မပြိုဘဲနဲ့ ညို အပိုင်း (၂၄)

(၂၄)
တွေဝေမှုတွေနဲ့ ကျွန်မ မောင့်အနားကနေထွက်သွားခဲ့ပါတယ်။ မောင်စိတ်နာအောင်ဆိုပြီး မောင့်ပိုက် ဆံတွေကိုလည်းယူသွားခဲ့တယ်။ အဲဒီပိုက်ဆံတွေကို ကိုနေအောင်မင်းဆီကိုလွှဲထားပေးခဲ့တယ်။ ရန် ကုန်ရောက်ရင်သူပြန်လွှဲပေးလိမ့်မယ်မောင်။ မောင့် ကွန်ပျုတာကိုတော့မောင့်ဆီကိုပြန်ပေးဖြစ်ပါတယ်။ မောင် ကျွန်မအပေါ်ချစ်တဲ့အချစ်ကိုမြင်ပြီးအရမ်း ခံစားရတယ်မောင်။ ဘိုဘေးဈေးကိုမောင်လိုက်လာမယ်ဆိုတာ လုံးဝမတွေးခဲ့ဘူး။
“ညို့မိသားစုလိုအပ်နေတယ်ဆိုရင်ပေးလိုက်ပါညို၊ ကျွန်တော်လိုအပ်တာညိုပဲ၊ ညိုကျွန်တော်နဲ့လိုက် ခဲ့ပါနော်၊ ကျွန်တော်ဘဝမှာညိုရှိရင်နေရင်ကျန်တာတွေအားလုံးကိုဘယ်လောက်ပဲခက်ခဲပါစေရင်ဆိုင် မယ်၊ ဘာကိုမှဂရုမစိုက်ဘူး”
မောင့်ဆီကအကြင်နာတွေ၊ မေတ္တာတရားတွေကိုထင်ထားတာထက်ပိုရခဲ့တယ်။ မောင်နဲ့အတူတူနေဖို့ ထပ်ပြီး ဆုံးဖြတ်ခဲ့ပြန်ပါတယ်။ အနှောက်အယှက်တွေကိုဘယ်လိုရှင်းရမလဲမတွေးတတ်ဘူး။ မောင် နဲ့ အတူနေချင်တာပဲသိတယ်။

“ညို နင်မင်းပိုင်ဇေအနားကနေထွက်သွားမှ အဆင်ပြေမယ်ထင်တယ်၊ ငါကိုယ်ချင်းမစာလို့ပြောတာ မဟုတ်ပါဘူး၊ အခု နင့်ကိုလည်းသူတို့ဒုက္ခပေးဖို့အကွက်ကျကျစီစဉ်ခဲ့ပြီးပြီ”
နီနီသတိပေးသလိုပဲ ညို့ကို မောင့်သူငယ်ချင်းတွေဒုက္ခပေးဖို့စီစဉ်ခဲ့တယ်။ အမှန်တော့ သူတို့ကိုလည်း အပြစ်မပြောလိုတော့ပါဘူးလေ။ သူတို့သူငယ်ချင်းကောင်းဖို့အတွက်လုပ်တာလို့ပဲညိုမြင်ပါတယ်။ ဟုတ်တယ်။ ညိုက မောင့်အသိုင်းအဝိုင်းနဲ့လုံးဝမအပ်စပ်တဲ့မိန်းမတစ်ယောက်။ ညို့လိုမိန်းမတစ် ယောက်ကိုဘယ်မြန်မာအမျိုးသားကမှလက်ထပ်မှာမဟုတ်ဘူး။
တကယ်တော့ ညိုနဲ့ကိုနေအောင်မင်းတို့ရဲ့ညမှာ စီစီတီဗီကင်မရာကနေရိုက်ထားပြီးသား။ အဲဒီဗီဒီယို ဖိုင်ကိုမြင်တော့ တုန်လှုပ်မှုတွေကငယ်ထိပ်အထိတက်ဆောင့်သလိုပါပဲ။ နီနီကြုံတွေ့ရတဲ့ခံစားမှု ကျွန် မကိုယ်တိုင် ခံစားရပြီ။
