ဗီယက်နာမ်မြောက်ပိုင်းကိုသွားလည်ရင် ဘာတွေတွေ့ရမလဲ အပိုင်း (၂)

Halong Bay ထဲက စိတ်လှုပ်ရှားစရာများ

ကျွန်တော်တို့သင်္ဘောလေးဟာ ဟလောင်းဆိပ် ကမ်းကနေ Bay ထဲကိုတိုးဝင်လာပါတယ်။ ထုံးစံအတိုင်း ကျောက်တောင်မိုးမျှော်ကျွန်းတွေဟာ ဟိုတစ်စုဒီတစ်စုနဲ့ မှိုစိုက်ခင်းတွေလိုပေါ့။ အားလုံးက ကိုယ့်အခန်းထဲမှာအနားမယူဖြစ်ကြဘူး။ သင်္ဘောဦးပိုင်းထိုင်ကြည့်သူကြည့် အပေါ်ဆုံးထပ်ကိုတက် ပြီးပင်လယ်လေညှင်းခံသူခံနဲ့လေ။ ရာသီဥတုက အရင်နေ့တွေလိုမဟုတ်တော့ဘူး။ အရမ်းကိုသာယာသွားပြီ။ နေရောင်ခြည်ကောင်းကောင်းထွက် လာပေမယ့် ၂၀ ဒီဂရီရာသီဥတုမို့ မပူဘူး။ နေမင်းကိုတိမ်ကွယ်တဲ့အခိုက်တွေလည်းများတာမို့ သင်္ဘောအပေါ်ဆုံးထပ်က လေဟာပြင်လေးမှာ အေးဆေးနေလို့ရပါတယ်။
ကျွန်တော်တို့သင်္ဘောလိုပဲ Bay ထဲမှာသွားလာလှည့်ပတ်နေတဲ့သင်္ဘောပေါင်း ၅၀၀ ကျော်လောက်ရှိတယ်တဲ့။ အဲဒီ ၅၀၀ မှာ ၃၀၀ လောက်က နေ့ချင်းပြန်ကမ်းကပ်ပြီး ကျန်တဲ့ ၂၀၀ လောက်က ပင်လယ် ထဲမှာပဲညအိပ်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ပင်လယ်ကကျယ်လွန်းအားကြီးတော့ ကိုယ်တွေသင်္ဘောတစ်စင်းပဲ ပင်လယ်ကြီးထဲရှိသလားအောက် မေ့ရအောင်တိတ်ဆိတ်ငြိမ်သက်လွန်းပါတယ်။

(က) Halong Bay ကို အပေါ်စီးကကြည့်တဲ့ကျွန်း

ကမ်းခြေကနေ တစ်နာရီခွဲလောက်သင်္ဘောစီးအပြီးမှာတော့ ကျွန်းလေးတစ်ကျွန်းကိုဆိုက်ကပ်ခဲ့ပါ တယ်။ နာမည်က Tip Top ကျွန်းတဲ့။ လူတွေမှ အများကြီးရောက်နေကြတာရယ်။ Bay တစ်ခုလုံး ရဲ့အပေါ်စီးကနေကြည့်နိုင်တယ်ဆိုလို့လေ။ ကျွန်း ပေါ်မှာ စျေးဆိုင်တန်းလေးတွေရှိတယ်။ အုန်းပင်မရှိပေမယ့် အုန်းစိမ်းရည်ရတယ်။ လူအဝင်အ ထွက်တံခါးလေးနဲ့စနစ်တကျဝင်ထွက်စေတယ်။ ကျွန်းခြေပင်လယ်ကမ်းစပ်မှာ safety zone နဲ့ရေကူးမယ့်နေရာ၊ ဘောလုံးကွင်းသေးသေးလေး တို့လည်းသေချာလုပ်ပေးထားပါတယ်။ ကျွန်းအပေါ်ဆုံး view ကို လှေကားထစ်ပေါင်း ၄၄၀ ရှိပါ တယ်။ ၁၅ မိနစ်လောက်ပဲတက်ရတာပါ။ လမ်းမှာ ဓါတ်ပုံရိုက်လို့ရတဲ့နေရာတွေလုပ်ပေးထားတာ လည်းချစ်စရာကောင်းပါတယ်။ ကျွန်းအပေါ်ဆုံး လည်းရောက်ရော အိုး ဘာပြောကောင်းမလဲဗျာ လှချက်ဆိုတာ။ သူတို့ပြောသလို ကျွန်းအကုန်လုံးကိုမြင်ရတာ မဟုတ်ပေမယ့် ကျွန်းတစ်ဝိုက်က ကျောက်တောင်ကျွန်းတွေ အစုစု အစုစုသင်္ဘောသေးသေးလေး တွေကိုပန်းချီကားတစ်ချပ်လိုမြင်ရတယ်။ ဒဏ္ဏာရီပုံပြင်ထဲကကျွန်းတစ်ကျွန်းကိုရောက်နေသလိုပါပဲ။ လူတအားများတော့ ဖီလင်အပြည့်အဝမရ တာတစ်ချက်ပဲ။ ကသောကမျောဓါတ်ပုံရိုက်ပြီး တော့ပဲ ပြန်ဆင်းခဲ့ပါတယ်။
၁၉၆၂ ခုနှစ်က ဟိုချီမင်းနဲ့ ဂျာမန်လူမျိုးတို့အဲဒီကျွန်းကိုရောက်ခဲ့ရာကနေ ဟိုချီမင်းက သူ့မိတ်ဆွေ ဂျာမန်လူမျိုးနာမည်ကိုအစွဲပြုပြီး tip top island လို့နာမည်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်းပေါ် ကို စတက်တက်ချင်းမှာ ဂျာမန်လူမျိုးရုပ်ထုကိုတွေ့ ရပါတယ်။ သဲဖြူ၊ သန့်ရှင်းတဲ့ရေ၊ လတ်ဆတ်တဲ့လေတွေကြောင့် Tip top island ဟာ ကျဉ်းပေမယ့်နာမည်ကြီးပါတယ်။ အဲဒီကျွန်းက အပြန်မှာတော့ အခြားစိတ်လှုပ်ရှားစရာတစ်နေရာ က စောင့်ကြိုနေလေရဲ့။

