ပျော်ရွှင်ခြင်း ကမ္ဘာ

ကျွန်တော်တို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကကျွန်တော်တို့ကို ပြန်ပိုင်ဆိုင်နေတတ်တယ်။ (ယန်းပေါဆတ်)
လွတ်မြောက်မှုဆိုတာ ကိုယ့်အထဲမှာပဲရှိတာပါ။ (အိုရှိုး)

(၁)
ပြဿနာက ကျွန်တော် သံရုံးအလုပ်ရရှိရာမှ စတင်ခဲ့သည်ဟုဆိုရပါမည်။ ထိုအလုပ်သည် ကျွန်တော့်ဘဝ အတွက်အရာအားလုံးပြောင်းလဲပေးမည့်အရာဟုဆိုလျှင်မမှားပေ။ ထိုအလုပ်နှင့်ဆက်နွယ်၍စီစဉ်ချမှတ် ထားသောအရာများအားလုံးသည် ကောင်းသောကံကြမ္မာအသွင်ကိုဆောင်ကျဉ်းပေးလာခဲ့ပြီဟုကျွန်တော် က ကောက်ချက်ချ အကောင်အထည်ဖော်ရန်ပြင်ဆင်သည်။
ကျွန်တော်တို့ဇနီးမောင်နှံ၏ မင်္ဂလာဦးလက်ဖွဲ့ပေနှစ်ဆယ်၊ ခြောက်ဆယ် မြေကွက်ကလေးကိုရောင်း မည်။ ထိုပိုက်ဆံဖြင့် အရစ်ကျကားကလေးတစ်စီး (ဟွန်ဒါဖစ်ဖြစ်ဖြစ်) ဝယ်မည်။ မီနီကွန်ဒိုတိုက်ခန့် သန့် သန့်ကလေးကို တစ်နှစ်စာနှစ်ချုပ်ဖြင့် ငှားမည်။ အမျိုးသမီးက တက်ချင်လှပါချည်ရဲ့ဟုဆိုသော ထိုင်းနိုင် ငံ ချုလာလောင်ကွန်းတက္ကသိုလ်ရှိ ဘီဘီအေ အစီအစဉ် (Business Administration (BBA) International Program) ကို တစ်ဝက်သောပညာသင်ဆုဖြင့်ရအောင်ကြိုးစားကာတက်ခိုင်းစေမည်။ ထို အရာများကိုလုပ်ဆောင်ခြင်းဖြင့် ကျွန်တော့်လုပ်ငန်းခွင်တွင်အမြင်တင့်တယ်စွာဖြင့် ကိုယ်ပိုင်ကားက လေးစီးကာရုံးလာနိုင်သူ၊ မီနီကွန်ဒိုကလေးတွင်တင့်တောင့်တင်တယ်နေထိုင်နိုင်သူ၊ အမျိုးသမီးကလည်း ကြိုးစားချင်စိတ်ပြင်းစွာဖြင့် နိုင်ငံရပ်ခြားတွင်ကျောင်းတက်နေသူဟု အများက အသိအမှတ်ပြုမြင်ယောင် ကြမည်မဟုတ်ပါလား။

အဖေက ထိုသို့မဟုတ်၊ ကျွန်တော့်အစီအစဉ်များအားလုံးကို ဆန့်ကျင်ခဲ့သည်။

“အခုခေတ်မှာ မြေတစ်ကွက်ပိုင်ဆိုင်ဖို့ဆိုတာမလွယ်တော့ဘူး၊ လက်ရှိကနေ လက်မဲ့ဖြစ်အောင်မလုပ်နဲ့ ငါ့သား၊ ပြီးတော့ မင်းတို့အိမ်ထောင်ကျတာကလည်းကြာသေးတာမဟုတ်ဘူး၊ မိန်းမကို နိုင်ငံရပ်ခြားပို့ ပြီး ပညာသင်ခိုင်းတာကမသင့်တော်ဘူးလို့ထင်တယ်၊ အခုအလုပ်ကလေးနဲ့ လက်ရှိတိုက်ခန်းကလေးမှာ အေးအေးလူလူနေပြီး ကြိုးစားစေချင်တယ်၊ မင်းလည်းလစာကောင်းတာပဲ၊ ဖြည်းဖြည်းချင်းစုပေါ့၊ သိပ် မကြာတဲ့နှစ်တွေမှာ ကိုယ်ပိုင်လုံးချင်းအိမ်ကလေးဆောက်နိုင်မှာပါ၊ လောဘသိပ်မကြီးနဲ့”

“အဖေ၊ သားရတဲ့အလုပ်က ရိုးရိုးအလုပ်မဟုတ်ဘူးနော်၊ သံရုံမှာ ဒေါ်လာထောင်ချီနေတဲ့အလုပ်ဗျ၊ အဖေ့ အမွေ ကျောင်းဆရာအလုပ်ထက်ဝင်ငွေ ငါးဆရမှာ၊ ရုံးသွားရုံးပြန်လူမြင်တင့်ဖို့လိုတယ်၊ နေထိုင်မှုပုံစံက လည်း သံရုံးဝန်ထမ်းပီပီတင့်တောင့်တင့်တယ်လေးဖြစ်ဖို့လိုတယ်၊ ခုနစ်လွှာတိုက်ခန်းအစုတ်ကလေးမှာ နေပြီး လိုင်းကားကြပ်သိပ်နေအောင်တိုးစီးပြီးရုံးလာတဲ့ဝန်ထမ်းတစ်ယောက်ရဲ့ဘဝကို စွန့်လွှတ်သင့်ချိန် ဖြစ်နေပြီအဖေ”

“မင်းမှာ လုံလုံလောက်လောက်ရှာနိုင်ဖွေနိုင်တဲ့အချိန်ကတော့ စွန့်လွှတ်ပေါ့သားရယ်၊ အခုက ဝမရှိဘဲ ဝိ လုပ်နေသလိုမဖြစ်ဘူးလား၊ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ်တတ်နိုင်တဲ့ဘဝမှာ လိပ်ပြာသန့်သန့်နဲ့နေတာ ဘယ်သူ့ရှက်စရာလဲ၊ ဆင်းရဲတာရှက်စရာမဟုတ်ပါဘူးကွာ”

အဖေ့သဘောကတော့ရှင်းသည်။ လောဘကိုတတ်နိုင်သမျှ ထိန်းချုပ် ပြီး ရှိတာလေးနဲ့ရောင့်ရဲနိုင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ရမည်တဲ့။ ကျွန်တော်ကတော့ ထိုသို့မဟုတ်၊ အဖေ့ကို ပြန်ကတ်သည်။
“မြန်မာတွေရဲ့အားနည်းချက်က အဲဒါပဲအဖေ၊ အရာရာကိုသည်းခံပါ၊ ရောင့်ရဲပါဆိုတာနဲ့တင် ဘဝကိုကျေနပ်နေကြတာ၊ မဟုတ်သေးပါဘူးဗျာ”
အမျိုးသမီးကလည်း ယောက္ခမဖြစ်သူအဖေ့ဖက်က သံယောင်လိုက်နေသည်မို့ ဖြစ်ပေါ်လာသည့်ဒေါသ စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်ထားမိသော်လည်းမရ၊ ပေါက်ကွဲထွက်ချင်နေလေသည်။ ငှားရမ်းခ တစ်လနှစ်သိန်း တန် ခုနစ်လွှာပေါ်ကတိုက်ခန်းကိုလည်းကျွန်တော်ဆက်မနေချင်တော့။ လူအများအထင် ကြီးစရာသံရုံးဝန်ထမ်းအလုပ်သို့ ဘတ်စ်ကားကြပ်သိပ်စွာဖြင့်တိုးကြိတ်စီးရင်း ချွေးတလုံးလုံးဖြင့်ရောက် သွားရသည့်ဘဝမှာလည်းမနေချင်တော့၊ အခွင့်အရေးရတုန်းကျွန်တော့်လူနေမှုဘဝပုံစံကိုပြောင်းလဲပစ် ချင်နေခဲ့သည်။
ထို့နောက် စိတ်ညည်းညူစွာဖြင့် ထိုနေရာကလေးသို့ ကျွန်တော် စတင်ရောက်ရှိခဲ့လေသည်။
>>>>>
(၂)
“ဆရာ တကယ်ရောက်လာတယ်နော်၊ သားတို့ ဝမ်းသာလိုက်တာဗျာ”

ဖုန်တထောင်းထောင်းထနေသောခရီးဆောင်အိတ်ကလေးကို အိမ်ပေါ်သို့ ဘုတ်ခနဲချပေးရင်း ဘချစ်က ဧည့်ကြိုစကားဆိုသည်။ အဖေနှင့်ရော၊ အမျိုးသမီးကိုရော ညှိနှိုင်းမရသည့်အဆုံး စိတ်ပျက်လက်ပျက်ဖြစ် ကာ ထိုရွာကလေးသို့ ကျွန်တော် ထွက်လာခဲ့ခြင်းပင်။ သီတင်းကျွတ်ရုံးပိတ်ရက်လေးရက်ဆိုက်တိုက်ရှိ သည်မို့ နှစ်ညအိပ်သုံးရက်ကို အေးအေးလူလူနေ၍ရသည်။ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နေသည့် အန်ဂျီအို တစ်ခု၏ ဖိတ်ခေါ်မှုဖြင့် အခြေခံစာရင်းအင်းပညာသင်တန်းပေးစဉ်က ထိုလူငယ်ကလေးများနှင့် ကျွန် တော် စတင်ရင်းနှီးခဲ့သည်။ နှစ်နှစ်ခန့်ကြာခဲ့ပြီဖြစ်သော်လည်း အခုအထိအဆက်အသွယ်ရှိကြသော သူတို့ကလည်းခဏခဏအလည်ခေါ်နေသည်မို့ ထိုရွာကလေးကိုရောက်လာဖြစ်ခဲ့သည်။

