(၂၃)
ညို့လက်ရေးဝိုင်းဝိုင်းလေးတွေက ညို့ရင်ဘတ်ထဲအထိထွင်းဖောက်မြင်နိုင်အောင်ကျွန်တော့်ကိုဆွဲ ခေါ်သွားခဲ့တယ်။ ညိုဖတ်ဖို့ကျွန်တော် စာတွေရေးသလိုပဲ ကျွန်တော်ဖတ်ဖို့ညိုကလည်းစာတွေရေးခဲ့တာပေါ့ ဟုတ်လားညို။ အဲဒီစာအုပ်လေးဆီက ပထမဆုံးစာမျက်နှာကိုလှန်လိုက်တယ်။
မောင်လို့တိတ်တခိုးခေါ်ပါရစေ မင်းပိုင်ဇေ။ ရှင့်ကိုကျွန်မသိပ်ချစ်တယ်မောင်။ အရာအားလုံးဟာ မောင့် ကိုချစ်မိခဲ့တာကနေစတင်တော့တာပါပဲ။ မောင့်ကိုမြင်မြင်ချင်းချစ်မိတာ။ အသည်းယားပြီးစခဲ့တာဟာ မောင်နဲ့ဇာတ်လမ်းဖြစ်ဖို့အစပျိုးခဲ့တာပါပဲ။ ပျော်ရွှင်စရာတော်တော်များ များပါဝင်ခဲ့တဲ့ ကျွန်မတို့ဇာတ်လမ်းဟာ ဇာတ်သိမ်းမလှဘူးလို့ဆိုရမယ်မောင်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ မောင့်ကိုလုံးဝလက်မထပ်ပါဘူးလို့ကတိအထပ်ထပ်ပေးထားတဲ့အပြင် မောင့်ကိုလက်ထပ်မိရင် မောင့်အနားမှာနေမိခဲ့ရင် ကျွန်မပတ်ဝန်းကျင်၊ မောင့်ပတ်ဝန်းကျင် နှစ်ခုစလုံးအတွက် အရှက် ကွဲစရာ၊ အတိုက်အခံဖြစ်စရာဇာတ်လမ်းလေးတွေ ဆက်တိုက်ဖြစ်မှာသေချာနေလို့ပဲမောင်။
“ဟုတ်တယ်၊ ညို မောင့်ကို လက်မထပ်ဘူး၊ ကျွန်မ မောင့်ကိုလက်မတွဲဘူး”
ဒါဟာ အခုနောက်ပိုင်းမှဆုံးဖြတ်ခဲ့တာပါ။ ကျွန်မလိုပြည့်တန်ဆာမိန်းကလေးတစ်ယောက်အတွက် မောင့်လိုအဆင့်အတန်းမြင့်ယောင်္ကျားကောင်း တစ်ယောက်ကိုချစ်ခဲ့တာဟာ မဟာအမှားကြီးတစ်ခုကိုကျုးလွန်ခဲ့ရတာပါပဲ။ အဲဒီ အမှားဟာ မမှားသင့်ဘူး။ ကျွန်မ အနေအထားက မောင့်ကိုသေမတတ်ချစ်မိသည့်တိုင်အောင်ရှေ့မတိုး သင့်ဘူးဆိုတာ အစကတည်းကသိခဲ့တယ်။ ဒါကြောင့်ရှောင်နိုင်ဖို့ကြိုးစားခဲ့တယ်။
အစပိုင်းကတည်းက မောင့်ကိုကျွန်မတွေ့တိုင်းမှာ ရယ်စရာကောင်းခဲ့တာချည်းပဲ။ ဆိုင်ကိုလာသောက် ပြီးပြန်တာတောင်ယိုင်ထိုးယိုင်ထိုးနဲ့ မူးပြီးအန်ခဲ့တဲ့အဖြစ်။ ရှင်မူးနေတဲ့မြင်ကွင်းကိုတိတ်တခိုးကြည့်ပြီး ရယ်မိခဲ့တယ်။ မောင်ဟာသိပ်ချစ်ဖို့ကောင်းတာပဲ။ ဆိုင်မှာ မောင်တို့သုံးယောက် သောက်စားရင်းစကားပြောနေကြတာကို သတိထားမိခဲ့တယ်။ ညို တို့နှစ်ယောက်ရဲ့ရေစက်ကထူးဆန်းတာတော့မဟုတ်ဘူး။ မောင်ညို့ကိုတမင်များတွေ့ချင်လို့ဒီဆိုင်ကိုလာတယ်ဆိုတာ ခန့်မှန်းမိတယ်။ မောင့်အပေါ်ကျွန်မ လုပ်ထားတာများနေပြီကိုး။ ဘယ်ကျေနပ်ပါ့မလဲ။ ရန်ရှာချင်မှာပေါ့။ မောင်ကစွာလည်းစွာသေးတယ်လေ။ ကျုံထော်မှာတုန်းက ညို့ကိုရန်တွေ့တဲ့ပုံစံက ကပ်ကပ်ကိုလန်နေတာပဲ။ အရမ်းရယ်ရတယ်။ အဲဒီညကတော့ မောင်အခန်းဆီကိုမပြန်နိုင်ဘူးဆိုတာသေချာတယ်။ ဒါကြောင့် ကျွန်မကူညီဖို့ဆုံးဖြတ်လိုက်တယ်။ တက္ကစီငှားပြီးအခန်းကိုပြန်ပို့ဖြစ်တယ်။ ပြီးတော့ ကျွန်မတို့နှစ်ယောက် ညကိုအတူဖြတ်သန်းခဲ့တယ်။ ကျွန်မအတွက် အမှောင်ညတွေကထူးဆန်းမနေဘူးမောင်။ ဒါပေမဲ့ မောင်နဲ့ကျမှဘာဖြစ်သွားသလဲမသိတော့ပါဘူး။ အဲဒီညက ကျွန်မကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူး။ မောင်နဲ့ကျူးလွန်မိတာဟာမစုအမှားတစ်ခုကိုပြုမိလေသလားဆိုပြီးနောင်တရမိတယ်။ မဖြစ်ဘူး။ မောင့်ကိုကျွန်မချစ်လို့မဖြစ်ပါဘူး။ မောင်ဟာဖြူစင်ရိုးသားလွန်းတယ်လို့ ကျွန်မအတပ်သိနေခဲ့တယ်။ မောင့်လိုလူတစ်ယောက်ဆီမှာ ကျွန်မထာဝရတိမ်းညွှတ်ခွင့်ရချင်ပေမယ့် မောင့်အတွက်နစ်နာဆုံးရှုံးမှုရှိမယ့်အဖြစ်ကိုတော့ အဖြစ်မခံနိုင်ဘူး။
ဒါကြောင့် အချိန်မလွန်ခင်ကတည်းကနောက်ဆုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ မောင်က ကျွန်မကိုဘယ်လောက်လဲတဲ့။ ရင်ထဲနင့်နေအောင်ခံစားရပါတယ်။ အင်းလေ။ ကျွန်မလိုကြေးစားတစ်ယောက်ကို ဒီလိုပဲမေးမှာပေါ့။ မောင့်ရဲ့စကားတွေက ကျွန်မအပေါ် ရစ်ပတ်ချည်နှောင်လာတဲ့အခါမှာတော့ ပြောပြမတတ်အောင်ဝမ်းသာခဲ့တယ်။ ဒါပေမဲ့ ဆုံးဖြတ်ထားတဲ့အတိုင်းမောင်နဲ့ခပ်ခွာခွာနေဖို့အတွက် ရှောင်တိမ်းလိုက်မိတယ်။ မောင်ကနောက်နေ့ ဆိုင်ကိုရောက်လာပြီး ကျွန်မဧည့်သည်ကိုပါပြသနာရှာလာခဲ့တယ်။ ကျွန်မကိုချည်းကပ်ဖို့အတင်းကြိုးစားခဲ့တယ်။ တတ်နိုင်သမျှတောင်ရှောင်နေခဲ့ပါတယ်။ မောင်လာမယ့်အချိန်လောက်ကိုမှန်းပြီးဆိုင်မှာရှိမနေအောင်ကြိုးစားခဲ့တယ်။ စိတ်ထဲမှာတော့မောင့်ကိုသတိရနေခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ သိပ်ချစ်တယ်မောင်။ ကိုယ်နှစ်သက်မိတဲ့အရာတစ်ခုကို ယူနိုင်တဲ့အနေအထားလည်းရှိရက်သားနဲ့မနှစ်သက်ချင်ယောင်ဆောင်နေရတဲ့အရသာကတော်တော်အနေရခက်တယ်မောင်။ Nong Nooch Village မှာမောင့်ကိုတွေ့တော့လည်း မခေါ်ဘဲမနေနိုင်ပြန်ဘူး။ ဒီတော့ ကျွန်မတို့ဇာတ်လမ်းဆက်ကြရတော့တာပေါ့။
