ပေတံ

(၁)
ခုနစ်လွှာရဲ့အပေါ်ခေါင်မိုးစလပ်ပေါ်ကို ကျွန်တော်ရောက်တဲ့အချိန်မှာ လူတော်တော်များများလည်း‌ ရောက်နှင့်နေခဲ့ပြီ။ အင်း…မျက်မှန်းနဲ့ရေကြည့်လိုက်တာ ဆယ့်နှစ်ယောက်၊ ကျွန်တော်နဲ့ဆို ဆယ့်သုံး ယောက်ပေါ့။ အားလုံးက ဒီတိုက်ထဲမှာနေတဲ့လူတွေချည်းပဲ။

မိသားစုပေါင်းစုံ၊ စရိုက်စုံကလူတွေထဲက အစပ်စုဆုံးဆယ်သုံးယောက်ဆိုရင်လည်း ရယ်စရာဖြစ်ဦးမယ်။ ဆရာမနုနုရည်အင်းဝရဲ့ မြစိမ်းပြကမာ ရွက်ဝတ္ထုထဲကလိုပါပဲ။ မတူညီတဲ့ ပုံစံတွေ တူညီတဲ့ တိုက်အဆေက်အဉီတစ်ခုတည်းမှာနေကြရတဲ့အခါ ရသစုံတဲ့ ဇာတ်ခုံတစ်ခုဖြစ်သွားတာပါပဲလေ။ အားလုံးတူညီတဲ့အရာက ဒီခေါင်မိုးပေါ်ကိုတကူးတက တက်ပြီး စပ်စုဖို့အကြောင်းဖြစ်လာရတာပါပဲ။

“အသက် ၃၆ ဆိုတော့အရွယ်ကောင်းလို့ဆိုရမယ်၊ ဘာလို့များအခုလိုလုပ်ရတာလဲကလေးရယ်”

ကျွန်တော့်အပေါ်ထပ်တိုက်က အန်တီကြီးက ဘေးလူကိုပြေသလိုလိုနဲ့ တီးတိုးရေရွတ်လို့နေတယ်။ ကျွန်တော့်အိမ်နီးချင်း ကွယ်လွန်သူဟာ အသက် ၃၆ ဆိုတော့ ကျွန်တော့်ထက် ခုနစ်နှစ်လောက်ငယ်သေးတာပဲ။ အသက်လေးဆယ်ကျော်လူပျို သိုးကြီး ကျွန်တော်ကိုယ်တိုင်ကလည်း ကောင်မလေးအတွက်ရင်ထဲမှာလှိုက်ခနဲဝမ်းနည်းသွားမိတယ်။ တိုက်ပေါ်ကနေခုန်ချသတဲ့။ ခုနစ်လွှာဆိုတော့ ဟိုးအောက်ဆုံးကိုရောက်တဲ့အချိန်မှာ အရိုးတွေကျိုး၊ ခေါင်းတွေကြေနေလောက်ပြီပေါ့။ အလောင်းကိုမမြင်လိုက်ရပေမဲ့ ခုန်ချတဲ့နေရာမှာ ဘာသဲလွန်စများရှိ မလဲဆိုတာ လာစပ်စုတာလေ။ ဖိနပ်ကလေးတစ်ရံကိုတော့ သူချန်ခဲ့တယ်။ ကြားဖူးတာတစ်ခုရှိတယ်။ သေကြောင်းကြံသွားတဲ့သူတွေဟာ သူတို့နဲ့ပတ်သက်တဲ့ ပစ္စည်းတစ်ခုခုကိုချန်ထားတတ်ခဲ့ကြတယ်တဲ့။ အဲဒီပစ္စည်းတွေဟာ သူတို့ပြောပြချင်တဲ့အကြောင်းအရာလေးတွေတဲ့လေ။ ဖိနပ်ကလေး လှလှလေးတစ်ရံချန်ခဲ့ပြီးတိုက်ပေါ်က ခုန်ချသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်လည်းကြည့် ဖူးသေးတယ်။ သရုပ်ဆောင်က လူမင်းနဲ့မိုးဟေကို ထင်ပါရဲ့။ ဖိနပ်ကလေးမြင်ကွင်းကလွဲရင် မမှတ်မိတော့ဘူး။ အခုလည်း ဒီကောင်မလေး (သူများတွေ အပြောကတော့ အပျိုကြီး) ဟာ ဖိနပ်ပါးကလေးတစ်ရံကို သူခုန်ချသွားတဲ့နေရာနားမှာချန်ထားခဲ့ပြန် တယ်။

ဘာကြောင့်လဲ၊ သူဘာကြောင့် အခုလိုခုန်ချခဲ့တာလဲ။ သူ့ဘဝတစ်စိတ်တစ်ပိုင်းကို ကျွန်တော်ကြားသ လောက်ကတော့ မဆိုးလှပါဘူး။ အချစ်ရေးလည်းအဆင်ပြေတယ်။ သူတို့မိသားစုက ကျွန်တော့်ဘေး ခန်းမှာနေတာလေ။ ညညဆို သူ့ကောင်လေးနဲ့ ဖုန်းထွက်ထွက်ပြောနေတာ ကျွန်တော်ကြားရတာပဲ။ တစ်ခါတစ်လေ အခန်းရှေ့လှေကားလေးပေါ်မှာ ဖုန်းတွေပြောကြတာ နာရီအတော်ကြားတယ်။ ကျွန် တော်တစ်ရေးနိုးလာတဲ့အထိတောင်မပြီးကြသေးဘူး။ ရန်ဖြစ်သံ၊ စိတ်ကောက်သံလည်းမကြားရပါ ဘူး။ အမြဲတမ်းချိုချိုသာသာလေးတွေပဲပြောကြ၊ ချိန်းဆိုကြတာပါပဲ။ ဒီတော့ သူ့ဆီမှာ အချစ်ရေးပြဿနာရှိ ပုံတော့မရဘူးလို့ သတ်မှတ်လိုက်တယ်။ ဒါဆို မိသားစုအခြေအနေကို တွေးစရာရှိလာတယ်။ သူ့မိဘတွေကလည်း သက်ရှိထင်ရှားပါပဲ။ သူနဲ့အတူနေကြတယ်။ ညီအစ်မချည်းပဲသုံးယောက်၊ သူ့ညီမ တစ်ယောက်နဲ့ အစ်မတစ်ယောက်ကတော့ အိမ်ထောင်ကျပြီး အိမ်ခွဲနေကြတယ်။ ရုံးပိတ်ရက်တွေဆို အိမ်ကိုလာလည်ပြီး မိသားစု စုံစုံလင်လင်စားသောက်စကားစမြည်ပြောကြနဲ့ ဆူဆူညံညံတွေကို အပတ် တိုင်းကြားရတာပဲ။ အလှူတွေလည်းခဏခဏလုပ်တယ်။ လုပ်တိုင်းလည်း ကျွန်တော်သွားစားနေကျပဲ။ ဒါဆို မိသားစုလည်းအဆင်ပြေတယ်လို့ သတ်မှတ်လို့ရတယ်။

နောက်တစ်ခုစဉ်းစားစရာက အလုပ်အကိုင်။ သူက တယ်လီကွန်းအော်ပရေတာကုမ္ပဏီတစ်ခုမှာရာထူး အကြီးကြီးပဲ။ ရုံးဖယ်ရီက တိုက်အောက်ရှေ့အထိလာကြိုတာ၊ အားလုံးကလည်းသူ့ကိုခင်မင်ကြပုံရ တယ်။ သူကိုယ်တိုင်ကလည်း အကြည်ဓါတ်ရှိတယ်။ ကျွန်တော်တို့အသက်အရွယ်အရ လူတစ်ယောက်ကို ကြည့်တဲ့အခါ ဒီလူက အကောင်းမြင်စိတ်ရှိသလား၊ အဆိုးမြင်တတ်သလားဆိုတာကို သူ့မျက်နှာအကြည် ဓါတ်ကို ကြည့်ပြီးခန့်မှန်းတတ်ကြတယ်မှလား။ ဒီကလေးမမှာတော့ အကြည်ဓါတ်ရှိတယ်လို့ဆိုရမယ်။ ကျွန်တော့်ကိုလည်း လှိုက်လှိုက်လှဲလှဲ၊ ဖော်ဖော်ရွေရွေဆက်ဆံတယ်။ တိုက်အောက်ရပ်ကွက်ကရော၊ တိုက်ခန်းအတွင်းမှာနေတဲ့သူတွေရော သူ့ကိုခင်ကြတယ်။ စုမြတ်ဒါလီဆိုတဲ့ သူ့နာမည်ကိုအကုန်သိကြ ပြီး အကောင်းပြောလည်းခံရတယ်။ စီးပွားရေး၊ လူမှုရေး၊ အချစ်ရေး အကုန်လုံးအဆင်ပြေနေရက်သားနဲ့ ဘာကြောင့်များ အခုလိုလုပ်ခဲ့ရသလဲဆိုတာတွေးမရဘူး။

ကတောက်ကဆဖြစ်စရာတစ်ခုကြောင့်ပဲ သူအခုလိုလုပ်ခဲ့လေသလားပဲ။ ဖိနပ်ကလေးက အဖြူရောင် လေးဆိုပေမဲ့ စီးသက်ကြာတော့ ဝါကြင်ကြင်ကလေးဖြစ်နေပြီ။ ကြိုးကလေးတွေကတော့ သေသေသပ် သပ်မပျက်စီးဘဲရှိနေတုန်းပဲ။ ဖိနပ်ကလေးကိုချွတ်၊ ခြေလှမ်းသုံးလှမ်းလောက်လှမ်းပြီး ကာထားတဲ့ သံ ပန်းလက်ရမ်းနိမ့်နိမ့်လေးတွေအပေါ်ကျော်၊ လှစ်ခနဲခုန်ချသွားတာပဲဖြစ်လိမ့်မယ်။ ကျွန်တော် ဘုရားတ လိုက်မိတယ်၊ ခုနစ်လွှာပေါ်ကနေ ခုန်ချတဲ့သတ္တိရှိဖို့ဆိုတာ နောက်ကွယ်ကတွန်းအားအကြီးကြီးတစ်ခု ကြောင့်ပဲဖြစ်မှာ။

“ဘာကြောင့်မှန်းမသိဘူး၊ သူ့မိသားစုလည်းအခုထိအဖြေရှာနေကြတုန်းပဲတဲ့”
ကျွန်တော်သက်ပြင်းချပြီး အောက်ကိုပြန်ဆင်းလာခဲ့တယ်။ အဖြေရှာမယ့်အထဲမှာ ကျွန်တော်လည်းပါ သွားတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ပတ်သက်တဲ့အမှတ်တရတစ်ခု ကျွန်တော့်ဆီမှာရှိနေတယ်။ ပါကင် ပိတ်ထားတဲ့ ပါဆယ်ထုတ်ကလေးတစ်ထုတ်ပဲ။

“လူတစ်ယောက် အစ်ကို့ဆီကိုဒါလေးလာယူတဲ့အခါပေးပေးပါ၊ ဒီပစ္စည်းက အစ်ကို့ဆီမှာ ရှိတယ်ဆိုတာ ကမ္ဘာပေါ်မှာ ကျွန်မကလွဲရင် သူတစ်ယောက်ပဲသိတယ်”

“ကျွန်တော်နဲ့ဆို နှစ်ယောက်ပေါ့”

အဲဒီတုန်းကတော့ စစနောက်နောက်နဲ့ပဲ။ သူ့မျက်နှာပေါ်မှာလည်းစိတ်ဖိစီးလွန်းနေတာမျိုးမတွေ့ခဲ့ရ ဘူး။ အရာအားလုံးကို စိတ်ချပြီးတော့ လွှတ်ချထားပြီးမှ အဲဒီပစ္စည်းကိုလာပေးတာများလားလို့တောင်အောက် မေ့ရတယ်။ သူသေဆုံးတာ အဲဒီပစ္စည်းကြောင့်လားလို့ ကျွန်တော်စိုးရိမ်သွားမိတယ်။ ဖွင့်ကြည့်ချင်စိတ် လည်းရှိပေမဲ့ သူများပစ္စည်းဆိုတော့ စိတ်ကို ဘရိတ်အုပ်နေရတယ်။ အဲဒီပစ္စည်းကို လူတစ်ယောက်လာ ယူမယ့်နေ့ကိုလည်း ကျွန်တော်စောင့်နေခဲ့တာပေါ့။

>>>>>
(၂)

တစ်လကျော်အကြာမှာ ကျွန်တော့်ဆီကိုလူတစ်ယောက်ရောက်လာတယ်။ မျက်မှန်နဲ့ကတုံးဆံတောက် ကေနဲ့။ ကလေးမထားသွားတဲ့ပစ္စည်းကိုလာယူတာတဲ့လေ။ ကလေးမရဲ့မိသားစုကိုတောင်သူက ဝင်နှုတ် ဆက်မနေဘူး။ ကျွန်တော့်ဆီကို တန်းလာခဲ့တာတဲ့။

“ဟို…ဉပဒေနဲ့ လွတ်ကင်းတဲ့ဟာရော ဟုတ်ရဲ့လား၊ တစ်မျိုးတော့မထင်ပါနဲ့ ..ကျွန်တော်မေးတာ..”

သူ့ပုံစံက ငူငူငိုင်ငိုင်ကြီးပဲ။ မျက်မှန်ကိုချွတ်ပြီး တစ်သျှူးအထပ်လိုက်ကြီးကို အိတ်ထဲကဆွဲထုတ်၊ မျက်ရည်တွေကို သုတ်နေရှာတယ်။ ကျွန်တော် မမေးသင့်မှန်းတော့သိပါတယ်။ ဒါပေမဲ့ မေးမှဖြစ်မှာ။ ကလေးမလေးသေဆုံးသွားတဲ့ကိစ္စက အခုထိ အဖြေရှာမရဘူးလေ။ သူ ကျွန်တော့်မေးခွန်းကိုမဖြေဘူး။ ဒါပေမဲ့ စကားတွေတော့ ပြောဖြစ်ကြတယ်။ သူမေးတဲ့မေးခွန်းတွေလည်းတစ်မျိုးပဲ။ မရင်းနှီးဘဲအတင်း တွေ သူများကိုယ်ရေးကိုယ်တာကိုလျှောက်မေးနေသလိုခံစားရတယ်။

“အစ်ကို လူပျိုကြီးလို့ကြားတယ်၊ ဘာလို့ ဒီအသက်အရွယ်အထိ အိမ်ထောင်မပြုသေးတာလဲ”

ဖြေရမှာ အောင့်သက်သက်ဖြစ်ပေမဲ့ ဒါမျိုးကတော့ အားနာလို့မဖြစ်ဘူးလေ။
“ကျွန်တော့် ကိုယ်ရေးကိုယ်တာပါ၊ ခင်ဗျားနဲ့တော့မဆိုင်ဘူးထင်တယ်”

“ချစ်ရမယ့်သူရှိတယ်လို့လည်းကြားတယ်၊ အရမ်းချစ်တယ်လို့လည်း ဒါလီကပြောဖူးတယ်၊ ဒါနဲ့များ အခုအသက်အရွယ်အထိ မယူကြသေးတာဘာကြောင့်လဲစဉ်းစားလို့မရဘူး၊ အစ်ကိုက အချစ်ရေး လည်းအဆင်ပြေတယ်၊ ငွေကြေးလည်းအဆင်ပြေတယ်၊ ချစ်ကြတဲ့သက်တမ်းလည်းကြာပြီ၊ ဒါတောင် မယူကြသေးတော့ မိန်းကလေးဘက်ကနစ်နာတာပေါ့၊ သူများသားသမီးကို အခုလိုမျိုးတရားဝင်မယူ ဘဲထားတာ မကောင်းပါဘူး၊ ယောင်္ကျားလေးက ဘာမှ မဖြစ်ဘူးဆိုပေမဲ့ မိန်းကလေးကပြောစရာဖြစ် တယ်၊ ပတ်ဝန်းကျင်မှာ….”

