မပြိုဘဲနဲ့ ညို အပိုင်း (၁၆)

(၁၆)
ကျွန်တော့်ရဲ့ Mac Book ကိုတော့ပြန်ရလိုက်ပါတယ်။ ဒါပေမဲ့တစ်ခြားပိုက်ဆံတွေကတော့ညို့အဒေါ် ဝမ်းကွဲလင်မယားကိုပေးပြီးသားမို့ပြန်မတောင်းတော့ပါဘူး။
“အဖမ်းအဆီးတွေများနေတာရယ်၊ ပွဲစားတွေကိုပေးရတာရယ်၊ ဟိုအကြွေးဒီအကြွေးတွေများတာရယ် ကြောင့်ဒုက္ခရောက်နေတာ၊ ညို့ကိုဘန်ကောက်ကိုလာဖို့သူတို့ အကူညီပေးခဲ့တဲ့အတွက်ကျေးဇူးရှိတယ်၊ အဲဒါကြောင့် ကြံမိကြံရာ လုပ်လိုက်မိတာပါ” ဆိုပြီး ညိုရှင်းပြ ပေမယ့် ကျွန်တော်ဂရုမစိုက်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့အတူ ညိုပါလာခဲ့ပြီ လေ။ ကျွန်တော့်အတွက် ညိုကအရေးကြီးဆုံးပဲမှလား။
အဲဒီရက်ပိုင်းတွေက ကျွန်တော်တို့နှစ်ယောက်ဘဝအတွက် ပျော်ရွှင်စရာအကောင်းဆုံးနေ့ရက်တွေပါ ပဲ။ ညို့ဆီက ကျွန်တော်မရရှိခဲ့တဲ့အရင်ကထက်ပိုတဲ့ကြင်နာမှုတွေကိုလည်းရခဲ့တယ်။
မနက်မိုးလင်းရင် ညို့အနမ်းနဲ့ကျွန်တော်နိုးတယ်။
ညိုထည့်ပေးတဲ့သွားတိုက်ဆေးနဲ့သွားတိုက်ရတယ်။ ရေမိုးချိုးပြီး တဲ့နောက် အိမ်ရှင်မတစ်ယောက်လိုပြင်ဆင်ပေးတဲ့ ညို့လက်ရာမနက်စာကိုမြိန်ရေယှက်ရေစားခွင့်ရတယ်။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်အလုပ်တူတူသွားကြတယ်လေ။ တက်တက်ကြွကြွပါပဲ။ ရိုက်ကွင်းမှာ လာသမျှအပိုင်းအစတွေကို နှစ်ယောက်သားတက်ညီလက်ညီဖြတ်၊ အလုပ်အကြွေးမရှိ ဘဲနဲ့ ပြန်လာနိုင်ကြတယ်။
“တကယ်တော့ ရုပ်သံတည်းဖြတ်သမားတစ်ယောက်ရဲ့ဘဝဟာ ဥယျာဉ်မှူးဘဝလိုပါပဲ၊ ကိုယ်ကသေချာတည်းဖြတ်လိုက်တဲ့ရုပ်သံဇာတ်လမ်းကိုပရိတ်သတ်ကိုချပြ၊ ပရိတ်သတ်ကအသိအမှတ်ပြုလက်ခံပေမဲ့ နောက်ကွယ်ကတည်းဖြတ်သူကိုတော့ အရေးတယူလုပ်ပြီး မေးကြသိကြတာမရှိပါဘူး”

“ဟုတ်တယ်နော်၊ ကိုယ်ကဘယ်အခန်းမှာဘယ်လိုလေးဖြတ်လိုက်တယ်၊ ဘယ်လို effect လေး တွေထည့်လိုက်တယ်ဆိုတာကိုဘယ်နှစ်ယောက်များအရေးတယူလုပ်ပြီးကြည့်ဖူးသလဲ၊ ဇာတ်လမ်းအပြီးမှာ တည်းဖြတ်သူဘယ်သူပါဆိုတဲ့နာမည်ထိုးရင်တောင်ကြည့်တဲ့ဖတ်တဲ့သူမရှိသလောက်ပါပဲ”
“ကိုယ်ကိုယ်တိုင်ရယ်၊ ကိုယ့်မိသားစုအသိမိတ်ဆွေတွေရယ်တော့ သိရင်ကြည့်ဖြစ်ပါတယ်”
နှစ်ယောက်သားရယ်ဖြစ်ကြတယ်ညို။ အမှန်တော့ တည်းဖြတ်အလုပ်ကိုခုံမင်တာဟာ နာမည်ကြီးချင် လို့မဟုတ်ပါဘူး။ ဇာတ်လမ်းတွေရဲ့အလှည့်အပြောင်းကို ကိုယ့်လက်နဲ့ပါဝင်ဖန်တီးပြီးလှည့်ပြောင်းပေးချင်တဲ့သဘောပါညို။
ကျွန်တော်ဝါသနာပါတဲ့အလုပ်ရယ်၊ ကျွန်တော်ချစ်ရတဲ့ညိုရယ် ဘေးနားမှာရှိခွင့်ရပြီဆိုမှတော့ မင်းပိုင် ဇေလောက်ကံကောင်းတဲ့သူ ဒီကမ္ဘာမှာဘယ်သူတွေရှိဦးမလဲ။
“ဒီအလုပ်က မကြာခင်အပြီးသတ်တော့မယ်ညို၊ ဇာတ်သိမ်းပိုင်းနောက်တစ်ရက်နှစ်ရက်ဆိုစရိုက်တော့ မယ်၊ ကျွန်တော်တို့ရန်ကုန်ကိုပြန်ရတော့မယ်၊ ဒီတော့ ညိုပါလိုက်ခဲ့ရမယ်၊ အလုပ်အခန်းမှာဖြစ်ဖြစ်၊ မိန်းကလေးသူငယ်ချင်းတစ်ယောက်ယောက်ဆီမှာဖြစ်ဖြစ် ညိုခဏနေ၊ အဲဒီအချိန်မှာ ကျွန်တော်က အိမ်ကိုပြော ပြီးလက်ထပ်ကြမယ်”
“ကျွန်မကို ဘယ်မိဘက သဘောတူမှာလဲ”
ညို့ဆီမှာအဲလိုသိမ်ငယ်စိတ်တွေဝင်နေတတ်တယ်။ ဒါကိုသိတဲ့ကျွန်တော်ကအကြင်နာတွေပိုလို့တိုး နေမိတော့တာပေါ့။
“အဲလိုစကားတွေမပြောပါနဲ့ညိုရာ၊ အိမ်ကသဘောမတူစရာမရှိပါဘူး၊ ညိုကကျွန်တော့်အတွက်အိမ်ရှင် မကောင်းတစ်ယောက်ဖြစ်နေတာပဲဟာ၊ ပြီးတော့ မင်းပိုင်ဇေအရမ်းနှစ်သက်သဘောကျတဲ့အရမ်းချစ် တဲ့ တစ်ဦးတည်းသောချစ်သူမိန်းကလေးလည်းဖြစ်နေပြီလေ၊ နောက်ဆုံးအိမ်ကသဘောမတူဘူးပဲ ထားဦး၊ ကျွန်တော်ညို့ကိုခိုးပြေးမှာပေါ့ဗျ၊ ပြီးတော့ ညိုတို့နေတဲ့နေရာမှာဖြစ်ဖြစ်၊ ရန်ကုန်ကဆင်ခြေဖုံး ရပ်ကွက်လေးတစ်ခုမှာဖြစ်ဖြစ် နေပြီးဘဝကိုရင်ဆိုင်ဖြတ်သန်းကြမယ်”
ညို ပြုံးနေခဲ့တယ်။