ရန်ကုန်ကနေပုသိမ်ကိုကားစီး၊ ပုသိမ်ကမှတစ်ဆင့်သာပေါင်းဖက်ကိုသွားသည့်ကားကိုပြောင်းစီး၊ သာပေါင်း-မကျီးစင်ကားလမ်းကြားထဲက ရွာကလေးဖြစ်သည်။ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်ကြား ထဲက ရွာကလေးမို့ ဒေသခံတို့၏စကားမှာ ရခိုင်သံခပ်စွက်စွက်ပါသည်ဟု ကျွန်တော်က သတ်မှတ်ခဲ့ပါ သည်။ ထိုနားတစ်ဝိုက် ရွာငယ်ပေါင်းမြောက်များစွာရှိပြီး တစ်ရွာမှ လူငယ်နှစ်ဦးနှုန်းဖြင့် သာပေါင်းမြို့သို့ ဖိတ်ခေါ်ကာ ကျွန်တော့်သင်တန်းကိုတက်စေခဲ့ကြခြင်းပင်။ ကျွန်တော်လာမည်ဆိုသည့်သတင်းကြောင့် သင်တန်းသားဖြစ်ခဲ့ဖူးသူလေးငါးဦးခန့်ကျွန်တော့်ကိုလာကြိုကြသည်။
သာပေါင်း-မကျီးဇင်ကားလမ်းက အတော်ကလေးကြမ်းသည်။ တောင်ကြိုတောင်ကြားကိုဖြတ်၍မောင်း ရကာ အချို့နေရာများတွင် ကားဘီးလွတ်ရုံသာလမ်းဖောက်ထားသည်။ မိုးတွင်းဆိုလျှင် ထိုနေရာသို့ ကားဖြတ်၍မရ၊ ဆိုင်ကယ်ဖြင့်သွားရန်လည်း ရွှံကတစ်ပေနီးပါးအထိထူတတ်သည်။ အရေးအကြောင်းရှိ၍ မဖြစ်မနေသွားရမည်ဆိုပါလျှင် ချိန်းကြိုးဖြင့် ဆိုင် ကယ်ဘီးကိုပတ်၍သွားကြရသောဒေသဖြစ်သည်။ များသောအားဖြင့်တော့ မိုးတွင်းဆိုလျှင် ဧရာဝတီတိုင်း ဖက်ကရော၊ ရခိုင်ပြည်နယ်ဖက်သို့ပါ လမ်းကြောင်းပျက်သည်ကများသည်။ ထို့ကြောင့် ကုန်စည်ရှား၊ အဆက်အသွယ်ပြတ်ကာ အတော်ကလေးချို့တဲ့မှုကိုရင်ဆိုင်ကြရသည်ဟုသိထားခဲ့သည်။ ကျွန်တော်လာသည့်ခရီးတစ်လျှောက်တွင်တော့ ပွင့်လင်းရာသီပီပီဖုန်ထူလွန်းလှကာ ကားပေါ်ရှိလူ၊ ကုန်၊ အိတ် အားလုံးဖုန်တလုံးလုံးဖြစ်ကုန်သည်။ နှာခေါင်းဝမှအသက်ခပ်ပြင်းပြင်းရှုချလိုက်လျှင် ဖုန်မှုန့်အလိပ် လိုက်ထွက်လာတတ်သလို ဆံပင်နှင့်ခန္ဓာကိုယ်တစ်ခုလုံးကလည်းမျောက်ဖြူတစ်ကောင်လိုဖွေးဆွတ်နေ တော့၏။ ဆီးဖြူသီးကိုစကောထဲလှိမ့်သလိုကားစီးလာရသည်မို့ ကျော၊ရင်များအောင့်သက်သက်ဖြစ်နေ သည်ကိုဖုံးကွယ်ရင်း ခရီးဦးကြိုဆိုမှုကို ပြုံးပြုံးကလေးတုန့်ပြန်နေရသည့်အဖြစ်။

“ဆရာရေချိုးတော့လေ၊ ဘေးမှာ သားတို့ရေအပြည့်ခပ်ထားတယ်”

ကျွန်တော်တည်းခိုရမည့်အိမ်က ဘယ်သူမျှရှိမနေဘဲ ဘချစ်တို့အိမ်အလွတ်တစ်လုံးဟုသိရသည်။ ကျွန်တော်ရေချိုးမည်ပြင်တော့ သူတို့အဖွဲ့ညနေစာအတွက် စီစဉ်ရန်ပြင်သည်ကိုတွေ့ရသည်။
“ဟေး ဘချစ်၊ ညနေစာချက်မယ်ဆို ဟိုဟာဒီဟာလုပ်မနေနဲ့နော်၊ အစ်ကိုမစားဘူး၊ တကူးတကဘာမှ မလုပ်နဲ့၊ အစ်ကို့ဆီမှာ ကြက်အူချောင်းတွေလည်းပါလာတယ်၊ လက်ဖက်တွေလည်းပါလာတယ်၊ ရှိတာ နဲ့စားမယ်နော်၊ သီးသန့်လုပ်တာဘာမှမလိုချင်ဘူးညီလေး”

ရွာဓလေ့အတိုင်း အိမ်ကြက်ကိုလုပ်တော့မည်မှန်းသဘောပေါက်၍ အချိန်မီတားလိုက်နိုင်သည်။

ကျွန်တော့်သင်တန်းကိုလာတက်ဖူးကြသည့် ထိုလူငယ်ကလေးများနှင့် မတွေ့တာ တစ်နှစ်ခွဲနှစ်နှစ်ရှိရော့ပေါ့။ ကြားထဲကအချိန်များတွင် အွန်လိုင်းပေါ်မှာလည်းမတွေ့၊ ဖုန်းလည်းမပြောဖြစ် ကြ။
“ညကျရင် ဆရာဖုန်းသွားပြောစရာရှိတယ်မှလား၊ သားတို့တစ်ခါတည်း ဆရာ့ကိုကာရာ အိုကေလိုက်ပို့မယ်” ဟုဆိုလာတော့ ထူးဆန်းမိသွားသည်။ ရွာ၌ အင်တာနက်လိုင်းလည်း မရှိ၊ ဖုန်းလိုင်းလည်းမမိ၊ လျှပ်စစ်မီးဆိုသည်မှ ဝေလာဝေး၊ ဆိုလာဆို၍လည်း အများကြီးမဟုတ်၊ အပြား သေးသေးကလေးတွေကိုသာအသုံးပြုကြသည်မို့ ဘယ်က ကာရာအိုကေပါလိမ့်ဟုတွေးမိပြန်သည်။ ထိုနေရာအကြောင်းကို မလာခင်ကတည်းက တီးမိခေါက်မိရှိထားသည်မို့ ကာရာအိုကေကတော့ မရှိ နိုင်ဟုတွက်ဆ၏။

ညခပ်မှောင်မှောင်အချိန်တွင် သူတို့ကလေးတွေပြန်ရောက်လာသည်။ ထိုအချိန်၌ ကျွန်တော်က ရေမိုး ချိုး၊ ထမင်းစားပြီးလေပြီ။ ရေကတော့ သူတို့အဆင်သင့်ခပ်ထားပေးသည့်ရေဖြစ်ပြီး ထမင်းကလည်း အိမ် နီးကပ်ရက်အိမ်ကချက်ထားခြင်းဖြစ်သည်။ ရွာတွင် ရေတွင်းတစ်တွင်းသာရှိပြီး ဟင်းသီးဟင်းရွက်ဆိုင် မရှိ (ကုန်စုံဆိုင်ကလေးကတော့ရှိပါသည်။ မုန့်အခြောက်အခြမ်းကလေးတွေရောင်းသည်။)။ ထိုအပြင် အိမ်နောက်ဖေးဈေးဆိုင်တည်၊ အသီးအရွက်စိုက်စားကြသည့်အိမ်လည်းမတွေ့ပါ။ အချုပ်အားဖြင့်သုံးသပ် ရသော် စားစရာလည်းရှားသည်။ ငါးဆိုလျှင်လည်းမရှိ၊ အသီးအရွက်လည်းရှား၊ အသားကတော့ တော ကောင်သားပေါ်ချိန်ဆိုလျှင်ရသည်။ မကြာခဏရသည်ကတော့ ဖြူးကောင်သား၊ မျောက်သားတို့ပင်။ အခြား တောကောင်ကြီးကလည်းရံဖန်ရံခါမှသာမို့ လူတိုင်းအိမ်တိုင်းဝယ်မစားနိုင်ကြ။ ကျွန်တော့်ကို ကျွေးသည့်ညစာကတော့ ကျွန်တော်ပါလာသည့်ကြက်အူချောင်းကြော်၊ ဘဲဉကြော်၊ ချဉ်ပေါင်ရွက်ချဉ် ဟင်းနှင့် ငရုတ်သီးငါးပိချက်တို့ပင်။
ကျွန်တော်လာသည်ကိုအကြောင်းပြု၍ သူတို့ ရေမီးအစုံပစ္စည်းအကုန်သယ်လာသည်ဟုဆိုသည်။ ဖြိုးသီဟအောင်ရယ် ဇော်ဝင်းမောင်ရယ် နိုင်ရဲလင်းရယ်။ ဘချစ်က ကျွန်တော်နှင့် အတူတူနေပေးသည်။ ထမင်းကျွေးသည့်အိမ်ကလည်း ကျွန်တော့်သင်တန်းသူဖြစ်ခဲ့ဖူးသည့် ပန်းအိဖြိုးတို့အိမ်မို့ စားသောက်ရေး မပူရတော့ပေ။ ကလေးတွေလက်ထဲတွင် ဘလူးတုဘောက်စ်ကြီးတစ်လုံးနှင့်မိုက်ခရိုဖုန်းတစ်လုံးကိုတွေ့ ရကာ စားစရာဇီးထုတ်နှစ်ထုတ်၊ ပဲလှော်ထုတ်နှင့် ဘီယာဘူးများကိုတွေ့ရသည်။ ထို့ကြောင့်သာပဲ ကျွန်တော်တို့အားလုံး ရွာတစ်ဖက်လမ်းက တောင်ကုန်းကလေးပေါ်ကိုတက်ခဲ့ကြသည်။

