(၁၁)
ညိုရောက်လာရမယ့်ညမှာရောက်မလာခဲ့ဘူး။ ဒါဟာကျွန်တော့်ကိုစိန်ခေါ်လိုက်တာလားလို့ထင်မိပေ မယ့် ညို့ကိုတိုင်လားတန်းလာလုပ်ဖို့ကျွန်တော်အစီအစဉ်မရှိပါဘူး။ အပြောပဲရှိတာ၊ တကယ်တန်း လက်တွေ့မှာ ဘယ်ကနေဘယ်လိုလုပ်ရမှန်းလဲမသိပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာနည်းနည်းတော့တင်းမိ တာအမှန်ပဲညို။ ညို့အတွက်ကျွန်တော်တတ်နိုင်သမျှစီစဉ်ပေးတာဘာလို့လက်မခံရတာလဲဆိုပြီး စိတ် ထဲမကောင်းဘူး။
တကယ်တော့ ကျွန်တော်ဟာညို့အနာဂတ်ကိုအကောင်အထည်ပေါ်အောင်ထောက်ပံ့ပေးချင်တဲ့သူ တစ်ယောက်ပါညို။
(၃) ညို့အနာဂတ်ကဘာလဲ။
“ဘဝမှာအများကြီးမမျှော်မှန်းပါဘူး၊ တစ်ပိုင်တစ်နိုင်စီးပွားရေးနဲ့ ရွှေဂွန်းမှာအခြေတကျနေထိုင်နိုင်ရင် တော်ပါပြီ၊ မွေးရပ်မြေနဲ့မိုင်တွေအများကြီးခြားနေတဲ့ဟောဒီနေရာက ညတွေကိုမဖြတ်သန်းချင်တော့ ပါဘူး”
ဒီအလုပ်ကိုမလုပ်ချင်ဘဲလုပ်နေရတယ်ဆိုတာညို့စကားတွေကသက်သေပြနေပေမယ့် ကျွန်တော့်အစီ အစဉ်ကိုညိုလက်မခံဘူး။ ဗွီဒီယိုအယ်ဒီတာတစ်ယောက်ရဲ့ အလုပ်ကရတဲ့ဝင်ငွေဟာ အရမ်းကြီးမ ကောင်းပေမယ့် မနည်းပါဘူး။ ညိုဝါသနာပါခဲ့တဲ့ဒီအလုပ်ကိုတစ်ဖက်လုပ်၊ အခြားတစ်ဖက်မှာညိုလုပ် နေကျ ဧည့်လမ်းညွှန်အလုပ်ကိုလုပ်ရင်ဘာလို့မဖြစ်နိုင်ရမှာလဲ။
“အခုရိုက်ထားတဲ့အခန်းကို သုံးစက္ကန့်လောက်ပဲပြမယ်နော် မင်းပိုင်ဇေ၊ အနီးကပ်မြင်ကွင်းကိုတစ်ချက်၊ အဝေးမြင်ကွင်းကိုတစ်ချက်ပြရုံပဲ”
ရိုက်ကွင်းမှာ Editing လုပ်ရင်တော့ညဖက်အေးအေးဆေးဆေးလုပ်တာထက်ခေါင်းစားရတယ်ညို။ တကယ်တော့ ဗွီဒီယိုအယ်ဒီတာကဘယ်နေရာမှာဘယ်လိုဖြတ်ရမယ်ဆိုတာ တစ်ခန်းချင်းအလိုက်စ နစ်တကျအသေးစိတ်ရေးထားတဲ့အညွှန်းရှိပြီးသား။ အဲဒါကိုဖြတ်ရင်ရပြီ။ ဒါပေမဲ့ ဒါရိုက်တာကမကျေ နပ်နိုင်ဘူး။ ကွန်ပျုတာဘေးနားမှာနေပြီးတစ်တွတ်တွတ်လုပ်တာလောက်အာရုံနောက်ရတာမရှိဘူး။
ဒီနေ့ရိုက်ကွင်းကမြဘုရားနဲ့ထိုင်းဘုရင်နန်းဘေးနားတစ်ဝိုက်။ အပိုင်း(၂) လောက်မှာထားမယ့်အခန်းနဲ့ ဇာတ်သိမ်းခါနီးမှာထားမယ့်အခန်းကိုတစ်ခါတည်းရိုက်သွားရမှာမို့ ပုံစံနှစ်မျိုးကွဲအောင်အာရုံစိုက်နေကြ တယ်။ တည်းဖြတ်သမားကကျွန်တော်တစ်ယောက်တည်းရှိတာမို့ အလုပ်ရှုပ်တယ်လို့ဆိုရမယ်။ သူတို့ ရိုက်နေတုန်းမှာကျွန်တော်ကကြည့်တဲ့အခါကြည့်၊ ရိုက်တဲ့အခန်းပြီးတာနဲ့ရိုက်ညွှန်းအတိုင်းတည်းဖြတ် တာကိုချက်ချင်းလုပ်။ အလျင်မီရင်တော့ ရိုက်ကွင်းပြန်ကြည့်၊ မမီရင်တော့ နောက်အခန်းကိုဆက် တိုက်ဖြတ်ပေးရတာ။ ဒါတောင် ဆရာဒါရိုက်တာက ကျွန်တော့်တစ်ယောက်တည်းမို့အားမရချင်ဘူး။
တကယ်ဆို မြန်မာနိုင်ငံမှာတုန်းက ကျွန်တော်တို့ဒီအလုပ်ကိုသုံးယောက်လောက်လုပ်ကြတာ။ နိုင်ငံ ခြားမှာဆိုတော့ လုပ်သားအင်အားရော၊ ငွေအင်အားရောတတ်နိုင်သမျှစားရိတ်ကိုလျှော့ချစိစစ်နေရ မှန်းကိုယ်ချင်းစာပါတယ်လေ။
“ဒါနဲ့ လက်ထောက်တစ်ယောက်လောက်ရှာခိုင်းထားတာမရသေးဘူးညီလေးရေ၊ အစ်ကိုတို့လည်း လက်လှမ်းမီသမျှရှာနေတာပဲ၊ အစ်ကိုဟိုတစ်ခါပြောသလိုပဲ ညီလေးလည်းတတ်နိုင်သမျှ ဒီကအသိ မိတ်ဆွေတွေရှိရင်ရှာပေးပါဦး၊ သူမရှိရင် အလုပ်များလာတော့ညီလေးပင်ပန်းတာပေါ့”
အစတုန်းကတော့ ကျွန်တော်ညို့ကိုအဲဒီနေရာမှာစိတ်ကူးယဉ်ထားတာပါ။
“ဟုတ် ကျွန်တော်လည်းရှာနေပါတယ်”
“အော် ဒါနဲ့ မနက်ကညီလေးအသိတစ်ယောက်အစ်ကို့ဖုန်းကိုဆက်တယ်၊ ဒီနေ့ရိုက်ကွင်းဘယ်မှာလဲလို့ မေးတာ၊ ထိုင်းရောက်မြန်မာလုပ်သားတွေ မြန်မာရိုက်ကွင်းကိုကြည့်ချင်လို့နဲ့တူပါတယ်ကွာ”
ကျွန်တော့်အသိ။ အဲဒီလိုဆက်မယ့်သူမရှိလောက်ပါဘူး။ နေအောင်မင်းကလည်းအားတာမှမဟုတ် တာ။ မဖြစ်နိုင်ဘူး။
“ဘယ်သူတဲ့လဲ အစ်ကို”
“နာမည်ပြောမသွားဘူး၊ မိန်းကလေးတစ်ယောက်ပဲ”
ညို။ ညိုများဖြစ်နေမလားဆိုပြီးတွေးမိသေးတယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလေလို့ပဲဖြေသိမ့်လိုက်ပါ တယ်။
“အင်း၊ သန်ဖက်ခါအမီဗွီဒီယိုအယ်ဒီတာအကူတစ်ယောက်လောက်ရရင်ကောင်းမယ်၊ ပတ္တရားကိုသွား ရိုက်ရမယ့်ရက်အမီပေါ့၊ ဟိုမှာနှစ်ညတည်းနဲ့ကတ်တွေအားလုံးရိုက်ဖို့ဆုံးဖြတ်ထားတယ်၊ Editing ဖြတ် တာက အေးအေးဆေးဆေးပြန်လာမှဖြတ်လို့ရတယ်ဆိုပေမယ့် ရိုက်ကွင်းမှာ တစ်ခါတည်း ပြီးသွားချင် တာ”
