ရင် တုန်ရီမူးဝေနေတဲ့ သူတွေကို ကျွန်တော် သဘောမကျပါ။ ကျွန်တော့ရောဂါက အဲလောက်မဆိုးရွားလို့လားမသိ။ အမြင့်တက်တာ၊ တော်ရုံတန်ရုံ ပြေးတာမျိုး ကျွန်တော်ဘယ်လိုမှ မခံစားရပါ။ သို့သော် လည်း စိတ်အရမ်းထိခိုက်ရင်တော့ ကျွန်တော်ခံရတဲ့ ဝေဒနာက သာမန်ရောဂါရှင်ထက် ဆိုးရွားလေသည်။

Genting ကို တောင်အောက်ခြေကနေ တောင်ပေါ်အထိ ကြိုးရထားနဲ့ တက်ကြပါသည်။ တောင်ပေါ်နဲ့ တောင်အောက်ကို ကေဘယ်လ် တွေနဲ့ သွယ်တန်းထားပြီး တစ်တွဲရထားလုံးလေးတွေက ကြိုးတစ်လျှောက် ဖြည်းဖြည်းလေးရွေ့တာဖြစ်သည်။ တောင်ပေါ်မှာ ဘက်စုံကစားကွင်း တွေ၊ သရဲအိမ်၊ ပျော်စရာနေရာအတော်များများကို တွေ့ရသည်။

“ခင် ငါ့ကို ဘာပြောမှာလဲဟင်”

ညနေ မစောင်းခင်မှာပဲ ကျွန်တော်စောဒက တက်နေမိသည်။ ခင်မပြောသေးပါ။ နေရာအနှံသာ လျှောက်ပြနေဆဲ။ အဲဒီတောင်ပေါ်မှာ လည်း မြန်မာတချို့တွေ့ရပါသည်။ Genting ကနေ အောက်ကို ဆင်းတော့ ကားနဲ့ဆင်းပါသည်။ တောင်ခြေဆင်းတဲ့လိုင်းကားဂိတ်မှာ ရန်ကုန်မှာလို ရှောက်သီးအဝိုင်း လေးတွေ။ စောင်လျားသီးထုတ်လေးတွေကို ဆားဖြူးပြီးရောင်းသည်။ တစ်ထုတ်ကို ၂ ရင်းဂစ်တဲ့။

“Genting တောင်ပေါ်ကစားကွင်းဟာ ပိုက်ဆံဖြုန်းမယ့်နေရာလို့ အလွယ်တကူ ထင်ရပေမယ့် ငါ့အတွက်တော့ စိတ်ညည်းညူနေတဲ့ အချိန်မှာ စိတ်ဖိစီးမှုများတဲ့ အချိန် အပန်းဖြေစရာတစ်ခုပဲ။ ဟော . . . ဟိုမှာတွေ့လား ထိုင်ခုံသေးသေးလေးတွေမှာ ပတ်ပတ်လည်ထိုင်ပြီး အောက်ကနေ အပေါ်ကို ဖြည်းဖြည်းလေးတက်။ အပေါ်ရောက်တော့ အောက်ကိုဝုန်းခနဲကျ . . . အို . . . အသည်းယားဖို့ ကောင်းလိုက်တာ”

အမြင့်ကနေ အောက်ကိုကျတဲ့အချိန်မှာ “အား” ခနဲ အော်လိုက်ရတဲ့ အရသာကို နှစ်သက်ကြ ဟန်တူပါသည်။ အမြင့်ကြောက်တဲ့ သူတွေ ဆို နှလုံးခုန်နှုန်းတွေ ရပ်သွားမတ်တ်ဖြစ်လောက်၏။