ညို သူ့ကိုပေးထားတဲ့ကတိကိုဖောက်ဖျက်ပြီး မောင့်ဆီကိုပြန်လာခဲ့တယ်။ မောင့်ကို ချစ်လွန်းလို့မောင် နဲ့အတူလက်တွဲသွားဖို့ဆုံးဖြတ်ထားခဲ့တယ်။ ရန်ကုန်ကိုလိုက်သွားဖို့စီစဉ်ထားတယ်။ ဒါပေမဲ့ ကံကြမ္မာ ကတော့ မျက်နှာသာမပေးခဲ့ပါဘူးလေ။ ရန်ကုန်ကိုလာခါနီးအခိုက်အတန့်မှာပဲ ညို့ကိုနီနီဆီကနေတစ် ဆင့် ဆက်သွယ်ခြိမ်းခြောက်ခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ ကိုနေအောင်မင်းတစ်ယောက်တည်းမဟုတ် ဘူး၊ ကိုအောင်သက်ပိုင်ရောပါလာတယ်။
“မင်းပိုင်ဇေရဲ့အသိုင်းအဝိုင်းမှာ ဒီဗီယိုဖိုင်ပြန့်သွားခဲ့ရင် သူဘယ်လောက်အရှက်ရမလဲ၊ ပြည့်တန်ဆာ တစ်ယောက်ကိုလက်ထပ်ပေါင်းသင်းတယ်ဆိုပြီး သူဘယ်လောက်သိက္ခာကျမလဲတွေးကြည့်စမ်း၊ ပြီး တော့ ခင်ဗျားရဲ့ဂုဏ်သိက္ခာ၊ ခင်ဗျားနေတဲ့ရွှေဂွန်းလိပ်စာကိုမသိဘူးမထင်နဲ့၊ အဲဒီကိုသွားပြီး ဒီဗီဒီ ယိုကိုပြလိုက်မယ်ဆိုရင် ခင်ဗျားအသိုင်းအဝိုင်းမှာ…”
“တော်တော့”
ကျွန်မဆက်မကြားချင်လောက်အောင် သူတို့ခြိမ်းခြောက်မှုကထိရောက်ခဲ့တယ်မောင်။
“ကျွန်မကိုဘာလို့အဲဒီလိုလုပ်ရတာလဲ၊ ဘာလို့အခုလိုပုံစံနဲ့ခြိမ်းခြောက်ရတာလဲ”
“ဒီနည်းကလွဲရင်ကျန်တဲ့နည်းလမ်းမတွေးမိလို့ပါ၊ စိတ်မကောင်းပါဘူးညို၊ ကျွန်တော်တို့သူငယ်ချင်းဘ ဝမှာ လက်တွဲဖို့ရည်ရွယ်ထားတဲ့မိန်းကလေးက ခင်ဗျားလိုမိန်းကလေးမဖြစ်အောင် မရရအောင်တားရ မှာပဲ၊ ဒီအတွက် နားလည်ပေးပါ၊ ခင်ဗျားနဲ့ မင်းပိုင်ဇေဘယ်လောက်အထိပဲအခြေအနေတွေပြောင်းလဲ တိုးတက်လာပါစေ၊ ရရင်ရသလိုတားဆီးရမှာပဲ၊ နှောက်ယှက်ရမှာပဲ၊ ဒီတော့ ဒီသတင်းမြန်မာနိုင်ငံမ ရောက်ခင် မင်းပိုင်ဇေအတွက် သူ့ကိုတကယ်ချစ်တယ်ဆိုရင် ကျွန်တော်တို့ပြောတာကိုလိုက်နာပါ၊ ဒါဟာခင်ဗျားအတွက်လည်း အရှက်မကွဲအောင်ကာကွယ်ရာ ရောက်တယ်”
ကျွန်မပတ်ဝန်းကျင်ကပြောမယ်ဆိုတာထက် မောင့်အတွက်ကိုပိုစဉ်းစားမိခဲ့တယ်။ တကယ်ပဲမောင့် ပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာကျဆင်းစရာပဲလေ။
“ကျွန်မ မင်းပိုင်ဇေကိုအရမ်းချစ်ပါတယ်၊ အခုလည်းအရင်ဘဝကိုစွန့်လွှတ်ပြီးအိမ်ရှင်မကောင်းတစ် ယောက်ဖြစ်အောင်ပြုပြင်နေထိုင်နေတာပဲလေ၊ ဘာလို့ တားဆီးရတာလဲရှင်၊ ကျွန်မအမှားကို ပြုပြင်နိုင်ခွင့်မရှိတော့ဘူးလား”
