ကျွန်တော်မီလျံနာ
ဗီယက်နမ်မြေကို အခြေချလိုက်ပြီဆိုကတည်းက ကျွန်တော်မီလျံနာဖြစ်သွားပါပြီ။ သူတို့ငွေကြေးက မတရားဖောင်းပွတာမို့ ဒေါ်လာ ၁၀၀ လဲလို့ရတဲ့ပိုက်ဆံကို ကြည့်ပြီးကျေနပ်အားရမိတာများဗျာ။
အောက်တိုဘာ ၂၃ ရက်ညနေလေယာဉ်နဲ့ ဗီယက်နမ်ကိုရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံထက်နာရီဝက်စောတဲ့မြို့ (မြန်မာနိုင်ငံမှာ ၆ နာရီဆိုရင် ဗီယက်နမ်မှာ ၆ နာရီခွဲ) ကို လေယာဉ် ၂ နာရီနီးပါး ( ၁ နာရီ ၅၀ မိနစ်) စီးလာခဲ့ပြီးတဲ့နောက်မှာ တော့ ဟနွိုင်းလေဆိပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါပြီ။ ဒေသတစ်ခုရောက်တာနဲ့ ကိုယ် တွေရန်ကုန်နဲ့ဘာကွာလဲတိုင်းတာကြည့်ပါ တယ်။ မြန်မာငွေ ၂ သောင်းလောက်နဲ့ 10 GB အပါဆင်းမ်ကတ်ဝယ်လို့ရပါတယ်။ တစ်နိုင်ငံလုံး ကို ၈၀ ရာခိုင်နှုန်းလောက်ကဆိုင်ကယ်တွေလွှမ်းမိုးထားပါတယ်။ ကားတင်သွင်းခွန်အင်မတန်ကြီးတာမို့ ဘောစိတွေပဲကိုယ်ပိုင်ကားစီးနိုင်ပြီး YBS လို လိုင်းကားလည်းမရှိပါဘူး။ MRT ရထားလမ်းလည်းမရှိပါဘူး။ အားလုံးကိုဆိုင်ကယ်နဲ့ပဲကျော် ဖြတ်ကြပါတယ်။
ကျွန်တော်တို့ရောက်တော့ ည ၁၀ နာရီကျော်ပြီမို့ နီယွန်မီးရောင်တွေကလွဲရင် ဟနွိုင်းတစ်မြို့လုံး မှောင်နေပါပြီ။ မြစ်နီမြစ်ကိုဖြတ်ပြီးတည်ဆောက် ထားတဲ့ဒုတိယအရှည်ဆုံးတံတားကိုဖြတ်နေရင်း ဒီနိုင်ငံမှာ နာမည်ကြီး brand စက်ရုံတွေရှိတယ် ဆိုတာကို Guide က ရှင်းပြနေပါတယ်။ Honda စက်ရုံရှိတာမို့ Honda ဆိုင်ကယ်တွေကို စျေးသက်သက်သာသာနဲ့ဝယ်လို့ရပါတယ်။ ကိုယ်တွေဆီက လက်လွှတ်လိုက်တဲ့ Samsung စက်ရုံလည်း ဒီမှာတည်ထားပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူ တိုင်းဆိုင်ကယ်လိုင်စင်ရနိုင်ပါတယ်။ အိမ်တွေခပ်ကြ်ကြပ် ခပ်ကျဉ်းကျဉ်းလေးတွေနဲ့ ချစ်စရာကောင်း တဲ့မြို့ဟာစိတ်ဝင်စားစရာကောင်းလို့နေတာပေါ့။
ကျွန်တော့်ကိုဆွဲဆောင်စေခဲ့တာကတော့ ငွေကြေးဖောင်းပွမှုပါပဲ။ ငါးသိန်းတန်ငွေစက္ကူ ကျွန် တော်ကိုင်ဖူးပြီလေနော့။ လေဆိပ်က ငွေလဲကောင်တာတွေမှာ ဆင်းမ်ကတ်ရော ကားအငှားရော တစ်ပါတည်းဝန်ဆောင်မှုပေးတာတွေ့ပါတယ်။ ဒေါ်လာ ၁၀၀ တန်တစ်ရွက်လဲလိုက်တာ ဗီယက်နမ်ဒေါင်ငွေ ၂၃၃၀၀၀၀ ရပါတယ်။ ကျွန်တော်လဲလို့ ရလာတဲ့ပိုက်ဆံတွေထဲမှာ နှစ်သောင်းတန် ၊ ငါးသောင်းတန်၊ တစ်သိန်းတန်၊ ငါးသိန်းတန်တွေပါ လာပါရော။ သူတို့ရဲ့ ပိုက်ဆံတွေက သိပ်မကြာခင်ဆယ်စုနှစ်လောက်ကမှ ပြန်ရိုက် စသုံးတဲ့ပိုက်ဆံတွေပါ။ တစ်သောင်းတန်နဲ့ငါးသောင်းတန်ကို ၁၉၉၀ ခုနှစ်မှာ စသုံးခဲ့တယ်လို့သိရပါတယ်။ နှစ်သောင်းတန် ကို ၁၉၉၁၊ တစ်သိန်းတန်ကို ၁၉၉၄၊ ငါးသိန်းတန်ကို ၂၀၀၃ ခုနှစ်တွေမှာ အသီးသီးစသုံးခဲ့တာဖြစ်ပါတယ်။ နှစ်သိန်းတန်ကိုတော့ ၂၀၀၆ ခုနစ်မှာ စထုတ်ခဲ့တာဖြစ်ပါတယ်။ ပိုက်ဆံတွေအားလုံးဟာ ဟိုချီမင်းပုံတွေနဲ့ဖြစ်ပါတယ်။
အဲဒီပိုက်ဆံတွေနဲ့ ဘာဝယ်လို့ရနိုင်မလဲ ရန်ကုန်စျေးနဲ့ဘာကွာသလဲဆိုတာကိုတော့ နောက်နေ့မှာ ချိန်ဆကြည့်ဖို့ ရင်ခုန်စွာနဲ့မျှော်လင့်ရင်းပေါ့လေ။
ကျောက်တောင်ကြား လှေဖြင့်ရောက်သွားခြင်း
ဧရာမကျောက်တောင်ကြီးတွေအကြားမှာ လှေတစ်စီးနဲ့ ရောက်သွားတဲ့အခိုက် ခံစားမှုက အေးချမ်းခြင်း တိတ်ဆိတ်ခြင်း ကြည်နူးစရာကောင်းခြင်းတွေ ထက်ပိုပါတယ်။ လှေစီးရင်းမိုးရွာချလိုက်တော့ တစ်ကိုယ်လုံးရွှဲရွှဲစို ကြွက်စုတ်လေးလိုဖြစ်လို့။ လှေထဲကိုရေဝင် ရေအမြင့်level ကတက်လာ မိုးကြိုးကပစ်နဲ့ စိတ်လှုပ်ရှားစရာကောင်းတာများဗျာ။
ကျွန်တော်တို့ လှေစီးဖို့အတွက် ဟနွိုင်းကနေ ကီလိုမီတာ ၁၀၀ ကျော်ဝေးတဲ့ နင့်ဘင်းကိုထွက်လာခဲ့ကြပါတယ်။ နှစ်နာရီလောက် ကားစီးအပြီးမှာတော့ နင့်ဘင်းက Tam Coc လှေဆိပ်ကိုရောက်ပါပြီ။ ချစ်စရာကောင်းတဲ့လှေသေးသေးလေးတွေ အစင်းပေါင်းရာချီပြီးလှေဆိပ်မှာအပြည့်ရပ်ထားပါတယ်။ လက်မှတ်ဝယ် အသက်ကယ်အကျႌကိုအပေါ်ကနေစွပ်ပြီးလှေစီးခရီးစတင်ပါတော့တယ်။ လှေတစ်စီးကို နှစ်ယောက်နှုန်းတက်ရပြီး သံထည်နဲ့လုပ်ထားတဲ့ လှေပေါ့ပေါ့လေးတွေပါ။ လှေသမား ၈၀ ရာခိုင်နှုန်းကအမျိုးသမီးတွေများပါတယ်။ အမျိုးသားတစ်ချို့နဲ့ လူငယ်လှေသမားတစ်ချို့ကိုတော့ တစ်စီးတစ်လေပဲတွေ့ရတယ်။ လှေပေါ်မှာ ထိုင်စရာခုံတန်းသုံးတန်းကို ကန့်လန့်ဖြတ်ထည့်ထားပါတယ်။ လှေထဲရေဝင်ရင်ခပ်ထုတ်မယ့် ပလတ်စတစ်ပုံးသေးတစ်ပုံးပါပါတယ်။ လှေ ပဲ့ဖျားမှာ စတီးထိုင် ခုံတစ်ခုံထားပြီးအဲဒီအပေါ် လှေသမားကထိုင်ပါတယ်။ အဲဒီစတီးထိုင်ခုံက အရှင်ဖြစ်ပြီး ဂူတွေထဲကိုလှေဝင်တဲ့အခါ ခေါင်းနဲ့ဂူမျက်နှာကြက်မထိအောင် ထိုင်ခုံကိုဒေါက်ဖြုတ်ပြီးခေါက်သိမ်း လှေဝမ်းပေါ်ကိုခရီးသည်နဲ့တစ်ပြေးညီထိုင်လှော်လို့ရအောင်လုပ်ထားတာပါ။ ထိုင်ခုံရှေ့မှာ လှော်တက်နှစ်ချောင်းကို ကြက်ခြေခတ်ပုံစံယှက်ထားပြီး လှေသမားရဲ့ခြေတောက်နှစ်ဖက်က လှော်တက်ကိုဟန်ချက်ညီညီထိန်းလှော်ရင်း လှေစီးထွက်ခဲ့ကြတာပေါ့။
ကျွန်တော်တို့လှေသမားကအမျိုးသမီးပါပဲ။ ကိုယ်တွေနားမလည်တဲ့ဗီယက်နမ်စကားနဲ့လှမ်းပြောလိုက် လှော်တက်နှစ်ချောင်းကိုသူ့ခြေတောက်နှစ် ချောင်းနဲ့ လှစ်ခနဲလှစ်ခနဲနေအောင်ထိန်းလှော် လိုက်နဲ့တော်တော်လေးသွက်ပါတယ်။ လှေခရီးအစ မှာ ရေပေါ်စားသောက်ဆိုင်တွေ သစ်လုံးနဲ့ဆောက် ကျူရိုးနဲ့မိုးထားတဲ့ချစ်စရာအိမ်လေးတွေကိုတွေ့ရပေမယ့် ၁၀ မိနစ်လောက်ကြာလာရော ဧရာမကျောက်တောင်ကြီးတွေကိုမျက်စိတစ်ဆုံး မြင်ရတော့တာပါပဲ။ ကျောက်တောင်ပေါ်မှာ သစ်ပင်စိမ်းစိမ်းတွေပေါက်နေလိုက်တာ တစ်တောင်လုံးဖုံးလွှမ်းထားတဲ့အထိဆိုတော့ ရုတ်တရက်ကြည့် လိုက်ရင် ကျောက်စိမ်းအရိုင်းတုံးကြီးတွေကြား ရောက်နေသလိုပါပဲ။
ကျွန်တော်စီးလာတဲ့လှေကလေးဟာ ကျောက်တောင်ကြီးတွေကြားက အကွေ့အကောက်တွေနဲ့မြစ်လမ်းလေးကိုဖြတ်သန်းတိုးဝင်သွားလိုက်တာ တစ်ခါတစ်ခါ ငှက်အော်သံတွေ ကိုကြားလိုက် တစ်ခါတစ်မှာတော့ လှေလှော်သံ တစ်ပြက်ပြက်တွေကို ကြားလိုက် နဲ့ပါပဲ။ မြစ်ဆိုပေမယ့် ရေသိပ်မနက်လှပါဘူး။ ကျောက်တောင်တွေကြားကမြစ်ရေပြင်မို့ ကြည်တယ် စိမ်းတယ် အေးပါတယ်။ အဲဒါဟာ Tam Con မြစ်ပေါ့။ မြစ်ကြောင်းတစ်လျှောက် ထုံးကျောက်ဂူတွေ ချိုင့်ဝှမ်းတွေဟာ အခြားနေရာတွေထက်ပိုတဲ့သဘာဝအရသာကိုပေးပါတယ်။ မြစ်ပေါ်မှာချည်းပဲ လှေစီးရတာမဟုတ်ဘဲ ဂူအတွင်းထဲထိဝင်သွားလိုက် အလင်းရောင်ပျောက်သွားလိုက် မှိန်ပျပျအလင်းရောင်နဲ့အတူ ဂူအပြင်ကိုပြန်ထွက်လာလိုက် အေးချမ်းလိုက်တာဆို တာလေ။ ကျောက်ဂူထဲကိုလှေဝင်တော့ ဂူသားမျက်နှာပြင်နံရံတွေကိုကိုင်ကြည့်လို့ရပါတယ်။ လက်ရာပြောင်မြောက်တဲ့ပန်းရံဆရာစီထားသလို ဂူနံရံအကွက်တွေက သေသေသပ်သပ်လှလှပပ။
ငိုချင်ရက်လက်တို့ဆိုသလိုပါပဲ လွမ်းလို့ဆွေးလို့ စိတ်ကူးယဉ်လို့ကောင်းနေတုန်းမှာမိုးက ဝေါခနဲ ရွာချလိုက်ပါရော။ ၁၅၀၀၀ (မြန်မာငွေ တစ်ထောင်လောက်ပဲရှိ) တန်မိုးကာအကျႌရော ၂၀၀၀၀ တန်( မြန်မာငွေ တစ်ထောင်ကျော်) ခမောက်ကော ရွှဲရွှဲစို လူတစ်ကိုယ်လုံးကြွက်စုတ်ဖြစ်လို့ပါပဲ။ ဒီကြားထဲ လှေထဲကိုမိုးရေတွေဝင်လာတော့ လှေသမားအစ်မကြီးက ရေခပ်ထုတ်ပေးဖို့အကူအညီ တောင်းတာကြောင့် ကျွန်တော့်အနောက်ကထိုင်နေတဲ့အစ်ကိုက ရေခပ်ထုတ်ပေးရပါတယ်။ ကျွန်တော်ဝိုင်းကူချင်ပေမယ့် ကျွန်တော်က လှေဦးမှာထိုင်တာမို့ မလှုပ်ရဲဘူး လှေကပေါ့တာမို့နည်းနည်းလှုပ်ရင်နည်းနည်းလူးပါတယ်။ ရေကူးတတ်ပေမယ့် ကျောက်ဂူထဲမှောင်မှောင်မည်းမည်းနဲ့ လှေနစ်မှာတော့ကြောက်ပါတယ်။ ကျောက်တောင်ထိပ်ပေါ်မှာ ရီဝေဝေမြူခိုးတွေကို ခံစားနေတုန်းလျှပ်စီးကလက် မိုးကြိုးကပစ်ချနဲ့ လန့်လန့်သွားတာလည်းခဏခဏဆိုတော့ စိတ်တွေလည်းလှုပ်ရှားရပါတယ်အရီးမြရယ်ပေါ့။ ဒါဟာ Tam Coc မှာလှေစီးတဲ့အရသာပါ။ နှစ်နာရီလောက် အချိန်ကုန်လို့ကုန်သွားမှန်းမသိ လှေသမားက tip money တောင်းတော့မှ ပြန်ရောက်လာမှန်းသိ တဲ့အဖြစ်ပါ။ လှေတစ်စီးကို tip money ငါးသောင်းစီပေးတတ်တဲ့သဘောရှိပါတယ်တဲ့။
Tam Coc ဟာ Ngo dong မြစ်ကြောင်းတစ်လျှောက်မှာတည်ရှိပြီး ၂၀၁၄ ခုနှစ်ကယူနက်စကိုအသိအမှတ်ပြု ကမ္ဘာယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ဖြစ်ပါတယ်။ ၁၂၇ မီတာရှည်လျားပြီး ဗီယက်နမ် တောင်ပိုင်းမှာ ဒုတိယမြောက်အလှဆုံးနယ် မြေအဖြစ်အသိအမှတ်ပြုခံထားရပါတယ်။ မြေပြင်ပေါ်က ဟလောင်းပင်လယ် “Halong bay on land “ လို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။ ဗီယက်နမ်ရဲ့ နိုင်ငံခြားသားဧည့် အဓိကဆွဲဆောင်တဲ့နယ်မြေ အဖြစ်တည်ရှိနေတယ်လို့ဆိုရင်း…….
မော်တော်ပီကယ် လစာအရမ်းကောင်းတဲ့မြို့
မိုးလင်းမိုးချုပ် ဥဒဟိုတွေ့ရတာမော်တော်ဆိုင်ကယ်တွေဖြစ်ပါတယ်။ စကူတာဘီးလေးကအစ Grab မော်တော်ဆိုင်ကယ်ဝန်ဆောင်မှုအဆုံး ပျားပန်းခတ်လှုပ်ရှားနေတတ်ပါတယ်။ ဆိုတော့ ရှုပ်ထွေးတဲ့လမ်းကိုရှင်းပေးရတဲ့ မော်တော်ပီကယ် တွေလစာမကောင်းဘဲနေရော့လား။ ဟနွိုင်းမှာ မော်တော်ပီကယ်တစ်ယောက်ရဲ့တရားဝင်လစာက ဒေါ်လာ ၅၀၀ ဆိုရင် လာဘ်စားမှုအပါအဝင် သူ့တစ်လဝင်ငွေက ဒေါ်လာ ၂၀၀၀ လောက်ရှိပါသတဲ့။ လာဘ်စားမှုကိုအားမပေးပေမယ့် ထိန်းချုပ်ရခက်တဲ့အနေအထားလို့ဆိုပါတယ်။
ဟ က “မြစ်” ကိုဆိုလိုပြီး နွိုင်းက “အတွင်း” ဟနွိုင်းကမြစ်အတွင်းထဲကမြို့လို့ဆိုပါတယ်။ မြို့သက်တမ်း နှစ် တစ်ထောင်ကျော်ရှိပါပြီ။ တရုတ်ဆီမှာ နှစ်ထောင်ချီ ကိုလိုနီနယ်ချဲ့ခံရပြီး နောက် မင်းနှစ်ပါးကစတည်ထောင်ခဲ့တာလို့ဆိုပါတယ်။ ဟနွိုင်းဆိုတဲ့နာမည်က လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ ကျော်လောက်ကမှ တွင်တာပါ။
ဟနွိုင်းမှာလူဦးရေ ၈ သန်းလောက်ရှိပြီး ဗီယက်နမ်မှာ ဒုတိယမြောက်လူဦးရေအများဆုံးမြို့ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲဧရိယာအကျယ်အဝန်းက မြန်မာနိုင်ငံရဲ့တစ်ဝက်ပဲရှိပေမယ့် လူဦးရေက မြန်မာရဲ့နှစ်ဆလောက်ဖြစ်တဲ့ ၉၅ သန်းကျော်ရှိပါတယ်။ လူဦးရေကို ထိန်းချုပ်ကန့်သတ်ထားတဲ့အုပ် ချုပ်မှုစနစ်ရှိပေမယ့် သိပ်အရာမရောက်ပါဘူး။ ဗီယက်နမ်မှာ မိသားတစ်စုကို ကလေးနှစ်ယောက်ထက်ပိုယူခွင့်မရှိပါဘူး။ တကယ်လို့မွေးခဲ့ရင် မွေးတဲ့သူဟာ ဝန်ထမ်းဆိုရင်အလုပ်ပြုတ်ပါတယ်။ ဒါပေမဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာနေတဲ့ လယ်သမားတွေဖြစ်တာမို့ နှစ်ယောက်ထက်ပိုမွေးလည်းအလုပ်ပြုတ်စရာမရှိပါဘူး။ ဒီတော့ သားယောင်္ကျားလေးကိုတန်ဖိုးထားလို့ ယောကျင်္ားလေးမမွေးမချင်းမွေးရင်း လူဦးရေတိုးလာရင်းပေါ့။
ဘာလို့လူဦးရေအဲလောက်များရတာလဲဆိုတော့ ကန်စွန်းဥကြောင့်ပါတဲ့။ သူတို့ပြောပြတဲ့ ကန်စွန်းဥပုံပြင်က ဒီလိုဗျ။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကဗီယက်နမ်ဟာ အရမ်းဆင်းရဲလွန်းခဲ့တယ်။ စားစရာဆန်ရှားတော့ အလွယ်တကူရှင်လွယ် ပေါက်လွယ်တဲ့ ကန်စွန်းဥကိုပဲနေ့တိုင်းစားရပါသတဲ့။ ကန်စွန်းဥက ဝမ်းအတွင်းကိုပူစေတာမို့ ညဖက်ဆိုတော်ရုံအိပ်မ ပျော်ကြဘူး။ ဖျော်ဖြေရေးအတွက် ရုပ်မြင်သံကြားကြည့်စရာမရှိ ဇာတ်ပွဲမရှိတော့စောစောအိပ် ကြရာကနေ လူဦးရေများလာတာဆိုပဲ။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက လူဦးရေကိုထိန်းချုပ် ခဲ့ပေမယ့် မရခဲ့ဘူးလို့ဆိုပါတယ်။ ဒီတော့ လူများ တော့ ဆိုင်ကယ်တဝီဝီနဲ့ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ရ တော့တာပါပဲ။ ယာဉ်ကြောမပိတ်စေရေအတွက် မော်တော်ပီကယ်တွေဟာ အခရာမို့ ယာဉ်စည်း ကမ်းကို ချော်ပြီးမောင်းမိရင်သူတို့ကို အာရကေ လာဘ်ထိုးရပါတယ်။ ဒီတော့ လစာကောင်းပြီပေါ့။ ကျော်တို့ ရန်ကုန်မှာရော အဲလိုမရှိဘူးထင်တယ်နော် 😛
ဟင်းအမယ်ပေါင်း ရာကျော်တဲ့ စားသောက်ဆိုင်
