အဲဒီမေးခွန်းတွေကို မမေးသင့်ပါ။ဘယ်တော့မှ ဘယ်သောအခါမှ မမေးသင့်ပါ။ အားးးးးးးလုံးဝမမေးသင့်ပါဗျာ။
(၁) လစာဘယ်လောက်ရလဲ
•••••••••••••••••••••••••
လစာမေးတဲ့ကိစ္စက ဘာအပန်းမှမကြီးပေမယ့် တစ်ခါတစ်လေ အောင့်သက်သက်ကြီးဖြစ်မိပါတယ်။ သူဘာလို့ကိုယ့်လစာသိချင်တာလဲ သိတော့ဘာထူးမှာလဲ။ အလုပ်ချင်းတူ ရာထူးချင်းလည်းတူပြီး သူကကိုယ့်ထက်လစာများတာသိသွားရင် ဘယ်လိုခံစားရမလဲ။ ကိုယ်ကျေနပ်လို့လုပ်နေတဲ့အလုပ်ကို ဆက်လုပ်ချင်စိတ်ရှိပါဦးမလား။ နင့်သမီးလစာဘယ်လောက်ရလဲ ငါ့သားကဘယ်လောက်ရတာ စသည်ဖြင့်ပြောဆိုကြတာတွေဟာ အကျိုးရလာဒ် တစ်စုံတစ်ရာရှိလို့လား။ ကိုယ်ဘယ်လောက်ရလဲဆိုတာ ကိုယ့်မိသားစုကလွဲရင် အခြားလူသိဖို့တကယ်လိုအပ်လို့လား။ လစာမေးတဲ့ကိစ္စဟာရိုင်းတဲ့အပြုအမူတစ်ခုအဖြစ်သတ်မှတ်ထားကြလို့ မမေးတာကောင်းပါတယ်။ ကုမ္ပဏီတော်တော်များများမှာလည်းလစာတွေကို တစ်ယောက်နဲ့တစ်ယောက်ပေးမသိတာကိုကြည့်ခြင်းအားဖြင့် လစာဘယ်လောက်ရလဲဆိုတဲ့ကိစ္စဟာလူတိုင်းကိုပြောသင့်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ အလွယ်တကူသိနိုင်တာပေါ့လေ။
(၂) ဘယ်တော့စားရမှာလဲ
•••••••••••••••••••••••
လူတိုင်းမှာ ကိုယ့်အကြောင်းတရားနဲ့ကိုယ်ရှိတာမို့ အခုချိန်ထိ အိမ်ထောင်မပြုသေးဘူးလား ဘယ်တော့စားရမှာလဲဆိုတဲ့မေးခွန်းဟာ မမေးသင့်ဆုံးဖြစ်ပါတယ်။ တစ်ချို့က နောက်သလိုလိုနဲ့နှိမ်ပြီးမေးတယ် တစ်ချို့ကျတော့ အတည်ပေါက်နဲ့ကဲ့ရဲ့တယ်။ ကိုယ့်အလုပ် မဟုတ်ဘဲ လူတစ်ဖက်သားကို လှောင်ပြောင်အထင်သေးတဲ့အပြုအမူလို့ ယူဆပါတယ်။ သေချာတာကတော့ ငတ်ကြီးကျလို့မေးတာမဟုတ်သလိုတကယ်သိချင်လို့မေးတာလည်းမဟုတ်ပါဘူး။ တစ်ပါးသူကို အထင်သေးရုံသဘောဆောင်ပြီးမေးတာပဲဖြစ်ပါတယ်။ တကယ်တော့ မေးတဲ့သူကသာအထင်သေးစရာကောင်း တယ်လို့ယူဆပါတယ်။
(၃) အသက်ဘယ်လောက်ရှိပြီလဲ
•••••••••••••••••••••••••••••
တစ်ချို့ကရှိတဲ့အသက်ထက် ငယ်ချင်ကြတယ် တစ်ချို့ကျတော့ ကြီးချင်ကြတယ်။ ကျွန်တော်ဆိုရင် အစ်ကိုတို့ ကိုကြီးတို့ခေါ်တာကြိုက်တယ်။ ကိုယ့်ကို သူ့ထက်ငယ်တဲ့ပုံစံနဲ့လာဆက်ဆံရင်မကြိုက်ဘူး။ အသက်ဆိုင်ရာကိစ္စက လူတိုင်းရဲ့မသိစိတ်မှာကိန်းအောင်းနေတာမို့ မမေးသင့်ပါဘူး။ နိုင်ငံတကာမှာလည်းအသက်မေးရင် ရိုင်းတယ်လို့ယူဆထားကြပါတယ်။ သူတို့မှာက ယူနဲ့အိုင် ဆိုရင်ပြီးပြီကိုး။ ဒီမှာက အစ်ကို အစ်မ ညီ ညီမ ဦးလေး ဒေါ်လေး စသည်ဖြင့်ဘယ်လိုခေါ်ရမှန်းကိုမသိလို့ ရှုပ်နေတယ်ဆိုရင် နာမည်အရှေ့မှာ ကိုဘယ်သူ မဘယ်သူဆိုပြီးတော့သာခေါ်လိုက်ပါအဆင်ပြေပါလိမ့် မယ်။ အသက်မေးတာ တောဆန်သလိုရိုင်းရာလည်း ကျပါတယ်။
(၄) ခြောက်နေတာလား
•••••••••••••••••••••
အချင်းချင်းစတာပဲဖြစ်ဖြစ် လှောင်ပြောင်သရော်တာပဲဖြစ်ဖြစ် LGBT အသိုင်းအဝိုင်းကိုတစ်ဆင့်နှိမ့်ပြီး မေးတဲ့သ ဘောမို့ မမေးသင့်ပါဘူး။ GYM သွားတဲ့သူတွေအမေးခံရဆုံးမေးခွန်းဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကျတော့ ပျင်းလို့မသွားနိုင်ဘဲနဲ့ ဇွဲရှိလို့ သွားနိုင်တဲ့သူတွေကိုဖောင်းထုတာတော့တရားလွန်ပါတယ်။ ကျန်းမာရေးလိုက်စားလို့ GYM သွားပါတယ် ပိုက်ဆံတတ်နိုင်လို့ GYM သွားပါတယ် အချိန်ပေးနိုင်လို့ ဇွဲရှိလို့ GYM သွားပါတယ်။ ခြောက်တာတွေ စိုတာတွေက ဘယ်သူ့အလုပ်မှမဟုတ်ပါဘူး။ အားလုံးကကိုယ့် သမိုင်းကိုယ်ရေးကြတာချည်းပါ။ ဆိုတော့ ကိုယ်ပျင်းတာကိုဖုံးကွယ်ဖို့ သူတစ်ပါးကိုနှိပ်ကွပ်ပြီးမေးစရာလည်းမလိုသလို အသိုင်းအဝိုင်းတစ်ရပ်ကိုစော်ကား စရာလည်းမလိုဘူးလို့ထင်ပါတယ်။
(၅) ဝလာတယ်နော် ဘာတွေစားလို့လဲ
••••••••••••••••••••••••••••••••••
မသိရင်ဘဲ တားဆေးတွေစားထားသလိုဟိုဒင်းပဲဖြစ်သလိုလိုနဲ့မေးတဲ့သဘောသက်ရောက်နေသလားလို့။ အသိညီမလေးတစ်ယောက် ဝတော့ဗိုက်ကဖောင်းလာရော တစ်ရက်အလုပ်ကအပြန်မှာလမ်းထိပ်ကကောင်လေးတစ်ယောက်ကပါးစပ်သရမ်းလိုက်တယ်။ ဟာ ကိုယ်ဝန်ကြီးနဲ့ထင်တယ် သွားမစနဲ့ကွတဲ့။ ပါးစပ်ဆော့လိုက်တာဆိုပေမယ့် တစ်ဖက်သားဘယ်လိုခံစားရမလဲ ကိုယ်ချင်းစာတတ်စေချင်ပါတယ်။ ဝတာဟာလှောင်စရာ မဟုတ်သလို ကိုယ့်ဘော်ဒီနဲ့ကိုယ်ဝနေတာက သူများလှောင်စရာလည်းမဟုတ်ပါဘူး။
(၆) ဒါလေးတောင်မလုပ်တတ်ဘူးလား