“ညို့ဘဝကို အဲဒီညလမ်းကြောင်းထဲကိုမရောက်အောင်ပြုပြင်ဖန်တီးဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချထား တယ်၊ ညို့အသက်မွေးဝမ်းကျောင်းကို သမာအာဇီဝကျကျ ဂုဏ်သိက္ခာရှိတဲ့အလုပ်တစ်ခုဖြစ်အောင် ဖန်တီးပေးဖို့စိတ်ကူးထားတယ် အဲဒါကခဏတာသာယာတာဖြစ်မလား” တဲ့။
မောင့်စကားလုံးတွေက ကျွန်မလက်ရှိအလုပ်ကနေထွက်အောင်တွန်းပို့တယ်။ ဘယ်သူကရောလုပ်ချင်မှာတဲ့လဲမောင်ရယ်။ မောင်နဲ့အချေအတင်ဖြစ်ပေမယ့် မောင့်ဆီကိုရောက်အောင်လာခဲ့မိတာ ကျွန်မအပြစ်ပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်မောင့်ကိုထိခိုက်နစ်နာရမယ်ဆိုတဲ့အသိရလာတိုင်းရလာတိုင်းမှာ မောင့်ဆီကနေအဝေးကိုထွက်သွားဖို့ကြိုးစားရင်း တွေးရင်းနဲ့ပဲ ကျွန်မစိတ်တွေလေးလံနေခဲ့တယ်။ မောင်ကလည်းကျွန်မကိုအလွတ်မပေးဘူး။ အနားမှာပဲရှိဖို့တစ်ချိန်လုံးကြိုးစားနေခဲ့တယ်လေ။ တစ်ရက်တော့ မောင်ကကျွန်မကိုခြိမ်းခြောက်လာတယ်။
“ကောင်းပြီလေ၊ ဒါဆို ကျွန်တော်သက်ဆိုင်ရာကိုညို့အချက်အလက်တွေပေးပြီးတိုင်ကြည့်လိုက်မယ်၊ ဘာဖြစ်မလဲကြည့်ကြသေးတာပေါ့၊ အော် ထိုင်းမှာအထောက်အထားမပြည့်စုံတဲ့ရွှေပြောင်းလုပ်သား တွေကို ဖမ်းဆီးတဲ့စီမံချက်ဆောင်ရွက်နေတယ်ဆိုတာ ညိုသိတယ်မှလား၊ မဟာချိုင်မှာနေတဲ့သူတစ် ချို့၊ စီလုံမှာနေတဲ့သူတစ်ချို့ဖမ်းဆီးခံထားရတယ်ဆိုတာတော့ကျွန်တော်သိထားတယ်၊ ဒီသတင်းနဲ့ ပတ်သက်ပြီးမကောင်းတဲ့ကောဠဟာလတွေလည်းထွက်နေတယ်၊ ညိုကြားမိနိုင်ပါရဲ့”
အရမ်းကိုတုန်လှုပ်သွားမိတာတော့အမှန်ပဲ။ မောင်ကချော့တစ်ခါခြောက်တစ်လှည့်နဲ့သိမ်းသွင်းစည်းရုံးခဲ့တယ်။ အစကတည်းကမောင့်အနားမှာနေချင်တဲ့မိန်းမတစ်ယောက်အတွက်တော့ ဒါကရေငတ်တုန်းရေတွင်းထဲကျသလိုပါပဲ။ ဒီကြားထဲ တရားမဝင်လုပ်သားကိစ္စနဲ့ပတ်သက်ပြီးပြသနာရှာမှာကိုတုန်လှုပ်မိတာကလွဲရင် ဝမ်းသာတယ်။
“ညို၊ ခင်ဗျားဟာ မြန်မာမိန်းကလေးတစ်ယောက်ပါဗျာ၊ ဘာလို့ဒီအလုပ်ကိုမှအသက်မွေးဝမ်းကျောင်း ပြုချင်နေရတာလဲ၊ ခင်ဗျားနေနေရတာ သူများနိုင်ငံနော်၊ လူတွေဘယ်လောက်အထင်သေးမလဲဗျာ၊ ခင်ဗျားမို့မရှက်တယ်၊ ကျွန်တော်နဲ့ခင်ဗျားနဲ့ဘာမှမပတ်သက်ဘူး၊ အေးဘာလို့အဲလိုလိုက်ပြီးတားဆီး နေသလဲဆိုတော့ ခင်ဗျားအစားရှက်လို့၊ မြန်မာလူမျိုးတစ်ယောက်ဒီလိုအလုပ်ဒီမှာလုပ်နေတာကိုရှက် လို့ဗျ ရှင်းလား” ဆိုပြီးမောင့်က သိမ်းသွင်းခဲ့တယ်။
အရာအားလုံးမောင့်သဘောအတိုင်းလိုက်လုပ်ပေးရင်း ကျွန်မဘဝကို လက်ရှိအလုပ်ကနေအပြီးအပိုင်ထွက်ပစ်လိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ မောင့်ဆီကိုသွားခဲ့တယ်။ ပတ္တရားကမ်းခြေဆီကိုအလုပ်ကိစ္စသွားရင် ပျော်ရွှင်ခဲ့ကြတယ်။ ပြသနာဆိုတာမရှိလောက်တော့ဘူးလို့ထင်ထားခဲ့တယ်။ ဒါပေမဲ့ ပတ္တရားကပြန်လာတဲ့ညမှာပဲ ပြသနာကစတင်ခဲ့ပါတယ်။ မောင်ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ချိန်ပေါ့လေ။ ညို မောင့်အနားကခဏတာထွက်သွားတာကိုတောင်မောင်မသိနိုင်လောက်အောင်ပင်ပန်းပြီးအိပ်ပျော်နေခဲ့တဲ့အချိန်ပေါ့။
“ညို ငါ နီနီပါ”
ကျွန်မလက်ကိုင်ဖုန်းနံပါတ်အသေကိုနီနီတစ်ယောက်ပဲသိတာလေ။ ညကြီးမိုးချုပ်ဘာအရေးကြီးသလဲ။ နီနီ ကျွန်မကိုဖုန်းခေါ်ခဲ့တယ်။ နီနီဆိုတာက ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းကောင်း။ ရဲဘော်ရဲဘက်ကောင်းပေါ့။ ကျွန်မအပေါ်ကိုလည်းအရမ်းအနစ်နာခံတတ်တဲ့သူငယ်ချင်းပေါ့မောင်။
နီနီညဖက်ဖုန်းခေါ်တာကိုအရေးကိစ္စတစ်ခုခုရှိတယ်လို့ပဲစိတ်ထဲကအလိုလိုသိနေခဲ့တာ။ တကယ်တော့ ညဆိုတာ ကျွန်မတို့အတွက်နေ့ပါပဲလေ။ သိပ်မဝေးလှတာမို့မောင့်ကိုမနှိုးဘဲတိတ်တိတ်လေးထွက်လာ ခဲ့တယ်။
“ငါ့ကို ကူညီပါသူငယ်ချင်းရယ်၊ အရမ်းအရေးကြီးလို့ပါ၊ ဟိုမှာ လူတစ်ယောက်တွေ့လား၊ အဲဒီလူကနင့် ကိုသိတယ်၊ သူက နင်နဲ့ဒီည ပျော်ချင်လို့တဲ့”
နီနီခေါ်တဲ့အကြောင်းက သိပ်တော့ထူးဆန်းမနေပါဘူး။ ခါတိုင်းလည်း နီနီဧည့်သည်တစ်ချို့ကျွန်မကို တောင်းဆိုတာမျိုးရှိတယ်။
“အာ၊ ငါ မလုပ်တော့ဘူးလေဟာ၊ နင်အသိဆုံးပဲကို”
“ငါ့ကို ကူညီပါသူငယ်ချင်းရယ်၊ အရမ်းအရေးကြီးလို့ပါ၊ နင့်လူလည်းမသိစေရပါဘူး၊ နင်ကူညီမှဖြစ်မယ့် အကြောင်းအရင်းလည်းရှိနေလို့ပါ၊ ငါပြီးတော့ ပြောပြမယ်နော်၊ နောက်ဆုံးအနေနဲ့ ငါ့ကိုကူညီတဲ့သ ဘောလုပ်ပေးပါဟာ”
နီနီ့မှာ အခက်အခဲတစ်ခုခုရှိနေပြီဆိုတာ ကျွန်မသဘောပေါက်လိုက်တယ်။ ဒါကြောင့်ကူညီဖို့ဆုံးဖြတ် လိုက်တာ။ မောင့်ကိုပေးထားတဲ့ကတိ၊ ကိုယ်တိုင်ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်တွေကိုချိုးဖောက်လိုက် ရတဲ့အတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ နီနီက ကျွန်မရဲ့အခက်အခဲတွေကို ကူညီထား တဲ့အကောင်းဆုံးသူငယ်ချင်းဆိုတော့ မလုပ်ပေးလို့မဖြစ်ဘူးမောင်။
အဲဒီလူခေါ်သွားတဲ့အခန်းကို လိုက်ပြီးခဏတာဖြတ်သန်းခဲ့ကြတယ်။ တကယ့်ကိုခဏလေးပါပဲ။ နာရီ ပိုင်းလောက်သာရှိတဲ့ အခိုက်အတန့်ကဘဝတစ်ခုလုံးကိုပြောင်းပြန်ဖြစ်စေလောက်တဲ့အထိရက်စက်မှု တွေပါဝင်ခဲ့မယ်ဆိုတာ ကျွန်မရော နီနီရောမတွေးခဲ့ဘူး။ ကျွန်မ ကိုခေါ်ရတဲ့နောက်ကွယ်မှာ အကြံအစည်ရှိတယ်ဆိုတာ ဘယ် လိုလုပ်သိနိုင်မှာလဲမောင်။
ကျွန်မတို့အလုပ်ကိစ္စပြီးတော့ အပြင်မှာနီနီစောင့်နေတာတွေ့ရတယ်။ မျက်ရည်တွေရစ်ဝဲနေလေရဲ့။
“ညို နင်သူ့ကိုသိတယ်မှလား”
အဲဒီလူရှိတဲ့အချိန်မှာပဲ နီနီကမေးလိုက်ပါတယ်။ အဲဒီလူ ကိုကျွန်မမြင်ဖူးသလိုလိုတော့ရှိတယ်လို့သတိ ထားမိပါရဲ့။
“ကျွန်တော် မင်းပိုင်ဇေ သူငယ်ချင်း နေအောင်မင်းပဲ”
“ဟာ”
ကျွန်မ အံအားသင့်သွားတယ်။ ဘာကြောင့်အဲလိုလုပ်တာလဲ။
“ညို သူကငါနဲ့တစ်ခါနှစ်ခါတွေ့ဖူးတယ်၊ အခုနင်နဲ့တွေ့ချင်တယ်ဆိုတာ ငါ့ကိုခြိမ်းခြောက်ပြီးအတင်း”
နီနီက ကလေးတစ်ယောက်လိုတိုင်လိုက်ပါတယ်။ ဘာရည်ရွယ်ချက်များရှိနေတာပါလဲ။ ဘာကိုခြိမ်း ခြောက်တာလဲ။ ပဟေဠိဖြစ်နေစဉ်မှာပဲ သူကပြောလိုက်ပါတော့တယ်။
“ကျွန်တော့်အဓိကရည်ရွယ်ချက်က မနီမဟုတ်ဘူး၊ ခင်ဗျားပဲညိုပြာပြာ၊ ခင်ဗျားကို ကျွန်တော်တောင်း ဆိုစရာရှိတယ် အဲဒါကိုလိုက်လျောပေးပါ၊ အဲဒီမတိုင်ခင်ဒါလေးကြည့်လိုက်”
တောင်းဆိုစရာဆိုတာ မောင်နဲ့ပတ်သက်မယ်မှန်းညိုသိတာပေါ့။ သူပြတဲ့မိုဘိုင်းဖုန်းထဲကဗီဒီယိုဖိုင်ကို ညို ကြည့်လိုက်တယ်။ အိုး။ တစ်ချက်ပဲကြည့်ပြီးမျက်လွှာချပစ်လိုက်တယ်။ နီနီနဲ့သူနဲ့ဗီဒီယိုဖိုင်။
“နင့်ကိုမခေါ်ပေးရင် အဲဒီဗီဒီယိုဖိုင်ကို ရွာကငါ့မိသားစုဆီကိုပြမလို့တဲ့ညိုရယ်၊ ငါ့မှာမတတ်သာတဲ့အဆုံး ဒီအလုပ်လေးလုပ်ပြီး အိမ်ကိုထောက်ပံ့နေရတာ၊ သိသွားရင် ငါရော၊ မိသားစုရော ပတ်ဝန်းကျင်မှာပါပြသနာတက်မှာ၊ ငါ့ကိုခွင့်လွှတ်ပါညိုရယ်၊ ငါမိသားစုသိသွားလို့မဖြစ် လို့ ပါ၊ ဘန်ကောက်မှာ ငါဘာကြီးပဲဖြစ်နေဖြစ်နေ သူတို့အဆင်ပြေတာမြင်ရင်ငါ့အခြေအနေဘာပဲဖြစ် ဖြစ်ကျေနပ်တယ်၊ အချိန်တန်ရင်ငါဒါကိုစွန့်လွှတ် ပြီး နွေးထွေးတဲ့မိသားစုဆီကိုပြန်မယ်၊ ဒီအလုပ်လုပ်နေတာကိုသိပြီး မိသားစုကငါ့ကိုပစ်ပယ်လိုက်မှာ၊ လက်မခံတော့မှာကိုအရမ်းကြောက်လို့ပါညိုရယ်”
နီနီက ငိုပြီးကျွန်မကိုတောင်းပန်ရှာတယ်။ ရက်စက်လိုက်တာ။ နေအောင်မင်းဆိုတဲ့သူကိုရန်တွေ့ဖို့ပြင် လိုက်ပေမယ့် တစ်ခုကိုစဉ်းစားမိလိုက်တယ်။ ညို နဲ့အဖြစ်အပျက်ကိုရော သူဗီဒီယိုရိုက်ထားသလား။ အိုး။ ဒါဆိုရင်တော့ သွားပြီ။ တွေးမိပြီးတုန်လှုပ်သွားမိပြန်တယ်။
“မစိုးရိမ်ပါနဲ့ညို၊ ခင်ဗျားနဲ့ ဗီဒီယိုဖိုင်မရှိလာစေရပါဘူး၊ ကျွန်တော်ပြောတဲ့တစ်ခုကူညီမယ်ဆိုရင်ပေါ့၊ ဒီည အတွက် ခင်ဗျားကျေနပ်လောက်တဲ့အနေအထားထက်ပိုတဲ့ပိုက်ဆံကိုကျွန်တော်ပေးမယ်၊ မနီရဲ့ ဗီဒီယိုဖိုင်ကိုလည်းဖျက်ပေးမယ်၊ ဘယ်တော့မှမထွက်စေရဘူး၊ ဒါပေမဲ့ ကျွန်တော့်ကိုတစ်ခုတော့ပြန် လုပ်ပေးရမယ်၊ အဲဒါက မင်းပိုင်ဇေအနားကထွက်သွားဖို့ပဲ”
ကျွန်မထင်ထားတဲ့အတိုင်းပါပဲမောင်။ ညိုထင်ထင်ထားတဲ့အတိုင်းပါပဲ။ မောင့်အပေါ်သံယောဇဉ်တွေ ရစ်ပတ်ငြိတွယ်လာခဲ့ပြီးမှ ဘယ်လိုလုပ်ထွက်သွားနိုင်မှာတဲ့လဲကွယ်။ အရမ်းကိုခက်ခဲတဲ့ကိစ္စပါ။
“မင်းပိုင်ဇေ အတွက်ကျွန်တော်သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ချင်တယ်၊ သူ့အတွက်ကိုကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ကာကွယ်ရမှာပဲ ညိုပြာပြာ၊ ခင်ဗျားချစ်တဲ့သူကို ခင်ဗျားလို မိန်းကလေးနဲ့တစ်သက်လုံးလက်တွဲစေချင်တာလား၊ သူ့ကိုခင်ဗျားတကယ်ချစ်တယ်ဆိုရင် စွန့်လွှတ်နိုင် ရမှာပေါ့၊ သေချာတာတော့ မင်းပိုင်ဇေတို့မိသားစု၊ ပတ်ဝန်းကျင်ကခင်ဗျားကိုဘယ်လိုမှလက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာပဲ၊ ပြီးတော့ မင်းပိုင်ဇေက နာမည်ရနေတဲ့ဗီဒီယိုအယ်ဒီတာတစ်ယောက်၊ သူ့အသိုင်း အဝိုင်းမှာ သူအရှက်ကွဲမယ့်အဖြစ်မျိုးကို ခင်ဗျားမြင်နိုင်သလား၊ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းဖြစ်တဲ့ ကျွန်တော်ကတော့ မဖြစ်အောင်တားရမှာပဲ၊ ဒီတော့ ဒီညကခင်ဗျားတို့ပတ္တရားကပြန်လာတဲ့ညဆို တော့အေးဆေးအနားယူလိုက်ဦး၊ မနက်ဖြန်တစ်ရက်ပြီး ရင်တော့ မင်းပိုင်ဇေအနားမှာ ညိုပြာပြာဆိုတာကိုမမြင်ချင်ဘူး၊ ထွက်သွားပေးပါ”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။