“ခင်ဗျားဘက်ကကြည့်ရင်လည်းအမှန်ပါပဲညို၊ ဒါပေမဲ့ လူတိုင်းကကိုယ့်အတွက်တစ်ကွက်ချန်ထားပြီး တစ်ကိုယ်ကောင်းဆန်တတ်ကြတာပဲ၊ ကျွန်တော်တို့လည်းခေတ်လူငယ်တွေပါ၊ နားလည်တတ်တယ်၊ အမှားကိုအမှန်ပြင်တာလက်ခံတတ်တယ်၊ အေး ကိုယ့်အတွက် ကိုယ့်သူငယ်ချင်းအသိုင်းအဝိုင်းအတွက်ဆိုရင်တော့ အပြစ်အနာအဆာမရှိတဲ့ အရာကိုပဲလိုချင်ကြတာ ချည်းပဲ၊ ဒီအတွက်နားလည်မယ်လို့ထင်ပါတယ်”
“ဘယ်လောက်ကြီးပဲတရားမျှတတယ်ပြောပြော ကိုယ့်အတွက်ဆိုရင်တော့နည်းနည်းလေးပဲဖြစ်ဖြစ် ဘက်လိုက်တတ်ကြတာပဲ ဒါကိုတော့နားလည်စေချင်တယ်”
သူတို့နှစ်ယောက်စကားကို ညိုမလွန်ဆန်နိုင်ပါဘူး။ ညို့ကိုခြိမ်းခြောက်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုတည်းနဲ့ တင်အရာအားလုံးကို လိုက်လျောပေးဖို့လုံလောက်တယ်လို့ ညိုသတ်မှတ်လိုက်ပါတယ်။ ညိုဘာပဲဖြစ် နေဖြစ်နေ မိသားစုမသိစေချင်ဘူး၊ မောင့်ပတ်ဝန်းကျင်မှာ မောင့်နဲ့ပတ်သက်တဲ့မိန်းမဟာ ပြည့်တန်ဆာတစ်ယောက်ပါဆိုတာကိုလည်းမသိစေချင်ဘူး။ ဒါမြန်မာမိန်းကလေးတစ်ယောက်ရဲ့သဘောထား အမှန်ပဲ။ မောင့်ကိုချစ်တဲ့မိန်းမတစ်ယောက်ရဲ့သဘောထားအရင်းအမှန်ပဲမောင်။ ကျွန်မအတ္တတွေကြီး ပြီး မောင့်ကိုချစ်ခဲ့တယ်။ မောင့်အနားမှာနေခဲ့တယ်။ အချိန်တန်ရင်ပြန်ထွက်သွားရတော့တာပါပဲလေ။ မောင်ခံစားရသလိုပဲ ညိုလည်းသေလုမျောပါးခံစားရ တယ်မောင်။
နောက်ဆုံးညို ဆုံးဖြတ်လိုက်ပါတယ်။ မောင့်ကိုညို ဘယ်တော့မှလက်မထပ်ဘူး၊ ဒီအကြောင်းတွေ အားလုံးကိုမောင်သိသည့်တိုင်အောင်မောင့်ကိုကျွန်မလက်မထပ်ဘူး။ အဲဒါဟာ မချစ်လို့မဟုတ်ဘူး။ သိပ်ချစ်လို့ အရမ်းချစ်လွန်းလို့ပါမောင်။ မောင်နားလည်မယ်လို့ ကျွန်မယုံကြည်ပါရစေ။
“ကောင်းပြီလေ ကျွန်မဆုံးဖြတ်လိုက်ပါပြီ၊ ရှင်တို့အသိုင်းအဝိုင်းနဲ့ ကျွန်မ ဘယ်တော့မှမပတ်သက်စေ ရပါဘူး၊ မင်းပိုင်ဇေကို ကျွန်မလက်မထပ်တော့ဘူး၊ ကတိပေးပါတယ်၊ ကတိပေးပါတယ်”
ကတိတွေနဲ့မောင့်အနားကထွက်ခွာလာခဲ့ရတယ်။ မောင်ကတော့ဆေးရုံမှာအိပ်မောကျလို့ပေါ့။ နီနီ့ကို တွေ့တော့ သူငယ်ချင်းနှစ်ယောက် ပွေ့ဖက်ပြီးငိုမိကြတယ်မောင်။ ကျွန်မတို့ဘဝက အချစ်ဆို တာနဲ့ပတ်သက်ခွင့်မရှိတော့တဲ့ဘဝပါ။ အိမ်ထောင်ရေးဆိုတာကို လှမ်းဆုပ်ဖို့အင်အားမပြည့်နိုင်တော့ တဲ့ဘဝပါလေ။