•••••••••••••••••••••••••••••••••
တစ်ဖက်သားကိုနှိပ်ကွပ်တဲ့လေသံတွေက မေးခွန်းထဲအပြည့်ပါနေပါတယ်။ မသိရင်ပြောပါ မတတ်ရင်သင်ပေးလိုက်ပါ။ အားနည်းချက်ကိုစော်ကားတာမျိုးတော့မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ လေးငါးခြောက်ခါပြောပြီး ပြပြီးသင်ပြီးလို့မှ မတတ်ရင်တော့တစ်မျိုးပေါ့လေ။ ဒါလေးတောင်မတတ်ဘူးလားလို့အမေးခံရရင်ဘယ်လိုခံစားရသလဲ တွေးကြည့်စေချင်ပါတယ်။ ဆိုတော့ ဒီလိုမေးခွန်းမျိုးကို မရှောင်သင့်ပေဘူးလား။
(၇) ပိန်သွားတယ်နော် အားဆေးမသောက်ဘူးလား
••••••••••••••••••••••••••••••••••••••••••••
ပိုခင်ရင်တော့မီးယပ်စွဲနေတာလား အေကိုက်နေတာလား ဆိုပြီးမေးကြသေးတယ်။ ဘော်ဒီရှိန်းမိန်းကိစ္စက ကျွန်တော်တို့ဆီမှာ တော်တော်လေးအားသန်ကြပါတယ်။ လူတစ်ဖက်သားရဲ့ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တစ်ခုကို အားနည်းချက်အဖြစ်နှိပ်ကွပ်တတ်ကြပါတယ်။ ဘာအကျိုးရလဲမသိပေမယ့် မမေးသင့်တဲ့မေးခွန်းဆိုတာ တော့အားလုံးကသိကြပါတယ်။ ကိုယ်ကျန်းမာရေး ကြောင့်ကိုယ်ပိန်တာ တစ်ပါးသူလှောင်စရာမဖြစ်သင့်ပါ။
(၈) မဖြေချင်တဲ့မေးခွန်း
••••••••••••••••••••
မေးခွန်းမမေးခင်မှာစဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ ဒီမေးခွန်းကတစ်ဖက်လူဖြေချင်လားမဖြေချင်ဘူးလားပေါ့။ ကိုယ့်မေးခွန်းက သူ့အတွက်တစ်စုံတစ်ရာထိခိုက်မှုရှိမယ်လို့ ယူဆရရင်မမေးတာကောင်းပါတယ်။ ဘာသဘောနဲ့မှပြောတာမဟုတ်ပေမယ့် တစ်ခါတစ်လေမှာ အမှတ်တမဲ့က ဒဏ်ရာအကြီးကြီးလည်းဖြစ်သွားနိုင်လို့ပါ။
(၉) ငါလှလား
••••••••••••
အမလေးဗျာ။ မေးခွန်းထဲမှာအဲဒါအဆိုးဆုံးပဲ။ ဘယ်နှယ့် ကိုယ့်ရုပ်ကိုယ်မှန်ထဲမကြည့်ဘဲနဲ့ ငါမလှဘူးလား ငါမချောဘူးလားလို့ အချင်းချင်းလာမေးတာလောက် အသည်းပေါက်စရာကောင်းတာမရှိဘူး။ နောက်တာပဲဖြစ်ဖြစ်အတည်ပဲဖြစ်ဖြစ် ငါလှလားလို့ လာမေးမယ်ဆိုရင် မှန်လေးတော့အရင်ကြည့်လာပါပေါ့။ လူတစ်ယောက်ရဲ့ အလှတရားဆိုတာ ပတ်ဝန်းကျင်ကသုံးသပ်အကဲဖြတ်တာပါနော်။
မေတ္တာရိပ်မှာအေးချမ်းပါစေ။ တိမ်တိုက်ထွန်း