တောင်ကုန်းက ခပ်ပြေပြေနိမ့်နိမ့်ကလေးဟုထင်ရပေမယ့် တောင်ထိပ်ပေါ်ကိုရောက်၍ အောက်ကိုကြည့် လိုက်သည့်အခါ ရွာမြင်ကွင်းကို ခပ်မှိန်မှိန်သာမြင်ရသည်။ တောင်ပေါ်တစ်ဝိုက် မန်ဂျန်ရှားပင်များအစီအ ရီစိုက်ထားလေရဲ့။ ကျွန်တော်လာခဲ့သည့် ကားလမ်းမကိုလည်း အပေါ်စီးကမြင်ရ၏။ တောင်၊ တောကြား ထဲတွင် မြွေလိမ်မြွေကောက်မျဉ်းကြောင်းကလေးဖြစ်လို့နေလေသည်။ ညနေခင်းမို့ မြူဆိုင်းလာ၏။ ရာသီဉတုက ရန်ကုန်နှင့်တစ်ခြားစီဖြစ်သွားလေသည်။ သိပ်မကြာလိုက်ပါ။ ညအမှောင်ထုကလွှမ်းခဲ့ပြီ ဖြစ်သည်။

“ဆရာဖုန်းက အမ်ပီတီမှလား၊ အဲဒါဆို ဟောဟိုက အကွက်ကလေးမှာမိတယ်၊ တယ်လီနောဆိုရင်တော့ ဒီနေရာမှာမိတယ်၊ အူရီဒူးဆိုရင်တော့ ဟိုသစ်သားခုံတန်းလုပ်ထားတဲ့နေရာမှာမိတယ်” ဟု ဘချစ်က ရှင်း ပြသည်။ အံမယ်။ တကယ်ကိုကွက်တိပဲ။ တောင်ပေါ်တွင်ဖုန်းလိုင်းမိသည်။ မိသည့်နေရာများကလည်း တစ်နေရာနှင့်တစ်နေရာမတူညီကြ။ ခြေလှမ်းသုံးလှမ်းဆို သုံးလှမ်းနေရာတွင်ကွက်တိ။ တစ်လှမ်းသော်မျှ မလျော့လိုက်နှင့်။ ဖုန်းလိုင်းကအချက်ပြအတုံးကလေးများလျော့သွားရော။ ပန်းအိဖြိုးကကြွားသေးသည်။ “ဆရာသမီးတို့ရွာကို လိုင်းမမိဘူးထင်ပြီး အထင်မစမောနဲ့ မိုဘိုင်းလိဂျန်းဆော့တာ တစ်ရွာလုံးလိဂျန့်တွေနော်”တဲ့။ ထိုတောင်ကုန်းကလေးပေါ်တွင် ဖုန်းလာပြောသည့်သူ၊ ဂိမ်းဆော့နေကြ သူ အစုအစုကလေးများနှင့်။ ဘချစ်ဆိုလျှင် သူ့ကိုယ်ပိုင်နေရာတောင်ရှိပါသေး။ သစ်သားပြားခင်းပြီး သေချာခုံရိုက်ထားခြင်းပင်။ ညဖက်များဆိုလျှင် ချမ်းလွန်း၍ စောင်ကိုယ်စီခြုံကာ ဖုန်းလာသုံးနေကြ သည့်မြင်ကွင်းက ပွဲတော်ကလေးတစ်ခုလိုပင်။
ကျွန်တော် အမျိုးသမီးထံကိုဖုန်းဆက်လိုက်ပါသည်။ ပျောက်သွား၍ စိတ်မပူရန်ခပ်ပြတ်ပြတ်ပြောလိုက် ခြင်းပင်။ ဖုန်းချပြီးသည့်နောက် ဖြိုးသီဟအောင်ခေါ်ရာနောက်ကိုလိုက်လာခဲ့ကြသည်။ မြက်ရိုင်းပင်နုနု များက ကော်ဇောပွခင်းထားသကဲ့သို့ နူးညံ့လှသည်။ တောင်ထိပ်နားတစ်ဝိုက်ရှိထိုနေရာကလေးတွင် တော့ ဖုန်းလိုင်းသုံးမျိုးလုံးမိသည့်အချက်ပြသော်လည်း လိုင်းသိပ်မကောင်းပါ။ သို့သော် ကိုဖြိုး၏ အင် တာနက်လိုင်းက ဖလန်းဖလန်းထအောင်ကောင်းနေပြန်လေသည်။

ဆိုတော့ ကိုဖြိုး၏ဖုန်းကို ဘလူးတုချိတ်ကာ မိုက်ခရိုဖုန်းတပ်၍ ယူကျူ့ကိုစဖွင့်သည် ကာရာအိုကေဗားရှင်းသီချင်းများတစ်ပုဒ်ပြီးတစ်ပုဒ်ဆိုကြပေတော့ပဲ။ လိုင်းကလည်းကောင်း၊ သီချင်းတွေလည်းကောင်း၊ ဆိုလို့က လည်းကောင်းနှင့် ပါလာသည့် စားစရာ၊ သောက်စရာများကုန်သည်အထိဆိုညဉ့်အတော်နက်ခဲ့လေပြီ။ ကျွန်တော်က ဝိုင်းသိမ်းမည်ဟုဆိုတော့ ဘရိတ်အုပ်လိုက်ကြတော့ သိပ်မသိမ်းချင်ကြသေး။

မနက်မိုးလင်းတော့ ကျွန်တော်တည်းသည့်အိမ်ရှေ့နားကိုဖြတ်လျှောက်သွားသည့်လူတိုင်းလိုလိုက ဘချစ် ကိုလှမ်းမေးသည်။ “ညမွှေးပန်း” သီချင်းကိုဘယ်သူဆိုတာလဲ၊ “မနှင်းဆီ သီချင်းဘယ်သူဆိုတာလဲ” “ဟိုသီချင်းကနိုင်ရဲလင်းအသံပဲ” “ကိုဖြိုးကတော့ “လရောင်ထဲကိုယ်လမ်း လျှောက်ချင်တယ်သီချင်းဆိုတာမှလား” စသဖြင့် တွေ့သူတိုင်းနီးပါးကတစ်ယောက်တစ်ခွန်းမေးကြ တော့ ကျွန်တော်ကလည်း အံအားသင့်သွားပြီး ဘချစ်ကိုမေးမိသည်။ “သူတို့က ငါတို့သီချင်းဆိုတာ ဘယ်လိုလုပ်သိတာလဲ၊ သူတို့ရှေ့မှာဆိုနေတာလည်းမဟုတ်၊ တောင်ပေါ်က လူသူမရှိတဲ့နေရာမှာလေ” ဟုဆိုတော့ ဘချစ်က “တောင်ပေါ်ကနေဆိုနေတာလေဆရာရယ်၊ သစ်ဝမ်းပူ၊ သစ်ဆင် နှစ် ရွာစလုံးက သားတို့အသံကိုသေချာကြားရတာပေါ့၊ ညမိုးချုပ်လေ ပိုကြားရလေပဲလေ၊ သားတို့ကနှစ် ရွာစလုံးကို တောင်ပေါ်ကနေ ဖျော်ဖြေနေတာလေ” တဲ့။

ကျွန်တော် လက်ဝါးဖြင့်နဖူးကိုဖတ်ခနဲသာရိုက်မိတော့သည်။ သံသေးသံကြောင်ဖြင့် ဆိုခဲ့သမျှ သောက် ရှက်ဗြန်းဗြန်းကွဲလေပြီ။
>>>>>
(၃)

ဖုန်းလာစရာအကြောင်းလည်းမရှိ၊ ကွန်ပျုတာလည်းမကိုင်၊ တီဗီလည်းမကြည့်ရသောအခါ ကျွန်တော် အတော်ကလေးလွတ်လပ်သွား၍ သူတို့၏လုပ်ငန်းခွင်များသို့အလည်အပတ်လိုက်ကြည့်မိသည်။ ရွာ ၏ အရှေ့ဖက်ခြမ်း (ညတုန်းကသီချင်းသွားဆိုသည့်တောင်ကုန်းကလေး၏အနောက်) တောအုပ်ထဲတွင် ဘချစ်တို့သီဟိုပင်ခြံရှိသည်။ ပျဉ်းကတိုး၊ ငှက်ပျော၊ စပါး၊ ကွမ်း စသည်ဖြင့် သူ့မြေနေရာအလိုက်အစဉ် တကျစိုက်ပျိုးထားသည်။ စမ်းချောင်းကလေးလည်းရှိပြီး ထိုမှ ရေခပ်ကာအပင်များကိုရေလောင်းသည့် တာဝန်အား ဘချစ်ကနေ့စဉ်နှင့်အမျှလုပ်ကိုင်ရသည်။ ကွမ်းအဝယ်ဒိုင်၊ ငှက်ပျောအဝယ်ဒိုင်များလာပါ က ရောင်းသင့်သည့်ဈေးဆိုလျှင်ရောင်း၊ ဈေးမကိုက်လျှင် ဂွ၊ သာပေါင်း စသည့်မြို့များသို့တင်ဆောင်ပေး သောကားကြုံဖြင့်ချိတ်ဆက်ရောင်းချသည်။ တစ်နှစ်ပတ်လုံးအလုပ်ပြတ်သည်ဟူ၍မရှိ၊ ရာသီတစ်မျိုး အလုပ်သုံးလေးခုဖြင့် ပုံမှန်လည်ပတ်နေတတ်ပါသည်။

“ပိုက်ဆံတော့ အများကြီးမရဘူးပေါ့ဆရာရယ်၊ ဒါပေမဲ့ မရှိမရှားပါဘူး”

ဇော်ဝင်းမောင်တို့ကတော့ မိသားစုလိုက် လယ်လုပ်ကြသည်။ သူတို့စပါးစိုက်ခင်းက ဧကအတော်များ မည်ထင်ပါ့။ တောင်ခြေတွင်မျက်စိတစ်ဆုံးဖြစ်ပြီး သီဟိုခြံလည်းရှိလေသည်။ ရွာနှင့်မလှမ်းမကမ်းတွင် ရှိပြီး ဆယ်ငါးမိနစ်ခန့်လမ်းလျှောက်သွားလျှင်ရောက်ပြီ။ ဖြိုးသီဟအောင်ကတော့ ရွာမူလတန်းကျောင်း ကလေးတွင် ကျောင်းဆရာဖြစ်သည်။ ပန်းအိဖြိုးကတော့ကွမ်းခြံရေလောင်း၊ အိမ်အလုပ်များကူလုပ်ကာ တစ်နေ့တာကိုဖြတ်သန်းပြီး နိုင်ရဲလင်းကတော့ သူတို့ရွာတွင် နှစ်ရှည်စီမံကိန်းတစ်ခုအဖြစ်လာရောက် လုပ်ကိုင်နေသည့် အန်ဂျီအိုတွင် ဝန်ထမ်းအဖြစ်လုပ်ကိုင်နေသည်။

“တစ်နေ့တာအလုပ်ပြီးတာနဲ့ ကွင်းထဲမှာ ဘောလုံးကန်တယ်၊ တစ်ခါတစ်လေတော့ ဟိုဖက်ရွာဒီဖက် ရွာလျှောက်လည်တယ်၊ ရွာပွဲဈေးတွေဘာတွေရှိရင် စုပြီးသွားကြတယ်၊ ကျေးရွာဘောလုံးပွဲတွေကျင်း ပပြီး အသင်းလိုက်သွားကန်ကြတယ်၊ ဂိမ်းဆော့ချင်ရင်တောင်ပေါ်တက်ပြီးဆော့ကြတယ်၊ ရည်းစား ထားချင်ရင်လည်းတောင်ပေါ်တက်ပြီး အွန်လိုင်းပေါ်ကနေ ရည်းစားရှာကြတယ်၊ ဖုန်းတွေနဲ့ ကျူကြ တယ်၊ တစ်ခါတစ်လေ ငွေရွှင်တဲ့အခိုက်ဆိုရင်တော့ ပုသိမ်တက်ပြီး ဈေးဝယ်ကြ၊ မုန့်စားကြတာပေါ့ ဆရာရယ်၊ ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းပုံကတော့ အဲလောက်ပါပဲ”
“ကျန်းမာရေးကိစ္စအရေးပေါ်ဖြစ်လာရင်ကော”

“ရွာကို ဆေးမှူးတွေ ရံဖန်ရံခါလာတတ်တယ်၊ သူတို့နဲ့ပြတယ်၊ ဆေးသောက်စရာရှိရင် မြို့ကမှာတယ် လေ၊ အရေးပေါ်ဆိုရင်တော့လည်း မကျီးဇင်ဆေးရုံကိုပို့တယ်၊ မနိုင်ရင်တော့ ပုသိမ်တက်ကြတာပေါ့ ဆရာ၊ လမ်းမှာ မမီတော့ရင်လည်းကံပေါ့၊ သေရုံကလွဲလိုထူးပြီးမရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ရွာဖက် တွေက ဆိုးဆိုးရွားရွားကြီးတွေ မဖြစ်တတ်ကြပါဘူး”

