မပြိုဘဲနဲ့ ညို အပိုင်း (၂၁)

(၂၁)
ရွှေဂွန်းတဲ့။ အဲဒီရွာလေးဆီကိုအခုလို မျှော်တလင့်လင့်နဲ့သွားရလိမ့်မယ်လို့ဘယ်တုန်းကမှမထင်ထား ခဲ့ဘူးညို။ ကျွန်တော် တောတောင်တွေကိုချစ်တယ်၊ လမ်းတစ်လျှောက်မြင်ရတဲ့ရှုခင်းတွေကိုမြတ်နိုး တယ်။ ရှုရှိုက်မိတဲ့လေပြေလေညှင်းတွေကိုခင်တွယ်နေမိတယ်။
အရင်တစ်ခါ ကျုံထော်ရေတံခွန်ဆီကိုလာတုန်းကတော့ သဘာဝကိုအပြည့်အဝခံစားလို့မရခဲ့ဘူး။ ဘေး မှာလည်း အုတ်အော်သောင်းနင်းအော်တဲ့ကောင်တွေအော်၊ ရှုခင်းကောင်းရင်ကားရပ်ပြီးရိုက်ကွင်းကိစ္စ လုပ်ကြရတဲ့ အာရုံကစူးစိုက်လို့မရခဲ့ပါဘူး။ ခံစားတာတော့ ခံစားခဲ့တယ်။ သဘာဝအလှတွေတစ်မျှော် တစ်ခေါ်ကြည့်ပြီးခံစားတတ်ခဲ့သေးတယ်။
အခုတစ်ခါတော့ ပိုတယ်ညို။ ဘားအံကနေရွှေဂွန်းကိုသွားတဲ့လမ်းတစ်လျှောက်လုံးဘေးပတ်ဝန်းကျင် ကိုငေးရင်း အတွေးတွေနဲ့မျောရင်းပေါ့။ အရင်တုန်းကသွားတဲ့နေရာတွေက လည်လို့ပတ်လို့ဘုရားဖူး လို့ရတဲ့နေရာတွေ။ ကျုံထော်ဆီကိုဦးတည်ပြီး လမ်းမှာမြိုင်ကြီးငူမှာညအိပ်၊ ရိုက်ကွင်းကိစ္စလုပ်။

ကျွန်းဘုရား၊ ကြေးဘုရားဖူး။ သဘာဝပတ်ဝန်းကျင်တွေကြည့်။ ဘရသေ့ကျောင်းကိုတောင်သွားလိုက် ကြသေးတယ်။ အဲဒီကကျွေးတဲ့ လျက်ဆားကိုလည်းအလုအယက် လျက်ကြတာပျော်စရာတော့ ကောင်းသား။ ဒါတွေက ညိုနဲ့မတွေ့ခင်တုန်းက အချစ်ကိုထိထိမိမိမခံစား တတ်ခင်တုန်းကပေါ့ညို။
အခုတော့ ကျွန်တော် မြိုင်ကြီးငူအထိတော့မသွားတော့ပါဘူး။ ကျုံထော်ဆီကို ညိုနဲ့စတွေ့တဲ့နေရာဆီ ကိုသွားချင်ပေမယ့်လည်းမသွားတော့ပါဘူး။ ကျွန်တော့်စိတ်ဆန္ဒတွေအားလုံးက ရွေဂွန်းမှာပဲစုနေခဲ့ တယ်လေ။ ညို့ကိုတွေ့ချင်လှပြီ။
တောတန်းလေးတွေဆီကိုဖြတ်လိုက်၊ လယ်ကွင်းပြင်တွေကိုကျော်လိုက်၊ တောင်တန်းကြီးတွေကိုဦး တည်လိုက်နဲ့တစ်နေရာဝင်တစ်နေရာထွက် သဘာဝရနံ့တွေသင်းထုံနေလို့ပေါ့ညို။ တစ်ခါတစ်ခါမှာ တော့ဒီကေဘီအေ လက်နက်ကိုင်တပ်သားအစ်ကိုတွေ၊ ညီအရွယ်တွေကိုလည်းမြင် ရတယ်။
