မပြိုဘဲနဲ့ ညို အပိုင်း (၅)

(၅)
အနီးကပ်လေ့လာမှုမရှိဘဲ သူစိမ်းမိန်းကလေးတစ်ယောက်ရဲ့ဘဝကိုပြုပြင်ပြောင်းလဲပစ်ဖို့ဆိုပြီး လောင်း ကစားပွဲတစ်ခုကို ဖန်တီးခဲ့တဲ့အတွက်ကျွန်တော်စိတ်ထဲမှာနည်းနည်းလေးထင့်နေတာကလွဲ ရင် လုံး၀ စိုးရိမ်မှုတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကောင်မလေးကို ကျွန်တော်ရအောင် ပြုပြင်နိုင်မယ်လို့ တွက်ဆထားတယ်ညို။
ဘာအစီအစဉ်မှချမှတ်မထားဘဲနဲ့ကို စိန်ခေါ်လောင်းကြေးထပ်လိုက်တာပါ။ ဒါပေမဲ့ ကံကြမ္မာကအဲဒီ ကောင်မလေးနဲ့ကျွန်တော့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ်ဖန်တီးပေး ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ဘဝအတွက် ဘယ်တော့မှမမေ့နိုင်တဲ့ဇာတ်လမ်းလေးပါပဲ။

အစကတော့ ကျွန်တော်ဆိုင်ကနေအိမ်ပြန်တာကနေလို့ပြောလို့ရပါတယ်။ အမှန်တော့ကျုံထော်ကနေ စတာလို့ပြောလို့ရပေမယ့် လောင်းကြေးထပ်အပြီးစတင်ခဲ့တာကတော့ ဘန်ကောက်မြေရဲ့ညမှာပါ။ အောင်သက်ပိုင်နဲ့နေအောင်မင်းတို့ပြန်နှင့်ပြီးကျွန်တော်ဆိုင်မှာထိုင်နေရစ်ခဲ့တယ်။ နောက်ထပ်တစ် ခွက်နှစ်ခွက်လောက်သောက်ဦးမယ်ဆိုတဲ့အတွေးရယ်၊ ကောင်မလေးကိုကြည့်ဖို့ရယ်ပေါ့။
“သွားကြစို့လေ”
သေချာနားစိုက်ထောင်နေတာမို့ ကောင်မလေးကဘဲကြီးကိုပြန်ဖို့စကားပြောနေတာကိုကြားဖြစ်အောင် ကြားလိုက်တယ်။ မကြာပါဘူး။ သူတို့မတ်တပ်ရပ်ထ၊ လက်ချင်းချိတ်ပြီးဆိုင်အပြင်ကိုထွက်သွားကြ တာပေါ့ညို။ ဘယ်နေမလဲ။ ကျွန်တော် နောက်ကနေလိုက်ခဲ့တာပေ့ါ။ ဒါပေမဲ့ ကျွန်တော့်ခြေလှမ်းတွေ ကပုံမှန်မဟုတ်တော့ဘူး။ ယိုင်တာမှတော်တော်ကိုယိုင်နေခဲ့ပြီ။
ရောင်စုံဆလိုက်မီးတွေကြား၊ ခန္စာကိုယ်ချင်းပူးယှက်ပြီးတွဲကနေတဲ့လူတွေကြား၊ မှန်ဘောင်ထဲမှာမြင် နေရတဲ့ဆေးရောင်စုံအမျိုးသမီးတွေမြင်ကွင်း ကနေ ကျွန်တော်ရုန်းထွက်ခဲ့တယ်။ ပုံမှန်မဟုတ်တဲ့ ယိုင် တိုင်တိုင်ခြေလှမ်းတွေနဲ့ပေါ့ညို။
“ဟင်”
ကျွန်တော့်မြင်ကွင်းထဲကနေ အဲဒီအတွဲကွယ်ပျောက်သွားခဲ့တယ်။ ထိန်ထိန်လင်းနေတဲ့တိုက်ကြီးတွေ၊ လမ်းမကြီးတွေ ပတ်ပတ်လည်ကိုပဲကျွန်တော်မြင်ရတယ်။ ဟာ ကျွန်တော်ဘယ်ဖက်ကိုသွားရမှန်းမသိ တော့ဘူး။ အရှေ့၊ အနောက်၊ တောင်၊ မြောက် ပတ်ပတ်လည်ကပုံစံတူတူပဲလို့ခံစားရတယ်။ ကောင်မ လေးကိုခြေရာခံဖို့မပြောနဲ့ ကိုယ်တောင်ဘယ်လမ်းကနေဘယ်လို အခန်းကိုပြန်သွားရမလဲမသိဖြစ်နေ တော့တယ်။ လိပ်စာကိုဖုန်းနဲ့တော့ဓါတ်ပုံရိုက်ထားခဲ့လို့တော်သေးတာပေါ့။ တွေ့ရာတက္ကစီကိုတားပြီး လိပ်စာပြလိုက်ပို့ခိုင်းတာအကောင်းဆုံးပါပဲ။ အမှန်တော့ ဒီနေရာကလမ်းလျှောက်ရင်နာရီဝက်လောက် ပဲလာရတာ။
“ဝေါ့”
လမ်းဘေးတစ်နေရာကိုအရောက် ချောင်ကပ်ပြီးထိုးအန်မိတယ်။ ကျွန်တော့်ခေါင်းတွေရီဝေမူးနောက် လာပြီလေ။ အရက်မူးသမားတော်တော်များများဟာ ဘယ်လောက်ပဲသောက်ထားသောက်ထား ကိုယ် နေတဲ့နေရာကိုတော့ရောက်အောင်ပြန်တတ်ကြတယ်တဲ့။ ဒါပေမဲ့ အဲဒီအထဲမှာကျွန်တော်တော့မပါ လောက်ဘူးထင်တယ်ညို။ ကျွန်တော်မပြန်တတ်တော့ဘူး။ တက္ကစီငှားဖို့ခြေလှမ်းတောင်မလှမ်းနိုင် တော့လောက်အောင်ယိုင်နဲ့နေသလိုခံစားရတယ်။
“ရှင် အဆင်ပြေရဲ့လား”
သန်းခေါင်ယံညအလယ် မြန်မာနိုင်ငံမဟုတ်တဲ့လမ်းမပေါ်မှာ မြန်မာစကားသံကြည်ကြည်လင်လင် ထွက်လာတာကိုတော့ သတိထားလိုက်မိတယ်။ လှည့်ကြည့်လိုက်တော့ မှုန်ဝါးဝါးဖြစ်နေတာပေါ့။ သေ ချာတာကတော့ အဲဒီအသံပိုင်ရှင်ကို ရင်းရင်းနှီးနှီးသိနေတာပဲ။
ကျွန်တော်ခေါင်းခါပြလိုက်တယ်။ I am not ok ဆိုပြီးတော့လည်းပြောလိုက်တယ်ထင်ပါရဲ့။ အဲဒီ နောက်အရာအားလုံးဟာဝိုးတဝါးပါပဲ။ ကျွန်တော်မတ်တပ်မထနိုင်တော့တာသေချာတယ်။ အဲဒီတော့ အမျိုးသမီးအသံပိုင်ရှင်ကကျွန်တော့်ကိုဆွဲထူ၊ ကားငှား၊ အခန်းပြန်ပို့ ဒါတွေကတော့ဝိုးတဝါးနဲ့မှတ်မိ နေသယောင်ပါပဲညို။ မမှတ်မိလို့မရတဲ့အစိတ်အပိုင်းဖြစ်တာကြောင့်လဲပါမှာပေါ့။
