မပြိုဘဲနဲ့ ညို အပိုင်း (၁)

“ညို” ဖတ်ဖို့

(၁)
တကယ်တော့ မြိုင်ကြီးငူနဲ့ (၁၅) မိုင်လောက်ရှိတဲ့အကွာမှာ အခုလိုမျိုးအံအားသင့်အောင်လှတဲ့ ရေတံ ခွန်ရှိလိမ့်မယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး ညို။ ၂၀၁၄ မှာ ကျုံထော်ရေတံခွန်က လူတွေအရောက် အပေါက်အရမ်း မများသေးပါဘူး။ လူတွေဖန်တီးထားတာထက် သဘာဝအတိုင်းလှနေတဲ့ရေတံခွန်ကို ကင်မရာတစ်လုံးနဲ့ဟိုရိုက်ဒီရိုက်လုပ်နေစဉ်မှာပဲ ကျွန်တော်တို့နှစ်ယောက်ရဲ့ အဖြစ်အပျက်စတင်ခဲ့ တာကို ညိုမှတ်မိ မယ်ထင်ပါရဲ့။
“ဟာ ဟိုမှာ ရေနစ်ပြီ”
ကျွန်တော့်ကင်မရာမြင်ကွင်းထဲမှာ မိန်းကလေးတစ်ယောက်ရေပေါ်မှာပေါ်လိုက်ပျောက်လိုက်နဲ့။ ဒါ ရေနစ်နေတာပဲလို့ ကျွန်တော်သိလိုက်တာပေါ့။ ဒါက လုပ်ဇာတ်တစ်ခုဆိုတာ ကြိုသိခဲ့မယ်ဆိုရင် ညိုနဲ့ ကျွန်တော်တို့ရဲ့ရေစက်က အဲဒီမှာစချင်မှစခဲ့မှာပေါ့လေ။

မိန်းကလေးတစ်ယောက် ရေနစ်နေပြီဆိုတဲ့အသိက ကျွန်တော်ရေကျွမ်းကျွမ်းကျင်ကျင်မကူးတတ်ဘူး ဆိုတဲ့အသိကို ကွယ်ပျောက်သွားခဲ့တယ်ညို။ ပြီးတော့ ကျုံထော်ရေတံခွန်ရဲ့ရေအနက်က ကျွန်တော့် အရပ်ထက်အများကြီးမပိုလောက်ဘူးလို့ မသိစိတ်ကတွက်ဆခဲ့တာလည်းပါမှာပေါ့။
ကျွန်တော် ကင်မရာကိုကျောက်ဆောင်ပေါ်ကိုချပြီး ညိုရှိရာကိုခုန်ဆင်းလိုက်တော့ ဘေးမှာလူတစ် ယောက်စ နှစ်ယောက်စ လှမ်းကြည့်နေကြသေးတယ်။ ကျွန်တော့်မြင်ကွင်းဆီမှာလူတစ်ယောက်အ သက်ဘေးနဲ့ရင်ဆိုင်နေတာကို ကယ်ဖို့ဆိုတဲ့အသိကလွဲရင်ကျန်တာဘာမှမရှိခဲ့ဘူးညို။ ညို့ရဲ့လက်တွေ က ကျွန်တော့်ကိုလက်ယက်ခေါ်ပြီး အကူအညီတောင်းနေတာကိုလည်း ဘယ်လိုလုပ်ဥပေက္ခာပြုရက် နိုင်မှာလဲနော်။ ဒါပေမဲ့ ကျွန်တော်မှားသွားခဲ့တယ်။
“အယ်….လုပ်ကြပါဦး၊ ဟိုမှာ ရေနစ်ပြီ ဟိုလူ”
ရေနစ်တဲ့သူဟာ ညိုမဟုတ်ဘဲနဲ့ ကျွန်တော်ပဲဖြစ်သွားခဲ့တယ်လေ။ ရေထဲကိုခုန်ဆင်း၊ ညိုရှိရာဆီကို ကူးသွား၊ နစ်ချည်ပေါ်ချည်ဖြစ်နေတဲ့မိန်းကလေးကိုလှမ်းဆွဲဖို့ အားယူနေတဲ့ကျွန်တော်ခဏလေးမှာပဲ လက်ပန်းကျပြီး ရေထဲကိုနစ်လိုက်ပေါ်လိုက်ဖြစ်နေမိတော့တယ်။ ကျွန်တော့်ကိုကျွန်တော်တော့ အသက်ရှုမွန်းကြပ်တာ၊ ပါးစပ်ထဲကိုရေဝင်နေတာ၊ ရေထဲကနေလွတ်မြောက်ဖို့ကြိုးစားနေမိတာကလွဲ ရင် ကျန်တာဘာမှမသိတော့ပါဘူး။
အဲဒီတော့မှ ညိုက ကျွန်တော့်ဆီကိုကူးခတ်လာပြီးတော့ဝင်ကယ်ရတဲ့အဖြစ်။ ဘေးပတ်ဝန်းကျင်တွေ အားလုံး၊ ကျွန်တော်နဲ့အတူပါလာတဲ့ အလုပ်ကအဖွဲ့သားတွေအားလုံး အနားကိုရောက်လာတဲ့အသံ တွေ ကြားရတယ်ညို။
“မင်းပိုင်ဇေ ရေနစ်တာဟေ့”
“ဘယ်လိုဖြစ်တာလဲ ဒီကောင်၊ အခုနက ကင်မရာကိုင်ပြီးဟိုလျှောက်ရိုက်ဒီလျှောက်ရိုက်လုပ်နေပါ သေးတယ်၊ ရုတ်တရက်ကြီးရေထဲကိုဘယ်လိုရောက်သွားတာပါလိမ့်”
“အခု ကယ်လာတဲ့ကောင်မလေးရေနစ်တယ်ထင်လို့ သွားကယ်တာ”
ကျွန်တော် အသံတွေတော့ကြားရတယ်။ ကျွန်တော့်ခန္ဓာကိုယ်ကြီးကို ဘယ်သူကသယ်လာတာလဲ ဆိုတာတော့ မသိဘူး။ သတိပြန်ရလာတော့ ဘေးပတ်ပတ်လည်မှာလူတွေဝိုင်းနေပြီ။
“ရှင် သတိရလာပြီ”
ကျွန်တော်ခေါင်းညိတ်ပြလိုက်တော့ ညို့နှုတ်ခမ်းလေးကော့နေအောင်ပြုံးခဲ့တယ်လေ။
“ခင်ဗျား ဘာဖြစ်သွားသေးလဲ၊ ခင်ဗျားရေနစ်တာကို ကျွန်တော်ဆင်းကယ်တာ…”
ညို ဟက်ဟက်ပက်ပက်ထရယ်တယ်။ ပြီးတော့ ဘေးနားကလူတစ်ချို့လည်းပြုံးရိပ်သမ်းပြီးကျွန်တော့် ကိုကြည့်နေကြတယ်။ အားလုံးကိုကျွန်တော်ကြောင်ကြည့်မိတာပေါ့။
“ဆောရီး ရှင့်ကိုကျွန်မ စ လိုက်မိတာ”
ကျွန်တော် ညို့ကိုသေချာကြည့်မိတယ်။ ဘာပြောတာလဲပေ့ါ။ နှုတ်ခမ်းထူထူ၊ ရေစိုနေတဲ့ဆံပင်ရှည် အရစ်ခွေတွေက ပခုံးပေါ်မှာစုပုံကျနေလို့။ မျက်လုံးလေးတွေကဝိုင်းစက်ကြည်လင်စွာ။ ရေစက်တွဲလဲ လေးတွေက စင်းကော့နေတဲ့ညို့မျက်တောင်နဲ့နှာတံရှည်ရှည်ပေါ်မှာ တလက်လက်တောက်ပလို့။
“ဘယ်လို”
ရေတံခွန်ရဲ့တသွင်သွင်စီးကျနေတဲ့အသံက ကျွန်တော်တို့စကားသံတွေကိုထိုးဖောက်စွာဝင်လာနေဆဲ။
“ရှင် ကင်မရာတစ်လုံးနဲ့အာရုံဝင်စားနေတာကို လှမ်းနောက်ချင်တာနဲ့ရေနစ်ချင်ယောင်ဆောင်ပြီးရှင့်ကို အကူညီတောင်းတဲ့ပုံစံလက်ယက်ခေါ်လိုက်တာ”
“ဘာဗျ”
ကျွန်တော် ဒေါသထွက်သွားတာ တကယ့်အထွဋ်အထိတ်ပဲညို။ နောက်ပြောင်ကျီစားမှုတခုဟာ အ သက်တစ်ချောင်းစတေးလိုက်ရနိုင်တယ်ဆိုတဲ့အသိကို ညိုမသိတဲ့အတွက် တော်တော်ကြီးလည်းစိတ် ပျက်သွားမိတာအမှန်ပဲ။
“ခင်ဗျား၊ ခင်ဗျား တကယ်ပဲ အဲဒီလိုလုပ်တာလား….”
ညို ကျွန်တော့်ကိုခေါင်းညိတ်ပြတော့ တောက်တစ်ချက်ခေါက်လိုက်ပြီး မတ်တပ်ထရပ်လိုက်တယ်။ လဲှ ရက်အနေအထားဘေးမှာ ဒူးထောက်ထိုင်နေတဲ့ညိုလည်းမတ်တပ်ရပ်လာတယ်လေ။
“ကျွန်မ တောင်းပန်…..”
“ခင်ဗျား သေလိုက်ဗျာ…..ခင်ဗျားနဲ့ကျွန်တော်ဘာအငြိုးမှမရှိဘဲ အဲလိုမလုပ်သင့်ဘူး၊ ကျွန်တော်သေ သွားရင် ဘယ်လိုလုပ်မလဲ”
“မသေပါဘူးရှင်၊ ကျွန်မ ရှိတာပဲ၊ ရှင့်ကိုနောက်ချင်ရုံသပ်သပ်ပါ၊ လူတစ်ယောက်ရေနစ်တာမြင်ရင်ရှင် အာရုံဝင်စားနေတာတွေ ပျာယာခတ်သွားမယ့်မြင်ကွင်းကို ကြည့်ချင်ရုံပါ”
“ခင်ဗျားနေရာမှာ ယောင်္ကျားလေးတစ်ယောက်သာဆို ကျွန်တော်ဆွဲထိုးတယ်၊ ခင်ဗျားသွားတော့”
ကျွန်တော်ညို့ကိုမောင်းထုတ်လိုက်မိတယ်။ ရှက်လည်းရှက်ဒေါသလည်းထွက်နဲ့ အဲဒီအချိန်မှာထူပူနေ မိတာအမှန်ပဲ။ ဘယ်လိုမိန်းကလေးမျိုးလဲ။ ဘာလို့အဲဒီလိုစိတ်ရှိရတာလဲ လို့လည်းတွေးနေမိတယ်။ သူငယ်ချင်းကျော်ငြိမ်းက ကျွန်တော့်ပခုံးကိုခပ်ဆဆလေးပုတ်ပြီးနှစ်သိမ့်ပေးတယ်။
“စိတ်လျှော့ သားကြီး” တဲ့။ ကျွန်တော်ဘယ်လိုလုပ်စိတ်လျှော့နိုင်မှာလဲ။ ကျွန်တော့်မှာ ဒီလိုရှုခင်းမျိုး၊ ဒီလိုပတ်ဝန်းကျင်မျိုးနဲ့ထိတွေ့ခွင့်ရတဲ့အခိုက် အပျော်ကြီးပျော်ပြီးသာယာနေတာ။ တလောကလုံးကို မေ့ချင်ချင်ဖြစ်နေတာ။ အဲဒီ အကုသိုလ်မလေးကြောင့် ပျက်စီးခဲ့ပြီလို့ တွေးနေမိတယ် ညို။
“င့ါကို ဖွန်ကြောင်ပြီးလူစွမ်းကောင်းလုပ်ချင်တယ်ဆိုပြီး ဝိုင်းလှောင်ကြမှာရှက်တယ်ကွာ”
“အာ ဘယ်ဟုတ်မလဲ မင်းပိုင်ဇေရာ၊ လူတစ်ယောက်မင်းရှေ့မှာဒုက္ခရောက်နေတာကို အသက်စွန့်ပြီး ကူညီတဲ့အတွက် မင်းကိုအားလုံးကလေးစားအထင်ကြီးနေတာပါ”
သူ့စကားကြောင့် ကျွန်တော်နည်းနည်းစိတ်သက်သာရလာပြီး ကောင်မလေးဘယ်ရောက်သွားသလဲလို့ ရှာနေမိသေးတယ်ညို။ ဒါပေမဲ့ မတွေ့ရတော့ဘူး။ ကောင်မလေးတစ်ယောက်ကို နင်ပဲငဆမောင်းလွှတ် လိုက်လို့ လွန်များလွန်သွားပြီလားဆိုပြီးနောင်တရသေးတယ်။
“ကဲပါကွာ၊ မင်းဗျူးကြည့်နေတာမှလား၊ ဆက်ကြည့်လေ၊ ငါတို့ရိုက်ကွင်းလည်းခဏနားထားတယ်”