တောင်အောက်ရောက်တော့ အရပ်ရှည်ရှည် ရုပ်သန့်သန့်လူတစ်ယောက် ကျွန်တော်တို့ကို လာတွေ့သည်။ ခင်လာကြိုခိုင်းတာ ထင်ပါရဲ့။ သူရဲ့ဦးဆောင်မှုနဲ့ပဲ ကြက်ကြော်၊ ခေါက်ဆွဲကြော် ကောင်းကောင်းရတဲ့ နေရာတစ်နေရာကို ရောက်လာခဲ့ပါသည်။ သူ့မှာ ဆလွန်းကား ပုံစံ ကားခဲရောင် လေးတစ်စီးနဲ့ လာကြိုခြင်းဖြစ်သည်။ ဆိုင်ရဲ့ အဲယားကွန်းအငွေ့အသက်၊ တိတ်ဆိတ်မှု တွေနဲ့ အေးအေးလူလူ ဖြစ်နေတဲ့အချိန်မှာ ခင်ရဲ့ စကားစတင်လသည်။ သူမ ကျွန်တော်မျက်နှာကို စိုက်ကြည့်သည်။

“ထူးဝေယံ . . . ။ ဒါ ငါ့အမျိုးသားလေ”

“ဘာ”

ရုတ်တရက် ကျွန်တော်လန့်သွားသည်။

“နင် အံ့သြသွားမယ်ဆိုတာ ငါသိပါတယ်။ ငါသူနဲ့ လက်ထပ်ပြီး ကေအယ်လ်ကို ရောက်လာတာပဲ။ အိမ်နဲ့အတိုက်အခံလုပ်ပြီး သူ့နောက် လိုက်လာတာ။ မင်းမင်းတို့ နင့်ကိုဘာကြောင့် မပြောတာလဲ ငါလည်းအံ့သြနေတယ်”

မင်းသက်ညို့ဟာငါ့အတွက်မပြောတာ။ငါစိတ်မကောင်းဖြစ်မှာစိုးလို့ပေါ့။ ကျွန်တော်ဘာဆက်လုပ်ရမလဲ။ အားလုံးပြိုလဲကုန်ပြီ။ ခင် ဘာဆက်ပြောလဲ ကျွန်တော်မကြားတော့။ ဒီနေရာက အမြန်ဆုံးကွယ်ပျောက် ချင်နေပြီ။ ကျွန်တော် ရင်ခုန်နှုန်းတွေ…ဟာ…။ ကျွန်တော့အသက်ရှူသံတွေ.. အတတ်နိုင်ဆုံးချုပ်တည်း ထားပေမယ့်မရ။ ဘာဆက်ဖြစ်မလဲ…ကျွန်တော်မသိတော့။ အရာအားလုံး ကျွန်တော့ရှေ့မှာ ကွယ်ပျောက်ခဲ့ပြီဖြစ်သည်။ ကျွန်တော်ပြန် သတိထားမိချိန်မှာတော့ ဦးလေးမျက်နှာကို စတင်မြင် ရသည်။

“ဦး…ရန်ကုန်ကို အမြန်ဆုံးနည်းနဲ့ ပြန်ကြရအောင်၊ ရရင်အခုပဲဖြစ်ဖြစ်“

လေယာဉ်လက်မှတ်အဲလောက်မလွယ်ကူမှန်းတော့ စိတ်ထဲသိလေသည်။

>>>>>

(၃)

ရန်ကုန် ဧပြီ

“မင်းမင်း မင်းငါ့ကိုဖုံးကွယ်ထားတယ်၊ ရက်စက်လိုက်တာကွာ“

ရောက်ရောက်ချင်းပဲ မင်းမင်းဆီကို အရောက်သွားကာအပြစ်တင်မိသည်။ ခင် ဟာကျွန်တော့ရဲ့ အနာဂတ်အိမ်မက်ဖြစ်သည်။ အဲဒီအိမ်က်ပျက်သုဉ်းသွားတဲ့ တဒင်္ဂမှာဘယ်သူမဆို အရုပ်ကြိုးပြတ် လဲကျမိမှာပဲ။ဒါအမှန်တရားပဲ။ ခင်နဲ့ပတ်သက်ရင် ဒါဒုတိယအကြိမ်မြောက်ပျက်သုဉ်းခြင်းဖြစ်သည်။ ဒီတစ်ခါ ပျက်သုဉ်းခြင်းက မျှော်လင့်ချက်မရှိတော့ခြင်းဖြစ်သည်။

“ သူငယ်ချင်းရာ…မင်း ငါ့အစ်မနဲ့ ပတ်သက်ရင် ဘာလို့အဲလောက်ထိ ကံဆိုးမိုးမှောင်ကျရတာလဲ။ အရာအာလုံး ငါမင်းကို ပြောမထွက်ခဲ့ဘူး။ ခင်သက်ညို့နဲ့ တစ်နေ့ ကောင်မွန်စွာ ပြန်ဆုံရမယ်ဆိုတဲ့ မင်းမျှော်လင့်ချက်ကို ငါဘယ်လိုလုပ်ဖျက်ဆီးပစ်ရက်မှာလဲ။ မင်းနဲ့ပတ်သက်ရင် ငါ့အစ်မရဲ့ ဥပက္ခာကို လည်း ငါအရမ်းမုန်းမိတယ်“

မင်းသက်ညို့ကျွန်တော့်ကို သဘောတူလွန်းခဲ့သည်။ မင်းသက်ညို့နဲ့ စတင်ခင်မင်ရင်းသူနဲ့ ငါးမိနစ်သာ ကွာခြားပြီးမွေးတဲ့ ခင်နဲ့ပါသိကျွမ်းခဲ့ခြင်းသည်။

“ သူငါ့ထက်ငယ်မယ်ဆိုရင်လညး ထူးဝေယံကို နင်ယူရမယ်ဆိုပြီး အတင်းအကျပ် လက်ထပ်ခိုင်းမယ်၊ အခုတော့…

ခင့်ကို ရယူပိုင်ဆိုင်လိုပေမယ့် သူမရဲ့သဘောတူကြည်ဖြူမှုကိုသာ ကျွန်တော်လိုချင်ပါသည်။ ခင့်ကို စချစ်ကတည်းက ခင်ဘေးနားမှာ နေရင်းလိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ကြိုးစားခဲ့ပေမယ့် ခင်လက်မခံခဲ့ပါ။ ကျွန်တောပတ်သက်ရင် သူငယ်ချငး်တစ်ယောက်အဖြစ်မှအပ အရာရာငြင်းဆန်ခဲ့ လေသည်။ ဇွဲကောင်းကောင်းနဲ့ ကြိုးစားဆဲကာလမှာပဲ ခင် ပျောက်ကွယ်သွားတာဖြစ်သည်။မင်းမင်းက နိုင်ငံခြား ခဏသွားလည်တာဟုသာ ပြောပြီး ဖခင်အမျိုးတွေရှိရာ စင်ကာပူဟုဆိုသည်။ ကျွန်တော်မယုံတစ်ဝက်ဖြင့် ကွာလာလမ်ပူကို ခရီးထွက်ခဲ့ရင်း ခင်နဲ့မထင်မှတ်ဘဲတွေ့ခြင်းပင်။

ကျွန်တော်ရန်ကုန်ပြန်ရောက်ပြီးမှ မင်းမင်းရော၊ တစ်ခြားသူငယ်ချင်းတွေပါ ကျွန်တော့မှာ နှလုံးရောဂါရှိတယ်ဆိုတာ၊ ကျွန်တော်ဟာ အသေစောမယ့်သူဆိုတာ သိခဲ့ကြသည်။ ကျွန်တော်ဦးလေးနဲ့ မင်းမင်းတို့စကားစပ်မိရာမှ စတင်သိခဲ့ခြင်းပင်။ ခင့်ကို ကျွန်တော့်လွယ်လွယ်နဲ့ မေ့လို့မရပါ။ မေ့ဖို့လည်းမကြိုးစား။

“ ခင်…ငါပါ”