ညိုနဲ့ပူးပေါင်းပြီး အလုပ်လုပ်ချင်ခဲ့တာ။ ကျွန်တော်ဟာ တကယ်ပဲ ညိုနဲ့ရေစက်ကုန်သွားခဲ့ပြီလား။ ဘန် ကောက်ကို အပြုံးတွေနဲ့ပြည့်နှက်နေတဲ့မြို့တော်ဆိုပြီး သူတို့ကတင်စားကြတယ်။ အပြုံးမြို့တော်ကို ခဏတာအလုပ်လာလုပ်တဲ့ ရွှေမြန်မာကျွန်တော်ကတော့ မပြုံးနိုင်မရယ်နိုင်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ ကံ ကြမ္မာက ကျွန်တော့်ကိုမျက်နှာသာပေးခဲ့ပြန်ပါတယ်။
ရိုက်ကွင်းခဏနားတုန်း အားလပ်ချိန်မှာ ညိုရောက်လာခဲ့တယ်။ တကယ်ကိုလုံးဝထင်မှတ်မထားခဲ့ပါ ဘူးလေ။ တန်းတန်းမတ်မတ်ပါပဲ။ ညိုက ကျွန်တော့်နာမည်ကိုပြောပြီးလာခဲ့တာ။
“မင်းပိုင်ဇေနဲ့တွေ့ချင်လို့ပါ” တဲ့လေ။ ကျွန်တော့်ဧည့်သည်မိန်းကလေးတစ်ယောက်ရောက်နေတယ်ဆို တော့ ရင်ထဲတော့ ထိတ်ခနဲဖြစ်သွားတာပေါ့။
“ညို”
ညို့ပုံစံက ပုံမှန်အတိုင်းပါပဲ။ သွက်သွက်လက်လက်နဲ့အားလုံးကိုလိုက်ကြည့် ပြုံးပြနေတယ်။ ကျွန် တော်ရှိရာဆီကို မျက်နှာမူပြီးစကားတစ်ခွန်းပြောလိုက်သေးတယ်။ အဲဒီစကားက ကျွန်တော်အမျှော် လင့်ဆုံးစကားပါပဲ။
“ကျွန်မ အလုပ်ဘယ်နေ့ဆင်းရမလဲဟင်” တဲ့။
ဝမ်းသာလိုက်တာညိုရယ်။ ဘယ်ပြောကောင်းမလဲ။ ဒါရိုက်တာကိုချက်ချင်းသွားပြောတော့တာပေါ့။ ဟိုကလည်း ဝမ်းသာအားရလက်ခံပြီး လစာကိစ္စဘာညာသွားပြောတာပေါ့။ အဲဒီနေ့ကညို ကျွန်တော့် ကို မုန့်လိုက်ကျွေးတယ်လေ။ မှတ်မိတယ်မလား။
Central World ဘေးနားတစ်ဝိုက်လူအစည်ကားဆုံးအချိန်၊ လမ်းဘေးဆိုင်တွေရဲ့ရောင်းအားအ ကောင်းဆုံးအချိန်ညနေပိုင်းကာလပေါ့ညို။ ကျွန်တော့်ကိုဘာကြိုက်လဲ ဘာစားမလဲမေးလို့ ကျွန်တော် ဖြေတော့ ညိုတော်တော်အံသြသွားတယ်။
“ခနုံကျင်း၊ သင်္ဘောသီးထောင်း၊ ပုဇွန်ဆိတ်သုပ်”
ရှင်မိန်းကလေးနဲ့မှားမွေးလာတာလား မင်းပိုင်ဇေ လို့ ညိုကကျွန်တော့်ကိုမှတ်ချက်ပြုခဲ့တယ်။ ကျွန် တော်ကြိုက်တဲ့အစားအစာက မိန်းကလေးတော်တော်များများစားတဲ့အစားအစာတဲ့။ ဒါပေမဲ့ ကျွန် တော်ကတော့ အဲလိုမထင်ပါဘူးဗျာ။ ရိုးရာအစားအစာဆိုတာ စားကောင်းပါတယ်။ သူတို့နိုင်ငံရောက် တုန်း သူတို့ရိုးရာအစားအစာစားတာ ဘာဆန်းလို့လဲ။