“ကျွန်တော့်ဘဝကို ခင်ဗျားပေတံနဲ့ဘာလို့လာတိုင်းနေတာလဲ”

“ဖြစ်သင့်တာကိုပြောတာပါ”

“ဖြစ်သင့်မဖြစ်သင့်ဆိုတာ ကျွန်တော်တို့ ကာယကံရှင်တွေကိစ္စပါပဲ၊ အဲလောက်ကြီးစိတ်ပူပေးနေဖို့ မလို ပါဘူး၊ ကိုယ့်ဘဝနဲ့ကိုယ်နေတာကောင်းပါတယ်၊ ကျွန်တော့်ကောင်မလေးကိုလည်း ကျွန်တော် အရမ်းချစ် ပါတယ်”

ကျွန်တော် အတော်လေးဒေါသထွက်သွားမိတယ်။ ဘာလို့ သူများကိစ္စကိုဝင်စွက်ဖက်နေတာလဲ။ သူ့ပေ တံနဲ့ ကျွန်တော့်ဘဝကို ဘာလို့လာတိုင်းနေတာလဲ။ အိမ်ထောင်မပြုတာ၊ စာချုပ်မှာ လက်မှတ်မထိုးတာ ကပဲ တရားမဝင်ဖြစ်သွားတယ်တဲ့လား။

“မယူရသေးတာ အစ်ကို့ကောင်မလေးကို အစ်ကိုတကယ်မချစ်လို့ပဲ”

“ကျွန်တော့်အကြောင်းလေဗျာ၊ ခင်ဗျားက ကျွန်တော့်လောက်သိလို့လား”

“ချစ်တယ်ဆိုတဲ့အရာကို အစ်ကိုလွယ်လွယ်မသုံးမိပါစေနဲ့၊ တရားဝင်မယူရသေးရင် တကယ်မချစ်လို့ပဲ”

လူ့ယဉ်ကျေးမှုဘောင်က ကျော်လွန်နေပြီလို့ခံစားရတယ်။ ကျွန်တော့်ဘဝ၊ ကျွန်တော့်အကြောင်းကိုသူ သေသေချာချာလည်းမသိ၊ အခြေအနေကိုလည်းနားမလည်ဘဲ ဘာလို့ လိုက်ဘလိန်းနေတာလဲ။

“ခင်ဗျား ပြန်သင့်ပြီ”

ကျွန်တော် အားမနာတော့ဘူး။ မောင်းထုတ်လိုက်မိတယ်။ သူက မချိပြုံးလေးပြုံးလိုက်ပြီး ကျွန်တော့်ကို ခပ်စိမ်းစိမ်းကြည့်ပြန်တယ်။

“တောင်းပန်ပါတယ်အစ်ကို၊ ကျွန်တော် စိတ်လွတ်သွားလို့ပါ၊ လူတွေဟာ ကိုယ့်အမြင်သည်သာအရာရာ၊ ကိုယ်ပြောတဲ့အရာ ကိုယ့်သတ်မှတ်ချက်သည်သာအမှန်ဆိုပြီးအတ္တကြီးတတ်ကြတယ်ဗျ၊ အထူးသဖြင့် မြန်မာလူမျိုးတွေဟာ ဘလိန်းကြတာဝါသနာထုံကြတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်းအင်မတန် အထင်ကြီးတတ်ကြတယ်၊ သူတို့တွေ ဘောလုံးကန်နေလို့ ကျွန်တော်မကန်တတ်ရင် ကျွန်တော်လူညံ့ ဆိုပြီးသတ်မှတ်ကြတယ်၊ သူတို့တွေ သီချင်းဆိုလို့ ကျွန်တော်မဆိုတတ်ဘူးပြောရင် ဟင်..ဒါလေးတောင် မဆိုတတ်ဘူးလားဆိုပြီး နှိမ်ကြပြန်တယ်၊ ပတ်ဝန်းကျင်တိုင်းမှာ နှိမ်ချင်တဲ့အပြုအမူ၊ စော်ကားချင်တဲ့ ဓလေ့တွေရှိကြတယ်၊ အစ်ကို အခုအသက်အရွယ်အထိအိမ်ထောင်မပြုတာ အစ်ကို့အခွင့်အရေး၊ အစ်ကို့ ဘဝဆိုပေမဲ့ လူတွေက သူတို့ပေတံနဲ့လိုက်တိုင်းပြီး ပြောဆိုစရာကိစ္စတစ်ခုအဖြစ်သတ်မှတ်ကြပြန်တယ်၊ ဒါတွေဟာ ကာယကံရှင်အတွက် အချိန်ကြာလာတဲ့အခါ ဖိအားတစ်ခုဖြစ်လာတယ်၊ အခြေအနေအရ မလုပ်ချင်တဲ့ကိစ္စတစ်ခုကိုပတ်ဝန်းကျင်ကြောင့် လုပ်ရမယ့်တွန်းအားတစ်ခုဖြစ်လာတယ်”

“ကျွန်တော်တော့လက်မခံဘူး၊ ကိုယ့်အနေအထား ကိုယ့်အယူအဆနဲ့ပဲနေပေါ့၊ ဘယ်သူ့ဂရုစိုက်ရမှာလဲ”

“အဲလိုစိတ်တင်းနိုင်တဲ့သူကတော့ကောင်းတာပေါ့၊ ဒါပေမဲ့ ဘက်ပေါင်းစုံကလူပေါင်းစုံက ဒီအကြောင်းအ ရာကိုပဲ ထပ်ခါတစ်လဲလဲပြောကြ ဝေဖန်ကြတဲ့အခါ ကိုယ်ယူဆထားတဲ့ ကိုယ့်အမှန်တရားဟာ မှားနေပြီ လားဆိုပြီး သံသယဖြစ်လာတဲ့အဆင့်အထိ သက်ရောက်မှုရှိလာတယ်ဗျ၊ အထူးသဖြင့် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတဲ့သူတွေ၊ လူချစ်လူခင်များတဲ့သူတွေမှာ အဲလိုသက်ရောက်မှု များများခံကြရ တယ်၊ ကဲ..အစ်ကို…ကျွန်တော့်ကိုခွင့်ပြုပါဦး”

သူ့စကားတွေက မှန်နေပြန်တယ်။ ကျွန်တော်လည်း ယောင်နနနဲ့ပဲခေါင်းညိတ်လိုက်ပြန်တယ်။ သူ ထိုင်ခုံကနေ ထ,ပြီးမတ်တပ်ရပ်လိုက်တယ်။ ပစ္စည်းထုတ်ကတရားဝင်ရဲ့လားဆိုတဲ့မေးခွန်းကိုသူမဖြေ သေးဘူး။ သူပြောချင်ရာကိုပဲပြောနေတယ်။

“မစိုးရိမ်ပါနဲ့အစ်ကို၊ ဒါက ဒါလီ ကျွန်တော့်အတွက်ရေးပေးခဲ့တဲ့ ဒိုင်ယာရီစာအုပ်လေးပါ၊ သူနဲ့ကျွန်တော် နှစ်ယောက်တည်းဖတ်ကြတဲ့စာအုပ်မို့လို့ပါ၊ သူ ကျွန်တော့်အတွက်နောက်ဆုံးရေးပေးခဲ့တဲ့စာလေးတွေ ကို ကျွန်တော် ကြေကြေကွဲကွဲနဲ့ဖတ်ရတော့မှာပေါ့ဗျာ”

“ခင်ဗျားက…”

“ဒါလီ့ ချစ်သူပါ၊ အစ်ကို ဒါလီဖုန်းပြောနေတာကို ခဏခဏဆုံဖူးတယ်မှ လား၊ အဲဒါ ကျွန်တော်နဲ့ပဲ၊ ကျွန်တော်က ဉရောပဖက်ကိုရောက်နေလို့ ဒါလီ့နာရေးမမီလိုက်ပါဘူး”

သူ ပြန်တော့မယ့်ဟန်ပြင်လိုက်တယ်။ အဲဒီမှာပဲ ကျွန်တော်လိုချင်တဲ့အဖြေကို တဒင်္ဂလေးနဲ့ရလိုက်ပါ တော့တယ်။

>>>>>
(၃)

“ဒါလီလည်း ကျွန်တော်အစ်ကို့ကိုမေးခဲ့တဲ့မေးခွန်းပုံစံမျိုးကိုပဲ ခဏခဏအမေးခံရတယ်၊ ကျွန်တော်တို့ ချစ်ကြိုက်လာတဲ့ ၁၆ နှစ်တာကာလအတွင်းမှာ မိသားစုအပါအဝင် ပတ်ဝန်းကျင်အစုံက ဘလိန်းသလို နှိမ်သလိုမေးတာက ရည်းစားရှိလား၊ အိမ်ထောင်မပြုသေးဘူးလား၊ သွေးဆုံးတော့မယ်အခုထိ လင်မရ သေးဘူးလား ဆိုတဲ့မေးခွန်းတွေပေါ့”

“ခင်ဗျားကသူ့ကိုဘာလို့မယူ….”

ကျွန်တော်မေးပြီးမှ ပြန်ဘရိတ်အုပ်လိုက်ရတယ်။ ဒီလိုမေးရင် ကျွန်တော်လည်းကြိုက်မှ မကြိုက်တာ။ သူတို့လည်း သူတို့အကြောင်းနဲ့ရှိမှာပဲလေ။ ဒါပေမဲ့ ကျွန်တော့်မေးခွန်းကို သူဖြေပါတယ်။ တိုက်ရိုက် တော့မဟုတ်ခဲ့ဘူး။

“ကျွန်တော်အရမ်းအိုက်တယ်ဗျ”

သူ့အပေါ်အင်္ကျီကိုမတ်တပ်ရပ်ရင်းကနေပဲ ချွတ်လိုက်တယ်။ ကျွန်တော်မျက်လုံးပြူးသွားတယ်။ သူ့ရင် သားမို့မို့တွေ၊ အခုမှ ထပ်သတိထားမိတာက သူ့လည်ပင်းကလည်ဇလုတ်။ ဖြည်းဖြည်းချင်းကနေ ကျွန် တော်သဘောပေါက်လိုက်တယ်။ သူကလည်း ခပ်တိုးတိုးပြောတယ်။

“ကျွန်တော် Tom Boy တစ်ယောက်ပါ၊ ဒါလီကလည်း အမျိုးသမီးချင်းကြိုက်နေတဲ့မိန်းကလေးပေါ့”

ပတ်ဝန်းကျင် နဲ့ အမြဲတသားတည်းဖြစ်အောင်နေတဲ့ မိန်းကလေးက ဘာလို့ သေကြောင်းကြံစည်တဲ့အထိလုပ်ခဲ့ရသလဲ ဆိုတဲ့အဖြေကို ကျွန်တော် ခန့်မှန်းမိလိုက်ပြီ။ လူတွေရဲ့ပေတံ နဲ့ အတိုင်းခံရတဲ့အထဲ ဒါလီတစ်ယောက်အသက်ကိုစတေးရတဲ့အထိတော့မတန်ဘူးလို့ထင်မိတယ်။ ဒါပေ မဲ့ ဖိအားများတဲ့ပတ်ဝန်းကျင်မှာ အမြဲတမ်းတစ်သားတည်းဖြစ်ဖို့နေနေရတဲ့မိန်းကလေးတစ်ယောက် အနေနဲ့ဆိုရင်တော့…
>>>>>
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
ထင်ဒိုင်းအောင်