မပြိုဘဲနဲ့ ညို အပိုင်း (၁၉)

(၁၉)
သုံးခါမြောက်ရောက်လာအပြီးမှာတော့ မနီနဲ့တွေ့တယ်။ တကယ်ကိုကောက်ရိုးတစ်မျှင်ပါပဲ။ ဘိုဘေဈေး မှာလည်း ညိုရှိမှာမဟုတ်ဘူးဆိုတာကျွန်တော်သိပြီးသား။ ညိုကိုဘယ်မှာရှာရမလဲတွေးကြည့်တော့ ကျွန်တော့်ကိုသနားကြင်နာတဲ့အကြည့်တွေနဲ့ကူညီခဲ့တဲ့မနီကိုပဲပြေးမြင်လိုက်တော့တယ်။ အဲဒီဆိုင် က ဝိတ်တာတစ်ချို့ကတော့ ကျွန်တော့်ကိုသိနေပြီ။ မျက်မှန်းတန်းမိနေပြီ။ ဒီဆိုင်မှာပဲရန်တွေဖြစ်ပြသ နာတွေတက်ခဲ့ဖူးသေးတာကိုး။
“ရှင်လာမယ်ဆိုတာတော့ခန့်မှန်းထားပြီးသားပါ”
မနီက ကျွန်တော့်ကိုထွေထွေထူးထူးပြောမနေပါဘူး။ ညိုနဲ့ပတ်သက်ပြီးလာတယ်မှန်းတန်းသိပါတယ်။ ပြီးတော့ ကူညီဖို့လည်းအဆင်အသင့်ဖြစ်နေပုံပဲ။ ဆိုင်ထဲကနေအပြင်ကိုခေါ်ထုတ်ခဲ့တယ်။
“ဆိုင်ထဲမှာကျတော့အဆင်မပြေဘူး၊ တစ်နေရာရာမှာသွားစကားပြောရအောင်”
“ဟို ဘယ်နေရာသွားမှာလဲဟင်”
“ဒီနားက စကားပြောလို့ကောင်းမယ့်တစ်ဆိုင်ဆိုင်ပေါ့”

“ခနုမ်ကျင်းရောင်းတဲ့ဆိုင်များဒီနားမှာရှိမလား၊ ပြီးတော့ ပုစွန်ဆိတ်သုပ်လည်းစားချင်လို့”
“အော် အရေးထဲ ရှင်က ငတ်ကြီးကျနေသေးတယ်၊ ဟုတ်ပြီ ရှိတယ် ရှိတယ်၊ ခေါ်သွားမယ်”
မနီက ကျွန်တော့်ကိုမျက်စောင်းလှမ်းချီပြီး ဆယ်မိနစ်လောက်လမ်းလျှောက်ရတဲ့လမ်းဘေးဆိုင်လေး တစ်ဆိုင်ဆီကိုခေါ်သွားပါတယ်။ ဘန်ကောက်မြေကနေကျွန်တော်ထွက်သွားရတော့မယ်ညို။ ညိုဘန် ကောက်မြေမှာရှိနေရင် ညို့ကိုမရမကခေါ်ပြီးသွားရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဟာ ဧည့်သည်ပဲလေ။ အဲဒီတော့ အချိန်တန်ရင်အိမ်ပြန်ရမှာပေါ့။ သေချာတာကတော့ ညို့ကိုမရရအောင် ရှာပြီးမှ ပြန်မှာ။
အဲဒီတော့ မပြန်ခင် ကျွန်တော်ကြိုက်တဲ့အစားအစာလေးတော့ စားခဲ့ချင်သေးတာပေါ့။ ဆိုင်ကိုရောက် တော့်ကျွန်တော်မှာတာကိုကြည့်ပြီး မနီကမျက်လုံးတွေပြူးကုန်တယ်။ ညိုတစ် ခါပြောခဲ့ဖူးသလိုပဲ ကျွန်တော့်ကိုပြောချင်နေသလားမသိဘူး။
“ပုစွန်ဆိတ်သုပ်၊ ခနုမ်ကျင်း၊ သင်္ဘောသီးထောင်း၊ ရေဘဝဲကင် အိုး ရှင်ဖုတ်များဝင်နေတာလားဟင်”
ခနုမ်ကျင်းထဲကို ပဲပင်ပေါက်တွေ၊ သခွားသီးတွေ၊ ပင်စိမ်းတွေပစ်ထည့်နေတော့လည်း မျက်လုံးပြူးပြီး တော့ကြည့်နေလေတယ်။ ကျွန်တော်ကတော့ မနီဆီကထွက်လာမယ့်စကားသံတွေ ကိုနားထောင်ရင်း အစားအသောက်တွေကိုလှိမ့်စားနေမိတော့တယ်ညို။
“ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေလို့များလားမသိဘူးဗျာ၊ ညိုနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုခု မနီဆီက အရမ်းကြားချင်နေတယ်”
“ရှင်လာရင် ပြောပြဖို့ကိုလည်း ကျွန်မတွေးပြီးသားပါ၊ ရှင့်ကိုတတ်နိုင်သမျှကူညီပေးပါ့မယ်၊ ဒါကလည်း ညို့အတွက်ပေါ့”
“ဟုတ်ကဲ့”
“ညို့ကို ရှင်အရမ်းချစ်တယ်ဆိုတာကျွန်မယုံတယ်လေ၊ ညိုကလည်းရှင့်ကိုသိပ်ချစ်ပါတယ်၊ သိပ်ချစ် လွန်းလို့လည်းအခုလိုပြသနာတွေဖြစ်ခဲ့ရတာ ကျွန်မအသိဆုံး၊ ညို အခုလိုထွက်သွားတာကလည်းရှင့် ကိုသိပ်ချစ်လို့ပေါ့၊ ကျွန်မပြောပြမယ်ဆိုတာကလည်း ရှင်တို့ချစ်တဲ့သူနှစ်ယောက်ကိုဆုံဆည်းစေချင် လို့ပါ၊ ဟုတ်တယ် ညိုဟာရှင့်ကိုအရမ်းချစ်ခဲ့ပါတယ်”
“အခုညိုဘယ်မှာလဲဟင်၊ ကျွန်တော်အရမ်းသိချင်နေတယ်၊ ညိုဘယ်ကိုထွက်သွားတာလဲဗျာ”
ကျွန်တော့်အသံတွေတုန်ရင်အက်ကွဲနေမှာသေချာပါတယ်။
ရှေ့မှာရှိတဲ့အစားအသောက်တွေကိုမေ့သွားတယ်။ ကျွန်တော်အရမ်းခုံမင်တဲ့အစားအသောက်က ညိုနဲ့ယှဉ်လာရင် မပြောပလောက်တဲ့အသေးအမွှားတစ်ခုဖြစ်သွားခဲ့တယ်ညို။
“ကျွန်မပြောပြပါ့မယ်ရှင်၊ ဒါပေမဲ့ ကျွန်မ ရှင့်ဆီကနေကတိစကားတွေကြားချင်သေးတယ်၊ ရှင်က လည်းညိုဆီကကတိစကားတွေရခဲ့တာပဲမှလား”
အဲဒီလောက်အထိ ညိုကပြောပြထားခဲ့တယ်ဆိုမှတော့ မနီနဲ့ညိုတို့ရဲ့ခင်မင်ရင်းနှီးမှုအတိုင်းအတာက အရမ်းကိုနီးကပ်မှန်းကျွန်တော်ကောင်းကောင်းသဘောပေါက်ပါတယ်။
ဘန်ကောက်ညက ခါတိုင်းလိုပါပဲ။ စည်ကားဆူညံလို့နေတယ်။ အဲဒီလိုပါပဲ။ ကျွန်တော့်ရင်ထဲမှာလည်း ညိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအားလုံးဆူညံလောင်မြိုက်နေတယ်။ ညို့ကိုချစ်ခဲ့မိတာဟာကျွန် တော့်ရှေးရေစက်ကြောင့်ပဲလို့ယူဆပါတယ်။ ဘယ်လိုမှအဆုံးအရှုံးမခံနိုင် ဘူး။ သေချာတယ်ညို။
မနီက ကျွန်တော်မှာထားတဲ့အစားအသောက်တွေကို နည်းနည်းလေးမှမတို့မထိခဲ့ဘူး။ ကွေ့တီယို တစ် ပွဲသပ်သပ်မှာစားတယ်။ မကြိုက်ဘူးတဲ့လေ။ ကျွန်တော်မေးနေတာကို သူအစားအသောက်စားနေတုန်းမို့ထင်တယ် မဖြေဘူး။ ကျွန်တော်ပေးရမယ့်ကတိကိုလည်းမမေးသေး ဘူး။
ကွေ့တီယိုကုန်သွားတော့ ပျားလိမ္မော်ဖျော်ရည်မှာသောက်ပြီးစကားစပြောတယ်။ ပျားလိမ္မော်သီးလေး တွေကိုဖျော်စက်နဲ့ချက်ချင်းဖျော်ပေးတာမို့တော်တော်ချိုမယ်ထင်တယ်။ ထွက်လာ တဲ့စကားသံတွေကလည်းချိုမြိန်ပါစေလို့ ဆုတောင်းနေခဲ့ပါတယ်။
“ကျွန်မနဲ့ညိုက ဘန်ကောက်စရောက်ရောက်ချင်းမှာပဲဆုံတယ်၊ ဒီအလုပ်လုပ်ဖော်ပေါ့၊ ဒီအလုပ်လုပ် မယ်ဆိုပြီးလာခဲ့ကြတာမဟုတ်ဘူး၊ မထင်မှတ်ဘဲဒီအလုပ်ဆီကိုရောက်လာကြတာ၊ ဒါကိုရှင်မသိသေး ဘူး၊ ညိုလည်းပြောပြမှာမဟုတ်ဘူး၊ အဲဒါကြောင့်အကြမ်းဖျင်းပြောပြတာပါ၊ ဟုတ်တယ် ကျွန်မတို့က ပြည့်တန်ဆာအလုပ်ကိုလုပ်တယ်၊ သူများပစ္စည်းမခိုးဘူး၊ မလုယက်ဘူး၊ မတရားမယူဘူး၊ ကျွန်မတို့ဘဝနဲ့ရင်းပြီးပေးတဲ့ဝန်ဆောင်မှုနဲ့ထိုက်တန်တဲ့အခကြေးငွေကိုယူပြီးတော့အလုပ်လုပ်ကြ တယ်”
“ကျွန်တော်နားလည်ပါတယ်”
သူဘာလို့ ညို့အကြောင်းကိုတန်းမပြောတာလဲဆိုပြီး စိတ်လေနေခဲ့တယ်။ ဒါပေမဲ့ သူပြောတာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။
“ဘယ်သူကမှ ဒီအလုပ်ကိုလုပ်ချင်မှာမဟုတ်ဘူး၊ ကျွန်မတို့လို နယ်က ရိုးရိုးအအမိန်းကလေးတွေဆို ရင်ပိုပြီးတော့တောင်မလုပ်ချင်သေးတယ်၊ ဒါပေမဲ့ ပိုက်ဆံမျက်နှာတစ်ခုတည်းနဲ့ကျွန်မတို့အမှောင်ထဲ ကိုတိုးဝင်ခဲ့ကြတယ်၊ ထိုင်းနိုင်ငံမှာအလုပ်လာလုပ်ပေမယ့် ဒီလိုအလုပ်မျိုးမှာကျွန်မတို့ရဲ့ဖောက်သည် တွေဟာထိုင်းလူမျိုးမဖြစ်စေရဘူးဆိုပြီးသတ်မှတ်ထားပြီး မြန်မာ လူမျိုးအချင်းချင်းနဲ့ပဲပတ်သတ်ဖို့ ဆိုင်ရှင်ကိုတောင်းပန်ခဲ့တယ်၊ ဆိုင်ရှင်တွေထဲမှာ မြန်မာလည်းပါနေတော့ အဲဒါကိုလက်ခံမှုရခဲ့တယ်”
ဒါကိုတော့ ကျွန်တော်သိပြီးသားပါ။
“နောက်ကွယ်ကမိသားစုတွေအတွက် ကျွန်မတို့ဘဝကိုရင်းခဲ့ကြတယ်၊ တစ်နေ့တော့ ညိုနဲ့ရှင်တွေ့ခဲ့ ကြတယ်ဆိုပါတော့”
မနီက စကားကိုချုံ့လိုက်တယ်ညို။ ခရေစေ့တွင်းကျပြောဖို့အချိန်ကိုငဲ့တာလား၊ မပြောချင်တော့တာ လားမသိတော့ပါဘူး။ မိသားစုကိစ္စ၊ အိမ်တွင်းအခက်အခဲတွေကိုမပြောပြချင်တာလည်းနေမှာပါ။
“ရှင့်ကို ညို သိပ်ချစ်ခဲ့တယ်”
သိပေမယ့် ဒီစကားကြားလိုက်ရတော့ ရင်ထဲမှာလှိုက်ခနဲဖြစ်သွားခဲ့တယ်ညို။
ကျွန်တော့်ကိုညိုချစ်တယ်။ ဟုတ်တယ်။ ဒါကိုကျွန်တော်လည်းသိတယ်၊ ဒါနဲ့များကျွန်တော်သတိလစ် နေတဲ့အချိန်အတွင်းမှာဘာလို့ထွက်သွားခဲ့တာလဲ။ ကျွန်တော့်ဒေါသကို ပြေလျော့သွားတဲ့အထိဘာလို့မစောင့်ခဲ့တာလဲ ဆိုတဲ့အဖြေပေါ်လာပြန်တယ်။
“သိပ်ချစ်လွန်းလို့ ရှင့်ကိုညိုရှောင်ဖို့ကြိုးစားခဲ့တယ်၊ သံယောဇဉ်အမြင်မတွယ်ခင်ကတည်းကရှင့်ကို ရှောင်ဖို့ကြိုးစားခဲ့တယ်၊ ဘာလို့လည်းဆိုတော့ရှင်သိ မှာပါ၊ ညိုလိုမိန်းကလေးတစ်ယောက်နဲ့ရှင်နဲ့မပတ်သက်သင့်ဘူး၊ ရှင်ကပုံမှန်ယောင်္ကျားတွေထက်အရမ်း ကိုဖြူစင်လွန်းတယ်လို့ ညိုကသတ်မှတ်ခဲ့တယ်လေ”
သံယောဇဉ်ဆိုတာမတွယ်မိတာအကောင်းဆုံးပဲတဲ့။ ဟုတ်မှာပါလေ။ ညိုက အဲဒါကိုယုံပြီးကျွန်တော့် ကိုရှောင်ဖို့အရင်ကတည်းကကြိုးစားခဲ့တာမဟုတ်လား။ ဒါပေမဲ့ ကျွန်တော်ကတော့ သံယောဇဉ်တိုးချင် လွန်းလို့ ညို့ကိုချည်းကပ်ခဲ့တယ်။
မရမကချည်းကပ်ခဲ့တယ်လေ။ ကျွန်တော်ကအရင်တုန်းက ညို့ကိုတစ်စက်ကလေးမှကြည့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ညိုကတော့ ကျွန်တော့်ကိုအရင်ကတည်းက သဘောကျနှစ်သက်နေခဲ့တာလား။ ကျုံထော်မှာကတည်းက မြင်မြင်ချင်းစိတ်ဝင်စားနေခဲ့တာများလား။
“ကျွန်မတို့လိုလူတွေက ပုံမှန်မိန်းကလေးတွေနဲ့ယှဉ်ရင်တစ်ဆင့်နိမ့်တယ်လို့အလိုလိုသတ်မှတ်ထား တတ်ကြတယ်၊ ယောင်္ကျားတစ်ယောက်ကချည်းကပ်လာရင်လည်း အတည်တကျဆိုတဲ့စကားကိုမျှော် လင့်ရုံကလွဲပြီးမတွေးရဲပါဘူး၊ ညိုကလည်းဒီလိုပဲပေါ့၊ ရှင့်ကိုချစ်ရုံကလွဲပြီးပိုင်ဆိုင်ဖို့ဆိုတာမတွေးရဲတဲ့ ကိစ္စပဲလေ၊ ဘန်ကောက်မှာမထင်မှတ်ပဲတွေ့တယ်၊ ကံကြမ္မာက ဆုံတွေ့ဖို့အကြောင်းဖန်လာတယ်၊ အဲ ဒီနောက် အဖြစ်အပျက်တွေဖြစ်ခဲ့ကြတယ်”
မနီက ကျွန်တော်တို့ရဲ့လက်ရှိအခြေအနေအထိစကားကိုဆွဲခေါ်လာခဲ့တယ်။
“ညို အစတုန်းက ရှင့်အချစ်ကိုမခံယူဝံ့လို့ရှောင်လွဲဖို့ကြိုးစားခဲ့တာတော့ရှိတယ်၊ ဒါပေမဲ့ နောက်ပိုင်း တော့ ရှင့်ရဲ့စကားကြောတွေမှာမျှောသွားခဲ့တယ်လို့ဆိုရမယ်၊ ဒီအလုပ်ကိုအပြီးအ ပိုင်ထွက်သွားခဲ့ပြီး ရှင့်ဘေးမှာတစ်သက်လုံးနေဖို့ဆုံးဖြတ်ခဲ့တယ်၊ အိမ်ရှင်မကောင်းဖြစ်အောင်ကြိုးစား ဖို့ဆုံးဖြတ်ခဲ့တယ်”
“ဒါနဲ့များ”
ကျွန်တော် စကားပြောလောသွားတယ်များဖြစ်မလားဆိုပြီး ဆက်မပြောတော့ပါဘူး။ မနီက ဘေးဝိုင်း ကတစ်စုံတစ်ယောက်ကို ခဏကြည့်လိုက်ပြီး အအေးသောက်နေပြန်တယ်။ ဒီတစ်ခါတော့ ကျွန်တော် စိတ်မရှည်တော့ဘူး။ စားစရာတွေကိုလည်းအရသာမခံဘဲစားချင်ယောင်ဆောင်မနေတော့ပါဘူး။
“ကျွန်တော့်ကို ညိုဘယ်ကိုထွက်သွားသလဲဆိုတာပဲ ပြောပါဗျာ၊ အရမ်းစိတ်ပူတယ်၊ ဒီရက်ပိုင်းတွေမှာ ကျွန်တော်ဘယ်လောက်ပူလောင်ခဲ့ရသလဲဆိုတာ အစ်မတွေးကြည့်ရင်သိနိုင်ပါတယ်”
“အင်းပါ၊ မလောပါနဲ့ရှင်၊ ညို ရှိတဲ့နေရာကိုကျွန်မပြောပြပါ့မယ်၊ ဒါပေမဲ့ ရှင် ညို့ကိုသံသယကင်း အောင်၊ လိပ်ပြာသန့်အောင် ကျွန်မစကားတွေနားထောင်မှဖြစ်မယ်”
“ဟုတ်ပါတယ်၊ ကျွန်တော်လက်ခံပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ညို့ကိုကျွန်တော်လက်လွတ်ဆုံးရှုံးမခံပါ ဘူးဗျာ”
“အဲဒါဆို ရှင်ညို့ကိုရာသက်ပန်ပေါင်းသင်းပါ့မယ်လို့ကတိပေးမလား၊ ကျွန်မလိုချင်တဲ့ ရှင့်ဆီကကတိဆိုတာအဲဒါပဲ”
“အဲဒီကတိက ကျွန်တော့်အတွက်အရမ်းလွယ်ကူပေမယ့် လေးလေးနက်နက်ပေးပါတယ်ဗျာ၊ ညိုဘယ် မှာလဲ”
“ ညိုဘယ်မှာလဲ ဆိုတာထက် ညိုဘာကြောင့်အဲဒီလိုထွက်သွားခဲ့ရတာလဲဆိုတဲ့အကြောင်းရင်းကိုရှင် သေချာသိဖို့လိုတယ်လို့ကျွန်မ ထင်တယ်”
ဟုတ်သားပဲ။ အကြောင်းပြချက်ခိုင်ခိုင်မာမာတော့ရှိမှာပေါ့။ ကျွန်တော်စိတ်ဝင်စားသွားတယ်။
“ဟုတ်တယ်၊ အဲဒါလည်း ကျွန်တော်သိချင်တယ် မနီ”
“ရှင် ဘေးဝိုင်းကိုတစ်ချက်ကြည့်လိုက်ပါ၊ ယောင်္ကျားလေးနှစ်ယောက်ထိုင်နေတယ်၊ အင်္ကျီအနက်နဲ့ ဆံပင်ထောင်ထောင်နဲ့ကောင်လေးကိုကြည့်လိုက် ရှင်သိလားလို့”
ကျွန်တော်လှမ်းကြည့်လိုက်ပါတယ်။ အမျိုးသားနှစ်ယောက်ထိုင်နေလေရဲ့။ ကျွန်တော်တို့နဲ့ရွယ်တူ လောက်ပဲရှိမယ်။ မနီညွှန်တဲ့တစ်ယောက်ကိုသေချာကြည့်လိုက်တယ်။ ခေါင်းငုံ့ နေတာမို့ သဲသဲကွဲကွဲမမြင်ရဘူး။ သူခေါင်း မော့တဲ့အချိန်ကိုစောင့်နေလိုက်တယ်။ မြင်ဖူးသလိုလိုတော့ရှိသား။
“ဟာ”
ကျွန်တော်မှတ်မိပြီ။ ဒါ ညိုနဲ့အခန်းမှာတူတူတွေ့ရတဲ့ကောင်။ ကျွန်တော်တို့နောက်ဆုံးပြသနာတက် တဲ့နေ့ကကောင်။ အောင်သက်ပိုင်နဲ့ကျွန်တော်အခန်းထဲကိုဝင်လာတုန်းမိတဲ့ကောင်ပဲ။ သူ့ကိုမှတ်မိနေ ရင်းကနေ ဆတ်ခနဲထလိုက်ပါတယ်။ ဒေါသကလည်းရိပ်ခနဲထွက်သွားတာမို့ ကိုယ့်ကိုယ်ကိုယ်မထိန်း ချုပ်နိုင်လိုက်ဘူး။
“ဟေ့ကောင်၊ မင်း”
မြန်မာလိုအသံကျယ်နဲ့လှမ်းခေါ်လိုက်တော့ သူကျွန်တော့်ကိုကြည့်တယ်။ ချက်ချင်းထွက်ပြေး ဖို့ပြင်တယ်။ သူက ကျွန်တော့်ကိုမြင်ပြီးသားနေမှာ။ မနီက ဘာမှမဖြစ်ဘူးဆိုတဲ့သဘောနဲ့သူ့ကိုလက် ကာပြလိုက်တယ်။
“ရှင် အဲလိုမလုပ်ရဘူးလေ၊ ထိုင်ပါ၊ သူ့ကိုပြသနာမရှာပါနဲ့”
“အဲဒီကောင်က…”
“ကျွန်မသိပါတယ်၊ သိလို့တမင်ပြတာ၊ ညိုဘာလို့ထွက်သွားရသလဲဆိုတာ ကျွန်မပြောပြမယ် လာပါ၊ လိမ္မော်သီးဖျော်ရည်မှာပေးမယ်၊ ဒီမှာစားစရာတွေစားပြီးအေးဆေးနားထောင်ပါ၊ ခဏနေရင်ရှင်းသွား လိမ့်မယ်၊ ဟုတ်ပြီလား”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။