ခနုံကျင်းလို့ခေါ်တဲ့ ထိုင်းမုန့်ဟင်းခါးက မြန်မာနိုင်ငံရဲ့မုန့်ဟင်းခါးကိုလွမ်းလို့အလွမ်းပြေစားတာပါ။ Central World တစ်ဝိုက် လမ်းဘေးဆိုင်လေးမှာ ညို ကျွန်တော့်ကိုမုန့်ကျွေးခဲ့တယ်။ ထိုင်းမုန့်ဟင်းခါး ထဲ ကြက်ခြေတောက်သုံးချောင်းလောက်ထည့်ထားပြီး ပဲပင်ပေါက်၊ ဂေါ်ဖီ၊ သခွားသီး၊ ပင်စိမ်းရွက်တွေ ကို ကြိုက်သလောက်ထည့်စားရတာမို့ မော်လမြိုင်မုန့်ဟင်းခါးကိုတောင် သတိရလိုက်သေးတယ်။
“အဲ အမှိုက်ပုံကို ရှင်မို့ကြိုက်တယ်၊ ကျွန်မတော့ တစ်ခါမှ မစားပေါင်”
ကျွန်တော့်ပန်းကန်က အရွက်တွေအစုံထည့်ပြီးအပေါ်က ပင်စိမ်းရွက်တွေအုပ်ထားတာမို့ အမှိုက်ပုံနဲ့ တူနေတယ်။ ခနုံကျင်းတစ်ပွဲတည်းနဲ့ မပြီးသေးဘူးညို။ ညို့အတွက်ကတော့ သင်္ဘောသီးထောင်းမှာပေးပြီး ကျွန်တော်ကတော့ ပုဇွန်ဆိတ်သုပ်ထပ်စားတယ်။ ပုဇွန်အကောင်သေးသေးလေးတွေ ကို အစိမ်း အစပ်သုပ်ထားတာ မို့ စားလိုက်ရင် ပုဇွန်ဆိတ်လေးတွေက လျှာပေါ်ခုန်ဆွခုန်ဆွဖြစ်လို့နေ တယ်။ ညိုကတော့ မစားရဲလို့မစားဘူး။ စားတဲ့ကျွန်တော့်ကိုလည်းအပြစ်တင်တယ်။ သူတစ်ပါးအ သက် မသနားဘူးလားတဲ့။ ကြိုက်တဲ့အစားအစာမို့ ညိုပြောတာကို ရယ်ကျဲကျဲပဲလုပ်နေလိုက်တယ်။
“ဒါရိုက်တာ ဖုန်းနံပါတ် ဘယ်ကရသလဲ”
မေးသာမေးလိုက်ရတယ်။ အဖြေက ကျွန်တော်ရိပ်မိပြီးသား။
“ကျွန်မ အလုပ်ထွက်ဖို့ စားသောက်ဆိုင်ကိုပြောခဲ့တယ်”
သေချာပြီပေါ့။ ဒါဆိုင်ကရတာကလွဲရင်ဘာရှိဦးမှာလဲ။ ကျွန်တော်သေသေချာချာတော့မမေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်လိုချင်တာက ညို အဲဒီလောကကိုအပြီးပိုင်စွန့်လွှတ်ဖို့ပါပဲ။
“ညို”
ကျွန်တော်ညို့ကိုအသေအချာကြည့်နေခဲ့တယ်။
“အင်း”
ညိုကတော့ မုန့်စားမပျက်။ ကျွန်တော့်ကိုတောင်မကြည့်။
“ညို အဲဒီအလုပ်ကနေအပြီးအပိုင်ထွက်လိုက်တာလား”
“အင်း”
“ကျွန်တော့်ကို အဲဒီလောကဆီကိုညိုဘယ်တော့မှပြန်မသွားဘူးလို့ကတိပေးပါလားဟင်”
ဒီတော့မှ ညိုကျွန်တော့်ကိုသေချာကြည့်တယ်။ အလေးအနက်ထားပေးပါညို။ ကျွန်တော် ညို့ကို အဲဒီ ဘဝကြီးဆီကို ဘယ်လိုမှပြန်မသွားစေချင်လို့ပါ။ ကျွန်တော့်မျက်ဝန်းတွေထဲက လေးနက်မှုတွေကို ညိုမြင်သွားတယ်ထင်ပါရဲ့။ ခေါင်းညိတ်ပြတယ်။ မင်းပိုင်ဇေပဲ။ ဘယ်ရမလဲ။
“ညို့ နှုတ်ခမ်းကပြောတဲ့အသံကိုနားထောင်ချင်တယ်”