ရွှေဂွန်းကို မောင်ရောက်လာတော့ ဘယ်လိုပြောလို့ပြောရမှန်းတောင်မသိတော့ပါဘူး။ အရမ်းကိုအံ အားသင့်တဲ့အပြင် တုန်လှုပ်သွားမိတယ်။ မောင့်ကို ကျွန်မအနားကထွက်သွားအောင်ဘယ်လိုလုပ်ရမ လဲလို့ရုတ်တရက်တွေးမိတယ်။ တူမလေးက ကျွန်မကို မေကြီးလို့ခေါ်တယ်မောင်။ အဲဒါကိုမောင်က တစ်မျိုးထင်ပြီးမေးတော့ ညိုကအိမ်ထောင်သည်ပါဆိုပြီး ပြောမိပြောရာလိမ်လိုက်မိတယ်။
မောင်စိတ်မကောင်းဖြစ်သွားတာကိုမြင်ပြီး ညိုကြေကွဲရတာအသက်တမျှပါပဲမောင်ရယ်။ နောက်တော့ မှ အဲဒီလိုမပြောသင့်မှန်းသိတယ်။ မောင်ထွက်သွားတာကိုမတားဖြစ်ဘူး။ မောင်ကျွန်မဆီကိုလာတာပဲ အချိန်တန်ရင်ပြန်လာမှာပဲဆိုပြီး ဒီစာတွေကိုရေးနေခဲ့တယ်။
ကျွန်မ မောင့်ကိုလက်မထပ်ဘူး၊ ဒါပေမဲ့ ဘာကြောင့်လက်မထပ်ရတာလဲဆိုတာကိုတော့ မောင်အမှန် အတိုင်းသိစေချင်တဲ့သဘောနဲ့ရေးခဲ့တာပါ။ ညိုပြာပြာနဲ့ပတ်သက်ပြီး မောင့်ဘဝမှာရှင်းရှင်းလင်းလင်း ရှိစေချင်တာတော့အမှန်ပဲ။ မောင့်သူငယ်ချင်းတွေကိုလည်းပြောလိုက်ပါ။ ပြည့်တန်ဆာမှာလည်းသူ့ မာနနဲ့သူရှိတယ်လို့။
ပြီးတော့ ကျွန်မအသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့အလုပ်ကကျွန်မရဲ့ဗီဇအကျင့်စရိုက်မဟုတ်ပါဘူး။ ဟုတ်ခဲ့ရင်လည်း အဲဒါကိုဖျောက်ဖျက်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ မောင့်ကိုချစ်လို့ပဲ။ လူတစ် ယောက်ရဲ့အကျင့်ဗီဇကိုဖျောက်ဖျက်လို့ရတယ်။ ကျွန်မဘဝအတွက်အရာအားလုံးကိုမောင့် အတွက်ဖျောက်ဖျက်ပစ်နိုင်တယ်။ အဲဒါဟာ ချစ်ခြင်းမေတ္တာကြီးမားလို့ပဲ။ ချစ်ခြင်းမေတ္တာကအရာအား လုံးကို တွန်းအားပေးနိုင်လို့ဆိုတာ အားလုံးသိထားပေးပါလို့။
မောင်ကျွန်မကိုလိုက်မရှာပါနဲ့တော့။ ကျွန်မဆုံးဖြတ်ချက်ကသေချာခိုင်မာနေတာ မို့ မောင်နဲ့ဝေးဝေးမှာနေရင်း လွမ်းရင်ဘဝကိုအဆုံးသတ်ပါရစေ။ သိပ်ချစ်တယ်မောင်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။