(၈)
နောက်နှစ်ရက်ကြာပြီးညဖက်မှာမှ ညိုရောက်လာခဲ့တယ်။ မျှော်နေခဲ့တာပေါ့ညို။ အောင်သက်ပိုင်ထား ခဲ့တဲ့အလုပ်အကြွေးတွေကိုလုပ်ရင်းမျှော်နေခဲ့တယ်။ ဆိုင်ကိုလည်းမသွားဖြစ်ဘူး။ ညိုလာရင်လွဲမှာစိုး လို့လေ။ အလုပ်ထဲဈာန်ဝင်စားနေတုန်းမှာပဲ ညိုတံခါးခေါက်ခဲ့တယ်။
“ရှင့်အခန်းကလည်း ရှုပ်ပွနေတာပဲနော်”
ညိုက ကျွန်တော်နေရတဲ့အခန်းကို မျက်လုံးကစားပြီးကြည့်တယ်။ တစ်ခါမှမရောက်ဖူးတဲ့ပုံစံဖြစ်နေ တယ်တဲ့။ ဟုတ်တယ်။ ရန်ကုန်မှာဆိုရင်လည်း ကျွန်တော်နေတဲ့အခန်းကအခုလိုပါပဲညို။ ကျွန်တော့် ဘဝမှာ အမေကပဲအရာရာတိုင်းကိုစီစဉ်ဖန်တီးပေးတာပဲ။ အိပ်ရာခင်းတာကအစ၊ ထမင်းစားတာအဆုံး အမေရဲ့စီစဉ်ပေးမှုအောက်မှာပဲကြီးပြင်းခဲ့တာ အခုထိပါပဲ။
“ကျွန်မ သိမ်းပေးမယ်”
ကျွန်တော်က တည်းဖြတ်လက်စဗွီဒီယိုဖိုင်ရှိနေတာမို့အလုပ်ကိုဆက်လုပ်နေခဲ့တယ်။ ညိုကကျွန်တော့် အနားမှာသောက်ပြီးစကော်ဖီခွက်၊ ဆေးလိပ်ပြာခွက်တွေကနေစပြီး အခန်းကိုတစ်ခုချင်းလိုက်သိမ်းပေး ပါတော့တယ်။ ညိုလှုပ်ရှားနေတာလေးတွေကို မသိမသာအကဲခတ်ကြည့်နေမိတာပေါ့။ အဝတ်တွေကို ကုတင်ပေါ်မှာ ဖရိုဖရဲတင်ထားတာတွေကိုခေါက်သိမ်းပေး၊ တစ်ချို့လုံးထွေးထားတာတွေကိုတော့ လျှော်မယ့်ခြင်းတောင်းထဲထည့်ပေး၊ ကုတင်ဘေးကစားပွဲပေါ်မှာပြန့်ကြဲနေတဲ့စာအုပ်တွေကိုသေချာပြန် စီ၊ အိပ်ရာသိမ်းနဲ့ဇယ်ဆက်သလိုလုပ်နေတယ်။ အိမ်ရှင်မတစ်ယောက်လှုပ်ရှားနေတဲ့ပုံစံလေးပါ။ ဟုတ် တယ်၊ ညိုဘာလို့အိမ်ရှင်မမဖြစ်နိုင်ရမှာလဲ။
“ရော့ ရှင့်ပိုက်ဆံ”
အခန်းရှင်းလင်းရေးအပြီးမှာတော့ ညိုကကျွန်တော့်ဘေးမှာလာထိုင်ပါတယ်။ အကြွေးပိုက်ဆံကိုလည်း ပြန်ပေးတယ်။ ကွန်ပျုတာရှေ့မှာဘတ်နှစ်ထောင်ချပေးတယ်။ ကျွန်တော်ယူသင့်မယူသင့်စဉ်းစားနေခဲ့ တယ်ညို။ ဟုတ်တယ်။ ကျွန်တော်ညို့အပေါ်။
“ဟာ၊ ရှင်အဲဒီကားကိုအခုထိဖြတ်နေတုန်းပဲလား”
ကျွန်တော်တည်းဖြတ်နေတဲ့ဇာတ်လမ်းတွဲကို ညိုကသိနေတယ်။
“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ”
“အဲဒါ ကိုအောင်သက်ပိုင်ဖြတ်ခဲ့တဲ့အပိုင်းပဲလေ၊ မပြီးသေးဘူးလား”
“အင်း မပြီးသေးဘူး၊ သူ့အလုပ်ကြွေးတွေလုပ်ပေးနေရတာ၊ ညိုသိတယ်ဟုတ်လား”
“အင်း၊ အရှေ့ပိုင်းအခန်းတစ်ချို့ကိုကျွန်မတောင်ကူဖြတ်ပေးလိုက်သေးတယ်”
“ဟင် ညိုက Video Editing (ဗွီဒီယိုတည်းဖြတ်)ရတယ် ဟုတ်လား”
“ရှင်တို့သုံးနေတဲ့ဆော့ဖ်ဝဲ (Premiere Pro CC) တစ်မျိုးတည်းရတာပါ၊ အထင်မကြီးပါနဲ့”
ကျွန်တော် ညို့ကိုအထင်ကြီးသွားမိတယ်။ ညိုဘာလို့ဗွီဒီတည်းဖြတ်အလုပ်နဲ့အသက်မွေးဝမ်းကျောင်း မပြုရတာလဲ။ မကျွမ်းကျင်တာကအလုပ်ကသင်ပေးလို့ရတာပဲ။ ညိုဟာခေတ်ပညာတတ်အမျိုးသမီး တစ်ယောက်ပဲဖြစ်မှာ။ စကားပြောတဲ့ပုံစံ၊ နေပုံထိုင်ပုံတွေဟာအဆင့်မြင့်တယ်လို့ခံစားရတယ်။ ညို့ကို ကြည့်ရင်း ဂျာနယ်ကျော်မမလေးရဲ့သူမဝတ္ထုထဲကဇာတ်ကောင်အမျိုးသမီးရဲ့လှုပ်ရှားသွားလာပုံတွေကို မြင်ယောင်နေသလိုပဲဗျာ။
“ညို အချိန်ရမယ်ဆိုရင် ကျွန်တော့်ကိုလည်းတစ်ခန်းနှစ်ခန်းလောက်ကူဖြတ်ပေးပါလား၊ ကျွန်တော် Toilet ခဏဝင်ချင်လို့၊ ဒီအပိုင်းကမနက်ဖြန်အပြီးအပ်ရမှာ”
ကျွန်တော်ညို့ကိုစမ်းသပ်လိုက်တယ်။ ညို့ရဲ့လက်ကိုသိချင်လို့။ ညိုခေါင်းညိတ်ပြီး ကျွန်တော်နေရာ ဖယ်ပေးလိုက်ပါတယ်။ ပြီးတော့အိမ်သာသွားဟန်တဲ့ အနောက်ကနေညိုလုပ်တာကိုင်တာတွေကို အကဲခတ်နေခဲ့တယ်။ သေချာတယ်။ ညို အဲဒီဇာတ်လမ်းတွဲအပိုင်းကိုနောကြေအောင်ကြည့်ပြီးသားပါ။ ဘာပြီးရင်ဘာလာရမယ်ဆိုတာသိနေတယ်။ ဇာတ်လမ်းရဲ့အသွားအလာကိုသိတော့ တည်းဖြတ်တဲ့ လက်တွေကလည်း ဘယ်နေရာဘယ်လိုလုပ်ရမယ်ဆိုတာကို သိနေခဲ့တယ်။ ညို့ရဲ့မောက်စ်ကိုင်တဲ့ လက်တွေသွက်နေခဲ့တယ်။ Tools တစ်ခုချင်းစီကိုဖျတ်ခနဲဖျတ်ခနဲယူသုံးတစ်ခါတစ်လေ Transitions Tools တွေကိုတောင်ယူသုံးလိုက်သေးတယ်။
ညိုကောင်းကောင်းသုံးတတ်တယ်ဆိုတာသိသွားတော့ ညို့အနားကိုသွားပြီးပေါ်တင်ပဲထိုင်ကြည့်နေခဲ့ တော့တယ်။
“လာလေ၊ အံမယ်၊ အချောင်ခိုချင်တယ်ဟုတ်လား”
နေရာဖယ်ပေးဖို့ပြင်ပေမယ့် ကျွန်တော်ခေါင်းခါလိုက်ပါတယ်။ ညိုရောက်လာပြီးမှ ကျွန်တော်အလုပ် တွေလုပ်လို့ရတော့မှာမဟုတ်ပါဘူး။