ကျန်းမာရေးအာမခံအတွက်ပူပင်ရမှု၊ ကိုဗစ်ဖြစ်စဉ်ကဆေးပြတ်လပ်မည်ကိုစိုး၍ ဈေးကြီးပေးဝယ်ယူ မှုတို့ကို သတိရသွားမိသည်။

“ပိုက်ဆံလက်ထဲရှိရင်တောင် သုံးစရာနေရာရှားနေသလိုပဲ” ဟု ခပ်တိုးတိုးလေးညည်းမိသည်။ ဈေး ဝယ်စင်တာသို့သွားစရာမလို၊ စားကောင်းသောက်ဖွယ်တွေမလို..အရာရာ သူ့အိုးသူ့ဆန်ဖြင့် အံဝင် ဂွင်ကျဖြစ်နေမှု၏ ရင်းမြစ်သည် ကျေနပ်ရောင့်ရဲခြင်းဟု ကျွန်တော် သဘောပေါက်လိုက်သည်။ ကျွန် တော့်သင်တန်းသား/သင်တန်းသူကလေးများသည် ငွေကြေးအားဖြင့် တော်သင့်ရုံပိုင်ဆိုင်ကြသည်။ အလုပ်ကိုယ်စီရှိကြသည်။ ပညာကလေးတွေလည်းတော်သင့်ရုံရှိထားကြသည်။ သူတို့၏ပတ်ဝန်းကျင် ကိုလည်း သူတို့လုပ်အားဖြင့် ပံ့ပိုးနေကြသူများဖြစ်သည်။ သူတို့ဘဝကိုလည်း သူတို့ကျေနပ်စွာဖြင့် ဖြတ်သန်းနေကြသူများဖြစ်သည်။ သူတို့၏အခြေအနေသည် စိတ်အားဖြင့်သော်လည်းကောင်း၊ ဉစ္စာဓန အားဖြင့်သော်လည်းကောင်း သင့်တင့်လျောက်ပတ်သောအနေအထားဟုကောက်ချက်ချမိသောအခါ ကျွန်တော့်ကိုယ်ကျွန်တော် သိမ်ငယ်မိသွားလေသည်။

>>>>>
(၄)
OSHO World စာအုပ်တွင် ပြောထားသောစကားတစ်ခွန်းရှိသည်။ “လွတ်မြောက်မှုဆိုတာအခြား တစ်နေရာရာမှာ မရှိဘဲ ကိုယ့်အထဲမှာရှိနေတာ” ဟုဆိုသည်။ ယန်းပေါဆက်၏ အင်တာဗျုးတစ်ခုတွင် သူဖြေကြားထားပုံက “ငွေကြေးဖြစ်ဖြစ်၊ဝယ်ယူထားတဲ့ပစ္စည်းတစ်ခုဖြစ်ဖြစ် ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေက ကျွန်တော်တို့ကို ပြန်ပိုင်ဆိုင်နေတယ်လို့ထင်တယ်။” ဟူ၍။
မျှော်လင့်ချက်၊ အနာဂတ် ဆိုသော စကားလုံးများသည် “မနက်ဖြန်” ဟူသော နေ့စွဲရှိမှအကောင် အထည်ပေါ်မည့်အရာများဖြစ်သည်။ တစ်နေ့တာကိုပျော်ရွှင်ကျေနပ်စွာ၊ အများကိုကောင်းကျိုးပြုစွာ ဖြင့် ရှင်သန်နေရလျှင် ကျွန်တော်တို့ဘဝအတွက် လုံလောက်ပြီဟု ယူဆလိုက်သည်။

“ရန်ကုန် လာရင်တော့ မဖြစ်မနေ အစ်ကို့အိမ်ကိုဝင်လာခဲ့ကြ၊ တိုက်ခန်း ၇ လွှာပေါ်ကိုတော့ တက်နိုင် အောင်အရင်ကျင့်လာကြနော်”

ကွန်ဒိုတိုက်ခန်းမှာမနေရတော့ရော ဘာအရေးလဲ။

ကိုယ်ပိုင်ကားမစီးနိုင်တော့ရော ဘာအရေးလဲ။

ကျွန်တော့်ဘဝမှာ ကျွန်တော် ပျော်ရွှင်စွာနေထိုင်ဖို့အရေးကြီးသည်။ ကျေနပ်နေရန်အရေးကြီးသည်။ ထို ခရီးစဉ်မှသည် ကျွန်တော့်ကို ကျွန်တော် ရှာဖွေတွေ့ရှိခဲ့ပါသည်။ အိမ်ပြန်ရောက်လျှင် အဖေ့ကိုတောင်း ပန်ရဦးမည်။ ချစ်ဇနီးကိုလည်း ချော့ရဦးမည်။
>>>>>
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
ထင်ဒိုင်းအောင်