ဘူဖေးကိုတကယ့်ခမ်းခမ်းနားနားစားစေတဲ့ ဟနွိုင်းမြို့ကဆိုင်တစ်ဆိုင်ကိုရောက်ဖြစ်ခဲ့ပါတယ်။ ဟင်းအမျိုးပေါင်းများစွာကို ပုံမှန်ဘူဖေးဆိုင်လိုမျိုး အစီအရီချခင်းထားတာမျိုးမဟုတ်ဘဲ သီးသန့်ကောင်တာလေးတွေကိုယ်စီဖွင့်ပြီး စနစ်တကျယူစေတဲ့ဆိုင်ပါ။ ဆိုင်ပုံစံနဲ့တူအောင်ဆောက် ထားတာ အလှဆင်ထားတာမျိုးမဟုတ်ဘဲ ကြယ်ငါးပွင့်ဟိုတယ်ကြီးရဲ့အဆင်အပြင်ပုံစံတွေ နဲ့ဆောက်ထားတာမို့ ခမ်းနားလှပါတယ်။ ဟင်းပွဲ စုံတာများ ဝါးပိုးကောင်ကြော်ကအစ ဇောင်းလျားသီး သုပ်အဆုံးရပါတယ်။ သူ့ခမ်းနားပုံက ဒီလိုပါ။
ခြံကျယ်ကြီးထဲမှာ သီးသန့်တည်ဆောက်ထားတာဖြစ်ပြီး အဆောက်အဦထဲမရောက်ခင်မှာ မီးပုံးတွေစီချိတ်ထားတဲ့လမ်း၊ ဓါတ်ပုံရိုက်စရာနေရာလှလှလေးတွေ၊ ဖျော်ဖြေနေတဲ့ unplugged တီးဝိုင်းတွေ ကိုအရင်ဖြတ်ရပါတယ်။ ကလေးတွေအတွက် ပူပေါင်းတွေ အရုပ်တွေရောင်းတဲ့နေရာသီးသန့်ဆိုင် လေးကိုလည်းတွေ့ရပြီး အဲဒါတွေအားလုံးကိုဖြတ် သန်းပြီးမှ ဆိုင်အဝင်ဝကိုရောက်ပါတယ်။ ခုနက ပြောသလိုပဲ ဆိုင်ထဲလာတာနဲ့မတူဘဲ ကြယ်ငါးပွင့် ဟိုတယ်မှာလာတည်းသလိုပုံစံနဲ့တူအောင်လုပ် ထားပါတယ်။ ဆိုင် reception မှာ ဧည့်ကြိုလေးတွေက ကြိုပြီး လက်မှတ်ဖြတ်ပေးပါတယ်။ လူဘယ် နှစ်ယောက်လဲဆိုတာရေတွက်ပြီးအခန်းစီစဉ် ပေးဖို့ပြင်ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ က သီးသန့်နားနေတဲ့နေရာမှာထိုင်စောင့်ဖို့လည်း လုပ်ပေးထားသေးတယ်။ ၂ မိနစ်လောက်အကြာ မှာ အခန်းရပြီပြောပြီး ဝန်ထမ်းလေးတွေကဦးဆောင်ခေါ်သွားပေးပါတယ်။ သီးသန့်ခန်းလိုအခန်း ကိုယ်စီမှာစားရတာဖြစ်ပါတယ်။ Hall type မှာ စားရတာမျိုးမဟုတ်ပါဘူး။ အခန်းထဲမှာနေရာယူ ပြီးပြီဆိုမှ အစားအသောက်ကောင်တာတွေဆီသွားယူနိုင်ပါပြီ။ ကိုယ့်နေရာထိုင်ခုံပေါ်ထိုင်လိုက် တာနဲ့ ရေနွေးတစ်ခွက်စီရယ် တစ်ခါသုံး wet tissue ရယ်လာချပေးပါသေးတယ်။
အစားအသောက်ယူတဲ့ကောင်တာကို နေရာကနေ လှမ်းမမြင်ရဘူးရယ်။ ခြေလှမ်း ၃၀ လောက် လျှောက်ပြီးမှရောက်ပါတယ်။ ကောင်တာပေါင်း ၁၀ ခုကျော်လောက်ရှိပါတယ်။ ဝက်နံရိုးကင်၊ ဘဲကင်၊ ပြည်ကြီးငါးကင်၊ ပုစွန်ကင်၊ ငါးကင်၊ အမဲကင် စတဲ့အကင်ချည်းသီးသန့်ကောင်တာ၊ ခရုပြုတ်၊ ဂဏန်း၊ အမဲရိုးပြုတ်တွေချည်းရတဲ့အပြုတ်ကောင်တာ၊ ဗီယက်နမ်စတိုင်းဟင်းပွဲပေါင်းမြောက်မြားစွာစု စည်းထားတဲ့ကောင်တာ၊ ဂျပန်ဆူရှီကောင်တာ၊ ဝက်အူ၊ ဝက်သွေး၊ ဝက်သားချက်စတဲ့ ဝက်သား တွေချည်းရတဲ့ကောင်တာ၊ ဂုံးမျိုးစုံ၊ ရေဘဝဲ စတာတွေရှိတဲ့ ပင်လယ်စာကောင်တာ စသည်ဖြင့် အစုံအလင်ပါပဲ။ အချိုပွဲကောင်တာမှာဆိုရင်လည်း နဂါးမောက်သီး၊ ဖရဲသီး၊ မာလကာသီး၊ အုန်းနို့သာ ကူ၊ ပူတင်း ကစလို့ အမယ်ပေါင်းအစုံပါပဲ။ အသုပ်ဆိုရင်လည်း မလကာသီးသုပ်၊ သရက်သီးသုပ်၊ ဇောင်းလျားသီးသုပ်၊ ပဲကြာဆံသုပ် မျိုးစုံပါပဲ။ ကျွန်တော်စားတာလား။ ရေဘဝဲကင်၊ ပုစွန်ကင်၊ ဥအပြည့်နဲ့ဂျပန်ငါးကင်၊ ချစ်သူနဲ့အတူစားနေကျ ပင်လယ်စာအစုံသုပ်၊ ခရုပြုတ် ၂ ပန်းကန်၊ မလကာသီးသုပ်၊ ဝက်အူအစာသွပ်၊ ဂုံးချက်၊ အမဲသားကင်၊ ဝက်အစုံဟင်းချို၊ ကမာ၊ ဝါးပိုးကြော်၊ ဂဏန်းကြော် အစုံပါပဲ။
စားသောက်ပြီးသကာလ ခြံထဲ unplugged တီးဝိုင်းနားထောင် လမ်းလေးဘာလေးလျှောက်။ သာယာဝတီရောက်ပေါ့ဗျာ။ ဆိုင်နာမည်က SEN တဲ့။ စျေးဘယ်လောက်လဲ ကျော်လည်းမသိဘူး။ သူများကျွေးတာစားတာရယ်။ လိပ်စာက ဗီယက်နမ်လိုရေးထားတယ်ဗျ။ SEN ဆိုရင်တော့ ဟနွိုင်းမှာ နာမည်ကြီးပါပဲ။
နာမည်ကျော် Halong Bay ဆီသို့
တစ်ရက်တော့ ဟနွိုင်းကနေလေးနာရီလောက်ကားစီးရတဲ့ ဟလောင်းပင်လယ်အော် (Halong Bay) ကိုလာခဲ့ပါတယ်။ ဟနွိုင်းကနေအဲဒီကို မိုင် ၁၀၀ လောက်ဝေးပါတယ်။ Halong Bay ထဲမှာကျွန်းပေါင်း ၂၀၀၀ ကျော်ရှိပြီး ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ပါတယ်။
ဟလောင်းမြို့ဟာ ဗီယက်နမ် မြောက်ပိုင်းရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး နိုင်ငံခြားသားတွေအမြဲပြည့်နေတဲ့မြို့ဖြစ်ပါတယ်။ ကမာတွေကိုစနစ်တကျမွေးတဲ့နေရာတွေ မိုးမျှော်တိုက် တွေရှိပါတယ်။ ကျွန်တော်တို့ ဟလောင်းမြို့ထဲကို မဝင်ဘဲ Bay ထဲကိုတိုက်ရိုက်လာခဲ့ပါတယ်။ Halong Bay ရဲ့ရာဇဝင်က စိတ် ဝင်စားစရာဒဏ္ဏာရီဖြစ်ပါတယ်။ ဗီယက်နမ်တွေ ကို ကျူးကျော်သူတွေရှိလာတဲ့အခါ သူတို့ကိုချစ်တဲ့နဂါးတွေဆင်းလာပြီးကျုးကျော်သူတွေကိုကာကွယ်ကြသတဲ့။ စစ်ပွဲပြီးတဲ့အခါ နဂါးတွေက အိမ်မပြန်တော့ဘဲ Halong ပင်လယ်ကြီးထဲ မိုးမျှော်ကျောက်ဆောင်တွေဆောက်ပြီးနေခဲ့လို့ အခုလို ကျွန်းပေါင်းထောင်ချီ ပင်လယ်ထဲမှာထိုးထွက်နေတာလို့ ဆိုပါတယ်။ ဟုတ်တယ်ဗျ။ ဧရာမပင်လယ်ကြီးထဲ မှာ အံအားသင့်စရာကောင်းတဲ့ ကျောက်တောင်ကျွန်း တွေထောင်နဲ့ချီထိုးထွက်နေတာဟာ တစ်ယောက်ယောက်ကဖန်ဆင်းထားသလားထင်စရာပါပဲ။
အဲဒီကျွန်းတွေဆီကိုသွားလည်ဖို့ စိတ်အားမထက်သန်တဲ့သူဘယ်သူရှိမှာလဲ။ ပြီးတော့ပင်လယ်ထဲ Cruise စီးလျှောက်ပတ်သွားဖို့ သင်္ဘောလေးက စောင့်နေပြီလေ။ ကားပေါ်ကနေဆင်း တစ်ကိုယ်စာအဝတ်ထုတ် Back Pack ကိုလွယ်ပြီး စက်လှေပေါ်တက် စက်လှေ မိနစ်ပိုင်းလေးစီးပြီးတာနဲ့ သင်္ဘောပေါ်ကိုရောက်ပါပြီ။ ကမ်းခြေတစ်လျှောက် မှာတော့ သင်္ဘောကြီးငယ်တွေ ခရီးသွားဧည့်တွေနဲ့ ပျားပန်းခတ်လှုပ်ရှားနေလေရဲ့။ လူအယောက် ၂၀ ကျော်စာလောက်ကိုဝန်ဆောင်မှုပေးဖို့အတွက် စနစ်တကျစီစဉ်ထားတဲ့ သင်္ဘော ဖြစ်ပါတယ်။ အဲဒီသင်္ဘောဟာ ကျွန်တော်တို့နဲ့အတူ နောက်တစ်ရက်နေ့လည်အထိ တစ်ညတာပင်လယ်ထဲကိုဖြတ်သန်းဖို့အသင့်ရှိနေပါပြီ။ Halong Bay ရဲ့ မိုးမျှော်ကျောက်တောင်ဂူတွေအလျှိုလျှိုက ကျွန်တော်တို့ကို လာလည်ဖို့ဖိတ်ခေါ်နေ ပါတော့တယ်။ အံသြစရာပါပဲ။ တစ်ဆက်တည်းလည်းမဟုတ် ဟိုတစ်ကျွန်းဒီတစ်ကျွန်းနဲ့ မြင်မြင်သမျှကျွန်းတွေကို ကျွန်တော်တို့ရဲ့ နှစ်ထပ်ခွဲသင်္ဘောလေးဟာ ဖြတ်သန်းတိုးဝင်သွားလာနေပါတော့တယ်။
သင်္ဘောပေါ်မှာ အခန်း ၁၀ ခန်းကျော်ရှိပါတယ်။ ပထမထပ်နဲ့ဒုတိယထပ်ကို နှစ်သုတ်ခွဲနေရပြီး တစ်ခန်းမှာ ၂ ယောက်စီဖြစ်ပါတယ်။ အပေါ်ဆုံးထပ်ကတော့အပန်းဖြေမြင်ကွင်းကြည့်နေရာဖြစ်ပြီး ပင်လယ်ကြီးကိုအုပ်မိုးမြင်နေရပါတယ်။ ကျွန်တော် ကတော့အောက်ဆုံးထပ်မှာတည်းရပါတယ်။ ကုတင် သပ်သပ်ရပ်ရပ်လေး၊ ရေချိုးခန်းအိမ်သာတွဲရက်နဲ့ တော်တော်လေးမိုက်ပါတယ်။ Luxury type ပုံစံလေးပါ။ အဲကွန်း ရေပူရေအေးအကုန်ရပါတယ်။ ဟိုတယ်မှာပေးတဲ့ဝန်ဆောင်မှုအတိုင်းပြင်ဆင်ထားတာပါ။ စားသောက်ခန်းက နှစ်ထပ်မြောက် သင်္ဘောဦးပိုင်းမှာရှိပြီး WiFi သုံးဖို့လည်းဝန်ဆောင်မှုပေးထားပါတယ်။ ကိုယ့်အခန်းလေးထဲက နေကြည့်ရင် ပင်လယ်၊ ကျောက်တောင်ကျွန်း၊ သဘာဝရှုခင်းပတ်ပတ်လည်ကိုမြင်ရပါတယ်။ အခန်းထဲအထိ spa ဝန်ဆောင်မှုလည်းရှိပါတယ်။ စျေးတော့နည်းနည်းကြီးတယ်ဗျ။ နာရီဝက်ကို ဒေါ်လာဆယ်ချီပေးရပါတယ်။ နာမည်ကြီး ဟလောင်းဘီယာဘာညာလည်းမှာသောက်လို့ ရပါသေးတယ်။
အပေါ်ဆုံးထပ်မှာတော့ ထိုင်စရာထိုင်ခုံလေးတွေနဲ့ ဗျူးကြည့်လို့ရအောင်လုပ်ထားပါတယ်။ သင်္ဘောနာမည်က Majestic Cruise တဲ့လေ။ ဒီသင်္ဘောနဲ့ Halong Bay ကြီးဟာ တစ်ညတာအတွင်း ကျွန်တော့်ကို ဘယ်လိုစိတ်လှုပ်ရှားစရာနေရာတွေဆီခေါ် သွားမလဲ၊ ဘယ်လိုပျော်ရွှင်စိတ်ချမ်းသာမှုတွေပေး မလဲဆိုတာ စိတ်ဝင်စားရင်း…..။