“အလုပ်ကတော့ အဆင်သင့်ရှိပြီးသားလေ၊ ကျွန်တော်တို့မီဒီယာမှာညိုဝင်လုပ်ရုံပဲ၊ လခကလည်း အဆင်ပြေအောင်ပေးမှာပေါ့၊ အလုပ်မလုပ်လည်းပြသနာမရှိပါဘူး၊ ညို့တစ်ယောက်စာကိုကျွန်တော် ကောင်းကောင်းကျွေးနိုင်ပါတယ်၊ ညို ဟာ ကျွန်တော့်အိမ်သူသက် ထားဖြစ်နေပြီဆိုတော့ အိမ်ရှင်မတာဝန်ကိုပဲထမ်းဆောင်ပါလေ”
“ဟုတ်ပါပြီ ဆရာသမားရယ်”
ကျွန်တော် စိတ်ကူးယဉ်နေခဲ့တယ်။ တွေးနေခဲ့တယ်။
“ပြီးတော့ ညို့ကိုကျွန်တော်ဝန်ခံစရာတစ်ခုရှိသေးတယ်”
“အင်း”
“ကျွန်တော်နဲ့သူငယ်ချင်းတွေအလောင်းအစားတစ်ခုလုပ်ခဲ့ကြတယ်”
“ဘယ်လိုအလောင်းအစားမျိုးတုန်း”
“ညို့ကို ဘန်ကောက်ညထဲကဆွဲထုတ်လို့ရမရဆိုတာကိုပေါ့”
ကျွန်တော်အားလုံးကိုပြောပြလိုက်တယ်။ အလောင်းအစားနိုင်ချင်လို့ညို့ကိုမရရအောင်ဒီလောကထဲက နေဆွဲထုတ်တာမဟုတ်ဘူးဆိုတာကို တော့ ညိုကောင်းကောင်းသဘောပေါက်မယ်လို့လည်းထင်ထားတယ်လေ။
“ကျွန်တော်စေတနာကကျွန်တော့်ကိုအကျိုးပေးခဲ့တယ်လို့ဆိုရမယ်ညို၊ ကျွန်တော်နိုင်ခဲ့တယ်၊ ညို့ကို အဲဒီဘဝထဲကနေကောင်းကောင်းကြီးပြန်ခေါ်နိုင်ခဲ့ပြီ၊ အဆစ်အနေနဲ့ပါ ညို့ကိုကျွန်တော်အရမ်းချစ်ပြီး ထာဝရအပိုင်သိမ်းထားခွင့်ရခဲ့ပြီ၊ ကျွန်တော့်လောက်ကံကောင်းတဲ့သူဘယ်သူရှိဦးမှာလဲညို”
ညို မျက်နှာလေးတစ်မျိုးဖြစ်နေခဲ့တယ်။
ဟုတ်တယ် ၊ညိုမျက်နှာမကောင်းဘူး။
“ကျွန်တော်ညို့အတွက်စိတ်မကောင်းတာတစ်ခုရှိသေးတယ်၊ အခုလုပ်နေရတဲ့အလုပ်ကအရင်အလုပ် လောက်ဝင်ငွေမကောင်းရင် တစ်ခြားအလုပ်တစ်ခုရှာပေးမယ် ဆိုပြီးပြောခဲ့တယ်လေ၊ အခုချိန်ထိ ညို့အတွက်အခြားဝင်ငွေရမယ့်အလုပ်တစ်ခုမရှာပေးနိုင်သေးဘူး၊ အဲဒီအတွက် ကျွန်တော်ရတဲ့လခနဲ့အစားပြန်ပေးပါ့မယ်”
“ဟင့်အင်း”
ညိုငြင်းမယ်လို့ထင်ထားတဲ့အတိုင်းပါပဲ။ အရင်ကဆို ညိုက ဧည့်လမ်းညွှန်အလုပ်ကိုပါတွဲပြီးလုပ်တာမို့ ဝင်ငွေက တော်တော်ကောင်းတယ်ဆိုတဲ့အဆင့်မှာရှိတယ်။ အခုဒီအလုပ်ကိုရွေးချယ်လိုက်တဲ့အခါမှာ တော့ညို့မိသားစုအတွက်ထောက်ပံ့လို့အဆင်မပြေတော့ဘူး ပေါ့။ အဲဒီအတွက် စိတ်မကောင်းဖြစ်ရတယ်ညို။