ကေအယ်လ်မှာတွေ့ပြီး ခင့်လိပ်စာရပြီးကတည်းက ခင်ဆီ ဖုန်းဆက်ချင်နေခဲ့သည်။ ရန်ကုန် ရောက်ပြီး နှစ်ရက်အကြာမှာ ခင့်အသံကြားချင်ဇောနဲ့ ဖုန်းခေါ်မိခဲ့သေးသည်။ တုန့်ပြန်ချက်က ကျွန်တော်ထင်ထား တာထက်ဆိုးရွားခဲ့လေသည်။

“ ထူးဝေယံ၊ နင်ငါနဲ့ ဆက်နွယ်ချင်နေလို့မကောင်းတော့ဘူး၊ ငါက အိမ်ထောင်သည်ဖြစ်နေပြီဆိုတာ နင်သတိထားဦးလေ၊ ငါနင့်ကိုအစကတည်းက မချစ်နိုင်ပါဘူးလို့ အပြတ်ငြင်းထားခဲ့တာပဲ၊ လိုက်လျောမှု တွေနဲ့ ဇွတ်အတင်းကြီးအချစ်ကိုရယူတာဟာ၊ သိမ်းသွင်းတာဟာ ဦးနှောက်မရှိတဲ့ လူတွေရဲ့လုပ်ရပ်လို့ ငါထင်တယ်။ အပြန်အလှန်နားလည်မှုတွေနဲ့မှ အချစ်တွေ၊ ဘဝတွေကိုတည်ဆောက်လို့ရမှာဟ၊ ငါတို့အိမ်ထောင်ရေးသာယာနေတာ အဲဒါကြောင့်ပဲ။ သူနဲ့ငါ အရင်းကတည်းက အပြန်အလှန် နားလည်ကြတယ်လေ၊ ငါနင့်ကို ဆရာလုပ်တာမဟုတ်ပါဘူး ထူးဝေယံ၊ နင်ဆင်ခြင်တုန်တရားရှိ စေချင်တယ်၊ ငါ့ကိုမဆက်သွယ်ပါနဲ့တော့”

“ငါ့နင့်အသံကိုကြားချင်ရုံသက်သက်…အေးလေ၊ နင်ဟာငါလုံးဝမပတ်သက်သင့်တော့တဲ့ သူတစ်ယောက်ပါ”

“ကျေးဇူးတင်ပါတယ်၊ ဘယ်အရာမဆို ကိုယ့် အတ္တကိုရှေ့တန်းတင်ပြီး လုပ်ယူဖန်တီးလို့ရ ကောင်းရမယ်၊ ချစ်ခြင်းတရားနဲ့ ပတ်သက်ရင်တော့ အစစ်အမှန်ကိုလုံးဝမရနိုင်ဘူးထူးဝေယံ၊ အဲဒါ သေချာတယ်”

ကျွန်တော် ခင်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်မရှိတော့၊ ခင်ကိုတမ်းတရင်း၊ ခင်ရဲ့ အချစ်ကိုမရရှိခဲ့တဲ့ အတွက် တစ်သက်တာလုံးယူကြုံးမရဖြစ်ရင်း အသေစောမယ့် နေ့ကိုစောင့်ရုံမှတစ်ျပါး ဘာရှိတော့မှာလဲ။ ခင်သက်ညို့ဆိုတဲ့မိန်းမတစ်ယောက်ကိုပဲ ကျွန်တော့ အသက်ဆုံးတိုင်အထိချစ်မည်။ သူ့အိမ်ထောင်နဲ့ သာသာယာယာရှိနေတာကို ကျွန်တော်ကျေနပ်မည်။ ခင်ကို အဝေးကပဲတမ်းတနေမှာပါ။

>>>>>

(၄)

ရန်ကုန် ဇူလိုင် ၈

“ ခင့်ကို ငါအခုထိချစ်နေတာ လူမှုရေးဖောက်ပြန်ရာကျမလားဟင်၊ မင်းမင်း”