“ညို ကျွန်တော်ရန်ကုန်ကိုမပြန်ချင်တော့ဘူး၊ ဒီနေရာမှာပဲညိုနဲ့တူတူကြုံရာကျပန်းအလုပ်လုပ်ရင်းဘ၀ ကိုရင်ဆိုင်ဖြတ်သန်းချင်တယ်၊ ဒီနေရာတွေကအလုပ်အကိုင်အခွင့်အလမ်းမပေါဘူး၊ ဒေသခံတော် တော်များများကလည်း တောင်ပေါ် (ထိုင်းနိုင်ငံ) ဆီကိုပဲသွားပြီးအလုပ်လုပ်ကြတာများတယ်ဆိုပေမယ့် ကျွန်တော်တို့နှစ်ယောက်ဘ၀ သက်ဆုံးတိုင်ရှင်သန်ဖို့စိုက်ပျိုးရေးလုပ်ငန်းသေးသေးလေးလုပ်လည်းဖြစ်ပါတယ်၊ မွေးမြူရေးအနည်း အကျဉ်းနဲ့လည်းဖြစ်ပါတယ်ညို၊ ဒါမှ ညိုအားမရသေးဘူး မိသားစုအတွက်ထောက်ပံ့ပေးရမယ်ဆိုရင် လည်း ကျွန်တော်ဘားအံအထိတက်ပြီးအလုပ်လုပ်မယ်ညို၊ ဘားအံလိုမြို့မှာအလုပ်ကောင်းကောင်း တစ်နေရာတော့ ရှိမှာပါ၊ ကျွန်တော့်အနေအထားနဲ့ရလောက်မယ်လို့ယုံကြည်တယ်၊ ကျွန်တော်ကညို့ ကို အိမ်ရှင်မကောင်းတစ်ယောက်အဖြစ်အိမ်မှာပဲနေစေချင်တာလေ၊ အလုပ်လုပ်ချင်တဲ့သူအတွက် အလုပ်နေရာမရှားပါဘူးညို၊ စိတ်ချပါ၊ ညို့ကိုတင့်တောင့်တင်တယ်ထားနိုင်မှာပါ၊ ဘားအံမှာလခ ကောင်းကောင်းရတဲ့အလုပ်တစ်ခုပဲဖြစ်ဖြစ်၊ ကျွန်တော်တတ်ထားတဲ့ပညာနဲ့ဗီဒီယိုစတူ ဒီယိုသေးသေးလေးတစ်ခုပဲဖြစ်ဖြစ်ထောင်ပြီး ရိုက်ကူးရေးလုပ်လို့ဖြစ်ပါတယ်၊ အခြေအနေအရမ်း ကောင်းသွားရင်ဘားအံမှာပဲအခြေချမယ်လို့ညိုမပြောနဲ့၊ ကျွန်တော် လိုချင်တဲ့ငွေ အနေအထားလောက်စုမိရင် အဲဒီစတူဒီယိုလေးကိုရောင်းပြီး ရွှေဂွန်းကိုပဲပြန်လာမှာ”
ညိုနဲ့တွေ့ပြီး တစ်သက်လုံးအတူနေသွားဖို့ ကျွန်တော်တွေးနေခဲ့တယ်။ ညိုကိုပြောပြမယ့်စကားလုံးတွေ ကိုကျွန်တော်စဉ်းစားနေခဲ့တာပေ့ါညို။ ကျွန်တော့်ဘေးပတ်ပတ်လည်မှာတော့ တောင်တန်းကြီးတွေ ဝိုင်းနေလေရဲ့။ ကျွန်တော် ကားသေးသေးလေးတစ်စီးကိုစင်းလုံးငှားပြီးညို့ဆီကိုလာခဲ့တာ။ ဘားအံ ဈေးကြီးထဲကနေရွှေဂွန်းကိုတိုက်ရိုက်သွားတဲ့ကားတွေအများကြီးရယ်၊ ဒါပေမဲ့ ကျွန်တော်က တစ်ယောက်တည်းတွေးပြီး လာချင်တာ။ အခုလိုပေါ့။
“ရွှေဂွန်းမှာ အခြေတည်နိုင်မယ့်အလုပ်တစ်ခုကိုလုပ်သွားမယ်၊ အေးအေးလူလူပဲဘဝကိုဖြတ်သန်း တော့မယ်ညို၊ ကျွန်တော်အရမ်းဝါသနာပါတဲ့ ဗီဒီယိုတည်းဖြတ်အလုပ်လား၊ ဒါကလွယ်ပါတယ်၊ နေရာတိုင်းမှာလုပ် လို့ရတယ်လေ၊ မြန်မာနိုင်ငံမှာရှိတဲ့နေရာတိုင်းမှာ ဒီအလုပ်နဲ့မကင်းပါဘူး၊ ရွှေဂွန်းမှာလည်းလုပ်လို့ရ တယ်ညို၊ ကျွန်တော် ရိုက်ကူးရေးပိုင်းကိုတော့ ဒီထက်နည်းနည်းဆရာကျအောင်သင်ထားဖို့တော့လို တာပေါ့၊ ဒါကလည်းမခက်ပါဘူးလေ၊ အဓိကတော့ ညို ကျွန်တော့်ကိုလက်ခံဖို့ပဲလိုတာ”