ကျွန်တော် ရေတွေတသွင်သွင်စီးကျနေတဲ့နေရာတွေဆီငေးမောကြည့်လိုက်တော့ ရေတံခွန်ကြီးက ညှို့နေသလိုခံစားရတယ်ညို။ ကျွန်တော်မြင်ဖူးနေကျ မြန်မာနိုင်ငံကရေတံခွန်တွေက နှစ်ထပ်သုံးထပ် တွေချည်းပဲ။ ဒါပေမဲ့ ကျုံထော်ကအထပ်ထပ်လိုက်မဟုတ်ဘူး။ တစ်ထပ်တည်းကိုပဲအလျားအရှည် ကြီး။ ကျောက်သားချောက်ကမ်းပါးရှည်တစ်ခုပေါ် ရေပြင်းတွေစီးကျနေသလိုပါပဲ။ ဒါပေမဲ့ထူးခြားတာ က သစ်ပင်ကြီးတွေ၊ တောတန်းတွေ၊ တောင်ရိပ်တွေနဲ့အေးမြမှုက တန်ဆာဆင်ထားတယ်ညို။ စီးကျ နေတဲ့ ရေတွေကပြာလဲ့လဲ့နဲ့ကြည့်လို့အရမ်းလှတယ်။ ပြင်ဦးလွင်ကပွဲကောက်၊ မန္တလေးကရေပြာအိုင်၊ ဘားအံကဇင်းကျိုက် အားလုံးကအထပ်ထပ်လေးတွေနဲ့ကိုယ်စီလှနေတာကတစ်မျိုး။ ကျုံထော်ကျ တော့ အားလုံးနဲ့မတူ တမူထူးခြားပြီးလှနေတာကတစ်မျိုးပေါ့။
“ငါ့ဟာငါသာယာနေတာ အာရုံလာနောက်တယ်”
ကျွန်တော်ခပ်တိုးတိုးရေရွတ်မိလိုက်တယ်ညို။ သူတစ်ပါးကိုနောက်စရာပြောင်စရာအနေနဲ့မြင်တတ်တဲ့ ရွှတ်နောက်နောက်မိန်းကလေးမျိုးပဲ။
“အဆင်ပြေရဲ့လား”
စက်အဖွဲ့က အစ်ကိုတစ်ယောက်က ကျွန်တော့်ကိုသတင်းလာမေးတယ်။ ရေနစ်တဲ့အဖြစ်အပျက်က ဒီနားတစ်ဝိုက်ကလူတွေအားလုံးသိသွားတာသေချာတာပေါ့။ လူဘယ်နှစ်ယောက်များရှိမလဲ ကျွန် တော် တိတ်တဆိတ်ရေကြည့်လိုက်တယ်။ ကျွန်တော်တို့ ဇာတ်လမ်းတွဲရိုက်ကူးရေးအဖွဲ့သားတွေ က ဆယ်တစ်ယောက်၊ ရေတံခွန်ကိုလာလည်တဲ့ဧည့်သည်တွေက လေးငါးယောက်။ ဟူး တော်ပါသေးရဲ့။ ပွဲကောက်လို လူတွေများတဲ့နေရာဆို အရှက်တော့လုံးလုံးကွဲပြီ။
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
“ကောင်မလေးကတော့ မင်းကိုစပြီး ပြန်သွားကြပြီထင်တယ်၊ ပုံစံကရွှတ်နောက်နောက်လေးတွေ၊ ငါတို့ ရန်ကုန်သားကြီးခံသွားရရှာတယ်”
အဲဒီလိုအပြောကိုခံလိုက်ရတော့ ကျွန်တော့်စိတ်ထဲတင်းခနဲဖြစ်ပြီး အဲဒီကောင်မလေးကို ကိုင်ပေါက် ချင်စိတ်တွေဖြစ်ဖြစ်လာတယ်။ မင်းသွားတော့လို့ မောင်းလိုက်တာနောင်တရချင်သလိုလိုဖြစ်နေတာ လည်းပျောက်သွားပြန်တယ်။
“ဒီနေ့ ဘယ်နှစ်ကတ်ကျန်သေးလဲ အစ်ကို”
ဒါရိုက်တာ အစ်ကိုကြီးကိုမေးတော့ နောက်တစ်ကတ်ဆိုပြန်ကြမယ်၊ ရာသီဥတုက ရုတ်တရက် မိုးခပ် အုံ့အုံ့ဖြစ်လာတာမို့ နောက်တစ်နေ့မှထပ်လာကြမယ်တဲ့။ တည်နေရာအနေအထားကစိတ်ကြိုက်ရိုက် လို့ရပေမယ့် ရာသီဥတုအရောင်ပြောင်းရင် ကိုယ်လိုချင်တဲ့အနေအထားမြင်ကွင်းတွေမရတော့တာမို့ ကျွန်တော်တို့ အဖွဲ့သားတွေပြန်လာခဲ့ကြတယ်။
ကျုံထော်ကိုနောက်တစ်ရက်ထပ်လာရမှာမို့ စိတ်ချမ်းသာမိတာတော့အမှန်ပဲညို။ ကျွန်တော် ကျုံထော် ရေတံခွန်ကြီးကို အရမ်းသဘောကျသွားတယ်။ ဘားအံကနေမြိုင်ကြီးငူကိုလာ၊ မြိုင်ကြီးငူကနေတစ် ဆင့် ကျုံထော်ကိုကားနဲ့တစ်ဆင့်ထပ်လာခဲ့ရတာ။
“ဒီရေတံခွန်က ထိုင်းနိုင်ငံ မဲဟောင်ဆောင်သွားတဲ့လမ်းပေါ်မှာရှိတာ၊ ဒီကေဘီအေနယ်မြေထဲမှာလေ၊ တွေးကြည့်လိုက်စမ်း၊ ဒါသာ ထိုင်းနိုင်ငံရဲ့ရေတံခွန်သာဖြစ်မယ်ဆိုရင်…”
ပြန်ဖို့အတွက် ကားနေရာဆီကိုလာကြတဲ့အခါကြားလိုက်ရတဲ့အသံကြောင့် ကျွန်တော်ပါရောယောင် တွေးကြည့်မိလိုက်တယ်။ ဒါသာထိုင်းနိုင်ငံရဲ့ရေတံခွန်သာဖြစ်မယ်ဆိုရင်တဲ့။ ဟုတ်တယ်ညို။ ဒီရေတံ ခွန်သာ ထိုင်းနိုင်ငံဖြစ်ခဲ့မယ်ဆိုရင် ဒီထက်ပိုပြီးနေချင်စဖွယ်ဖြစ်အောင်၊ နိုင်ငံခြားဧည့်သည်တွေပျား ပန်းခတ်လာအောင် သူတို့ဆွဲဆောင်ကြမှာပဲ။ ဖန်တီးကြမှာပဲ။ ကျွန်တော်အထင်ကြီးလွန်းလို့ပြောတာ မဟုတ်ဘူးညို။ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုသဘာဝကဖန်တီးပေးထားတဲ့နေရာတွေအများကြီး၊ နိုင်ငံ ခြားဝင်ငွေတွေသောက်သောက်လဲရနိုင်တဲ့နေရာတွေအများကြီးရှိတာကို အသုံးချတာမတွေ့ရလို့စဉ်း စားမိတာပါ။
“ဒီအတိုင်းလေးပဲကောင်းပါတယ်”
ပြန်ဖြေတဲ့အသံက ကြည်လင်ပြတ်သားနေတယ်ညို။ မိန်းကလေးတစ်ယောက်ရဲ့အသံပဲ။
“ဘာလို့လဲ”
ကျွန်တော်အသံပိုင်ရှင်တွေကို မကြည့်ဖြစ်သေးဘဲ သူတို့ပြောတဲ့စကားတွေကိုနားစွင့်နေမိတယ်။
“အခုလိုမျိုး တောတောင်အထပ်ထပ်နဲ့လှချင်တိုင်းလှနေတဲ့နေရာကို လူတွေအများကြီးလာရင်ပျက်စီး ကုန်မှာစိုးလို့၊ ခက်ခက်ခဲခဲလာပြီးမှတွေ့ရတဲ့ သဘာဝရှုခင်းအရသာကိုငါတော့ ပိုမက်မောတယ်”
ကျူံထော်ရေတံခွန်ဟာ ကရင်ပြည်နယ်ဘားအံမြို့ကနေ မြိုင်ကြီးငူဘက်ကိုမိုင်ငါးဆယ်ကျော်လောက် သွားရင်ရောက်တဲ့နေရာပါ။ လမ်းတစ်လျှောက်ကျောက်တောင်နံရံကြီးတွေ၊ မှိုင်းညို့ညို့တောင်တန်း ကြီးတွေကို ရင်သပ်ရှုမောဖွယ်တွေ့ရမှာပေါ့။ သားငါး၊ အရက်သေစာသောက်စားခြင်းမရှိတဲ့ ဟောဒီ သက်သက်လွတ်နယ်မြေမှာ လူတွေဖန်တီးမှုမရှိဘဲ ကျုံထော်က သဘာဝအတိုင်းလှချင်တိုင်းလှနေ တယ်ညို။
“အင်း၊ နင်ပြောတာလည်းမှန်ပါတယ်…အဲ”
အသံပိုင်ရှင်ကိုကျွန်တော်အကြည့် အသံပိုင်ရှင်ကလည်းကျွန်တော့်ကိုအကြည့်မို့ နှစ်ယောက်သားအ ကြည့်ချင်းဆုံ အံသြသွားကြတယ်။ ဟုတ်တယ်။ ကျွန်တော်ကို ဒုက္ခပေးသွားတဲ့ကောင်မလေးပဲ။ အခု တော့လည်း သူမဟုတ်သလို သူငယ်ချင်းနဲ့အပြန်အလှန်စကားတွေပြော၊ သာယာနေလိုက်ကြတာ။
“အော် မင်းကိုး”
ကျွန်တော်နဲ့အတူတူလျှောက်လာကြတဲ့ စက်အဖွဲ့သားတစ်ချို့လည်းကောင်မလေးကိုသတိထားမိသွား ကြတယ်။ ကျွန်တော့်ရဲ့ဒေါသကမပြယ်သေးတဲ့အတွက်ကောင်မလေးနဲ့အကြည့်လွှဲပြီးကားရပ်ထားရာ နေရာဆီကို ခပ်သွက်သွက်လျှောက်သွားဖို့ဆုံးဖြတ်လိုက်စဉ်မှာပဲ ကောင်မလေးက ကျွန်တော့်ကို အသံ ကျယ်ကြီးနဲ့လှမ်းတားလိုက်တယ်။
“ဟေ့ ဟေ့ ရေနစ်တဲ့သူခဏလေး ခဏလေး”
ကျွန်တော်လှမ်းအကြည့် ကောင်မလေးက ကျွန်တော့်ခြေတောက်အောက်ဆီကိုလက်ညိုးထိုးပြပြီး ကြောက်အားလန့်အား ထအော်တယ်။
“ရှင့်ခြေတောက်အောက်မှာ မြွေ”
“အောင်မလေးဗျ”
ကျွန်တော်ထခုန်လိုက်ပြီး မြွေရှိရာနေရာဆီကိုလှမ်းအကြည့်။ ဟင်။ ဘာမှမတွေ့ရဘူး။ ဒါဆို ကျွန်တော့် ကိုအကြောင်ထပ်ရိုက်ပြန်ပြီပေါ့။
ကျွန်တော်ထခုန်တာကို ကောင်မလေးတွေက ပြုံးစိစိလှမ်းကြည့်နေတယ်။ ဘယ်ပြောကောင်းမလဲညို။ ကျွန်တော့်ဒေါသတွေ အထွဋ်အထိပ်ကိုရောက်တော့တာပေါ့။
“ခင်ဗျား ထပ်ပြီးအကြောင်ရိုက်လိုက်ပြန်ပြီပေါ့ ဟုတ်လား”
ဒီတစ်ခါတော့ ကျွန်တော်အဲဒီကောင်မလေးကို ကောင်းကောင်းကြီးဒုက္ခပြန်ပေးမှဖြစ်မယ်ဆိုတဲ့အသိနဲ့ အပြေးလာလိုက်တယ်။ တွေ့ကြပြီပေါ့။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx