ဒီတစ်ပတ်ပိတ်ရက်မှာ တောင်ဇလပ်ပန်းတွေပွင့်ရာ တစ်နေရာကိုရောက်ခဲ့ပါတယ်။ ချင်းပြည်တော့
မဟုတ်ဘူး ရယ်။ ရှမ်းပြည်နယ်ဘက်ကတောင်တစ်တောင် ဖြစ်ပါတယ်။ ရင်သပ်ရှုမောအောင်လှတဲ့ နေရာလေးလို့ ဆိုချင်ပါတယ်။ တောင်ဇလပ်ဆို ချင်းပြည်မှာပဲပွင့်တယ်လို့ထင်ထားတာ ရှမ်းပြည်မှာတောင်ဇလပ်ပွင့်တဲ့နေရာရှိတယ်ဆိုလို့ အဲဒီ တောင်ကိုသွားဖြစ်ခဲ့တာပါ။ သွားရလာရ အရမ်းမခက်ခဲပေမယ့် လွယ်ကူချောမွေ့တဲ့ခရီးတစ်ခုတော့မဟုတ် ပါဘူး။ ဒါပေမဲ့ ရောက်တဲ့အချိန်မှာ တော့ ရင်သပ်ရှုမောလောက်တဲ့သဘာဝအလှတရားကို ဘေးပတ်ပတ်လည် မှာတွေ့ရမှာ အသေအချာပဲဗျို့။
သဘာဝအလှတရားတွေနဲ့ မဲနယ်တောင်
••••••••••••••••••••••••••••••••••
တောင်ကြီးမြို့အကျော်ကမဲနယ်တောင်ဖြစ်ပါတယ်။ နာမည်အမျိုးမျိုးခေါ်ဆိုကြပေမယ့် ကျွန်တော်က တော့ အလွယ်ဆုံးခေါ်တဲ့နာမည် မဲနယ်တောင်လို့ပဲခေါ်လိုက်ပါတယ်။ မဲနယ်တောင် ဆိုတာ ကားလမ်းတိုက်ရိုက် ရောက်တဲ့နေရာမဟုတ်ပါဘူး။ သဘာဝအရိုင်းတွေနဲ့ ပကတိအလှတရား တွေပြည့်နှက်နေတဲ့နေရာဖြစ်ပါတယ်။ ပေပေါင်း ၈၂၀၀ ရှိတာမို့ တောင်ဇလပ်ပန်းပွင့်တဲ့ အမြင့်ပေဖြစ်ပါတယ်။ တောင်ထိပ်ပတ်ပတ်လည်မှာသာတောင် ဇလပ်နီတွေဝေနေအောင်ပွင့်ပြီး အခြားနေရာတွေမှာကတော့ တောနက် တောင်စွယ်တွေအထပ်ထပ်ကိုတွေ့ရ ပါတယ်။ ပင်စိမ်းသီးပင်တွေ နွယ်ရိုင်းပင်တွေ သဘာဝအတိုင်းအရိုင်းဆန်ဆန်လှနေတဲ့တောင်ပန်းရောင်စုံတွေ ကို တစ်တောင်ပေါ်တစ်တောင်ဆင့်တွေ့ရမှာဖြစ်ပါတယ်။ လက်လုပ်သေနတ်နဲ့အမဲလိုက်နေတဲ့ ၁၄ ၁၅ နှစ်အ ရွယ် မုဆိုးလူငယ်လေးတွေကိုလည်းတစ်ချက်တစ်ချက်တွေ့ရပါတယ်။ အမဲကောင်အကြီးကြီး တော့ရှိပုံမရပေမယ့် သူတို့ပစ်တဲ့ငှက်တွေကတော့ တော်တော်လေးကြီးပြီးဝဝကစ်ကစ် လေးတွေရယ်။ မဲနယ်တောင်တန်းကအရှည်ကြီးပါ။ တစ်ယောက်ရောက်တဲ့နေရာနဲ့အခြားတစ်ယောက်ရောက် တဲ့နေရာတူညီနိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရောက်တဲ့မဲနယ်တောင်က တောင်ဇလပ်ပန်း တွေပွင့်ရာ တောင် ပေါ်မှာစေတီလေးတစ်ဆူရှိပြီး လူသူအရောက်အပေါက်နည်းတဲ့ နေရာ တောင်အထပ်ထပ်ကိုဖြတ်ကျော်ပြီးမှာ ရောက်လာတဲ့နေရာဖြစ်ပါတယ်။ ကျွန်တော်တို့ လား….တောင်ပေါ်မှာ Tent ထိုးပြီးပထမဆုံးညအိပ်ဖူးတဲ့သူတွေဖြစ်သလို တောင်ပေါ်မှာ အိပ်ဖူးတဲ့ပထမဆုံးခရီးသွားတွေလည်းဖြစ် ခဲ့ပါ တယ်။
ဘယ်လိုသွားရသလဲ
••••••••••••••••••
ရန်ကုန်-တောင်ကြီးကားစီးသွားပါတယ်။ မဲနယ်တောင်ခြေ မှာရှိတဲ့ စံဖူးရွာက အစ်ကိုတွေက အေးသာယာ ဂိတ် မှာလာကြိုပေးပါတယ်။ အဲဒီတောင်ကိုတက်ချင်တယ်ဆိုပြီး ကျွန်တော်တို့ကသူ့ကိုဖုန်းဆက် ချိတ်ထားတာကိုး။ ရန်ကုန်ကနေ ည ၇ နာရီကားစီးသွားတာ အေးသာယာဂိတ်ကိုမနက် ၇ နာရီကျော်မှရောက်ပါတယ်။ ရွှေမန္တလာ ကား တော်တော်နှေးတယ်ဗျ။ အလာရော အပြန်ရောပဲ။ တောင်ကြီးကနေ သုံးနာရီဝန်းကျင်လောက်ကားစီးရ ပါတယ်။ လမ်းမှာတော့ ရှုခင်းတွေတအားလှတော့ ဓါတ်ပုံရိုက်ဘာညာနဲ့ ၃ နာရီမကကြာသွားတယ်။ တောင်ကြီး အထွက် တာချီလိတ်၊ ထန်းစန်းဂူဖက်ကိုသွားတဲ့လမ်းခွဲကိုမသွားဘဲ ညာဖက်လမ်းကိုကွေ့လိုက်ရင် မဲနယ်တောင် သွားတဲ့လမ်းဖြစ်ပါတယ်။ လမ်းမှာ မျက်စိတစ်ဆုံးလယ်ကွင်းပြင်အစိမ်းရောင်၊ နီညိုရောင်၊ အဝါနုရောင်၊ အဝါရင့် ရောင်စသည်ဖြင့်အရောင်စုံတွေ့ရသလို ထင်းရှုးတန်းတွေတောင်ပြာတန်းတွေကိုလည်း စိတ်အေးချမ်းဖွယ်တွေ့ ရပါတယ်။
အရက်ချက်တဲ့ လီဆူးရွာလေး
•••••••••••••••••••••••••
လမ်းမှာ အရက်ချက်တဲ့လီဆူးရွာလေးနှစ်ရွာကိုဖြတ်ရပါတယ်။ အိမ်ခြေနည်းတဲ့ရွာလေးတွေပါ။ နှစ်ရွာလုံးအရက် ချက်ပြီးအသက်မွေးကြတယ်လို့ဆိုပါတယ်။ သူတို့ချက်တဲ့ဆန်အရက်ကို လည်းမြည်း စမ်းခွင့်ရခဲ့တယ်။ အိမ်ခြေ ဘယ်လောက်တောင်နည်းသလဲတော့မသိ။ ကျွန်တော်တို့ကားရပ်တဲ့နေရာ တစ်ဝိုက်ဆို လေးငါးအိမ်လောက်ပဲ တွေ့ရတယ်။ ကလေးတွေကလည်း လူစိမ်းကြောက်ကြပါတယ်။ မုန့်ဝေပေးတော့ကြောက်လို့ငိုနေလေရဲ့။ ဆန် အရက်ချက်ပုံချက်နည်းအသေးစိတ်ကို သေချာလေ့လာ ခွင့်ရခဲ့ပါတယ်။ ပေါင်းငွေ့တွေကနေပြောင်းသွားတဲ့ ဆန်အရက်ကိုတစ်စက်ချင်းမြည်းစမ်းလိုက်တော့ ရှိန်းခါးခါးအရသာရပါတယ်။ တောင်တွေကြားထဲကရွာကလေးကို အေးမြတဲ့စမ်းချောင်းလေးတွေဖြတ် သန်းစီးဆင်းနေပါတယ်။ ရွာရဲ့အဓိက သုံးတဲ့ရေတွေလည်းဖြစ်ပါတယ်။ ရွာနာမည်က ထီဗွာတဲ့။
စံဖူးရွာက သဘာဝနေ့လည်စာ
••••••••••••••••••••••••••
မဲနယ်တောင်ခြေမှာရှိတဲ့စံဖူးရွာမှာနေ့လည်စာစားပါတယ်။ ကျွန်တော်တို့ကိုလမ်းညွှန်ပေးမယ့် Guide အစ်ကိုကြီးရဲ့အိမ်ဖြစ်ပါတယ်။ မုန်ညင်းရွက်ကြော်၊ ကြက်ကြော်၊ ပဲစေ့ဟင်းချို၊ အာလူးကြော်၊ ပဲပုပ်ထောင်း၊ ပဲပုပ်ငါးပိချက် အစရှိတဲ့ နေ့လည်စာကို စားလို့ကောင်းလိုက်တာဆိုတာလေ။ ချက်ချင်းခူး ချက်ချင်းချက်ထင်ပါရဲ့စားရတာ လတ်ဆတ်ပြီးချိုနေလိုက်တာ။ ပြန်ခါနီးမှာကျွေးတဲ့ တို့ဖူးသုပ်နဲ့ မုန်ညင်းချဉ်သုပ်ကလည်းတစ်သက်မေ့ လို့မရတဲ့ အကောင်းဆုံးအစားအစာပါပဲ။ တောင် ပေါ်ကဆင်းလာတုန်းမှာ အုပ်စုဖွဲ့နေပူစာလှုံနေကြတဲ့ အိမ်ရှင်မ တစ်စု လှမ်းကျွေးတဲ့ ချဉ်စော်ကားသီး ထောင်းကလည်း အခုချိန်မှာပြေးပြီးစားချင်လိုက်တာ။ စံဖူးရွာက ပင်လယ်ရေမျက်နှာပြင်အထက် ၅၀၄၀ ပေမှာရှိတာဖြစ်ပါတယ်။
မလွယ်ကူတဲ့ခရီးကြမ်းနဲ့ မဲနယ်တောင်ထိပ်ဆီသို့
•••••••••••••••••••••••••••••••••••••••••
ရာသီဥတုက အေးတယ်ဆိုတာထက်ပိုပါတယ်။ တစ်တောင်ပေါ်တစ်တောင်ဆင့် သွားရတာမို့ခရီး ကြမ်းပါတယ်။ တောအရမ်း ထူပါတယ်။ ကျိုက်ထီးရိုးတောင်ခြေကနေတောင်ပေါ်ကိုခြေလျင်တက်တဲ့ ခရီးထက်ပိုကြာပါတယ်။ ပိုလည်းမတ်ပါတယ်။ နေ့လည် တစ်နာရီကနေတက်တာ တောင်ပေါ်ကို ညနေ ၆ နာရီလောက်မှရောက်ပါတယ်။ လမ်းမှာချယ်ရီပင်တွေ စိုက်ခင်းတွေနဲ့ဓါတ်ပုံရိုက်လိုက် နား လိုက် ခရီးဆက်လိုက်ပေါ့။ ပုံမှန်ရှုဖိနပ်ထက် ၄၅၀၀ တန်စစ်ဖိနပ်နဲ့တက်တာအကောင်းဆုံးပါပဲ။ တောင်ပေါ်ရောက်မှ တောင်ဇလပ်ပန်းနီနီတွေကို အမောပြေတွေ့လိုက်ရပါတယ်။ နေဝင်ချိန်ကိုတောင် ပေါ်ကနေကြည့်နိုင်သလို တိမ်တွေနဲ့လည်းကစားလို့ရပါတယ်။ တောင်ဇလပ်ပန်းကတော့ လက်တစ် ကမ်းအလိုမှာပွင့်တာမို့ ချင်းတောင်ကအပင်တွေထက်နိမ့်ပြီး အပွင့်ပိုကြီးတယ်လို့ထင်ရပါတယ်။
သုညဒီဂရီအအေးကြားတဲ့က ည
•••••••••••••••••••••••••••
အပူချိန် သုညဒီဂရီမရှိဘူးဆိုရင်တောင် ၃ ထက်တော့မကျော်ပါဘူး။ အဲဒီလိုအခြေအနေမှာ Tent နဲ့ အိပ်ကြမယ်ဆိုတော့အများသဘောအရမပြောသာဘူးပေါ့လေ။ ပါလာတဲ့ရွက်ဖျင်တဲတွေကိုခင်းနေ တုန်း လမ်းပြအဖွဲ့၊ အထုတ်တွေကူသယ်ပေးတဲ့အဖွဲ့နဲ့ Guide အစ်ကိုကြီးတွေက ညစာပြင်ပေး မီးလှုံဖို့ မီးဖိုပေးနဲ့အလုပ်ရှုပ်နေလေရဲ့။ တောင်ပေါ်ကညစာကလည်းအမှတ်တရပါပဲ။ ပဲပုတ်ထောင်းကတော့ မပါမဖြစ်ပေ့ါ။ စေတီတစ်ဆူ၊ ဇရပ်တစ်ဆောင်သာရှိတဲ့တောင်ပေါ်မှာ အဲဒီညကိုဖြတ်သန်းခဲ့ပါတယ်။ လမ်းပြညီအစ်ကိုတွေရဲ့ ဂစ်တာသံကြားထဲမှာသီချင်းတွေလိုက်အော်ဆို၊ ကန်စွန်းဥဖုတ်စားနဲ့ အအေး ဒဏ်ကိုဖြတ်သန်းခဲ့ပါတယ်။ ညအိပ်ဖို့ ရွက်ဖျင်တဲထဲဝင်တော့ မြေသားကြမ်းပြင်အအေးရှိန်ကြောင့် တော်ရုံနဲ့အိပ်မပျော်ပါဘူး။ ပြီးတော့ နှင်းတွေလည်းထူလာပါတယ်။ စောင်ဘယ်လောက်ပဲထပ်ထပ် မနွေးတော့ပါဘူး။ နှင်းက ဂျပန်တို့ကိုးရီးယားတို့မှာလို ကဗျာဆန်ဆန်ကျတဲ့ဖွဲဖွဲလေးတွေမဟုတ်ပါဘူး။ မိုးစက်မိုးပေါက်ပုံစံလိုကျလာတာမို့ ခဲမတတ်အေးပါတယ်။ နောက်ဆုံး ရွက်ဖျင်တဲတွေအားလုံးကို ဇရပ်ထဲသွင်းပြီး ဇရပ်ထဲမှာပဲအိပ်လိုက်ရပါတယ်။ Guide အစ်ကိုကြီးကတော့ပြောပါတယ်။ ဘယ်သူမှ ဒီကိုအဲလိုလာမအိပ်ဘူးတဲ့။ တောင်ပေါ်မှာ လူတစ်ချို့နေပါတယ်။ ဒါပေမဲ့ သူတို့နေတဲ့အိမ်လေးက တောင်ဇလပ်ပင်တွေအကွယ် တောထဲဆောက်ထားတာမို့ ကျွန်တော်တို့ထက်အအေးသက်သာမယ့် ပုံပါ။
တိမ်တွေပေါ်က မနက်ခင်း
••••••••••••••••••••••
မနက်မိုးလင်းတော့ ဘာမှမလုပ်ခင် မီးဖိုနားသွားကပ်နေရပါတယ်။ ဘေးကပတ်ပတ်လည်မှာတော့ တိမ်တွေက လာကျီစားနေသလိုပါပဲ။ တောင်ပေါ်ကစေတီလေးက နှင်းတွေကြားထဲကြည်ညိုဖွယ်ရာပါ။ နေရောင်အထွက်ကိုစောင့်ရင်းဓါတ်ပုံရိုက်ကြ၊ မီးလှုံကြ မနက်စာစားကြပါတယ်။ ကော်ဖီကြမ်းရယ်၊ အသီးအရွက်တွေထည့်ထားတဲ့ထမင်းကြော်ရယ်ပေါ့။ မနက် ၉ နာရီလောက်မှာတော့ ဆယ်ကျော် သက်လူငယ်အဖွဲ့တစ်ဖွဲ့ရောက်လာပါတယ်။ တောင်ပေါ်မှာခရစ်စမတ်သီချင်းသံတွေနဲ့မြူးနေပါတော့ တယ်။ တောင်ကြီးကလာကြတဲ့လူငယ်တွေပါတဲ့။ စိတ်မကောင်းစရာက တောင်ဇလပ်ပန်းတွေကိုခူးပြီး ဓါတ်ပုံရိုက်နေကြတာပါပဲ။ အပင်နဲ့တွဲရိုက်တော့ဘာဖြစ်မှာမို့လို့လဲ။ ပြီးတော့ အမှိုက်တွေပစ်ချထားတာလည်း စိတ်တိုစရာကောင်းပါတယ်။ ကိုယ့်အမျိုးတွေသာဆို နားရင်းချင်းအုပ်ချင်စရာလေးတွေပါဗျာ။
မမေ့စရာခရီး
••••••••••
မဲနယ်တောင်တွေထဲက ကျွန်တော်တို့သွားတဲ့မဲနယ်တောင်ထိပ်ဟာ သဘာဝတရားအတိုင်းရှိပြီး စွန့်စားခန့်ဖွင့်လို့ကောင်းတဲ့နေရာလေးတစ်ခုလို့ဆိုချင်ပါတယ်။ Guide အစ်ကိုကြီးပေးတဲ့ဝန်ဆောင်မှု တွေကလည်း စိတ်ကျေနပ်စရာကောင်းပါတယ်။ ထောပတ်သီးတွေခွဲကျွေးတာ၊ လိမ္မော်သီးတွေ၊ ဒေသထွက်စားစရာတွေနဲ့ ဧည့်ခံတာ၊ Package အစီအစဉ်မှာမပါပေမယ့် အပြန်နေ့လည်စာကို အားရပါးရချက်ကျွေးခဲ့တာတွေက ဘဝရဲ့မမေ့စရာအ မှတ်တရတွေလို့ဆိုချင်ပါတယ်။ တောင်တက် ခရီးကတော့ သွားဖူးသမျှထဲမှာ အပင်ပန်းဆုံးပါပဲ။ အခုထိခြေတောက်တွေတောင့်တုန်းရယ်။ ဒါပေမဲ့ အပေါင်းအသင်းရောင်းရင်းတွေစုံရင်တော့ အဲဒီတောင်ကိုသွားသင့်ပါတယ်လို့ဆိုချင်ပါတယ်။ ရန်ကုန် တောင်ကြီး အသွားအပြန်ကားခအပြင် ဝန်ဆောင်ခစျေးသက်သက်သာသာနဲ့ ဘဝရဲ့အမှတ်တရဖန်တီးလို့ကောင်းတဲ့နေရာလို့ဆိုချင်တယ်ဗျို့။
ဓါတ်ပုံတွေကို ဘာမှပြင်ဆင်မှုလုပ်မထားပါဘူး။ သဘာဝအတိုင်းပုံတွေဖြစ်ပြီး fourteen fotography က ဆရာ Txant ရိုက်ထားတာဖြစ်ပါတယ်။
မေတ္တာရိပ်မှာအေးချမ်းပါစေ။ တိမ်တိုက်ထွန်း။
xxxxx