ကျွန်တော့်မျက်နှာ ပြုံးရိပ်ယောင်သန်းနေမယ်ထင်ပါရဲ့။ ဘေးက ကားဆရာအစ်ကိုကြီးတွေ့ရင် ဒီ ကောင်ခေါင်းချောင်နေတာလားလို့ထင်ကောင်းထင်မယ်။ အရေးမကြီးပါဘူးလေ။
“အိမ်ကိုရှာတွေ့တဲ့အထိလိုက်ပို့နော်အစ်ကို” ဆိုပြီး သူတောင်းတဲ့ဈေးကိုနည်းနည်းလေးမှမဆစ်ပဲ ငှား လာခဲ့တာလေ။ ညို့ကိုတွေ့မှဖြစ်မှာ။ မတွေ့လို့လည်းမရဘူး။ ရွှေဂွန်းမှာတည်းခိုဖို့နေရာမရှိဘူးထင် တယ်။ ကျွန်တော်ဘယ်သူ့အိမ်သွားတည်းရမှာလဲ။ မြိုင်ကြီးငူအထိတော့မသွားတော့ပါဘူး။ ညို့ကိုမ တွေ့လည်းလမ်းဘေးပဲအိပ်ရအိပ်ရ။ အဲဒါကတော့နောက်ဆုံးတွေးတာပါ။ မနီကစာနဲ့သေချာ ရေးပြတာဆိုတော့ညိုရှိနေမှာသေချာပါတယ်။
“ငါ့ညီက ရွှေဂွှန်းကိုအရင်ရောက်ဖူးလား”
နှုတ်ဆိတ်တွေဝေပြီး လမ်းဘေးဝဲယာကိုပဲငေးကြည့်နေလို့ထင်ပါရဲ့။ ကားဆရာအစ်ကိုကြီးက ကျွန် တော့်ကိုစကားစပြောတယ်။
“မရောက်ဖူးဘူးခင်ဗျ၊ ဒါပထမဆုံးပဲ”
ကျုံထော်သွားတုန်းကတော့ ဖြတ်ပဲဖြတ်လာဖူးတာ။ လမ်းတစ်ထောက်တောင်ဝင်မနားခဲ့ပါဘူး။
“အင်း၊ တည်းခိုခန်းတွေဘာတွေမရှိဘူးနော်၊ သေချာစီစဉ်သွားတယ်မှလား၊ ဒေသခံအသိမရှိရင် တည်းဖို့ခိုဖို့ကသိကအောက်နည်းနည်းပါးပါးတော့ဖြစ်မယ်၊ အရမ်းတော့မခက်ပါဘူး”
“ဟုတ်၊ ကျွန်တော်အသိတစ်ယောက်သွားရှာတာအစ်ကို၊ အဲဒီလိပ်စာအတိုင်းပဲ၊ မတွေ့ရင်တော့ဘယ် မှာတည်းရမလဲမပြောတတ်သေးဘူး၊ ဘားအံကိုပဲပြန်လာပြီးနောက်နေ့ပြန်သွား အဲလိုပဲလုပ်ရင်ကောင်း မလား စဉ်းစားနေတာ”
“အသွားအပြန်တော့လုပ်မနေပါနဲ့ညီလေးရာ၊ ဘုန်းကြီးကျောင်းတွေရှိပါတယ်၊ ပြောပြီး တစ်ညနှစ်တော့ တည်းခိုလို့ရတယ်လေ”
ဟုတ်သားပဲ။ ဒေသတိုင်းမှာဘုန်းကြီးကျောင်းရှိတယ်။ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဆိုတော့ နေ၊စား တာမျိုးလောက်က ဘုန်းကြီးကျောင်းမှာခဏတစ်ဖြုတ်ရတာပဲလေ။ ကျွန်တော့်စိတ်ထဲမှာတော့ ညိုနဲ့ တွေ့ဖို့ပဲအာရုံထက်သန်နေမိတာကြောင့် ကျန်တဲ့အရာတွေကိုမစီစဉ်ခဲ့ပါဘူး။
ရန်ကုန်ကိုရောက်ပြီးတစ်ညပဲနားတယ်။ နောက်နေ့ရွှေဂွန်းကိုတန်းလာခဲ့တာပဲညို။ အလုပ်လား။ နေ မကောင်းဘူးဆိုပြီးလှိမ့်ထားခဲ့တယ်။ ကျွန်တော့်အလုပ်တွေကို အောင်သက်ပိုင်လုပ်ပေးလိမ့်မယ်။ ကျွန်တော် ချက်ချင်းကြီးအခုလိုလစ်ထွက်မယ်လို့ဒီကောင်ဘယ်ထင်ထားမလဲ။ ရန်ကုန်လိုစီးပွားရေးမြို့ တော်မှာတော့ တည်းဖြတ်လုပ်ငန်းကတော်တော်အလုပ်ဖြစ်တယ်ညို။ ကျွန် တော်တို့ရိုက်ထားသမျှ ဇာတ်လမ်းတွဲတွေ၊ ဇာတ်လမ်းတိုတွေအားလုံးကလည်း ရုပ်သံလိုင်းတွေ က ဝယ်ကြတာချည်းပါပဲ။ တစ်ချို့ဆိုသပ်သပ်လာအပ်တာမျိုးလည်းရှိတယ်။ ဘန်ကောက်ကိုလိုက် သွားရတာမျိုးကျတော့ ကျွန်တော်တို့တစ်ဖွဲ့လုံးကိုငှားပြီးသက်ဆိုင်ရာအလုပ်တွေကိုအပ်လိုက်တာမျိုး ပေါ့။
ဘယ်လိုပုံစံမျိုးပဲလာလာ ရုပ်သံရိုက်ကူးတည်းဖြတ်နဲ့ပတ်သက်ရင် ကျွန်တော်တို့အလုပ်နဲ့မကင်းဘူး။ ဒါ ကြောင့်အလုပ်နဲ့လက်ပြတ်ရတယ်လို့မရှိပါဘူး။ ဒီတော့ ငွေလည်းလှိုင်လှိုင်ဝင်တယ်။ ရန်ကုန်မှာဆို ရင် တော့ ညို့ကိုကောင်းကောင်းကြီးတင့်တောင့်တင့်တယ်ထားနိုင်ပါတယ်။ ကျွန်တော့်လခကအိမ်ကို ပေးစရာလည်းမလိုဘူးလေ။
သူဌေးအဖြစ်တော့မဟုတ်ဘူးပေါ့ညိုရာ။ သူများနဲ့တန်းတူထားနိုင်တယ်ဆိုတာကိုပြောတာပါ။
“ညီလေး ရောက်ပြီလေ ရွှေဂွန်းထဲကိုစဝင်နေပြီ”
တကယ်တော့ ညိုတို့နေရာလေးဟာမြို့သေးသေးလေးလို့ပဲခေါ်မလား၊ ရွာတန်းရှည်ကြီးလို့ပဲပြောမ လား သေသေချာချာတော့မသိဘူး။ ရွှေဂွန်းမှကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းဘုတ်ပဲတွေ့ရတယ် ရွာတို့မြို့တို့ တပ်ထားတာမတွေ့ရဘူး။ ရွှေရောင်စာတမ်းဆိုင်ဘုတ်ကိုတွေ့ရတော့ ရင်ထဲနွေးခနဲဖြစ်သွားတယ်ညို။
ဆိုင်းဘုတ်ကိုဖြတ်ကျော်ပြီးရင်အိမ်တွေတွေ့ရမယ်ထင်ထားခဲ့ပေမယ့်မတွေ့ရသေးဘူး။
“နည်းနည်းဆက်မောင်းမှအိမ်တွေရှိမှာ၊ လမ်းမှာတစ်ချို့အိမ်တွေရှိတယ်၊ ဒါပေမဲ့ ရပ်ကွက်က ကား လမ်းဟိုးအနောက်မှာမို့မမြင်ရတာ”
ကားဆရာအစ်ကိုက ရှင်းပြတယ်။
“အခုအစ်ကိုတို့မောင်းနေတဲ့ကားလမ်းဘယ်ညာတစ်လျှောက်လုံးအိမ်တွေရှိတယ်၊ ညာဖက်အိမ်တွေ ရဲ့နောက်မှာက ညီလေးအခုမြင်နေရတဲ့တောကြီး၊ တောင်တန်းကြီးတွေပေါ့၊ ဘယ်ဘက်အိမ်တွေရဲ့အ နောက်ဘက်ဆီမှာတော့ မြစ်ရှိတယ်”
“မြစ်”
“အင်း၊ သံလွင်မြစ်လေ”
မြစ်ရှိတယ်ဆိုရင်တော့ မြစ်ကမ်းနဖူးပေါ်မှာထိုင်ပြီးမြစ်ကိုငေးကြည့်တဲ့အရသာကိုရချင်ပါသေးရဲ့။ ပတ္တရားမှာတုန်းက သဲသောင်ပြင်ပေါ်မှာထိုင် ပင်လယ်ကြီးကိုငေးပြီးစကားတွေအများကြီးပြောဖြစ် ကြသေးတယ်လေ။
“ညီလေး ဒီရပ်ကွက်ပဲ”
စိတ်လှုပ်ရှားမှုကအမြင့်ဆုံးကိုရောက်လာတယ်ညို။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။