“ဒီဇာတ်လမ်းတွဲရိုက်တဲ့ ကင်မရာသမားထဲကတစ်ယောက်က အသစ်ထင်တယ်ဟုတ်လား၊ ဒါရိုက် တာကလည်းအိုင်ဒီယာနည်းနည်းဂွမ်းနေတယ်လို့ထင်တယ်”
“ဘာလို့လဲ”
“တစ်ချို့အခန်းတွေဆို ကင်မရာအလင်းကမညီမညာညှိထားသလိုပဲ၊ အလင်းအမှောင်ကြောင့်လားမ ပြောတတ်ပါဘူး၊ ပခုံထမ်းကင်မရာကမငြိမ်တော့ အခန်းတွေဖြတ်ရတာနည်းနည်းလှုပ်နေတယ်၊ အဲဒါ ကိုဒါရိုက်တာက သေချာလည်းမစစ်ဘူး”
“စစ်ပါတယ်၊ အဲဒီအခန်းကမထည့်ဘူးဆိုပြီးနမူနာရိုက်ပြီးပြန်မရိုက်တော့တာ၊ အခုကျမှထည့်သင့်တယ် ထင်လို့အဆင်ပြေသလောက်ထည့်လိုက်တာ”
“မင်းသမီးနဲ့မင်းသား တစ်ယောက်ကိုတစ်ယောက်နာကျဉ်းတဲ့အခန်းကိုရိုက်တော့ မျက်လုံးကိုအဓိက ထားပြီးတစ်ကတ်စီလောက်ရိုက်သင့်တယ်၊ ဒီအတိုင်းကြီးပြတော့သိပ်အသက်မဝင်ဘူးလေ၊ မျက်လုံး ကို Focus ထားပြီးရိုက်ပြတာမျိုးစက္ကန့်ပိုင်းလောက်တော့ပါသင့်တယ်၊ ကားပေါ်ကဆင်းတဲ့အခန်းမှာ အဓိကပြချင်တာကဖိနပ်လား၊ ကားလား အဲဒါကိုမသဲကွဲဘူး၊ နှစ်ခုရောနေတယ်။ ကျွန်မဆိုရင်အဲလိုမျိုး ရိုက်မှာမဟုတ်ဘူး၊ ကားရှေ့ဘီးအောက်ကနေပြီးတံခါးအဖွင့်နဲ့ဆင်းလာတဲ့ဖိနပ်ကိုရိုက်ပြရင် ပိုလှမယ် လို့ထင်တယ်၊ အင်း အဲဒါကတော့တစ်ယောက်နဲ့တစ်ယောက်အိုင်ဒီယာဘယ်တူပါ့မလဲနော်”
“ညို သင်တန်းဘယ်မှာတက်တာလဲ”
“ဟားဟား မင်းပိုင်ဇေရယ်အထင်မကြီးပါနဲ့၊ ကျွန်မကရန်ကုန်မှာရိုးရိုးဗွီဒီယိုတည်းဖြတ်သင်တန်းကို သုံးလပဲတက်ဖူးခဲ့တာပါ၊ အခုလိုကြီးကြီးကျယ်ကျယ်တွေလျှောက်ပြောတော့ဒါရိုက်တာသင်တန်းဆင်း လိုလို၊ တည်းဖြတ်ကျွမ်းကျင်တဲ့သူလိုလိုထင်နေပါဦးမယ်”
“ဒါပေမဲ့ ညိုလုပ်နိုင်တယ်လေ၊ လုပ်တတ်တယ်လေ”
ညိုခေါင်းခါတယ်။ ကျွန်တော်ဘာဆက်ပြောမလဲဆိုတာသိနေတဲ့ပုံပဲ။ ကျွန်မကိုတရားဟောဖို့တော့မ ကြိုးစားနဲ့နော်။ ကျွန်မ အဲဒီလိုထိုင်ပြီးစိတ်ရှည်လက်ရှည်လုပ်ရတဲ့အလုပ်ကိုစိတ်မဝင်စားဘူး။ ခဏတစ် ဖြုတ်မို့လိုလုပ်ပေးတာ ဆိုပြီးဆက်ပြောတယ်။
“ကဲ ကျွန်မပြန်မယ်”
ကျွန်တော့်ကိုနှုတ်ဆက်တော့ ဟာခနဲဖြစ်သွားတယ်ညို။ ဒီည ကျွန်တော့်အခန်းမှာပဲအချိန်ကုန်မယ် ထင်ထားခဲ့တာလေ။
“ညို မပြန်ပါနဲ့၊ ကျွန်တော်နဲ့အေးဆေးစကားပြောမယ်လို့ပြောထားတယ်လေ”
“မင်းပိုင်ဇေက ကျွန်မဆီကဘာသိချင်တာလဲ”
“စကားသုံးခွန်း”
ညိုရယ်တယ်။ စကားကြီးသုံးခွန်းဟုတ်လားဆိုပြီးကျွန်တော့်ကိုကြည့်နေတယ်။ မေးခွန်းတွေကိုဖြေပေး မယ်ဆိုပြီးတော့လည်းခေါင်းညိတ်တယ်။
“(၁) ညို့ငယ်ဘဝအကြောင်းကျွန်တော်သိချင်တယ်၊ (၂) ဘဝမှာကြုံတွေ့ရတဲ့ပြသနာကိုညိုဘယ်လို ဖြေရှင်းသလဲ၊ (၃) ညို့အနာဂတ်ကဘာလဲ”
ညိုဖြေပေးခဲ့တယ်။ စိတ်ရှည်လက်ရှည်ပါပဲ။ ကျွန်တော်သိချင်တာတွေကိုညိုဖြေပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီညက ညိုကျွန်တော့်အခန်းမှာရှိမနေခဲ့ဘူး။ စကားပြောပြီးထွက်သွားခဲ့တယ်။ မထွက်သွားခင် ကျွန်တော်တို့နှစ်ယောက်အခြေအတင်ဖြစ်ခဲ့သေးတယ်။ ပြသနာတက်ခဲ့ကြသေးတယ်။
“ကျွန်တော့်အတွက် ဗွီဒီယိုတည်းဖြတ်အကူတစ်ယောက်တကယ်လိုအပ်နေတယ်ညို၊ ခင်ဗျားအဲဒီအ လုပ်ကိုလုပ်ရမယ်၊ ညိုအခုလုပ်နေတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကြီးကိုစွန့်လွှတ်ပြီးကျွန်တော့်အ နားမှာလုပ်ရမယ်ညို၊ ညိုပြောတဲ့မိသားစုအထောက်အပံ့ကိုကျွန်တော်တို့နှစ်ယောက်မျှပေးမယ်”
“ကျွန်မတို့မိသားစုလိုအပ်နေတဲ့လစဉ်ပိုက်ဆံက ကျွန်မရှင်တို့ဆီမှာလုပ်တဲ့အတွက် ရတဲ့လခနဲ့လုံ လောက်မှုမရှိဘူး၊ ကျွန်မဘဝအတွက်လိုအပ်တဲ့ပိုက်ဆံကများတယ်၊ အဲဒါကလွယ်လွယ်ရှာလို့အဆင် မပြေလို့ ဒီအလုပ်ကိုလုပ်ရတာ”
“အဲဒါ ခင်ဗျားမှားနေတယ်ညို၊ ညိုဟာငွေတွင်းမဟုတ်ဘူး၊ ဒါကိုညို့မိသားစုသိဖို့လိုတယ်လေ၊ ပြီးတော့ ညို ပိုက်ဆံပို့တဲ့ပုံစံကမှားနေတယ်လိုကျွန်တော်ထင်တယ်၊ ဒီကပိုက်ဆံပို့ပြီးဟိုမှာအကြွေးဆပ်၊ ဗာရီရ ဝယ်နဲ့လစဉ်ကုန်သွားပြီးသံသရာလည်နေတာမျိုးမဖြစ်သင့်ဘူးလေ၊ ညိုတို့တင်နေတဲ့မိသားစုအကြွေး တွေကိုဆပ်နိုင်ဖို့ ပုံမှန်စီးပွားရေးတစ်ခုလုပ်ဖို့ညိုကတိုက်တွန်းရမှာ၊ အကောင်အထည်ဖော်ပေးရမှာ၊ ဒါ မှ အဆင်ပြေမှာပေါ့၊ သမင်မွေးရင်းကျားစားရင်းအဖြစ်က ညိုသာတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ”
“အဲဒါရှင်နဲ့မဆိုင်ပါဘူး၊ ကျွန်မလိုမိန်းမတစ်ယောက်နဲ့ရှင့်လိုအမျိုးကောင်းသားတစ်ယောက်ပတ်သက် ဖို့လည်းမသင့်ဘူး၊ တော်ပြီ၊ ရှင်သိချင်တာတွေလည်းကျွန်မပြောပြီးသွားပြီ၊ ပြန်ပါရစေ”
ညိုထထွက်သွားဖို့ပြင်တာကို ကျွန်တော်လက်ဖမ်းဆွဲပြီးတားလိုက်တယ်။ ဟုတ်တယ်။ ညိုထွက်မသွား ရပါဘူး။
“ညို၊ ခင်ဗျားကိုကျွန်တော်ဒီညဝယ်မယ်”
“ဆောရီး၊ ကျွန်မရှင့်ကိုဝန်ဆောင်မှုမပေးနိုင်ဘူး”
ကျွန်တော်တကယ်နားမလည်ဘူးညို။ ညို ဟာဘာကြောင့်ကျွန်တော့်ကိုအဲဒီလောက်ထိခါးခါးသီးသီး ငြင်းချင်နေရတာလဲ။ ကျွန်တော့်နေရာမှာအခြားတစ်ယောက်ဆို ညိုလက်ခံမှာသေချာတယ်။ ပိုက်ဆံရ ဖို့ပဲလုပ်နေတာကို ဘယ်အရာကိုကြည့်ရသေးတာလဲဗျာ။
“ညိုဟာပိုက်ဆံပေးရင်ရတဲ့ ဘန်ကောက်ညထဲကမိန်းကလေးတစ်ယောက်ပဲ၊ ဘာလို့ကျွန်တော့်ကိုဝန် ဆောင်မှုမပေးနိုင်ရမှာလဲ”
ကျွန်တော်ညို့ကိုပွေ့ဖက်လိုက်မိတယ်။ ညင်ညင်သာသာလေးပါပဲ။ ဒါပေမဲ့ရုန်းထွက်ခြင်းကိုခံလိုက်ရ တယ်။ ကျွန်တော့်ကိုငြင်းပယ်လိုက်တယ်။ ကျွန်တော့်စိတ်ထဲတင်းခနဲဖြစ်သွားပြီး ညို့ကိုအတင်းဖမ်း ချုပ်ထားလိုက်မိတယ်။ ယောင်္ကျားတစ်ယောက်ရဲ့အားမှာညိုရုန်းကန်နေတော့တာပေါ့။ အဲဒီလောက် ထိ ရုန်းမနေသင့်မှန်းကျွန်တော်ဆင်ခြင်မိတဲ့စက္ကန့်ပိုင်းမှာလွှတ်ပေးလိုက်မိတယ်ညို။
“ကျွန်မတောင်းပန်ပါတယ် မင်းပိုင်ဇေ”
ညို ကျွန်တော့်မြင်ကွင်းထဲကနေထွက်သွားဖို့လုပ်တော့ ဒုတိယအကြိမ်လှမ်းတားလိုက်မိပြန်ပါတယ်။ ဒီ တစ်ခါတော့ လက်ကိုညင်ညင်သာသာလေးပဲ ဆွဲကိုင်လိုက်တာပါ။
“ကျွန်တော်တောင်းပန်ပါတယ်ညို”
“ရှင့်ကိုမြင်မြင်ချင်းကတည်းကခင်မင်ချင်စိတ်တွေ စနောက်ချင်စိတ်တွေဖြစ်ခဲ့တယ်၊ ရှင့်မျက်နှာက အရမ်းရိုးသားတယ်ဆိုတဲ့အရိပ်အယောင်တွေကိုမြင်နေရလို့ပါ၊ မင်းပိုင်ဇေရဲ့မျက်နှာအမူအရာကအေး ချမ်းပြီး ကြည့်လိုက်တာနဲ့လူတစ်ဖက်သားကိုစိတ်ချမ်းသာမှုတွေပေးတယ်လို့ကျွန်မခံစားရလို့ပါ၊ အဲဒါ ကြောင့် ရှင်စိတ်ဆိုးအောင်စခဲ့တယ်၊ ဒီမှာမထင်မှတ်ဘဲတွေ့တော့လည်း ရှင့်ရဲ့အူတူတူပုံစံကိုစချင် နောက်ချင်ခဲ့ပြန်တယ်၊ အဲဒါကြောင့်စခဲ့တာ၊ အဲဒီအပိုင်းအထိပဲကျွန်မတို့ရပ်တန့်နေခဲ့သင့်တာ”
“ကျွန်တော် ညို့ကိုချစ်မိသွားပြီလားဟင်”
“သာယာသွားတာပါ၊ ကျွန်မလိုမိန်းကလေးတစ်ယောက်ကလူတကာဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ၊ မိန်းမကောင်းတစ်ယောက်မဟုတ်ဘူး၊ ရှင့်ဂုဏ်သိက္ခာအတွက် ကျွန်မတို့မပတ်သက်ချင်တာ၊ အဲဒီ လောက်ဆိုသဘောပေါက်ပါတော့ရှင်၊ ကျွန်မသွားပါရစေ”
ညိုမျက်ရည်ဝဲလာတာကိုကျွန်တော်မြင်နေရတယ်။ ဘာကြောင့်လဲညို။ ညိုလည်းကျွန်တော့်ကိုအတိုင်း အတာတစ်ခုထိသံယောဇဉ်တွေတွယ်နေပြီလား၊ အဲဒါကြောင့်နောက်ဆုတ်တာလား၊ ကျွန်တော့်ကို ညို က မကောင်းတဲ့မိန်းမတစ်ယောက်နဲ့မပတ်သက်စေချင်လို့ အခုလိုပြုမှုရတာလားဗျာ။
“ကျွန်တော်တို့ထပ်မတွေ့ရတော့ဘူးလားဗျာ”
ညို့ကိုကျွန်တော်ထပ်မတွေ့ရတော့ဘူးဆိုတဲ့အသိဝင်လာတော့ ချောက်ချားသွားမိတယ်။ လောင်း ကြေးကိစ္စကိုခဏဖယ်ထားလိုက်။ ညို့ကိုကျွန်တော်လိုအပ်နေတယ်ဗျာ။
“ကျွန်မကိုထပ်မရှာပါနဲ့တော့လို့ပြောပြီးပြီပဲ”
“ဘာကြောင့်လဲ”
ကျွန်တော်မေးသင့်တာပေါ့။ ညိုနဲ့ကျွန်တော်ဘာကြောင့်ထပ်မတွေ့ရမှာလဲ။ ခိုင်လုံတဲ့အကြောင်းပြချက် တစ်ခုခုတော့ပေးသင့်တယ်ညို။ ကျွန်တော်ကျေနပ်လောက်တဲ့အကြောင်းပြချက်ပေါ့။
“ရှင် ကျွန်မကိုသံယောဇဉ်တွယ်နေတာတွေထပ်မတိုးအောင်ပါ”
“ကျွန်တော်က အဲဒီသံယောဇဉ်ကိုထပ်တိုးလာချင်တာ”
“တော်ပါတော့ မင်းပိုင်ဇေ”
“ကောင်းပြီလေ၊ ဒါပေမဲ့ အခွင့်အရေးတစ်ခုတော့တောင်းဆိုပါရစေ၊ ကျွန်တော် ညို့ဖုန်းနံပါတ်လိုချင် တယ်၊ ညိုတောင် ကျွန်တော့်ဖုန်းနံပါတ်ကိုခွင့်ပြုချက်မရဘဲယူခဲ့သေးတာပဲလေ၊ လက်ချိုးရေလို့ရတဲ့ အရေအတွက်သာရှိတဲ့ ဘန်ကောက်ကသူငယ်ချင်းတွေကြားမှာ ကျွန်တော်အခက်အခဲတစ်ခုခုများ တွေ့ရင် မိတ်ဆွေတစ်ယောက်အနေနဲ့ကူညီနိုင်မလားလို့ပါ”
ကျွန်တော်တောင်းခဲ့တာ အဲဒီအကူအညီအတွက်မဟုတ်ခဲ့ဘူး။ ညိုနဲ့တွေ့ဆုံဖို့ဖန်တီးခဲ့တာဆိုရင်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။