ကျွန်တော့တစ်သက်တာလုံးအတွက် နောက်ဆုံးနေ့ရက်မျာသို့ရောက်မှန်းမသိရောက်ခဲ့သည်တိုင် ခင့်ကို မေ့မရခဲ့ပါချေ။ ကျွန်တော် မင်းသက်ညို့ကို အဲဒီလိုမေးတော့” သူကပြုံးပြီးခေါင်းခါပါသည်။

“ မကျပါဘူး၊ ဝေယံရာ၊ မင်းမှန်ပါတယ်။ အခုချိန်မှာ မင်းဟောဒီ ဆေးရုံကနေကောင်းစွာနဲ့ ဆင်းရဖို့ ထက်ဘယ်အရာမှအရေးမကြီးပါဘူး၊ တကယ်တော့ ငါ့အစ်မလည်း မင်းကိုမေ့လို့မရပါဘူးကွာ”

“ဘယ်လို…”

“ ခင်သက်ညို့ဟာ မင်းကိုအရင်ကတည်းကချစ်ခဲ့တာပါ၊ ဟောဒီမှာ ငါ့အစ်မရဲ့မှတ်စုစာအုပ်၊ သူ့သေတ္တာဟောင်းထဲမှာတွေ့တာ၊ မင်းဒါကိုဖက်ပြီးရင်သဘောပေါက်သွားလိမ့်မယ် သူငယ်ချင်း”

အစိမ်းပုပ်ရောင်စာအုပ်ဟောင်းလေး၊ ကျွန်တော်လှမ်းယူပြီးပွတ်သပ်ကြည့်လိုက်သည်။ အေးအေး ဆေးဆေးဖတ်ဆိုတော့တဲ့သဘောနဲ့ မင်းမင်းက ဆေးရုံအခန်းလေး၏အပြင်ဖက်ကိုထွက်သွား၏ ကျွန်တော် ပထမဆုံး စာမျက်နှာကိုလှန်ကြည့်လိုက်ပါသည်။ ဝိုင်းစက်သောလက်ရေးတွေ။ ဟုတ်တယ်။ ဒါခင့်လက်ရေးအစစ်တွေပဲ။ မလေးရှားမှာတုန်းက လိပ်စာရေးပေးခဲ့တဲ့လက်ရေး။

“ထူးဝေယံက ကျွန်မကိုချစ်တယ်တဲ့။ ကျွန်မ ရင်တွေခုန်လိုက်တာ၊ ကျွန်မလောက်ဝမ်းသာ ရမယ့်သူဘယ်သူရှိဦးမှာလဲ ။ ဒါပေမယ့် …ဒါပေမယ့်မကြာခင်နှစ်တွေ အတွင်းမှာ လက်ထပ်ရတော့မယ့် မိန်းမတစ်ယောက်အတွက်သူ့ကိုဘယ်လိုအင်အားတွေနဲ့ အဖြေပြန်ပေးရမလဲကွယ်၊ ဟုတ်တယ်… ကျွန်မလူတစ်ယောက်ကိုလက်ထပ်ရမယ်၊ ဖေဖေဆုံးပြီးနောက်ပိုင်း ဇောက်ထိုးမိုးမျှော်ဖြစ်သွားတဲ့ အိမ်စီးပွားရေး ပြနလည်တည်ငြိမ်ဖို့ ဖေဖေမဆုံးခင်ကမှာခဲ့တဲ့အတိုင်းအဲဒီလူနဲ့ လက်ထပ်ရမယ်၊ မိသားစုအတွက် နှလုံးသားကို စတေးရတော့မယ်၊ ထူးဝေယံ …ကျွန်မ ဘယ်လိုလုပ်ရမလဲ”

ပထမစာမျက်နှာကို ဖတ်ပြီး သက်ပြင်းသဲ့သဲ့ချမိသည်။ ဘုရားဘုရား။ ခင့် ကျွန်တော့ ကိုတကယ်ချစ်ခဲ့တာပါလား။ တွေးပြီးဝမ်းသာသွားသည်။ မြိုသိပ်နိုင်လွန်းပါတယ် ခင်ရယ်။

“ အမြဲတမ်း အနားမှာရှိနေဖို့ကြိုးစားပြီး ဘာလိုအပ်လဲဖြည့်ဆည်းပေးဖို့စောင့်ဆိုင်းနေတဲ့သူရယ်၊ ကျွန်မဘယ်လောက်ထိတင်းခံနိုင်မှာလဲ၊ မြင်ပြီးမကြင်ရတဲ့ဘဝလောက်ဆိုးတာ ဘယ်မှာများရှိဦး မလဲလေ၊ မနက်က မင်းမင်းကသင်တန်းကြေး ငါးသောင်းတောင်းတာ အမေကမပေးနိုင်လို့ စကားများကြသေးတယ်၊ အိမ်အခြေအနေကဆိုးသည်ထက်ဆိုးနေပြီ၊ ကျွန်မဘယ်လိုလုပ်ရမလဲ၊ ရှင့်မျက်နှာလေးကို မြင်နေရသရွေ့ ကျွန်မဆုံးဖြတ်ချက်တွေ နောက်ဆုတ်သွားတယ်၊ ထူးဝေယံရယ်… ရှင့်အနားမှာမနေမှ ကောင်းမှာပါ၊ အဝေးဆုံးကို ထွက်သွားရလိမ့်မယ်…”

ကျွန်တော့ကိုချစ်ကြောင်းရေးထားတဲ့ စာမျက်နှာပေါင်းများစွာ၊ ပျော်လိုက်တာခင်ရယ်၊ ဒီလိုမှန်း အစကတည်းကသိခဲ့ရင် ခင့်ဒုက္ခတွေကို မျှဝေခံစားပေးမှာပေါ့။ ကျွန်တော့ကိုချစ်နေတဲ့အကြောင်းကို တစ်သက်လုံးသိမ်းဆည်းဖို့ခင်ကြိုးစားခဲ့တာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် … ငါသေပျော်ပါတယ် ခင်ရယ်။ ငါဟာအသေစောမယ့် နှလုံးရောဂါဝေဒနာရှင် တစ်ယောက်ပါ။ နင့်အချစ်ကို မျှော်လင့်ပြီး သေတာထက်စာရင် နင့်အချစ်ကိုရပြီးမှန်းသိပြီးသေတာက သက်တောင့်သတ်တာရှိပါတယ်ခင်ရယ်။ ဒီကမ္ဘာမှာငါအပျော်ဆုံးဖြစ်မှာပါ။

>>>>>

(၅)

ကေအယ်လ်

ဖွင့်ထားသော Laptop မှ အီးမေးလ်း Alert သံကြောင့် ခင်သက်ညို့ Laptop နားရောက်လာခဲ့သည်။ မောင်ဖြစ်သူ မင်းသက်ညို့ဆီမှ အီးမေးလ်းမှန်းသိလိုက်၏။

“ ချစ်သော မမခင်

ထူးဝေယံ မနေ့က ဆုံးသွားတယ်။ သူဟာ စိတ်ခံစားမှုအပေါ်မူတည်ပြီးအသက်ရှင်နေရတဲ့ နှလုံးရောဂါ ဝေဒနာရှင်တစ်ယောက်ပါပဲ။ နင့်ကို အရမ်းချစ်တဲ့ လူတစ်ယောက် လောကကြီးကထွက်ခွာသွားလို့ နင်ဘယ်လိုခံစားရမှန်းမသိပေမယ့် ငါ့တော့အရမ်းစိတ်မကောင်းဖြစ်မိတယ် မမခင်။ သူဟာ နင့်မျှော်လင့် ချက်နဲ့ အသက်ရှင်နေခဲ့ သူတစ်ယောက်ပါပဲ။

သူ့မှာ နှလုံးရောဂါရှိတယ်ဆိုတာကို ကေအယ်လ်ကပြန်လာမှငါသိခဲ့တာ။ နင်လည်း ဒီစာဖတ်မှ သိမယ်ထင်တယ်။ နင် ထူးဝေယံအပေါ်သိပ်ရက်စက်ရာကျခဲ့တယ်။ နင့်ကိုအသည်းအသန်ဖြစ်နေတဲ့သူကို အကြောက်အကန်ငြင်းခဲ့တယ်။ သူရောဂါဖောက်လို့ ဆေရုံတင်ထားတုန်းက နင့်ကိုတမ်းတနေခဲ့တယ် မမခင်။ အချစ်နဲ့ပတ်သက်လို့ ကံမကောင်းခဲ့တဲ့ သူကိုသက်တောင့်သက်သာနဲ့ စိတ်ချမ်းမြေ့စွာ လောကကြီးကထွက်ခွာဖို့ ငါ အကြံတစ်ခုရခဲ့တယ်။

အမြွှာမောင်နှမဆိုပေမယ့် အကျင့်စရိုက်ရော၊ နေထိုင်ပုံ။ ဝါဿနာတွေပါလုံးဝကွဲပြားခြားနားတဲ့ နင်နဲ့ ငါ့မှာခွဲမရအောင်တူတဲ့အရာတစ်ခုရှိတယ်လေ။ အဲဒါက ငါတို့ရဲ့လက်ရေးပဲ။ ငါစာတစ်ချို့ကိုရေးပြီး နင့်ဒိုင်ယာရီ ပုံစံနဲ့ ထူးဝေယံကိုပေးဖတ်ခဲ့တယ်။ အဲဒါသိပ်ထိရောက်တယ် မမခင်။ သူပျော်ရွှင်ချမ်းမြေ့ စွာနဲ့ ထာဝရအိပ်ပျော်သွားခဲ့တယ်။ ငါ့ရဲ့အကြံအတွက် နင်ငါ့ကိုအပြစ်မတင်ရဘူးနော်။ ကျန်းမာပါစေ။

မောင်လေး မင်းသက်ညို့”

ခင် စိတ်မကောင်းဖြစ်မိပါသည်။ အချစ်ဆိုတာကြီးနဲ့ တွေ့ရင်လူတွေဘာလို့ ဆင်ခြင်တုံးတရား ကင်းမဲ့ကြတာပါလိမ့်။ သူမ ထူးဝေယံကိုလက်မခံနိုင်ခဲ့တဲ့ အတ္တ။ ထူးဝေယံကလည်း သူမကိုပဲ ဇွဲနပဲကြီးစွာနဲ့ ချစ်နေခဲ့တဲ့အတ္တ။

“ဇွဲရှိရင် အရာအားလုံး ဖြစ်နိုင်တယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ ဇွဲရှိပြီး ဆုံးရှုံးရတဲ့အရာ တစ်ချို့လည်းရှိတက်တယ်ဆိုတာ သူသဘောမပေါက်ပဲနဲ့ လော့ကကြီးက ထွက်ခွာသွားခဲ့တယ် မောင်”

မောင်က အီးမေးလ်းကို သေချာဖတ်နေသည်။

“လွယ်လွယ်နဲ့ ဆုံးရှုံးရတာထက်စာရင့်တော့ ကိုယ်စွမ်းရှိသရွေ့ကြိုးစားပြီးရှုံးရတာက ပိုမြတ်ပါတယ် ခင်ရယ်၊ တစ်သက်တာလုံး အထိ ခင့်အပေါ် မြတ်နိုးခဲ့တဲ့ သူအချစ်ကိုမောင်လေးစားတယ်၊ လူတိုင်းက အတ္တတွေနဲ့ချည်းပါပဲ၊ ခင့်အပေါ်ထားတဲ့ ထူးဝေယံရဲ့ ချစ်ခြင်းတရားနဲ့ပတ်သက်တဲ့အတ္တကို ခင်အသိအမှတ်ပြုလိုက်ပါ”

ခင်ခေါင်းညိတ်လိုက်သည်။ အခန်းရဲ့ အပြင်ဖက်မှာကောင်းကင်ပြာကြီးက မျက်စိတစ်ဆုံးလှပနေ၏

>>>>>

(အာရောဂျံမဂ္ဂဇင်း)