“ကျွန်မ လောက်တယ်မင်းပိုင်ဇေ၊ ရှင်ကျွန်မကိုချစ်တာ ကျွန်မက ရှင့်ကိုသိပ်ချစ်တာနဲ့တင်အရာရာပြည့်စုံသလိုခံစားရပါပြီ၊ အရင်အလုပ်ကဝင်ငွေကောင်းတာမှန်တယ်၊ ဒါပေမဲ့ ဝင်ငွေရဲ့နောက်ကွယ်မှာ ကိုယ့်အတွက်လိုအပ်တာတွေဖြည့်ဆည်းရတာကလည်းများတယ်၊ ကျားကြီးတော့ခြေရာကြီးတယ်၊ တစ်ခါတစ်ခါဝင်ငွေထွက်ငွေမမျှလို့တောင် နေ့လည်ဖက်ဧည့်လမ်းညွှန် အလုပ်ကိုလိုက်လုပ်ရတာရှိသေးတယ်၊ အခုတော့အဲဒါတွေမလိုဘူး၊ ထွက်ငွေဆိုတာမရှိသလောက် နည်းတယ်၊ ရိုက်ကွင်းသွား အစားအသောက်အားလုံးစားရိတ်ငြိမ်းပဲ၊ အဝတ်အစားလည်းသူများနဲ့ယှဉ် ပြိုင်ပြီးဝတ်နေစရာမလိုဘူး၊ ဒီတော့ အရင်တုန်းကအနေအထားနဲ့အခုအနေအထားနဲ့ အခုကတောင်ပို သာတယ်လို့ပြောလို့ရတယ်”
သိပ်ဝမ်းသာရပါတယ်ညို။ ညို့ကိုကျွန်တော်ပြုပြင်ခဲ့တာအောင်မြင်ပြီပေါ့။
“ညို”
“အင်း”
“ကျွန်တော်တို့အလောင်းအစားနဲ့ပတ်သက်ပြီး မှတ်ချက်တစ်ခုခုပေးဦး၊ စိတ်ဆိုးလား”
“မဆိုးပါဘူး”
“အင်း၊ ဒါဆို အဲဒီကရတဲ့အနိုင်လျော်ကြေးကို ညို့ကိုပေးမယ်၊ ညို့မိသားစုကိုပို့လို့ရတာပေါ့”
“ပွဲကပြီးသွားပြီလား”
ညိုက သိပ်မယုံသလိုမေးပါတယ်။
“ပြီးပြီပေါ့၊ ညိုနဲ့ကျွန်တော်လက်ထပ်တော့မယ့်ဟာပဲကို၊ အော် ပြီးတော့ လာမယ့်အင်္ဂါနေ့မှာ အောင် သက်ပိုင်လာလိမ့်မယ်၊ ကျွန်တော်တို့ဇာတ်ကားအပြီးသတ်အောင်ပွဲခံပြီးရန်ကုန်ပြန်ကြမယ်လေ၊ အဲဒီ အတွက် လူစုံတက်စုံဖြစ်အောင်ခေါ်လိုက်တာ၊ သူလာတာနဲ့လောင်းကြေးလည်းတစ်ခါတည်းပြင်လာဖို့ ပြောလိုက်မယ်၊ ညိုနဲ့ကျွန်တော့်အကြောင်းကို ဒီကောင်တွေသိပြီးသား၊ နေ့တိုင်းဖေ့စ်ဘုတ်ကနေပြောပြထားပြီးသား၊ ဒီကောင်လာရင်လည်းဒီအခန်း ထဲကိုမလာဘူးစိတ်ချ၊ နေအောင်မင်းဆီမှာ ခဏနေပေးလိမ့်မယ်၊ ဒီရက်ပိုင်းဘာလုပ်ရမလဲဆိုတော့ ညိုပြန်ဖို့အတွက်သံရုံးသွားပြီး လုပ်စရာရှိတာလုပ်စေချင်တယ်”
