“တံတားဟောင်းလေး”

(၁)

“အောင်မလေးဗျ”
ရုတ်တရက် ကျွန်တော့်ခြေတောက်တစ်ဖက်အိခနဲဖြစ်သွားမိသည်။ နူးညံ့ညင်သာသည့် ခံစားမှု ဖြစ်သော်လည်း အော်ဂလီဆန်လှသည်မို့မျက်နှာက ရှုံ့တွနေလိမ့်မှာအမှန်ပင်။ အာမေဋိတ် သံညည်း ရင်း ဘေးဘီဝဲယာလှည့်ကြည့်လိုက်သည်။ ကျွန်တော့်ညာဖက် လက်ငါးပြန်ခန့်အကွာမှာ အဖွား ကြီးတစ်ဦးနှင့် လူတစ်ယောက်။ ကိစ္စမရှိ။ ဒီလူတွေကို ရှက်စရာမလို။ ကျွန်တော့် လက်ဝဲဘက်…။ အင်း… အဲဒီမှာတော့ ကလေးတွေပဲရှိသည်။

“ဟော ဟိုလူကြီး တံတားပေါက်ကျွံပြီး ခြေထောက်တစ်ဖက် ရွံ့ဗွက်ထဲနစ်နေပြီဟေ့”
ကလေးတစ်ချို့က ကျွန်တော့်အဖြစ်ကို လှမ်းအော်ပြီး ၀ိုင်းဟားကြသည်။ ပြဿနာမရှိ။ ကလေးတွေမို့ ရှက်စရာမလို။ ကျွန်တော့်အနောက်ဖက်မှာရော…ဘိလိယက်ခုံ။ ဒါကလည်း ကိစ္စ မဟုတ်သေး။ ဗိလိယက် ထိုးနေသည့်လူတွေက သူတို့ အာရုံနှင့် သူတို့မို့ကျွန်တော့် အဖြစ်ကို ဂရုစိုက်မိပုံမပေါ်။
ပြဿနာ အတုံးလိုက်အတစ်လိုက်ကတော့ ကျွန်တော့်အရှေ့တည့်တည့် ကျွန်တော်နေနေ သည့် အဆောင်၏တစ်ဖက်အခန်း အပြင်ဖက်ကွက်ပျစ်ပေါ်မှဖြစ်သည်။ ခပ်ဝဝမိန်းမကြီးတစ်ယောက်။ ကျွန်တော်နှင့်ရွယ်တူရှိမည့် အမျိုးသမီးငယ်သုံးယောက်၊ နောက်ထပ် ဝတုတ်တုတ် မိန်းမကြီးကို သန်းရှာပေးနေသော မိန်းမငယ်လေးတစ်ယောက်။

“ဟိုက်…သွားပြီ”
အရှက်တော့ လုံးလုံးကွဲပြီ။ အဲဒီ မျက်နှာ ငါးခုကကျွန်တော့်ကို ပြုံးစိစိကြည့်နေကြသည်။ အသည်းယား စရာ။ သွားပြီ၊ သွားပြီ၊ အမေရေ…ကယ်ပါ။

“ဒါနဲ့ဆို ငါးယောက်ရှိသွားပြီ”

ခပ်ဝ၀ မိန်းမကြီးထံမှစကား။ ကျွန်တော်နှင့်ဆို သည်တံတားဟောင်းလေးပေါ် ကျွံကျသည့် လူပေါင်း ငါးယောက်ရှိပြီဆိုပါလား။ အင်း…တော်သေးတာပေါ့။ ကိုယ်တစ်ယောက်တည်းမဟုတ် ဘူးလေ။ ကျွန်တော် ခြေထောက်ကို ဆွဲနှုတ်လိုက်သည်။ ခြေထောက်တော့ပါလာသည်။ လယ်ထဲဆင်း ခါနီး ခြေသလုံးဖုံးဘွတ် ဖိနပ်ပုံစံနဲ့။ တကယ့် ဖိနပ်ကျတော့ပါမလာ။

“အဟီး”
အရှက်ပြေရယ်လိုက်သည်။ ပြီးတော့…ဖိနပ်ကို လိုက်ရှာသည်။ မျက်လုံးနှင့်တွေ့ပြီဆိုတော့မှ လက်နှင့်ကုန်း ကောက်ရန်ပြင်လိုက်သည်။

“ခလွမ်း”
ကျွန်တော့်လက်ထဲက စတီးချိုင့်နှင့်ဖိုင်တွဲပါ ပြုတ်ကျသွားသည်။

“ဟာ…ဟာ”
အဲဒါတွေလိုက်ကောက်တော့ ဖိုင်ထဲက စာရွက်စာတမ်းတစ်ချို့ပါကျပြန်သည်။ အားလုံးကို လိုက်ကောက်ပြီး တော့ ဖိနပ်ရှိရာနေရာကို လက်ဖြင့်နှိုက်လိုက်သည်။

“အင်း”
ဖိနပ်ကတော့ ပါလာသည်။ ရွှံ့ဗွက်တွေနှင့်။ ဟိုအမျိုးသမီး ငါးယောက်က တရားခံကို ထွက်မပြေးအောင် ဒေါက်ထောက်ကြည့်သော မျက်နှာပေးတွေနှင့် လှမ်းကြည့်နေမြဲ။

“အင်း၊ ဒီ အမျိုးသမီးတွေကို ရှက်နေရင် ငါပဲ ဒုက္ခရောက်မှာ၊ ချော်လဲတာဟာ ရှက်စရာ မဟုတ်ပါဘူးလေ၊ ငါ ရှက်နေရင် ဘာမှဆက်လုပ်လို့ ရတော့မှာမဟုတ်ဘူး၊ ခြေထောက်ဆေးဖို့ ရေတုံကင်ကလည်း အဲဒီနားမှာပဲ ကပ်လျက် ရှိတာ၊ ရှက်နေလို့ မဖြစ်သေးပါဘူးလေ”

ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်သည်။ ပြီးတော့…ခပ်တည်တည် အနေအထားနှင့် ရေတုံကင်ရှိရာကို လျှောက်လာခဲ့သည်။ တုံကင်က သူတို့ထိုင်နေ သောနေရာနှင့်သုံးကိုက် အကွာလောက်ပဲရှိမည်။
ဖိုင်တွဲနှင့် ထမင်းချိုင့်ကို တုံကင်ဘောင်ပေါ်တင်ပြီး ခြေတောက်နှင့်လက်ကို ဆေးလိုက်သည်။ အဲဒီနေရာမှာရှိ သော ဆပ်ပြာအကြမ်းခွက်ထဲမှ ဆပ်ပြာနှင့်စိတ်ရှိလက်ရှိ တိုက်ပစ်လိုက်သည်။

“ဟဲ့”
အမျိုးသမီးအုပ်စုထဲမှအကြီးဆုံးက ကျွန်တော့်ကိုလှမ်းခေါ်သည်။ ကျွန်တော် ဆပ်ပြာတိုက် လိုက်တာ ထမီလျှော်မည့် ဆပ်ပြာနှင့် များမှားလေပြီလား။ ဒီနေရာက အဆောင် နှစ်ဆောင်လုံးက ယောက်ျား မိန်းမတွေအားလုံး အဝတ်လျှော်သည့်နေရာ လေ။

“ခင််ဗျာ”
ဇဝေဇဝါနှင့်ပဲထူးလိုက်သည်။
“ပိုက်ဆံဘယ်လောက်ရသလဲ”
တော်သေးတာပေါ့။ ကျွန်တော်ဆပ်ပြာတိုက်တာမမှားဘူး။

“သုံးသိန်းခွဲပါ”
“ဟား..ဟား….ဟား…”
ကျွန်တော့်ကိုဝိုင်းဟားကြသည်။ ဒါ ရယ်စရာလား။ ကျွန်တော် တစ်လလုပ်သည့် လုပ်ခက သူတို့ ရယ်ချင်လောက်အောင် နည်းပါး နေလို့လား။

“မဟုတ်ဘူးလေ၊ ခုနင်က တံတားလေးပေါ်ကနေ ပိုက်ဆံကုန်းကောက်တာ ဘယ်လောက် ရလိုက်သလဲလို့ မေးတာ”

“သြော်”
အဲဒီနောက် ကျွန်တော် ဘာမှမပြောတော့။ မျက်နှာတစ်ပြင်လုံးနီမြန်းပြီး အဆောင်ရှိရာသို့ သုတ်ခြေတင်လာခဲ့တော့၏။ အင်း…တွတ်ပီစာအုပ်ထဲကလို ဒီနေ့ကံမကောင်းပါလားဗျာ။

>>>>>
(၂)