(ခ) ပင်လယ်ထဲက ပုလဲလုပ်ငန်း

ကျွန်တော်တို့ရဲ့သင်္ဘောလေး Tip Top ကျွန်းကနေ နာရီဝက်လောက်အကြာ မောင်းလာတဲ့အခါမှာ တော့ အံအားသင့်စရာကောင်းတဲ့နေရာလေးကို ဘွားခနဲတွေ့လိုက်ရပါတယ်။ Halong pearl farm ဆိုတဲ့ဆိုင်းဘုတ်ကြီးက ကျွန်တော်တို့ကို ကြိုဆိုနေပါတယ်။ မြေကြီးမရှိတဲ့ပင်လယ်ပြင်ကြီး မှာ ကမာကောင်တွေကိုအကျအနမွေးပြီး ပုလဲထုတ် နေတာဖြစ်ပါတယ်။ အဲဒီလိုထုတ်ဖို့အတွက် ဂျပန်ပညာရှင်တစ်ယောက်က ကူညီခဲ့တာပါတဲ့။ Halong Bay ထဲက မှိုလိုပေါက်နေတဲ့ကျောက် တောင်ကျွန်းတွေနဲ့မတူတဲ့တစ်နေရာမှာ အခုလိုမျိုး ပုလဲမွေးတဲ့လုပ်ငန်းရှိတယ်ဆိုတော့အံအားသင့်မိ တာပေါ့လေ။
သဘာဝပုလဲလုပ်တဲ့ သူတို့ရဲ့နည်းကဒီလိုပါ။ ကမာကောင်တွေဆီကရတဲ့အသားတစ်မျိုးနဲ့ကော် စေ့လေးလို ငါးမျက်စိလိုအရွယ်သေးသေးလေး တွေလုံးထားပြီး အလုံးလေးကိုကမာကောင်ထဲကိုထည့် အဲဒီကမာကောင်တွေကိုဇကာပိုက်တွေထဲကိုထည့်ပြီး ပင်လယ်ဧရိယာထဲကသီးသန့်သတ်မှတ်နေရာထဲကိုစိမ်ထားလိုက်တယ်တဲ့။ ၁၈ လ ၃ နစ်စသည်ဖြင့်အချိန်ကာလကြာရှည်ထားပြီးတဲ့အချိန်မှာတော့ အရည်အသွေးကောင်းတဲ့ပုလဲ တွေရပါပြီတဲ့လေ။ ပုလဲက ၁၀၀ ရာခိုင်နှုန်း အစစ်လား အရည်အသွေးကောင်းပါ့မလားဆို တော့ ၁၀၀ ရာခိုင်နှုန်းလုံးကမာကောင်ဆီကထွက် တာမို့အစစ်ပါ အရည်အသွေးလည်းကောင်းပါတယ်တဲ့။ သူတို့မွေးထားတဲ့ကမာတွေကိုသွားကြည့် တာ အရွယ်စုံ ဆိုက်စုံပါပဲ။ ၅ ကောင်တစ်သုတ် ၃ ကောင်တစ်သုတ် စသည်ဖြင့် ဇကာပိုက်ထဲထည့်ပြီး ကန်ထဲစိမ်ထားတာများဗျာ။ သူတို့ရဲ့ကုန်ကြမ်းတွေ ထွက်ကုန်တွေနဲ့ Farm သမိုင်းကြောင်းအ ချက်အလက်တွေအားလုံးကို တစ်နေရာတည်းသိနိုင်ဖို့ ပြတိုက်လေးလည်းလုပ်ထားသေးတယ်ဗျာ။ ဘယ်လောက်တောင်စနစ်ကျလိုက်ပါသလဲ။

(ဂ) ပင်လယ်နက်ကြီးထဲ ကနူးလှေစီးခြင်း

ကမာကောင်ထဲက ပုလဲထုတ်တာ ကမာမွေးတာတွေကို ကြည့်ပြီးတဲ့နောက်မှာတော့ ကနူးလှေစီးဖို့ ဆိုင်းပြင်ကြပါတယ်။ အဲဒီ Halong pearl farm မှာပဲ ကနူးလှေတွေအများကြီးရယ်။ လာတဲ့ဧည့်သည်တွေ လှေစီးလို့ရအောင်သေချာပြင်ဆင်ထားပါ သေးတယ်။ ကနူးလှေပေါ့ပေါ့လေးတွေ လှော် တက်အရောင်စုံလေးတွေက ကျွန်တော်တို့ကို လာပါ လှော်ပါဖိတ်ခေါ်နေသယောင်ပါပဲ။ တစ် ဖက်ကကြည့်လိုက်ရင်လည်းကမ်းမရှိတဲ့ပင်လယ် နက်ကြီးထဲမှာရောက်နေတာလေ။ တော်ရုံရေမကူး တတ်ဘဲ ဘယ်လိုလုပ်စီးရဲမလဲပေါ့။ ဒါပေမဲ့လည်း သူများတွေစီးတော့စီးကြည့်ချင်တာနဲ့ အသက်ကယ်အင်္ကျီပုံပေါ်ကတစ်ထည်ကောက်ယူ ကနူးလှေ တစ်စီးအပေါ်ကိုတက်လိုက်ပါတော့တယ်။
ကျွန်တော်ကပဲ့ထိန်းပေါ့။ လှော်တက်အစိမ်းရောင် လေးကိုရွေးလိုက်ပါတယ်။ အသက်ကယ်အကျႌ မှာ ဝီစီလေးပါတာမို့ တစ်ခုခုဖြစ်ရင်လည်း တိုင်တန်းနစ်ကားထဲက ကိတ်ဝင်းစလက်လို ဝီစီမှုတ် ပြီး လာကယ်ဖို့အကူညီလှမ်းတောင်းလို့ရတာပဲလို့ တွေးမိပါတယ်။ ကျွန်တော် Halong Bay ထဲကို တစ်ရွေ့ရွေ့လှော်လာခဲ့ပါတယ်။ စိတ်လှုပ် ရှားဖို့တော့အကောင်းသားဗျ။ ကြောက်စိတ်လည်းသိပ်မရှိတော့ဘူး။ ကျွန်းတစ်ကျွန်းဆီကိုဖြစ်ဖြစ် ပင်လယ်ရေပြင်ပေါ်ရပ်ထားတဲ့သင်္ဘောတစ်စီး ဆီကိုဖြစ်ဖြစ်လှော်ခတ်သွားချင်စိတ်တောင် ဖြစ်မိပါသေးတယ်။ ဟိုဟိုဒီဒီလှော်ခတ်ရင်း အမှောင်လွှမ်းလာတော့တယ်။ ပင်လယ်ဆိုတာ လျှို့ဝှက်နက်နဲတဲ့နယ်မြေမို့ ညအမှောင်ကိုတော့ ရှောင်ဖို့လိုတယ်လေ။ ကမ်းမမြင်လမ်းမမြင်နေရာမို့ ပြန်ဖို့ဆုံးဖြတ်ပြီး ပုလဲကျွန်းလေးဆီပြန်လည် လှော်ခတ်ခဲ့ပါတော့တယ်။ ပုလဲလုပ်ငန်း၊ လှေစီးတာ တွေကိုတော့ ဓါတ်ပုံမရိုက်နိုင်ခဲ့ဘူး။ သင်္ဘောပေါ်ဖုန်းကျန်ခဲ့လို့ပါ။

(ဃ) အံအားသင့်ဖွယ် ဂူ သို့သွားရောက်ခြင်း

ဂူနာမည်ကိုက Amazing Cave (or) Surprising Cave တဲ့။ တကယ်လည်းအံအားသင့်ဖွယ်ရာ ကောင်းအောင်လှပါတယ်။ မနက်ခပ်စောစောမှာပဲ ကျွန်တော်တို့ရဲ့သင်္ဘောလေးဟာ Amazing Cave ထဲကို ဆိုက်ကပ်လိုက်ပါတယ်။ ဒါပေမဲ့ အခြားလာလည်ပတ်တဲ့လူတော်တော်များများလည်းရောက်နှင့် နေပြီးပါပြီ။ Halong Bay ကိုရောက်ရင် ဒီဂူကိုတော့ မပါမဖြစ်လာလည်ကြတာများတယ်တဲ့။
ကျွန်တော်တို့ရဲ့ ပြင်ဦးလွင်ပိတ်ချင်းမြောင်ဂူလိုမျိုး တောင်ကြီးနားက မွေတော်ကပ်ဂူလိုမျိုးပါပဲ။ အထဲ မှာ ကျောက်ခက်ပန်းဆွဲတွေနဲ့ ကျောက်သားအထပ်လိုက်အထပ်လိုက်က ညီညီညာညာလှလှပပသေ သေသပ်သပ်ပါပဲ။ တစ်ခုကွာတာက အပေါ်ကကျောက်ခက်ပန်းဆွဲတွေဆီကနေ ရေကျမနေပါဘူး။ လမ်းကိုသေချာလုပ်ထားတော့ လှေကားထစ်လေးတွေနဲ့ညီညီညာညာလျှောက်လို့ရပါတယ်။ မီးကို အကျအနထွန်းထားပါတယ်။ နီယွန်မီးတိုင်တွေက အချက်အချာကျတဲ့နေရာတွေမှာထွန်းထားတာမို့ ဓါတ်ပုံရိုက်လို့ကောင်းပါတယ်။ Photo Booth တွေကိုလည်း အလိုက်တသိလုပ်ထားပေးတော့ ဓါတ်ပုံ ရိုက်တဲ့သူစည်ကားလို့ပေါ့။
အဲဒီဂူကို ပြင်သစ်တွေရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ ဂူရဲ့အပေါ်ဆုံးကနေတော့ ပင်လယ်ရှုခင်းကို ကောင်းကောင်းမြင်ရပါတယ်။ Tip Top ကျွန်းနဲ့မတူတဲ့အရသာတစ်မျိုးကိုထပ်ရပါတယ်။ သူကအဝေး ကနေကြည့်ရင်ပိုလှတယ်ဗျ။ ဧရာမကျောက်တောင်ကျွန်းထဲမှာ အပေါက်လေးသေးသေးလေးတစ်ခုက နေထိုးထွက်ပြီး ပင်လယ်ကြီးကိုခံစားရတဲ့အရသာပေါ့။