ကျွန်တော်နိုးလာတော့ နေရောင်ခြည်တန်းကိုမြင်နေရပြီ။ မြို့လယ်မှာရှိတဲ့ကျွန်တော်တို့အခန်းရဲ့နံရံ မှန်အတွင်းကနေ သေသပ်လှပတဲ့တိုက်တာအဆောက်အဦတွေကို သဲသဲကွဲကွဲမြင်နေရပြီညို။ အပြင် ဖက်ဆီမှာ အသံပေါင်းစုံကြားနေရနိုင်ပေမယ့် ကျွန်တော့်ဘေး ပတ်ဝန်းကျင်မှာတော့ အသက်ရှုသံ ကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ ဟုတ်တယ်။ အသက်ရှုသံ။ ဒါပေမဲ့ ကျွန်တော့် အသက်ရှုသံမဟုတ်ဘူး။ မိန်းမတစ်ယောက်ရဲ့အသံပေါ့။ ဘယ်နေရာကလဲ။ ကျွန်တော်ဆန်းစစ်လိုက် တယ်။ အိုး ကျွန်တော်နဲ့တစ်ကုတင်တည်းမှာအိပ်ပျော်နေတဲ့အမျိုးသမီးတစ်ယောက်။
“ဟင်”
အဖြစ်အပျက်က အံအားသင့်စရာကောင်းလိုက်တာ။ ကျွန်တော့်ကိုဒုက္ခတွေပေးခဲ့တဲ့မိန်းကလေး။ ကျွန် တော်လောင်းကြေးထပ်ခဲ့တဲ့မိန်းကလေး။ ဟောဗျာ။ ကျွန်တော်တို့ဘာတွေဖြစ်ခဲ့ကြပါလိမ့်။ သေချာ တာကတော့ မိန်းကလေးက ရုပ်ရှင်ထဲကလို ကျွန်တော်အိပ်နေတဲ့ဘေးမှာ ဒူးပေါ်လက်နှစ်ဖက်ယှက် တင်ပြီးတရှုံ့ရှုံ့ငိုမနေတာပါပဲ။ ညကဘာတွေဖြစ်ခဲ့သလဲ။ ကျွန်တော်အာရုံစူးစိုက်ပြီးတွေးမိလိုက်တယ်။ ဟုတ်တယ်။ ညတုန်းကအခန်းကိုဒီမိန်းကလေးလိုက်ပို့ခဲ့တာ။
“အိုး၊ ရှင် တော်တော်သောက်ထားတာပဲ၊ လေးလိုက်တာ၊ တော်သေးတာပေါ့၊ အခန်းသော့ကျမကျန်ခဲ့ လို့၊ ဟင်း ဟင်း Passport တို့ပိုက်ဆံအိတ်တို့ကတော့အိတ်ကပ်ထဲသေချာထည့်ထားတာပဲ”
မိန်းကလေး ကျွန်တော့်ကိုကုတင်ပေါ်ပစ်ချတာကိုမြင်ယောင်လိုက်တယ်။ ပြီးတော့ ပြီးတော့..။
“အိုး”
ကျွန်တော့်လက်နှစ်ဖက်က မိန်းကလေးရဲ့ပခုံးကိုအတင်းဆွဲဖက်ထားလိုက်တာ ရုန်းမထွက်နိုင်တော့ လောက်တဲ့အထိပါလား။ မူးနေတဲ့ကောင်ကအဲဒီလောက်အားအင်ပြည့်နေပါ့မလား ကိုယ့်ကိုကိုယ်မ ယုံနိုင်အောင်ပါပဲညို။ ကျွန်တော် မိန်းကလေးကိုသေသေချာချာကြည့်နေခဲ့တယ်။ မြင်လို့တော့မဟုတ် ဘူး။ ရီဝေေ၀ပါပဲ။ ဒါပေမဲ့ ဆိုင်မှာတွေ့ခဲ့တဲ့ဆေးရောင်စုံကောင်မလေးတွေ၊ ဖောက်သယ်ခေါ်နေတဲ့ မြင် ကွင်းတွေ၊ ဆလိုက်မီးနဲ့အထိုးခံရတဲ့ကျွန်တော့်မျက်နှာ၊ အနမ်းချင်းဖလှယ်နေကြတဲ့အတွဲတွေ၊ သီးသန့် ခန်းဆီကိုအသီးသီးထွက်ခွာသွားကြတဲ့ အတွဲတွေ၊ ကော့ချည်ဆန့်ချည် က နေတဲ့ဘန်ကောက်မြို့ တော်ရဲ့ဇိမ်ပျော်မယ်လေးတွေ။ ဒါတွေက ကျွန်တော့်စိတ်ကိုသွေးကြွစေခဲ့သလားညို။ ဟား အရာ အားလုံးဟာ ကျွန်တော်အမှားတစ်ခုကိုကျူးလွန်စေမိခဲ့စေတာလား ညိုရယ်။
မိန်းကလေးကို ကျွန်တော့်ရင်ခွင်ထဲဆွဲသွင်းခဲ့တယ်။ နှစ်ခြိုက်စွာနမ်းမိခဲ့တယ်ညို။ အင်း ဟုတ်တယ်။ ကျွန်တော်အရှေ့ဖက်ဆီမှာ ညတုန်းကဝတ်ခဲ့တဲ့ အကျီၤနဲ့ဘောင်းဘီကို ကုလားထိုင်ပေါ်တင်ထားတာ တွေ့နေရတယ်။
“သွားပြီ”
ကျွန်တော်ထထိုင်လိုက်တယ်။ ဘာဆက်လုပ်ရင်ကောင်းမလဲစဉ်းစားမိတယ်။ ကျွန်တော်ပြုပြင်ပေး မယ့်သူတစ်ယောက်ကို ကျွန်တော်ကိုယ်တိုင်ဖျက်ဆီးခဲ့ပြီ။ မိန်းကလေးရှိတဲ့ဖက်ကိုကြည့်လိုက်တော့ မျက်လုံးပွင့်ပြီးကျွန်တော့်ကိုကြည့်နေတာကိုတွေ့လိုက်တယ်။ နိုးနေတာပါလား။
“ကျွန်တော်တို့ ကျွန်တော်တို့….”
မိန်းကလေးက အိပ်ရာကနေထလိုက်တယ်။ ကျွန်တော့်ကိုရီဝေေ၀ကြည့်ပြီးရေချိုးခန်းဆီကိုထထွက် သွားတယ်။ ခဏကြာတော့ကိုယ်လက်သန့်စင်ပြီးထွက်လာတယ်။ အခန်းဆီကနေထွက်သွားတော့မလို့ ပြင်ဆင်တာထင်ပါရဲ့။ မိန်းကလေးရဲ့လှုပ်ရှားပုံတွေကဒီအခန်းနဲ့ရင်းနှီးကျွမ်းကျင်မှုရှိလှစွာပါပဲ။
“ကျွန်မပြန်တော့မယ် မင်းပိုင်ဇေ”
ကျွန်တော့်နာမည်ကိုမှတ်မိနေတာပါလား။ ညတုန်းကအဖြစ်အပျက်ကို အားနာတာလား၊ ရှက်မိတာ လားမပြောတတ်ပါဘူး။ ကျွန်တော့်စိတ်ထဲမှာတစ်စုံတစ်ရာခံစားနေရတာတော့အမှန်ပါပဲ။ အဲဒီတစ်စုံ တစ်ရာကနွေးထွေးလှတာတော့သေချာတယ်။
“ခဏ”
မိန်းကလေးကို ကျွန်တော်သေချာကြည့်လိုက်ပြီးပြောလိုက်တယ်။ ပြောသင့်သလားမပြောသင့်ဘူး လားလို့မတွေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ပုံမှန်မိန်းကလေးတစ်ယောက်မဟုတ်ဘဲ အသက်မွေးဝမ်း ကျောင်းပြုသူတစ်ယောက်ဖြစ်နေလို့ပါပဲ။
“ဘယ်လောက်လဲ”
ကျွန်တော့်မေးခွန်းက ရိုင်းကောင်းရိုင်းနေမှာပေါ့။
“ဘာကိုလဲ”
“ညတုန်းကအဖြစ်အပျက်အတွက် ကျွန်တော်ဘယ်လောက်ပေးရမလဲ”
မိန်းကလေးပြုံးလိုက်တယ်။ ပြုံးနေတာကတည်ငြိမ်နေတယ်လို့ခံစားရတယ်ညို။ ကျွန်တော်အရင်တွေ့ ဖူးနေကျပုံစံမဟုတ်တာတော့အသေအချာပဲ။
“ရှင့်ကိုကျွန်မ စခဲ့နောက်ခဲ့တဲ့အတွက်အဲဒါနဲ့ပြန်ပြီးကျေးဇူးပြုတယ်လို့ပဲမှတ်လိုက်ပါ၊ ပြီးတော့ ရှင်က ကျွန်မကိုခေါ်ခဲ့တာမဟုတ်တဲ့အတွက် ရှင့်ဆီကအခကြေးငွေတစ်ပြားတစ်ချပ်မှတောင်းဖို့အစကတည်း ကစိတ်ကူးမရှိပါဘူး၊ အိမ်ပြန်လိုက်ပို့တာကလည်းစေတနာသပ်သပ်ပါ”
“ခင်ဗျားဒီအလုပ်နဲ့အသက်မွေးဝမ်းကျောင်းပြုနေတာဘယ်လောက်ကြာပြီလဲ”
“ကျွန်မသွားတော့မယ်”
“ကျွန်တော်ခင်ဗျားနဲ့စကားပြောချင်တယ်”
“ကျွန်မ မအားဘူး”
“ဆောရီး တကယ်ဆောရီးပါဗျာ၊ ကျွန်တော့်ဘဝမှာဒါပထမဆုံးပဲ”
“ရှင်မူးတာ အမူးကောင်းပဲ”
ကျွန်တော်ကောင်မလေးကို စကားတွေပြောချင်၊ မေးခွန်းတွေအများကြီးမေးချင်ပေမယ့် ကောင်မလေး ကကျွန်တော့်ကိုအချိန်သိပ်ပေးချင်ပုံမရဘူး။ ညတုန်းကအဖြစ်အပျက်အတွက်လည်းထွေထွေထူးထူး ခံစားနေပုံမရဘူး။ ကျွန်တော်ကသာ ဘဝမှာပထမဦးဆုံးအတွေ့အကြုံမို့နေမသိထိုင်မသာဖြစ်နေတာ။ နွေးထွေးကြည်နူးသလို လွမ်းသလိုဆွေးသလိုနဲ့ဘာကိုဘယ်လိုပြောရမှန်းမသိတော့ပါဘူး။
“ခင်ဗျားရဲ့ဝင်ငွေတစ်နေ့ကိုဘယ်လောက်ရလဲ ကျွန်တော်သိချင်တယ်၊ ပျှမ်းမျှခြင်းအားဖြင့်ပေါ့”
“ဘတ်သုံးထောင်ဝန်းကျင်”
အင်း။ သုံးရစွဲရတာနဲ့ကာမိရဲ့လား။ ဝင်ငွေကမြန်မာငွေနဲ့တွက်ရင်တော့မနည်းလှပါဘူး။ ဒါပေမဲ့ လုပ်ရ တဲ့အသက်မွေးဝမ်းကျောင်းအရဆိုရင်တော့နည်းတယ်လို့ပြောရမလား။
“ကျွန်တော် ဒီနေ့တစ်ညခင်ဗျားကိုဝယ်လို့ရမလား”
မိန်းကလေးကျွန်တော့်ကိုသေချာကြည့်လိုက်တယ်။ ကျွန်တော်အရင်ကကြည့်ခဲ့ဖူးတဲ့ပုံစံနဲ့မိန်းကလေး ကိုပြန်မကြည့်တော့ဘူး။ အငြိုးတွေမုန်းတီးမှုတွေမရှိတော့ဘူး။ အဲဒါတွေကထူးဆန်းစွာပဲပျောက်ကွယ် သွားခဲ့တယ်ညို။ ဘာကြောင့်လဲ။ ဘယ်အရာကဒါတွေကိုပျောက်ကွယ်စေခဲ့တာလဲ။ သေချာတာက တော့ ကျွန်တော်ဒီနေ့တစ်ည မိန်းကလေးနဲ့ထပ်ပြီးဖြတ်သန်းချင်နေတာပါ။
“ဆောရီး ကျွန်မ မအားဘူး”
မင်းပိုင်ဇေရဲ့ဖြစ်တည်မှုဟာမနေ့ကနဲ့လုံးဝမတူတော့သလိုခံစားရတယ်ညို။ ကျွန်တော်ဒီနေ့အလုပ်သွား ရမယ်။ အောင်သက်ပိုင်ရဲ့အလုပ်ကိုလွှဲပြောင်းယူရမယ်။ ရိုက်ကူးရေးအဖွဲ့သားတွေက ကျွန်တော့်ကို စောင့်နေမယ်။ ဘန်ကောက်ရိုက်ကွင်းအတွက် ပထမဆုံးအတွေ့အကြုံကကျွန်တော့်ကိုရင်ခုန်စိတ်လှုပ် ရှားမှုမပေးခဲ့ဘူး။ မိန်းကလေးက ကျွန်တော့်ကိုစိတ်လှုပ်ရှားနွေးထွေးစေခဲ့တာတော့သေချာတယ်။
“အဲဒီဆိုင်မှာပဲရှိနေမှာလား”
“အင်း”
“ကျွန်တော်ခင်ဗျားကိုလာတွေ့ခွင့်တော့ရှိမှာပါနော်”
“ကျွန်မ ဧည့်သည်နဲ့အတူရှိနေလိမ့်မယ်”
“ခင်ဗျားနာမည်သိလို့ရတယ်မှလား”
“ညိုပြာပြာ၊ ညိုလို့ခေါ်ကြတယ်”
ဆရာဇော်ဂျီရဲ့ဗေဒါလမ်းကဗျာရွတ်ဆိုသံ နားထဲချက်ချင်းကြားလိုက်ရသလိုခံစားရတယ်။ နာမည်က ညိုပြာပြာတဲ့လား။
ညို ကျွန်တော့်မြင်ကွင်းကနေထွက်သွားဖို့ပြင်တယ်။ ကျွန်တော်က ကုတင်ပေါ်မှာထိုင်ရက်သား။ ညိုက အခန်းအပြင်ထွက်ဖို့တံခါးလှမ်းဖွင့်လိုက်တော့ တံခါးရှေ့မှာ အခန်းထဲဝင်ဖို့ပြင်တဲ့သူတစ်ယောက်ကို အဆင်သင့်တွေ့လိုက်ရတယ်။
“ဟင်”
အောင်သက်ပိုင်။ ကျွန်တော်တို့နှစ်ယောက်စလုံးကိုသူမြင်သွားပြီ။ ကျွန်တော့်ပုံစံကိုကြည့်ပြီးသူတစ်မျိုး ဖြစ်သွားတာတော့သေချာတယ်။ ဒါဆို ညတုန်းကကျွန်တော်တို့ဘာတွေဘယ်လိုဖြစ်ခဲ့ကြတယ်ဆိုတာ ကိုဒီကောင် ရိပ်မိသွားတာသေချာပြီ။
ကျွန်တော်တို့နှစ်ယောက်ကိုတစ်လှည့်စီကြည့်ပြီး အခန်းထဲကနေညိုထွက်သွားခဲ့တယ်။ ဒီကောင့်ကို ကျွန်တော်ဘယ်လိုရှင်းပြရမလဲ။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။