ကျွန်တော် ဒီအဆောင်ကိုရောက်လာတာ နှစ်လပြည့်ခဲ့ပြီ။ အဆောင်ဟု ပြောသော်လည်း တကယ်တမ်း အိမ်ကြီးတစ် အိမ်ကို နှစ်ခြမ်းခွဲကာ ယောက်ျားလေးတစ်ခြမ်း၊ မိန်းကလေးတစ်ခြမ်း နေကြခြင်းပါ။ ကျွန်တော်နေသည့် အနောက်ဘက်မှာ တစ်ခြားအခန်းဖွဲ့ထားသော အဆောင်တွေ ရှိသည်။
အဆောင်သူ အဆောင်သား အားလုံးသည် ကျွန်တော်ကျွံကျခဲ့ဖူးသော တံတားဟောင်းလေး ပေါ်မှ ဖြတ်ပါမှ ခြံထဲကို ရောက်မည်ဖြစ်သည်။ မိုးရာသီဖြစ်တာကတစ်ကြောင်း၊ တံတားကလေး ဟောင်းနေတာကတစ်ကြောင်း တစ်နေ့တစ်နေ့ ချော်လဲသည့်သူ၊ ကျွံကျသည့်သူ မနည်း။
ဒါပေမဲ့…ကျွန်တော်အပါအဝင် လူအားလုံးသည် အဲဒီတံတားဟောင်းလေးကို ပြုပြင်ရန် မအားရုံ တင်မဟုတ်၊ စိတ်တောင်မကူးမိဟု ယူဆလို့ရသည်။

တစ်လမှတစ်ခါ အဆောင်ခ လာယူသော ပိုင်ရှင်ဒေါ်မိမိခင် တောင်မှ မသိကျိုးကျွံပြုနေခဲ့ သည်။ အားလုံး အလုပ်ပိတ်သည့် တနင်္ဂနွေတစ်ရက်မှာ ၀ိုင်းဝန်းပြုပြင်ကြဖို့ ကျွန်တော်စိတ်ကူးကြည့်ခဲ့ သည်။ ဒါပေမဲ့ အဆောင်မှာ လူစုံဖို့ဆိုတာက ကျားဖမ်းရတာထက် ခက်ခဲသည်။

“ကဲ…လာကြဟေ့ လုပ်အားပေး၊ လုပ်အားပေး”

မိုးသည်းကြီးမည်းကြီး ရွာပြီးသည့်တစ်နေ့။ ခန္ဓာကိုယ်ဗလာကျင်း၊ ဘောင်းဘီတိုလေးနှင့် တူ၊လွှများကိုင်ကာ လှမ်းအော်နေသည့် အောင်ကို့ ကိုတွေ့ရသည်။ အဆောင်မှာ ယောကျ်ားလေး တော်တော်များများရှိနေသည့်အချိန်လည်းဖြစ်သည်။
“ဘာကြီးလဲ အောင်ကို”

ကျွန်တော်လှမ်းမေးကြည့်လိုက်၏။
“တံတားပြင်မယ်လေ၊ အားလုံးကဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ တစ်ရက်မှလူမစုံဘူး၊ အခုလူရှိတုန်း…”

“နေပါကွာ…ဒီလောက် မိုးကြီးလေကြီး ရွာပြီးသွားပြီ၊ ခဏနေ ရေတက်လာတော့မယ်၊ ဒီရပ်ကွက် အကြောင်း လည်းသိသားနဲ့”

“ရာသီဥတု ကောင်းတဲ့နေ့မှ လုပ်တာပေါ့ကွာ”

“ရုံးပိတ်ရက်ရှည်…တို့တွေ အိမ်မပြန်ခင်လုပ်ကြတာပေါ့”

“မလုပ်ချင်လို့ မဟုတ်ဘူးဟေ့၊ သစ်ကောင်းကောင်းလည်း ရှိတာမဟုတ်ဘူး၊ ဖာထေးလုပ်လိုက် ရင်လည်း ခဏပဲခံမှာ၊ တံတားမှာသုံးတဲ့ သစ်တွေအားလုံး ဆွေးနေပြီလေ”

အဲဒီနေ့က အောင်ကို့ကို ဝိုင်းတားကြ၍ မလုပ်ဖြစ်လိုက်။ လာမည့်အပတ် တနင်္ဂနွေနေ့ကို ရွှေ့လိုက်ကြသည်။ အဆောင်ပိုင်ရှင် ဒေါ်မိမိခင်ဆီမှာ သစ်တစ်ချို့တောင်းမည်။ ဝိုင်းဝန်းပြင်ကြမည် ပေါ့။ ဒါပေမဲ့… ကျွန်တော့်ဘဝ၏ ဘယ်တော့မှ မမေ့နိုင်စရာ အဖြစ်အပျက်တစ်ခု တံတားဟောင်းလေး ကြောင့် ဖြစ်ခဲ့ရသည်လေ။
တနင်္ဂနွေ မတိုင်ခင်နှစ်ရက် အလိုပေါ့။

>>>>>
(၃)

“မင်းမိန်းမလာသွားတယ် ထူးမြတ်”

ကျွန်တော်….အရေးမကြီးသော မျက်နှာပေးနှင့်အခန်းဖော်ဖြစ်သူ ဝင်းလှိုင် ကို ပခုံးတွန့်ပြလိုက် သည်။
“သနားပါတယ်ကွာ၊ ဟိုက အလျှော့ပေးပြီးလာခေါ်နေပြီပဲ၊ လိုက်သွားပါကွာ နှစ်လလောက် တောင် ရှိပြီပဲ”
ကျွန်တော်ခေါင်းခါလိုက်၏။
“မင်းကိုတော်တော်ချစ်တာနော် ထူးမြတ်၊ ဒီလောက်ကြာကြာစိတ်မဆိုးသင့်ဘူး”

ကျွန်တော် ဘာမှမပြောဘဲ လုပ်စရာရှိုသည်များကိုသာ လုပ်နေလိုက်သည်။

“ဟဲ့…ထူးမြတ်ဆိုတာ ဒီအခန်းကလား”

ဒီအသံကို ကျွန်တော်မှတ်မိသည်။ ဟိုတစ်နေ့ ကျွန်တော်ချော်လဲသည့်နေ့က ပိုက်ဆံဘယ် လောက်ရသလဲလို့ မေးသည့် အစ်မကြီးပေါ့။

“ဟုတ်တယ် အစ်မ၊ ကျွန်တော်ပဲ”

အစ်မကြီး ကျွန်တော့်ကို စူးစူးရှရှကြည့်သည်။

“နင်က အေးဆေးလုပ်နေတယ်၊ နင့်ဆီကို ခဏခဏလာတဲ့နင့်ကောင်မလေးလား၊ ဇနီးလား…ဒီနေ့ တံတား အပေါက်ကျွံကျလို့ ငါတို့တွေဝိုင်းကူပြီး ဆေးရုံပို့လိုက်ရတယ်”

ကျွန်တော်မျက်လုံးပြူးသွားသည်။ ဝင်းလှိုင်ကို ကြည့်လိုက်၏။

“ငါနဲ့ စကားပြောပြီး ခဏကြာတော့ နှုတ်ဆက်ထွက်သွားတာပဲ၊ ငါလည်း လိုက်မပို့မိလိုက် ဘူး…”

“ဆေးရုံမှာ နင့်နာမည် တတနေလို့ လာပြောရတာ၊ ကောင်မလေး အခြေအနေဆိုးတယ် နော်…ဟို..”
အမကြီးက ကျွန်တော့်အနားကပ်ပြီး တစ်စုံတစ်ရာပြောသည်။ ကျွန်တော့်ရင်တွေ အတိုင်းမသိ ဆူပွက်သွားရသည်။
“ဗျာ…တကယ်လား”
“ဆေးရုံရောက်မှ ကြည့်တော့…ရော့ဒီမှာ အခန်းနံပါတ်လိပ်စာ၊ နင်တို့ယောက်ျားတွေက လေ…ကောင်းကို မကောင်းဘူး…၊ ချစ်တုန်းကချစ်ပြီး အလိုမကျရင်ဟင်းရွက်ကန်စွန်းလို ပစ်ထားခဲ့တာ…”
ကျွန်တော် ဆက်နားမထောင်တော့။ ဆေးရုံသို့ပြေးလာခဲ့သည်။

>>>>>

(၄)

“မောင်…ကျွန်မတို့ ရင်သွေးလေး…ဆုံးရှာပြီ”

ဆေးရုံရောက်ရောက်ချင်း ဇနီးဖြစ်သူ စိတ်ပျက်အားငယ်သံ စကားကြောင့် ကျွန်တော် ဝမ်းနည်း အံ့သြသွားရသည်။
“ဘာ…ဘယ်…ဘယ်လို”
ဇနီးဖြစ်သူကိုစေ့စေ့ကြည့်ကာ ဘာသဘောလဲဆိုတဲ့အကြည့်နဲ့ ကြည့်တုန်း….ဆရာဝန်က ကျွန်တော့်ကို လက်တို့ပြီး အပြင်ခေါ်သွားသည်။

“ခင်ဗျားလူနာရှင်လား”
“ဟုတ်ပါတယ်…ကျွန်တော့် ဇနီးပါ”

“စိတ်မကောင်းပါဘူးဗျာ…ခင်ဗျားရဲ့ ရင်သွေးလေးဆုံးရှုံးရပြီ”

“ဆရာ…ကျွန်တော်…ကျွန်တော့် မိန်းမမှာ ကိုယ်ဝန်ရှိမှန်း….အခုမှသိ..”

ကျွန်တော့်ရင်ထဲ မွန်းကျပ် ရှိုက်တက်လာသည်။ ယူကြုံးမရဖြစ်ကာ ငိုကြွေးမိသည်။ ဖြစ်နိုင်ရင် ဟစ်အော်ပေါက်ကွဲ ပစ်လိုက်ချင်သည်။ ဇနီးဖြစ်သူကိုယ်ဝန် ဆုံးရှုံးခဲ့ပြီးမှ ရင်သွေးရှိမှန်းသိရတဲ့အဖြစ်။ ဒီအကြောင်းပြောချင်၍ ကျွန်တော့်ထံ ကို လာတွေ့ခဲ့သော ဇနီး…ယု…ကို အတွေ့မခံခဲ့။ လင်မယား ချင်း စကားများခြင်းကို အကြောင်းပြု၍ အိမ်ပေါ်ကဆင်း လာကာ ပေကပ်ပြီး…ဒီအဆောင်မှာ နေခဲ့သည်မှာ နှစ်လတောင်ရှိခဲ့ပြီ။ ယု…ကျွန်တော့်ကို ဘယ်လောက် တမ်းတ သတိရလိမ့်မ လဲ။ ကျွန်တော်ကလည်း သတိရပေမယ့် မာနကိုသာ ကိုးကွယ်ခဲ့မိသူပင်။

“ပဋိသန္ဓေရှိစမှာ လင်ယောက်ျားရဲ့ ကူညီအားပေးမှုဟာ ဇနီးသည်အတွက် အရေးအကြီးဆုံးပါ။ ဇနီးသည်တိုင်း ဟာ ဒီအချိန်မှာစိတ်အားအငယ်ဆုံးလည်းဖြစ်ပါတယ်၊ Accident တစ်ခုကြောင့်ဖြစ်သွားရတာဆိုပေမယ့်…”
ဆရာဝန်၏ စကားများကို ငိုရှိုက်စွာ နားထောင်မိသည်။

“ခင်ဗျားဇနီးမှာ ကိုယ်ဝန်သုံးလရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်…ရှေ့ဆက်ပြီး ခင်ဗျားရဲ့ ဇနီးကိုကောင်းကောင်း မွန်မွန်စောင့်ရှောက်စေချင်တယ်၊ သူ့အခြေအနေ အကောင်းကြီးလို့ မပြောလိုပါဘူး၊ ဆေးရုံရောက်လာခါစ သွေးယိုစီး တာ များလွန်းလို့ အသက်ကို မနည်းလု ထားရပါတယ်။ လူနာက စိတ်အားငယ်တဲ့အချိန်နဲ့ Accident ဖြစ်တဲ့အချိန် တစ် ပြိုင်တည်းဖြစ်လို့…”

ကျွန်တော့်လောက်ကံဆိုးသည့်လူရှိပါဦးမလား၊ အားလုံးဟာ ကျွန်တော့် ကြောင့်ဖြစ်ရ လေခြင်းမှန်း ပြောစရာမလိုတော့ပါ။ တရားခံက ကျွန်တော်။ ကျွန်တော့်အပြစ်တွေကို ဆေးကြော၍ မရတော့မှန်း အသိနောက်ကျခဲ့လေပြီ။
>>>>>

(၅)

ကျွန်တော့်လက်ထဲမှာ သံတူရွင်း၊ လွှ၊ တူ၊ သံ အချို့။ ဒီတံတားဟောင်းလေးကို ကျွန်တော်ပြင်မည်။ ဘာမဟုတ်သည့်ခြေကျွံပေါက်ကလေးကြောင့် ဘဝ၏ မမေ့နိုင်စရာ အနာတရဖြစ်ခဲ့ရသည်။

“ဒီတံတားလေးပေါ် ယုသာ ခြေမကျွံခဲ့ရင်…။ အောင်ကို ပြင်မယ်လုပ်တုန်းက ကျွန်တော်နဲ့အဆောင်နေသူငယ်ချင်းတစ်ချို့ မတားခဲ့ရင်…”

ဒါပေမဲ့…ဒါဟာ နောက်ကျခဲ့ပါပြီလေ။ အခု ကျွန်တော်နှင့် အတူ ၀ိုင်းကူမယ့်သူ မရှိဘူး ထားဦး…ကျွန်တော်တစ်ယောက်တည်း ဒီတံတားဟောင်းလေးကို ကောင်းအောင်ပြင်မည်။ ကျွန်တော့် လိုဒဏ်ရာမျိုးနောက်ထပ် မည်သူတစ်ဦး တစ်ယောက်ကိုမှ မရစေချင်တော့ပါ။

>>>>>