(င) ကင်းမွန်မျှားခြင်း

ကျွန်းတွေပတ်လည်ပြီး သင်္ဘောပေါ်ပြန်ရောက်တော့ Guide ကမေးပါတယ်။ အစ်ကိုတို့ ကင်းမွန် မျှားမလား စီစဉ်ပေးမယ်တဲ့။ ညဖက်မအိပ်ခင် ကင်းမွန်လေးမျှားရင်း စကားလေးပြောရင်း ပင်လယ်ကြီး ရဲ့အလယ်မှာ လေကောင်းလေသန့်ရှုလို့အရမ်းမိုက်တယ်ဆိုလာတော့ ကင်းမွန်မျှားတဲ့အတွေ့အကြုံ တစ်ခုရခဲ့ပါတယ်။
သင်္ဘောရဲ့ပဲ့ပိုင်းအောက်ခြေကို လင်းအားကောင်းတဲ့မီးကြီးထွန်းချလိုက်တော့ ပင်လယ်အောက်မှာ ဖြတ်သန်းသွားလာပျော်ပါးနေတဲ့ ငါးတွေ ကင်းမွန်တွေကို မှန်တစ်ချပ်ပဲကာထားပြီးမြင်ရသလိုပါပဲ ကြည်လင်တောက်ပလို့။ လက်သန်းလောက်အရွယ်ကနေ လက်နှစ်လုံးအရွယ်လောက်အထိ ပင်လယ် ပျော်ငါးလေးတွေ ဖွေးခနဲဖွေးခနဲပဲ။ မီးအားလင်းတဲ့နေရာတစ်ပြင်လုံးကိုပြည့်နေတာ။ သင်္ဘောပေါ်က Crew တစ်ယောက်က ငါးမျှားချိတ်သုံးလေးခုယူလာပေးပါတယ်။ ကြိုက်တဲ့သူမျှားပေါ့။ သူလည်းတစ် ခုယူပြီး ရှေ့ကနေမျှားပြပါတယ်။ တိုးလျှိုးပေါက်မြင်နေရတဲ့ ငါးအုပ်ကိုသေချာကြည့် အဲဒီအထဲမှာ ခပ် မည်းမည်းနဲ့အရွယ်အကြီးဆုံးအကောင်ကကင်းမွန်ပဲတဲ့။ ငါးမျှားချိတ်ကို ကိုင်းညွှတ်လိုက် ပင်လယ် ရေ ပြင်ပေါ်ကိုဆတ်ခနဲဆွဲလိုက်နဲ့ အဆက်မပြတ်လုပ်ရတာပါ။ ငါးမျှားချိတ်ထဲမှာ ဘာအစာမှလည်းမတပ် ထားဘဲ ကုတ်တံပုံစုံပလက်စတစ်ချိတ်လေးတစ်ခုပဲချိတ်ထားတာပါ။ ကင်းမွန်ကဒေါသတကြီးနဲ့အဲဒီ ချိတ်ကိုလှမ်းဟပ်တဲ့အချိန် ပင်လယ်ရေပြင်ပေါ်ကိုဆတ်ခနဲဆွဲလိုက်ရုံပါပဲ။
သင်္ဘောက Crew မျှားပြတာကတော့ ဟုတ်နေတာပဲ။ ငါးမျှားချိတ်ကို ရေအောက်ထဲနှစ်လိုက် ဘောက်ဆတ် ဘောက်ဆတ်သုံးလေးခါလုပ်ပြီး ဆတ်ခနဲဆွဲထုတ်လိုက်နဲ့ ကင်းမွန်တွေတစ်ကောင်ပြီး တစ်ကောင်ပါလာပါရော။ ကျွန်တော့်ငါးမျှားတံမှာတော့ နှစ်ခါလောက်လှမ်းဟပ်တယ် ဒါပေမဲ့ တကယ် တမ်းရေပြင်ပေါ်ကိုဆွဲထုတ်လိုက်ရောမပါလာဘူး။ Crew က ကင်းမွန်ငါးကောင်ရတဲ့အချိန်အထိ ကျွန် တော်တစ်ကောင်မှလည်းမရရော အကုသိုလ်နဲ့အကျိုးမပေးဘူးလို့ရေရွတ်ပြီး ငါးမျှားချိတ်ကိုချပြီးထွက် လာခဲ့လိုက်တော့တယ်။ အိပ်တာကမှကောင်းသေးတယ်မဟုတ်လား။

ဟိုချီမင်း၏ အလောင်းအား သွားကြည့်ခြင်း

ပြန်တော့မယ့်ရက်မှာပဲ သွားလည်ဖြစ်ခဲ့တဲ့နေရာက ဟိုချီမင်းရဲ့အလောင်းထားသိုရာ Ho Chi Minh’s vestige ဖြစ်ပါတယ်။ လုံခြုံရေးတင်းကြပ်လွန်းတဲ့နေရာဖြစ်တဲ့အပြင် အဲဒီနေရာကိုသွားဖို့ကန့်သတ် ချက်ပေါင်းများစွာရှိပါတယ်။
ဘယ်လောက်တောင်များကြီးကျယ်ခမ်းနားလို့အဲဒီလောက်အလုပ်ရှုပ်စေတာလဲ လို့တွေးရင်း Guide ပြောပြတဲ့ လမ်းညွှန်ချက်တွေကို တစ်ခုပြီးတစ်ခုလိုက်နာနေမိတော့တယ်။ မိန်းကလေးပဲဖြစ်ဖြစ် ယော ကျင်္ားလေးပဲဖြစ်ဖြစ် ဒူးအဖုံးဘောင်းဘီပဲဝတ်လာရမယ်၊ အတိုအပြတ်မဝတ်ရဘူး၊ ကျောပိုးအိတ်တို့ ပိုက် ဆံအိတ်ကြီးကြီးတို့ သယ်မလာရဘူး။ အိုင်ပတ်မယူလာရဘူး။ ကင်မရာရိုက်လို့မရဘူး စတဲ့ကန့်သတ် ချက်တွေဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ မီးခြစ်အစရှိတဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းမယူလာရဘူး။ လုံခြုံရေးဂိတ်တိုင်းကို ကြည်ကြည်ဖြူဖြူအစစ်အဆေးခံရမယ် ဆိုတာတွေပါ ပါ လာပါတယ်။ အဲဒီဧရိယာထဲမှာပဲမသွားမလာရတဲ့ ကန့်သတ်နယ်မြေတွေလည်းရှိပါသေးတယ်။ အထဲ မှာ ဆေးလိပ်ဘာညာသောက်လို့မရဘူး ရေဘူးတွေကိုလည်းထားခဲ့ရတယ်။ လုံခြုံရေးဝန်ထမ်းတွေက အချိန်မရွေးစစ်ဆေးရင်ခံရမယ် ဆိုတာတွေပေါ့လေ။
အဲလောက်ကြီးကျယ်တာ သွားတဲ့သူရောရှိပါ့မလားဆိုတော့ ဘယ်ဟုတ်မလဲ။ တန်းစီနေတဲ့အတန်းများ မြွေလိမ်မြွေကောက်ပေါင်းများစွာပါပဲ။ အဲဒါနဲ့ပဲ ကျွန်တော်တို့လည်း တန်းစီလာခဲ့ပါတော့တယ်။ အဲဒီ နေရာက ဟိုချီမင်းရဲ့ အလောင်းထားသိုရာနေရာ သူတို့ရဲ့အထိမခံရွှေပန်းကန်နယ်မြေဖြစ်ပါတယ်။ ကွယ်လွန်တုန်းက ဟိုချီမင်းရဲ့အသုဘအခမ်းအနားကို လိုက်ပို့သူ နှစ်သိန်းခွဲရှိခဲ့ပါတယ်။ သူဟာ အင်ဒိုချိုင်းနိစ်ကွန်မြူ နစ်ပါတီကို ၁၉၂၉ ခုနှစ်မှာတည်ထောင်ခဲ့သူဖြစ်ပါတယ်။ ဟိုချီမင်းဟာ ကွန်မြူနစ် စနစ်လက်အောက် က ဗီယက်နမ်ကို စိတ်နစ်ကိုယ်နစ်ဦးဆောင်ခဲ့သူဖြစ်လို့ သူတို့တိုင်းသူပြည်သားတွေ က ကြည်ညိုလေးစား ကြပါတယ်။

အဆောက်အဦက ဟနွိုင်းမြို့ရဲ့အချက်အချာနယ်မြေမှာရှိပါတယ်။ အလောင်းထားသိုရာကိုသွားဖို့ လူ ချောင်ရင် နာရီဝက်၊ တစ်နာရီ လူများရင်တော့ တစ်ခါတစ်လေ နေ့တစ်ဝက်ကျော်ကျော်တောင်ကုန် ပါ သတဲ့။ မဝင်ခင်ကတည်းက ကန့်သတ်ချက်တွေကြုံရပါတယ်။ အပေါက်ဝကိုမရောက်ခင်မှာ လုံခြုံရေး စစ်သားတွေက နှစ်ယောက်တစ်တွဲစီတန်းစီဝင်ဖို့ပြောလာပါတယ်။ အင်းလေ နှစ်ယောက်တစ်တွဲပေါ့။ အထဲကိုရောက်တော့ ခြေလှမ်းဆယ်လှမ်း ဆယ့်ငါးလှမ်းလောက်အကွာမှာ ယူနီဖောင်းဝတ်စစ်သား တစ်ယောက်စီ ခပ်စိပ်စိပ်မတ်တပ်ရပ်ပြီး မျက်စိဒေါက်ထောက်ကြည့်နေပါတယ်။ ကျွန်တော့်မှာ ပဲများ ချင်လို့ ဦးထုတ်ဆောင်းသွားတာတောင် ဦးထုတ်မဆောင်းရဘူး၊ ချွတ်ရမယ်တဲ့ နှဖူးပြောင်တာလူမမြင် အောင်ဖုံးကာမှ သူတို့က အရှက်ခွဲတာလေ။ ဖုန်းနဲ့ဟိုရိုက်ဒီရိုက်လည်းပေးမလုပ်တော့ ဖုန်းလေးကို လည်း ဘောင်းဘီအိတ်ထဲသေချာထည့်ထားရသေးတယ်။
အလောင်းမြုပ်နှံရာနေရာနီးလေလေ လုံခြုံရေးတင်းကြပ်လေလေပါပဲ။ တစ်ခါတစ်လေ တစ်ယောက် ချင်းစီတန်းစီပြီးလျှောက်စေတာမျိုးလည်းရှိလာပါတယ်။ အဆောက်အဦထဲလည်းဝင်ရော အရာအား လုံးတိတ်ဆိတ်သွားခဲ့ပါပြီ။ အပြင်လောကက ဆူညံသံတွေ၊ စကားပြောသံတွေအားလုံး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းတွေက ကြီးစိုးနေပါတော့တယ်။ လူတွေများ တဲ့ အချိန်ကမဟုတ်တော့သလို။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းပဲရှိတော့သလိုဖြစ်အောင် လူတွေကို စစ်သားတွေက ချဲ လိုက်ပါတော့တယ်။ အခန်းတစ်ခုထဲရောက်တဲ့အချိန်မှာတော့ အာပါးပါး။ အလောင်းကြီး။ ဟိုချီမင်းရဲ့အလောင်းကြီးကို မှန်တွေကာထားတဲ့ ခေါင်းထဲမှာ အနီးကပ်ဘွင်းဘွင်း ရှင်းရှင်းတွေ့လိုက်ရတာ ကြက်သီးတွေတောင်ထရပါတယ်။
ဆေးတွေဘယ်လောက်တောင်ကောင်းလဲဆိုတာများ ခုနကမှသေသွားတဲ့သူလိုလို အိပ်နေသလိုလို ပါပဲ။ အသားအရည်က စိုပြည်ဝင်းလက်နေပြီး မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေကလည်းရွှေအိုရောင် တောက်လို့။ သူတို့ရဲ့ပိုက်ဆံရွက်တွေထဲကလူကြီးက အသက်ရှင်ရက် အိပ်နေသလိုပါပဲလား။ အ လောင်းမှန်ခေါင်းဘေးမှာတော့ စစ်သားလေးယောက်က လက်နက်အပြည့်နဲ့ တုတ်တုတ်မလှုပ်စောင့် ကြပ်ရင်း အနားတစ်ဝိုက်မှာလည်း လုံခြုံရေးစစ်သားတွေအပြည့်။ အားလုံးက အံအားတသင့်နဲ့ အ လောင်းကိုကြည့်ရင်းပေါ့။ စက္ကန့်ပိုင်းလောက်ပဲသေချာကြည့်နိုင်ပြီး ကြောက်လာတာနဲ့ ပြန်ထွက်လာခဲ့ ပါရော။ ထုံးစံအတိုင်း လုံခြုံရေးအစောင့်အကြပ်တွေကြားကပေါ့။ ဓါတ်ပုံကတော့ အပြင်ရောက်မှ အဆောက်အဦကြီးနဲ့တွဲရိုက်လို့ရတာရယ်။

ဗီယက်နမ်ဘုရင်၏ နန်းတော်ဟောင်း သို့

တောင်စွယ်တောင်တန်းတွေ ဝန်းရံထားတဲ့နေရာမှာ ရှေးခေတ်ဗီယက်နမ်ဘုရင်နန်းတော်ဟောင်း နေရာရှိပါတယ်။ ဟနွိုင်းကနေ ကီလိုမီတာ ၁၀၀ ဝန်းကျင် ရှိတဲ့ နင့်ဘင့်ဒေသမှာရှိတာပါ။ ကျွန်တော် တို့ရဲ့ ခေတ်အဆက်ဆက်ဘုရင်တွေစိုးစံခဲ့တဲ့ နန်းတော် အသီးသီးလောက်ကြီးကျယ် ခမ်းနားမှုမတွေ့ ရပေမယ့် သေချာထိန်းသိမ်းပြီး Tour နယ်မြေအဖြစ် သွားရောက်လေ့လာစေတဲ့ အိုင်ဒီယာကတော့ လေးစားစရာပါပဲ။
Hoa Lu temple ကိုရောက်တဲ့အချိန်မှာ မိုးဖွဲဖွဲလေးကျနေတာမို့ လွမ်းစရာ ရာသီဥတုလေးဖြစ်ပြီး လူသူလည်းရှင်းလင်းနေပါတယ်။ အဲဒီနေရာဟာ ဗီယက်နမ်ပထမဆုံးနန်းတော်ရာဖြစ်ပါတယ်။ ရှေးခေတ် ဗီယက်နမ်မှာ လူမျိုး ၁၂ မျိုးရှိပါတယ်။ သူတို့တွေဟာ တစ်နယ်စီမှာနေရင်း နယ်ချဲ့အင်ပါ ရာတရုတ်ကိုတွန်းလှန်တိုက်ထုတ်ခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြဘူး။ နောက်ဆုံးမှာတော့ လယ်သမားတစ်ဦးက အားလုံးကိုဦးဆောင်စည်း ရုံးပြီး နယ်ချဲ့ကိုတွန်းလှန်တိုက်ထုတ်ခဲ့ရာမှာ အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ သူကနေအစပြုပြီး ဘုရင်အဖြစ် အခုနန်းတော်ကို သက္ကရာဇ် ၉၆၈ ခုနှစ်မှာ တည်ထောင်ခဲ့တာပါတဲ့။ နန်းတော်ရဲ့တည် နေရာဟာ အပြင်ကနေကြည့်ရင်မမြင်ရပါဘူး။ အဲဒီလိုမမြင်ရအောင် တောင်စွယ်တောင်တန်းတွေက ပတ်ပတ်လည်ဝိုင်းထားတာဖြစ်ပါတယ်။ ဘုရင်ဟာ နန်းသက် ၁၂ နှစ်ပဲစံပြီး နတ်ရွာစံသွားတော့ မိဘုရားဟာ စစ်သူကြီးတစ်ဦးနဲ့လက်ထပ်ခဲ့ရပါတယ်တဲ့။ အဲဒီမိဘုရားဟာ ဗီယက်နမ်တို့ရဲ့သမိုင်းမှာ ယောင်္ကျားနှစ်ယောက်ယူတဲ့ အိမ်ထောင်နစ်ဆက် ကျတဲ့အမျိုးသမီးဖြစ်ပါတယ်။ ဗီယက်နမ်အမျိုးသမီးတွေဟာ အိမ်ထောင်တစ်ခါပဲကျခွင့်ရှိပါသတဲ့။ သူတို့ရဲ့မိဘုရားကြီးအခုလို နောက်အိမ်ထောင်ပြု တာကိုတော့ ပြည်သူတွေက လက်ခံသဘောတူ ကြပါတယ်။ အပြစ်လို့မမြင်ကြဘူးရယ်။ ဘာလို့ဆို မိဘုရားကနောက်အိမ်ထောင်မပြုရင် နန်းတွင်းနဲ့ တိုင်းပြည်ကိုအုပ်ချုပ်မယ့်ဘုရင်မရှိတော့ဘဲ တရုတ်တို့ရဲ့နယ်ချဲ့ကျူးကျော်မှုကို ထပ်ခံစားကြ ရမှာစိုးရိမ်ကြလို့ပါ။ အဲဒီတော့ နန်းတော်ရာက နှစ်ခုဖြစ်နေပါတယ်။
ပထမနန်းတော်ရာနဲ့ ဒုတိယ နန်းတော်ရာ သိပ်မကွာပါဘူး။ ရေကန်လေးတစ်ကန်ပဲခြားထားပါတယ်။ အထဲကအပြင်အဆင်တွေ လည်းခပ်ဆင်ဆင်တွေပါ။ ၁၀၀၉ ခုနှစ်မှာ သူတို့ရဲ့နန်းတော်ကို ဟနွိုင်းကိုရွှေ့ပြောင်းခဲ့တာလို့ဆိုပါတယ်။ ကျွန်တော်တို့ဆီက နန်းတွင်းလိုမျိုး အရမ်း ခမ်းနားကြီး ကျယ်တဲ့ လက်ရာများရှိမလားလို့ လိုက်ရှာတာမတွေ့ခဲ့ဘူး။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင် ကတော့ စိမ်းစိမ်းလန်းလန်းနဲ့ တော်တော်နေလို့ကောင်းပါတယ်။ ထူးဆန်းတာက အနားကပတ်ပတ် လည်က ကျောက်တောင်တွေမှာ တောင်ဆိတ်တွေရှိနေတာပါပဲ။ လှမ်းမြင်ရပါတယ်။ ဟိုတစ်ကောင် ဒီတစ်ကောင်နဲ့ ဓါတ်ပုံလှမ်းရိုက်လို့တော့မမီလိုက်ဘူးရယ်။

ဘီယာနဲ့ ကော်ဖီ အပေါဆုံး၊ အကောင်းဆုံးနိုင်ငံ

ဗီယမ်နမ်မှာ ပြည်နယ် ၆၄ ခုရှိရင် ပြည်နယ်တစ်ခုချင်းစီနီးပါးရဲ့နာမည်နဲ့ ဘီယာတစ်မျိုးစီထွက် တယ်လို့ Guide ကရှင်းပြတော့ ဟုတ်ပါ့မလားလို့တွေးမိပါသေးတယ်။ ဒါပေမဲ့ ဘီယာတံဆိပ်တော် တော်များများတော့တွေ့ရပါတယ်။ အချိန်သိပ်မရတာကြောင့် ဘီယာအမျိုးမျိုးကိုမြည်းစမ်းခွင့် သောက် ခွင့်မရခဲ့ပေမယ့် နေရာတော်တော်များများမှာတော့ နာမည်အမျိုးမျိုးနဲ့ဘီယာတွေ တွေ့နေရတာတော့ အမှန်ပါပဲ။ ကျွန်တော်မြည်းစမ်းခွင့်ရတဲ့တစ်ခုတည်းသောဘီယာက သင်္ဘောပေါ်မှာရောင်းတဲ့ Halong ဘီယာဖြစ်ပါတယ်။ မြန်မာဘီယာအရသာနဲ့ခပ်ဆင်ဆင်တူပြီး သူကနည်းနည်းလေးပိုပေါ့ပြီးအဝင်ပို ကောင်းပါတယ်။ ဗီယက်နမ်မှာ နာမည်အကြီးဆုံးဘီယာတွေက ဒီမှာပါခင်ဗျ။

(၁) ဟနွိုင်းဘီယာ

Hanoi ရောက်တော့ ဟနွိုင်းဘီယာသောက်သင့်တယ်မဟုတ်လား။ Bia Hanoi နာမည်နဲ့ဖြစ်ပါတယ်။ ဟနွိုင်းကလွဲရင် ကျန်တဲ့နေရာမှာ ခပ်ရှားရှားပေမယ့် မြို့တော်ဟနွိုင်းမှာတော့ ပေါပါတယ်။ သောက် တဲ့သူလည်းများပါတယ်။ သူတို့က ကိုယ့်ပြည်နယ်ကထွက်တဲ့ ဘီယာကို ကိုယ့်ပြည်နယ်မှာအသောက် များတယ်နဲ့တူပါတယ်။

(၂) 333 ဘီယာ

၁၈၉၃ ခုနှစ်ကထုတ်တဲ့ဘီယာဆိုတော့ သက်တမ်းရင့်ဘီယာလို့တောင်ဆိုနိုင်တာပေါ့။ အရင်တုန်းက Beer 33 ဆိုတဲ့နာမည်နဲ့ထွက်တာဖြစ်ပြီး အခုကတော့ 333 ဆိုပြီးတွင်ပါတယ်။ တစ်နိုင်ငံလုံးနီးပါးမှာ ရနိုင်ပါတယ်။

(၃) ဆိုင်ဂုံဘီယာ

ဗီယမ်နက်ကို ဆိုင်ဂုံလို့လည်းခေါ်တာမို့ မြန်မာဘီယာလိုပဲ ဗီယက်နမ်ကိုယ်စားပြုဘီယာလို့ဆိုနိုင်တာ ပေါ့။ Saigon Special ဆိုတဲ့နာမည်နဲ့ရယ် Saigon Green ဆိုတဲ့နာမည်နဲ့ရယ် Saigon Red ဆိုတဲ့ နာမည်နဲ့ရယ် သုံးမျိုးရပါတယ်။ နိုင်ငံရဲ့ ဘားတိုင်း အရက်ဆိုင်တိုင်းမှာ ရပါတယ်။

(၄) Heineken

ကမ္ဘာကျော် Brand ဖြစ်တဲ့ ဟန်နီကန်လည်း ဗီယက်နမ်မှာ နာမည်ကြီးပါတယ်။

(၅) Biere Larue

ဘီယာလာရူး ကို ၁၉၀၉ ခုနှစ်မှာ စပြီးထုတ်ခဲ့တာလို့ဆိုပါတယ်။ စပြီးထုတ်ခါစတုန်းက နာမည်က Victor Larue ပါတဲ့။ မြို့ကြီးတွေမှာရပါတယ်။ ကျော်တော့ မသောက်ခဲ့ဘူးဗျ။

(၆) Huda

Hue (HU) နဲ့ Denmark (Da) တို့ကိုပေါင်းပြီးခေါ်တဲ့နာမည်ပါ။ အဲဒီ ဒိန်းမတ်ဘီယာဟာ ဗီယက်နမ် မှာ နည်းနည်းတော့ရှားပေမယ့် နာမည်ကြီးပါတယ်။ ကျွန်တော်တို့ဆီက Harry’s bar မှာရတဲ့ Harry’s beer လိုပေါ့နော့။

(၇) Tiger

ဗီယက်နမ်မှာလည်း တိုက်ဂါးဘီယာပေါပါတယ်။ ဘယ်လောက်တောင်ပေါသလဲဆိုရင် စျေးဆိုင်တွေ စတိုးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်တဲ့အထိပေါတာပါ။ သူ့ရဲဖြန့်ကျက်မှုကတော့ အံ့မခန်းပဲ ပေါ့နော့။

(၈) Zorok

Binh Daung ဆိုတဲ့ဒေသမှာထုတ်တဲ့ဘီယာဖြစ်ပါတယ်။ သူလည်းနည်းနည်းရှားပေမယ့် တော်တော် များများတော့ recommend ပေးကြတယ်။

(၉) Halong Beer

ဒါကတော့ ကျော်မြည်းစမ်းခဲ့ဖူးတဲ့ဘီယာမို့လို့ မှတ်တမ်းတင်တာပါ။ မဆိုးလှဘူး။ ပြီးတော့ နေရာ တော်တော်များများမှာလည်းဖြန့်ကျက်ထားလေရဲ့။
ဘီယာထက်နာမည်ကြီးတာကတော့ ကော်ဖီပေါ့။ ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘရာဇီးပြီးရင် ကော်ဖီအထွက်ဆုံး အထုတ်ဆုံးနိုင်ငံပါ။ အရည်အသွေးကောင်း ကော်ဖီတံဆိပ်ပေါင်းမြောက်များစွာ လည်းရှိပါတယ်။ ၂၀ ရာစုမှာ ဗီယက်နမ်နိုင်ငံရဲ့ အဓိကဝင်ငွေက ကော်ဖီကရတာပါ။

ကိုယ်တွေဆီမှာ လက်ဖက်ရည်ဆိုင်ပေါသလိုပဲ သူတို့ဆီကနေရာတော်တော်များများကို ကော်ဖီဆိုင် တွေက နေရာယူထားကြပါတယ်။ ထိုင်တဲ့ထိုင်ခုံလေးတွေကလည်း ကြီးကျယ်ခမ်းနားမနေဘူး။ ခုံနိမ့် နိိမ့်လေးတွေရယ်။ ဒါပေမဲ့ သပ်သပ်ရပ်ရပ်ချစ်စရာလေးတွေပါ။ ကျွန်တော်ကတော့ ကော်ဖီမ ကြိုက်တဲ့သူမို့ အရသာကောင်းမကောင်းမသိပါဘူး။ ဒါပေမဲ့ ဟနွိုင်းမှာ နာမည်ကြီးတဲ့တံဆိပ်၊ ခရီးသွား ဧည့်သည်တော်တော်များများဝယ်ကြတဲ့တံဆိပ်ကရေတွက်မကုန်နိုင်အောင်ပါပဲ။ အဲဒီအထဲမှာ ၁၀၀ ရာခိုင်နှုန်းကော်ဖီ (အုန်းမှုတ်ခွက်အခွံဘာညာမရော) တဲ့ G7 ကော်ဖီကလည်း ထပ်ဆုံးမှာပါပါတယ်။ နောက်ထပ်ကျွန်တော်ကြားဖူးတဲ့ ကြောင်ကတိုးကော်ဖီပေါ့။ ကောင်ကတိုးတွေကို ကော်ဖီသီး တွေကျွေး ပြီး သူတို့ဖင်ထဲကထွက်လာတဲ့ ကော်ဖီစေ့တွေကို ကြိတ်ပြီးထုတ်ထားတဲ့ စျေးအရမ်းကြီးတဲ့ ကော်ဖီလည်း နေရာတိုင်းမှာပေါ်ပြူလာပါပဲ။ ကမ္ဘာကျော်တံဆိပ်ဆိုတော့ အရောင်းသွက်ဆုံးစာရင်းထဲ မှာပါဝင်နေမြဲပေါ့လေ။ နောက်တစ်ခုကတော့ ကြက်ဥနဲ့ထုတ်ထားတဲ့ ကြက်ဥကော်ဖီလည်းလူပြောများ ပါတယ်။
မေတ္တာရိပ်မှာအေးချမ်းပါစေ။ တိမ်တိုက်ထွန်း။
Xxxxx