ထိုင်းနိုင်ငံရဲ့ ကမ်းခြေလို့ဆိုလိုက်တာနဲ့ Hua Hin ကမ်းခြေကိုသတိပြုမိတဲ့သူနည်းပါလိမ့်မယ်။ နာမည် ကျော်ဖူးခက်တို့ ပတ္တရားတို့ကိုပဲသွားကြတယ်မဟုတ်လား။ ကျော်တို့ ပြီးခဲ့တဲ့အခေါက် ဘန်ကောက် ရောက်တုန်းက Beach သွားမယ်ဆိုတော့ Hua Hin ကိုရွေးလိုက်ကြပါတယ်။ လူရှင်းတယ်လို့ကြားဖူး တာရယ်၊ မရောက်ဖူးလို့ သွားကြည့်ချင်တာရယ်ကြောင့်ပါ။ သွားလက်စနဲ့ တစ်ခါမှမသွားဖူးတဲ့ပုံစံနဲ့ သွားကြရအောင်လို့တိုင်ပင်ရင်း စျေးအသက်သာဆုံးခရီးစဉ်ကိုရွေးချယ်ခဲ့ကြပါတယ်။
Hua Hin ကို ရထားစီးပြီးသွားကြမယ်
ဟုတ်တယ်ဗျ။ ကျော်တို့ ရထားခရီးစဉ်နဲ့သွားခဲ့ကြပါတယ်။ ပျော်စရာအရမ်းကောင်းတယ်၊ စိတ်လှုပ်ရှား ဖို့လည်းကောင်းတယ်။ စျေးလည်းထင်မှတ်မထားအောင်သက်သာတယ်။ ကျော်တို့တည်းတဲ့ ဘန်ကောက်မြို့ပြင် ဆလာယာဘူတာကနေ ဟွာဟင်းကိုရထားလက်မှတ်သွားဖြတ်ခဲ့ကြပါတယ်။ အဲ ကွန်းပါတဲ့ရထားကိုရွေးပြီးလက်မှတ်ဖြတ်ပေမယ့် နှစ်စောင်ပဲကျန်တော့တယ်တဲ့။ အဲဒါနဲ့အားလုံးသွား လို့ရမယ့် ရိုးရိုးရထားလက်မှတ်ကိုပဲဖြတ်ခဲ့ကြပါတယ်။ အဲကွန်းနဲ့ဆိုရင် ဘတ် ၂၀၀ ဖြစ်ပြီး ရိုးရိုးဆိုရင် ၃၉ ဘတ်မြန်မာငွေတစ်ထောင်ကျော်ပဲကျပါတယ်။ အဲကွန်းပါတာနဲ့မပါတာပဲကွာ တယ်လို့ လက်မှတ် ဘူတာကပြောတယ်ဗျ။ အဲဒါ နဲ့ ရိုးရိုးရထားပဲစီးပြီးထွက်လာခဲ့ကြတော့တယ်။ ကျော်တို့ဆီကရထား လိုပဲ ခပ်စုတ်စုတ်။ ဒါပေမဲ့သာ တာတွေရှိပါတယ်။ သူတို့ရထားက ဟောင်းတယ် ဒါပေမဲ့ ပြုပြင် ထိမ်းသိမ်းရေးကောင်းတယ်။ သေချာ ပြုပြင်ထားတော့ သန့်ရှင်းတောက်ပြောင်နေလေရဲ့။ ကွမ်းတံတွေးလည်းမရှိတာမို့ ညစ်ပတ်မနေဘူး။ အမှိုက်တွေလည်းမပစ်ကြဘူး။ ရထားပေါ်က အိမ်သာဆိုရင်လည်း အမွှေးန့ံလေးတွေ တစ်သျှူးလေး တွေနဲ့ သေသေသပ်သပ်လုပ်ပေးထားပါတယ်။ ကျော်တို့ဆီမှာလို ရထားစျေးသည်တွေလည်းရှိတယ်ဗျ။ ကွေ့တီယိုထုတ်တစ်ထုတ်ကို ဘတ် ၃၀၊ ဘတ် ၁၀ တန်အအေး စသည်ဖြင့် သေသေသပ်သပ်လေး ရောင်းကြတယ်။ အော်ကြီးဟစ်ကျယ် မရှိဘူး။ ဒါကတော့ အတုယူရမယ်လို့ထင်ပါတယ်။
လေးနာရီလောက်စီးအပြီးမှာတော့ ဟွာဟင်းဘူတာကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ခဲ့ပါပြီ။ ရထား လမ်းလည်းကောင်းတယ်။ လမ်းမှာ ရွာလေးတွေ စိုက်ခင်းတွေ လယ်ခင်းတွေအသီးသီးဖြတ်ခဲ့ရတယ်။ ထိုင်းရဲ့ကျေးလက်ကိုခံစားမိတာပေါ့ဗျာ။
ကမ်းခြေမှာတည်းမယ်၊ နားမယ်၊ စားမယ်
ပတ္တရားတို့ ဖူးခက်တို့လိုလူမများစျေးလည်းသက်သာတယ်ဗျ။ တည်းခိုမယ့်နေရာခပ်သန့်သန့်ကိုပဲ ရွေးလိုက်ကြတယ်။ ကြယ်ငါးပွင့် လေးပွင့် သုံးပွင့်တွေမဟုတ်ဘူး။ ရေကူးကန်တော့ပါတယ်။ ဟိုတယ်နဲ့ တွဲရက်တော့မဟုတ်ဘူး။ နည်းနည်းလေးလမ်းလျှောက်ရတဲ့ဟိုတယ် သေးသေးလေးပေါ့ဗျာ။ သုံး ယောက်ခန်းကို တစ်ည ဘတ် ၁၃၀၀ ပဲပေးရပါတယ်။ မနက်စာပါတယ်။ မိသားစုခန်းပုံစံဖြစ်ပါတယ်။ အဲဒီထက်ကောင်းတဲ့ဟိုတယ်တွေလည်းအများကြီးရှိပါတယ်။ ကိုယ်နှစ်သက်ရာစျေးအလိုက်ရွေးချယ် တည်းခိုနိုင်ပါတယ်။ အဓိက ကတော့လူသိပ်မများဘူးရယ်။
အနားယူဖို့ကမ်းခြေကတော့ သိပ်မခမ်းနားဘူး။ ဒါပေမဲ့ အေးချမ်းတယ်။ ပတ္တရား Coral Island လိုရေ က ပြာလဲ့မနေဘူး။ ဖူးခက်ကမ်းခြေကရေလို စိမ်းပြာကြီးဖြစ်မနေပါဘူး။ ဟွာဟင်းကမ်းခြေကပင်လယ် ရေဟာ အဖြူရောက်ဘက်ဆီကိုသမ်းတယ်လို့ဆိုရမှာပါ။ ကျောက်ဆောင်ကျောက်တုံးတွေလည်းနည်း ပါတယ်။ ရေအောက်မျက်နှာပြင်က ကျောက်စိုင်ကျောက်ခဲတွေမရှိတာမို့ ညီနေတယ်လို့ဆိုရမှာပဲဖြစ် ပါတယ်။ ဒီရေအတက်အကျကြောင့် သဲသောင်ပြင်ကလှိုင်းတွန့်လေးတွေအထပ်ထပ်နဲ့တစ်မျိုးတစ်ဖုံ လှနေပါတယ်။ ကမ်းခြေမှာရေကူး စပိဘုတ်စီး ဘာနားနားဘုတ်စီးလို့ရပါတယ်။ အပျော်လှေစီးဖို့နေရာ လေးတစ်ချို့ရှိပေမယ့် ပင်လယ်စာရောင်းတဲ့ဆိုင်တော်တော်များများမရှိပါဘူး။ ကျော်တို့သွားတုန်းက ရာသီဥတုသိပ်မကောင်းတာလဲပါတယ်။ ဒါပေမဲ့ သူ့နေရာကအရမ်းကြီးမစည်ကားတာတော့သေချာပါ တယ်။ အေးအေးလူလူအပန်းဖြေချင်ရင်တော့ ဟွာဟင်းကမ်းခြေက အတော်လေးအေးချမ်းတယ်လို့ ဆိုရမှာပါ။
လူဦးရေလေးသောင်းခွဲကျော်နေတဲ့ဒေသမို့ လည်စရာနေရာတွေများပါတယ်။ ကျော်သဘောအကျဆုံး ကတော့ Tuk Tuk Tour လေးလုပ်လို့ရပါတယ်။ တုတ်တုတ်တစ်စီးငှားပြီးတစ်နေကုန်လည်လို့ရတာ ပေါ့။ လည်စရာနေရာတွေကတော့ Huaymongkol Temple, Hua Hin Hills Vineyard, Pala-u ရေတံခွန်၊ ဟွင်းဟင်းဆင်ရွာ (ဆင်တွေရှိတဲ့နေရာ)၊ ဟွာဟင်းဆာဖာရီဥယျာဉ်၊ မြွေနဲ့မိကျောင်းပြပွဲ၊ ကျားတွေနဲ့ဓါတ်ပုံရိုက်တဲ့နေရာ၊ မျောက်တွေရှိတဲ့နေရာ ( Takiab Temple) ၊ Khao Tao temple, Suan Son Pradiphat park, Hadsainoe beach, Phrayanajorn ဂူ၊ Kao Kalok စတဲ့စတဲ့နေရာ တွေဖြစ်ပါတယ်။ ဘန်ကောက်လိုတော့မခမ်းနားတာပေမယ့် တက်စကိုလိုတက်စ်လိုမျိုး ကုန်တိုက်တွေ လည်းရှိပါတယ်။ အဲဒီက Food Court တွေမှာလည်း ထိုင်းစာစားလို့သိပ်ကောင်းဗျ။
အပြန်လည်းရထားစီးပြီးတော့ ဘန်ကောက်ကိုချီလှမ်းနိုင်ပါတယ်။ လမ်းမှာ ဒေသထွက်စားစရာလက် ဆောင်တွေဝယ်ဖို့လည်းမမေ့နဲ့ဦး။ ရထားဘူတာမှာရောင်းတဲ့ သူတို့ရိုးရာမုန့်လေးတွေလည်း စားချင်စ ရာကောင်းတယ်။ ကဲ မေတ္တာရိပ်မှာ အေးချမ်းပါစေဗျာ။ တိမ်တိုက်ထွန်း။
×××××