ကျွန်တော်တက်ကြွနေသလောက်ညို့ဖက်ကအေးစက်နေလွန်းခဲ့တယ်။ တစ်ခုခုထူးခြားနေတယ်ဆို တာကို ရိပ်မိသယောင်ဖြစ်ပေမယ့် ကျွန်တော်ပြောတဲ့အကြောင်းအရာကိုအံသြနေတာနေမှာပါလို့ပဲ ကျွန်တော်ရိုးရိုးလေးတွေးခဲ့ပါတယ်။
ညို့မျက်နှာလေးညှိုးငယ်နေတာကိုမြင်ပေမယ့်နေမကောင်းတာလို့ပဲ ထင်ထားခဲ့တယ်။
“ညို ကိုအောင်သက်ပိုင်တို့ကိုဘယ်လိုရင်ဆိုင်ရမလဲဟင်”
“အော် ဒါများညိုရယ်၊ ဘာခက်လို့လဲ၊ သူတို့ကို ကျွန်တော်ကအကုန်ခရေစေ့တွင်းကျပြောပြထားပြီး သားကို၊ သူတို့နားလည်ပါတယ်၊ ညို့ကိုအနေမခက်စေရပါဘူး၊ စိတ်ချ၊ ဒါမှမဟုတ် အဲနေ့ဇာတ်ကားအ ပြီးအောင်ပွဲခံတဲ့နေ့ ညိုမလိုက်နဲ့ဟုတ်ပြီလား၊ အခန်းထဲမှာအေးအေးလူလူနေရစ်ခဲ့လေ”
“အင်း၊ ဒါလည်းကောင်းပါတယ်၊ ဒါနဲ့ သူတို့ကို မင်းပိုင်ဇေက ညိုနဲ့ပတ်သက်တဲ့တစ်နေ့တာလုံးကိုပြော ပြနေတာလားဟင်၊ အဲဒါ ဘယ်အချိန်ကတည်းလဲ”
“နေ့တိုင်းပဲ၊ သူဒီကနေရန်ကုန်ကိုသွားပြီးနောက်ပိုင်းကတည်းက ကျွန်တော်တို့ဖြစ်သမျှအရာအားလုံး ကို သူသိတယ်”
“ဟင်း၊ ရှက်စရာကြီး”
“ရှက်စရာမဟုတ်ပါဘူးကွာ၊ လောလောဆယ်ရှက်နေတယ်ဆိုရင်လည်းကျွန်တော်ပြောသလိုလုပ်၊ သူ တို့နဲ့တွေ့မယ့်ည၊ ဇာတ်ကားအောင်ပွဲခံမယ့်ညမှာညိုမလိုက်နဲ့အခန်းမှာပဲနေခဲ့ ဟုတ်ပြီလား”
အရာအားလုံးဟာ အစဉ်တကျသွားနေမှန်းကျွန်တော်မသိခဲ့ဘူး။ ကိုယ်ဖန်တီးခဲ့တာလို့ပဲထင်ခဲ့ပြီးယူကျုံးမရဖြစ်မိခဲ့တယ်။
ညို့ကိုသာ အဲဒီနေ့ည အခန်းထဲမှာတစ်ယောက်တည်းထားခဲ့ရကောင်းလားဆိုပြီး ဒေါသထွက်တတ် ခဲ့တယ်။ တကယ်တော့ ကျွန်တော်ကမနေခဲ့နဲ့ လိုက်ခဲ့ပါဆိုလည်း ညိုလိုက်ခဲ့မှာမဟုတ်ပါဘူး။ အဖြစ် အပျက်တွေအားလုံးပြီးမှ သိခဲ့ရတဲ့အတွက် ကျွန်တော်တကယ်စိတ်မကောင်းပါဘူးညို။
အောင်ပွဲမခံခင်ညအထိ ကျွန်တော်တို့နှစ်ယောက်ရဲ့ညတွေကပျော်စရာကောင်းလွန်းခဲ့ပါတယ်။ ပျော် စရာပြီးတဲ့နောက်မှာ ဝမ်းနည်းစရာလာမယ်ဆိုတာ ဘယ်သူကမျှော်လင့်မှာလဲညို။ ဘယ်သူကရောထင် ထားမှာလဲ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။