“ကဲပါရှင်၊ ကျွန်မ ဘယ်တော့မှမသွားတော့ဘူး ဟုတ်ပြီလား”
ကျွန်တော် ဝမ်းသာသွားတာပေါ့။ ဒါပေမဲ့ ရင်ဘတ်ထဲမှာတော့ တစ်ခုခုကိုစိုးရိမ်နေသလိုခံစားရတယ်။ ညို့ကိုစိတ်မချတာလားမပြောတတ်ဘူး။ အရာရာသံသယထားတတ်တဲ့ ကျွန်တော့်စိတ်ကြောင့်ပဲဖြစ် မှာပါလေလို့ပြန်နှစ်သိမ့်လိုက်ပါတယ်။
အဲဒီညက ကျွန်တော်အရမ်းပျော်ခဲ့တယ်ညို။ တကယ်ပါ။ ဘဝမှာ အမှတ်တရအဖြစ်ဆုံးညတစ်ညထဲ မှာပါဝင်ခဲ့တာပါ။
“ညို ဘယ်မှာနေတာလဲ ကျွန်တော်သိလို့ရမလား”
“ဘယ်မှာမှမနေပါဘူး”
“ဘယ်လို”
“ဆိုင်ရဲ့အဆက်အသွယ်နဲ့အဆောင်နေခွင့်ရတယ်လေ၊ အဲဒီဆိုင်မှာ အချိန်ပိုင်းပဲဖြစ်ဖြစ် အမြဲတမ်း ပဲဖြစ်ဖြစ် ဖောက်သည်ပုံမှန်ရှာပေးနိုင်ရင် အဆောင်နေခွင့်ရတယ်၊ အခု ကျွန်မကဆိုင်ကနေအလုပ် ထွက်လိုက်တော့ ဒီနေ့လမ်းဘေးပဲအိပ်ရတော့မယ်”
“ဟားဟား”
ကျွန်တော် ဟက်ဟက်ပက်ပက်ရယ်လိုက်တယ်။ ဘာအရေးလဲ။ ကျွန်တော့်အခန်းရှိနေတာပဲ။
“ကျွန်တော့်အခန်းက ညို့ကို ကြိုဆိုနေမှာပါ”
အဲဒီနေ့ကစပြီး ညိုဟာ ကျွန်တော့်လက်ထောက်၊ ကျွန်တော်နဲ့အတူတူနေတဲ့အခန်းဖော်ဖြစ်ခဲ့တယ်။ ဇာတ်လမ်းတွဲတွေ၊ ဗွီဒီယိုကားတွေမှာ အခန်းတစ်ခန်းနဲ့တစ်ခန်းအကူးအပြောင်းကို ကိုယ့်လက်နဲ့ဖန် တီးပေမယ့် ပရိတ်သတ်မသိ၊ စိတ်မဝင်စားတဲ့ တည်းဖြစ်သူဘဝကို ကျေနပ်ဖော်ရခဲ့တယ်။
ညို့မိသားစု၊ ညို့ရပ်တည်မှုတွေကိုကျွန်တော်ခရေစေ့တွင်းကျလေ့လာဖို့မစဉ်းစားခင်မှာ ညို့မှာရှိတဲ့ ပင်ကိုယ်အသိစိတ်ဓါတ်လေးတွေကို လုံးဝရုတ်ချည်း ပြောင်းလဲသွားအောင်၊ အတိတ်ကိုမေ့ပျောက် နိုင်အောင် ကြိုးစားဖို့စိတ်အားထက်သန်နေတယ်။ ဟုတ်တယ်လေ၊ ညို့မိသားစုကိစ္စတွေက နောက် ထပ်လုပ်ရမယ့်အရာတွေလို့ သတ်မှတ်ထားတာကိုး။
သေချာတာကတော့ အဲဒီရက်ပိုင်းလေးပဲ ကျွန်တော် သာယာခွင့်ရခဲ့တာပါ။ ကျွန်တော်မရရအောင် ဖန်တီးလုပ်ယူခဲ့တဲ့အရာတစ်ခု လက်ဝယ်ပိုင်ဆိုင်ခွင့်ရတုန်းပျော်ရွှင်မိခဲ့တယ်။ အဲဒီပျော်ရွှင်မှုက တကယ့်ကိုခဏလေးဆိုတာ ကြိုသိခဲ့မယ်ဆိုရင်တော့ ဆွဲဆန့်ခွင့်ရနိုင်သည်ထက်ရအောင်ကြိုးစားမိ မှာပါလေ။ ဒါပေမဲ့ ညို။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx