(၉)
ကျွန်တော် အဲဒီအစီအစဉ်ကို ညိုနှုတ်ဆက်သွားပြီးနောက်တစ်ရက်ကတည်းကကြံစည်နေခဲ့တယ်။ လုပ်ငန်းခွင်မှာလည်း ညိုနဲ့တွေ့ဖို့ဘယ်လိုအကြောင်းဖန်ရမလဲဆိုတာကိုအလုပ်လုပ်ရင်းတွေးနေခဲ့တာ ပေါ့ညို။
ဘန်ကောက်မြို့လယ်ရဲ့မြင်ကွင်း၊ မိုးမျှော်တိုက်ကြီးတွေ၊ ကားလမ်းတွေ၊ ပျားပန်းခတ်လှုပ်ရှားနေတဲ့ လူတွေ အဲဒါတွေကိုစက္ကန့်ပိုင်းစီပြ။ ပြီးတော့ MBK Shopping စင်တာမြင်ကွင်းကိုအပေါ်ကနေဖြည်း ဖြည်းချင်းဆင်းလာပြ၊ ရှေ့တံတားပေါ်မှာချစ်သူနှစ်ဦးမြင်ကွင်း။ ဒီနေ့တော့ ဘန်ကောက်မြို့လယ်ရိုက် ကွင်းမို့ သာသာယာယာပဲညို။ ခါတိုင်းလိုကားတွေတစ်သီတစ်တန်းကြီးနဲ့ ဝေးဝေးသွားစရာမလိုဘူး လေ။ နောက်ပြီးတော့ ကျွန်တော့်အတွက်လည်းအခွင့်အရေးတစ်ခုရခဲ့တယ်။ စားသောက်ဆိုင်တစ် ဆိုင်ကိုရိုက်ပြရမှာမို့ ညိုရှိတဲ့ဆိုင်ကိုရိုက်လို့ကောင်းမယ်ဆိုပြီး အကြံပေးနိုင်ခဲ့တယ်လေ။
“အဲဒီဆိုင်က စားသောက်ဆိုင်မြင်ကွင်းပဲဖြစ်ဖြစ်၊ ကလပ်ပုံစံဖြစ်ဖြစ် ရိုက်လို့အဆင်ပြေမယ်ထင်တယ်၊ ဆိုင်ရှင်ကိုအကူညီတောင်းမယ်ဆို ကျွန်တော်လည်းလိုက်ပေးမယ်လေ”
ကျွန်တော့်စကားကို ဒါရိုက်တာက အသာတကြည်ပဲနားထောင်ခဲ့တယ်။ ရိုက်ကူးရေးတစ်ကွက်လေး အတွက် နေရာရှာရတာခက်ခဲတယ်ညို။ အထူးသဖြင့် အခုလိုသူများနိုင်ငံမှာဆိုပိုဆိုးတာပေါ့။ ဒါနဲ့ပဲ ညိုအလုပ်လုပ်နေတယ်လို့သိရတဲ့ဆိုင်ကိုကျွန်တော်တို့ရောက်သွားခဲ့တယ်။ ရိုက်ကူးရေးတွေအပြီးမှာ ပေါ့။ အချိန်ကတော့စောသေးတယ်။ ဒီနေ့ရိုက်ကွင်းစောပြီးတယ်ညို။ ဆိုင်မန်နေဂျာကထိုင်းလူမျိုးမို့ ကျွန်တော်တို့နဲ့ပါလာတဲ့ စကားပြန်ကိုပဲအားကိုးရတယ်။ ရိုက်ကွင်းကိစ္စက မန်နေဂျာနဲ့မပြီးဘူးညို။ ဆိုင် မှာ ပိုက်ဆံရှယ်ယာဝင်ထားတဲ့သူတစ်ယောက်နဲ့တွေ့ပေးမယ်တဲ့။
အဲဒီတွေ့ပေးတဲ့သူနဲ့မှ တော်တော်ကြီးအဆင်ပြေသွားခဲ့တယ်။ အလုပ်ကိစ္စတင်မဟုတ်ပါဘူး။ ကျွန် တော်သိချင်တဲ့ညို့ကိစ္စတစ်ပိုင်းတစ်စကိုရရှိခဲ့တယ်။ ကံအကောင်းဆုံးကိစ္စကတော့ ကျွန်တော်တို့ တွေ့ရတဲ့သူဟာ မြန်မာလူမျိုးဖြစ်နေတာပါပဲ။
“ဝမ်းသာတယ်ဗျာ၊ ဒီနိုင်ငံမှာ မြန်မာလုပ်ငန်းရှင်တစ်ယောက်တွေ့ရတာ”
ဒါရိုက်တာနဲ့သူနဲ့လေပေးဖြောင့်တယ်။ အစစအရာရာအဆင်ပြေတယ်လို့ဆိုရမယ်။ အဲဒီကနေပြီးစတင် လိုက်တော့တာပါပဲ။ ကျွန်တော်ကတော့အခွင့်အရေးရဖို့ကိုအမြဲတမ်းချောင်းနေခဲ့တယ်။ အလုပ်ကိစ္စ စကားပြောပြီးကြတာနဲ့အခြား အလ္လာပသလ္လာပတွေပြောဖို့အကြောင်းဖန်ပါတော့တယ်။
“ဒီဆိုင်မှာ မြန်မာလုပ်သားတွေရှိလား၊ ကျွန်တော်သူတို့နဲ့တွေ့ဖူးချင်တယ်၊ အထူးသဖြင့် လိင်ကိစ္စနဲ့ ဆက်နွယ်ဝန်ဆောင်မှုပေးနေတာမျိုးမြန်မာထဲမှာရှိလားသိချင်တယ်ဗျာ” လို့ကျွန်တော်ကအစပြုလိုက် တာနဲ့ ဆိုင်မှာရှိတဲ့မြန်မာလုပ်သားတွေအကြောင်း စကားလမ်းကြောင်းရောက်သွားတော့တာပါပဲ။
“တွေ့လို့တော့ရမယ်မထင်ဘူး၊ သူတို့က ဒီအတိုင်းကြီးတွေ့ချင်မှာမဟုတ်ဘူးလေ၊ တစ်ခုတော့ရှိတယ်၊ မြန်မာလုပ်သားတွေစာရင်းတော့ကျွန်တော့်ဆီမှာ ကိုယ်ရေးရာဇဝင်နဲ့တကွအချက်အလက်တွေထား ထားတာရှိတယ်၊ အဲဒါတော့ ကြည့်ချင်ရင်ကျွန်တော်ပြမယ်လေ၊ ဒါပေမဲ့”
“ဟုတ် သဘောပေါက်ပါတယ်၊ စိတ်ချပါ”
ကံကောင်းထောက်မစွာပဲ ညို့အချက်အလက်တစ်ချို့ကျွန်တော်ရခဲ့တယ်ညို။ ညိုနဲ့ပတ်သက်တာတွေ သိရဖို့ကအရေးကြီးဆုံးပဲ။ ညိုဟာဘယ်လိုလူစားလဲ၊ ညို့ကိုဘယ်လိုပြုပြင်ရမလဲဆိုတာ တတ်နိုင်သမျှ စဉ်းစား အကောင်အထည်ဖော်ဖို့အရေးကြီးနေတယ်လေ။
ညိုပြာပြာ၊ မွေးသက္ကရာဇ်က ၆.၃.၁၉၉၀.၊ အဖအမည် ဦးလူမော်၊ ဇာတိ- ရွှေဂွန်း၊ ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ၊ နေရပ်လိပ်စာ (…)။
ကျွန်တော် သူတို့နှစ်ယောက်စကားပြောနေတုန်း ဖုန်းနဲ့ ဓါတ်ပုံခိုးရိုက်လိုက်တယ်။
“ဒါ တရားဝင်လုပ်သားတွေလား”
“နိုး မဟုတ်ဘူး၊ အထောက်အထားမရှိတဲ့မြန်မာလုပ်သားတွေချည်းပဲ၊ တရားဝင်လမ်းကြောင်းကလာ ကြတာမဟုတ်ဘူး၊ နယ်စပ်ကနေဝင်လာတာ၊ ရန်ကုန်လိုမြို့မှာတက်ပြီးအလုပ်မလုပ်တော့ဘဲထိုင်းကို ကူးလာပြီး ဒီအလုပ်နဲ့ပိုက်ဆံရှာကြတာပါ”
ညိုဟာ ဒီကိုတရားဝင်လုပ်သားအနေနဲ့အလုပ်လာလုပ်တာမဟုတ်ဘူး။ ထိုင်းနိုင်ငံကလုပ်ငန်းရှင်အချို့ ကဒီလိုပဲမဟုတ်လားညို။ အထောက်အထားမဲ့လုပ်သားတွေကိုပဲငှားရမ်းခန့်ထားဖို့စိတ်ဝင်စားကြတယ် လေ။ အထောက်အထားအပြည့်အစုံနဲ့ဆို တာဝန်ယူပေးရတာ၊ အာမခံပေးရတာမျိုးတွေရှိတော့သိပ် အလုပ်ရှုပ်မခံချင်ကြဘူး။ ပြီးတော့ ညိုတို့လိုအထောက်အထားမရှိတဲ့သူတွေကို အလုပ်ခန့်ထားရတာ ခေါင်းပုံဖြတ်လို့လွယ်တယ်လေ။
ဒီကိုအလုပ်လာလုပ်တယ်ဆိုရင်တော့ တရားဝင်လမ်းကြောင်းကပဲရှင်းရှင်းလင်းလင်းလာသင့်တယ်ညို။ ယာယီနိုင်ငံကူးလက်မှတ်သက်တမ်းကို ထပ်မတိုးတော့ဘဲ အလုပ်ဝင်လုပ်နေတဲ့သူတွေဒီမှာတစ်ပုံကြီး ရယ်၊ ဗီဇာကုန်နေတဲ့သူတွေရော၊ အလုပ်လုပ်ခွင့် (Work Permit) မရှိတဲ့သူတွေရောအများကြီးရှိ တယ်။ အလုပ်လုပ်ခွင့်နဲ့လာကြတယ်ဆိုပေမယ့် အလုပ်လုပ်ခွင့်မှတ်ပုံတင်မှာပါတဲ့အလုပ်နဲ့တကယ် လုပ်နေရတဲ့နေရာလွဲနေတဲ့သူတွေလည်းရှိသေးတယ်၊ နိုင်ငံကူးလက်မှတ်တစ်ခုတည်းနဲ့ဘာလုပ်ငန်း ဆိုင်ရာအချက်အလက်မှမရှိတဲ့သူတွေ၊ အလုပ်ရှင်ကလုပ်သားငှားထားကြောင်း အထောက်အထား မပြည့်စုံတဲ့လုပ်သားတွေလည်း ဒုနဲ့ဒေးရယ်။ အဲဒါတွေကြောင့် အဖမ်းအဆီးတွေခံနေရတာမဟုတ် လား။
အဲဒီရိုက်ကွင်းက အကျိုးရလာဒ်အများကြီးရခဲ့တယ်လို့ဆိုရမယ်ညို။ ညို့ကိုယ်ရေးရာဇဝင်ကိုသိပြီးတဲ့ နောက် ညို့အကြောင်းကိုဆန်းစစ်ခဲ့တယ်။ ကျွန်တော့်မှာပါလာတဲ့စာအုပ်တွေဖတ်ပြီးညို့ကိုဘယ်လို ပြုပြင်ရမလဲဆိုတာ ကိုယ့်ဘာသာသုံးသပ်ကြည့်တာပါ။
ညို့ကိုကျွန်တော်မေးခွန်းသုံးခုမေးခဲ့တယ်။ “(၁) ညို့ငယ်ဘဝအကြောင်းကျွန်တော်သိချင်တယ်၊ (၂) ဘဝမှာကြုံတွေ့ရတဲ့ပြသနာကိုညိုဘယ်လို ဖြေရှင်းသလဲ၊ (၃) ညို့အနာဂတ်ကဘာလဲ”
မေးခွန်း (၁) ညို့ငယ်ဘဝအကြောင်း
ညို့ဖေဖေဟာ ညိုငါးနှစ်အရွယ်ကတည်းကဆုံးပါးသွားခဲ့တယ်။ ညို့ဖေဖေက ပတ်ဝန်းကျင်မှာလူဆိုး လို့သတ်မှတ်ထားတဲ့သူတစ်ယောက်ပါ။ ညိုတို့ရွှေဂွန်းမှာ ဖေဖေ့ကိုအရက်သမားလို့သမုတ်ထားကြ တယ်။
“ဖေဖေဟာ အရက်သောက်ပြီးပြသနာရှာတယ်၊ အိမ်ထောင်ပစ္စည်းတွေကိုဖြုန်းတယ်၊ အဲဒါ ကြောင့် အမျိုးတွေကဖေဖေ့ကိုစိတ်နာတယ်၊ ညိုတို့မိသားစုကိုမကြည်တော့ဘူး၊ ဖေဖေ့ပယောဂ ကြောင့် ညိုတို့အားလုံးပတ်ဝန်းကျင်မှာ အရက်သမားမိသားစုဆိုပြီးဝေဖန်ခံရတယ်၊ အမေ့မှာရှိတဲ့ လက်ဝတ် လက်စားအကုန်လုံးကိုရောင်းချပစ်ပြီး ရွှေဂွန်းဈေးထဲမှာကုန်စုံဆိုင်ဖွင့်ပြီး ညိုတို့မိသားစု ရုန်းကန်ခဲ့ကြ တယ်။ ညိုအထက်တန်းအောင်တဲ့အထိကျောင်းနေနိုင်ခဲ့ပေမယ့် တက္ကသိုလ်ဆက်မတက်ခဲ့တော့ဘူး” ဆိုပြီး ညိုပြောပြခဲ့တယ်။
ညို့ငယ်ဘဝကရိုးရိုးရှင်းရှင်းလေးပါပဲ။ ဒါပေမဲ့ ကြမ်းတမ်းခဲ့တယ်လို့ဆိုရမယ်။ ညိုဟာငါးနှစ်သမီးအ ရွယ်ကတည်းကဘဝဒဏ်ကိုရင်ဆိုင်ခဲ့ရတာပါပဲ။ အရက်သမားသမီးဆိုပြီး ပတ်ဝန်းကျင်မှာလှောင် ပြောင်ကဲ့ရဲ့ဝေဖန်တာခံခဲ့ရတယ်။ အဲလောက်ဆိုးသွမ်းတဲ့ယောင်္ကျားကိုစွဲစွဲမြဲမြဲပေါင်းသင်းနိုင်တဲ့အမေ့ ကိုလည်း တော်တော်လင်တရူးတဲ့မိန်းမဆိုပြီး ပတ်ဝန်းကျင်ကအကောင်းမမြင်ပဲပြောစရာဆိုစရာဖြစ် နေခဲ့တယ်။ အဲဒီတော့ ညိုဟာငယ်ငယ်ကတည်းက ဝေဖန်မှုတွေနဲ့အသားကျနေတတ်ခဲ့တာပေါ့။
အမေကလည်း ညို့ကိုငယ်ငယ်ကတည်းမချစ်ခဲ့ပါဘူး။ အသေးအမွှားကလေးလုပ်တာကအစ အပြစ် ပြောဖို့အဆင်သင့်ဖြစ်နေခဲ့တယ်။ လောကဓံကိုရင်ဆိုင်ရင်း သားသမီးတွေအပေါ်မျိုသိပ်ထားတဲ့စိတ် တွေ ပေါက်ကွဲထွက်ကုန်တာလို့ပဲ ညိုနားလည်ခဲ့တယ်လို့ပြောခဲ့တယ်လေ။
“…..ဘာမဟုတ်တာကလေးနဲ့ စိတ်တို၊ စိတ်ဆိုးတာတွေရှိတတ်ကြပါတယ်၊ မကြာခဏဆိုသလို ဝေဖန် ပြစ်တင်တာတွေလည်းပြုလုပ်တတ်ကြပါတယ်၊ အဲဒီလိုဝေဖန်တာ၊ အပြစ်တင်တာတွေကိုကလေးတွေ ကြားနိုင်လောက်တဲ့နေရာတွေမှာလည်းလုပ်တတ်ကြပါတယ်၊ တချို့ကတော့အပြစ်မရှိအပြစ်ရှာပြီး ကဲ့ ရဲ့ရှုတ်ချအပြစ်တင်တတ်ကြပါတယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ပြောတာ၊ ဝေဖန်တာဖြစ်ပါစေ မကြာခဏ ဝေဖန်အပြစ်တင်တာဟာ မိသားစုဘဝမှာ အနုတ်လက္ခဏာဆောင်တဲ့၊ အပျက်သဘောရှေးရှုတဲ့ဆိုး ကျိုးတွေဖြစ်လာစေပါတယ်” (ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာပါရဂူ) ၏ ဝန်းကျင်ဆိုတာက လေးတို့ဆရာ စာအုပ်မှ။
ဝေဖန်မှုနဲ့ကြီးပြင်းလာ အပြစ်ရှိသူဖြစ်လာမှာ ဆိုပြီးအဲဒီစာအုပ်ကရေးထားတယ်။ ညို့ငယ်ဘဝဟာ ေ၀ ဖန်မှုတွေပြည့်နှက်နေခဲ့တော့ ညိုဟာကိုယ့်ကိုကိုယ်အပြစ်ရှိသူတစ်ယောက်ဆိုပြီးခံယူထားခဲ့လေသ လား။ အဲဒီခံယူချက်ကပဲ ညိုအခုလိုဘဝမျိုးနဲ့အသက်မွေးဝမ်းကျောင်းပြုအောင်ဖန်တီးစေခဲ့တာလား ညို။ သေချာတာကတော့ ညို့ကိုကျွန်တော်အနိုင်ရစေမယ်အကွက်ကို ဆုတ်ကိုင်ထားမိခဲ့ပြီဆိုတာပဲ။
“ညဖက်ရိုက်ချင်ရင်လည်းပြောပါ ကျွန်တော်စီစဉ်ပေးပါ့မယ်” ဆိုပြီး ဆိုင်ရှယ်ယာဝင်မြန်မာအစ်ကိုကြီး က သဘောကောင်းနေလွန်းခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့နေ့လည်ဖက်ကိုပဲ ရိုက်ခဲ့ပါတယ်။ ညို့အ ကြောင်းကိုမေးချင်ပေမယ့် မမေးခဲ့ပါဘူး။ အစ်ကိုကြီးက အဲဒီလောက်အတွင်းကျကျသိမယ်လို့လည်း မထင်လို့ပါ။
“မင်းပိုင်ဇေ ဒီဆိုင်ကိုဘယ်လိုလုပ်သိသလဲ”
အလုပ်ကိစ္စအဆင်ပြေပြီးအပြန်လမ်းမှာ ဒါရိုက်တာကကျွန်တော့်ကိုမေးခွန်းတွေမေးတော့တာပေါ့။
“ကျွန်တော် ညဖက်တစ်ခေါက်နှစ်ခေါက်ရောက်ဖူးတယ်”
“နေတဲ့နေရာနဲ့နီးတော့ ငွေဖြုန်းလို့ကောင်းမယ့်နေရာပဲဟေ့၊ အစ်ကိုတို့လိုချင်တဲ့ရိုက်ကွင်းမျိုးဒီဆိုင်မှာ ကောင်းကောင်းရိုက်လို့ရနိုင်တယ်ပေါ့”
“သေချာတာပေါ့အစ်ကို၊ ဆိုင်တည်ဆောက်ပုံကအရှေ့ပေါက်နဲ့အနောက်ပေါက်လုံးဝကွဲတော့ နှစ်ဆိုင် အနေနဲ့တောင်ရိုက်လို့ရတယ်၊ ညဖက်ဆိုဆိုင်ထဲမှာရောအပြင်မှာရော ရောင်စုံဆလိုက်တွေနဲ့ကလပ် ပုံစံအဖြစ်ပီပီပြင်ပြင်ပုံဖော်နိုင်တယ်၊ စားသောက်ဆိုင်လည်းရှိတော့ မြန်မာဇာတ်လမ်းတွေရိုးရာအတိုင်း စားခန်းသောက်ခန်း၊ စကားပြောခန်းတွေကိုလည်းရိုက်နိုင်တယ်၊ စားပွဲတစ်ဝိုင်းတည်းရှိတဲ့ဆိုင်တောင် မဟုတ်ဘူးနော်၊ စားဝိုင်းတွေအများကြီးနဲ့သဘာဝကျကျဆိုင်ပေါ့၊ အဲဒီဆိုင်ကလည်းအခုနက ကလပ်နဲ့ မတူတဲ့ရှုတောင့်နဲ့ရိုက်နိုင်မယ်လို့လည်းထင်တယ်၊ ကျယ်တော့ကင်မရာနဲ့ကြိုက်သလိုလှည့်စားလို့ရ နိုင်တယ်”
“ညွှန်းလှချည်လားကွ”
ကျွန်တော်ရယ်နေလိုက်တယ်။ ညိုသာမရှိခဲ့ဘူးဆိုရင် ကျွန်တော်ဆိုင်ကိုလာချင်မှလာခဲ့မှာပေါ့။ ကျုံ ထော်မှာတွေ့ခဲ့တဲ့ ရွှတ်နောက်နောက်ကောင်မလေးတစ်ယောက်၊ ကျွန်တော့်ပတ်စ်ပို့နဲ့ပိုက်ဆံအိတ်ကို ခါးပိုက်နှိုက်ယောင်ဆောင်ပြီး လုသွားတဲ့ကောင်မလေးတစ်ယောက်ကြောင့် ဆိုင်ဟာ ကျွန်တော့်အ တွက်ဆွဲဆောင်အားကောင်းလွန်းခဲ့တာပါ။
ညိုနဲ့တွေ့ပြီးနောက်ပိုင်းဆက်တွေ့ချင်စိတ်မရှိတော့ဘူးဆိုရင်၊ လောင်းကြေးသာမရှိခဲ့ဘူးဆိုရင်တော့ လည်း ဆိုင်ကိုသွားပြီးညိုနဲ့ဆက်တွေ့ဖို့ဘယ်ကြိုးစားပါ့မလဲ။
အရာအားလုံးရဲ့အချုပ်က ညို့ကိုကျွန်တော်စိတ်ဝင်စားနေမိခဲ့တာပါပဲလေ။ ဆိုတော့ကာ မင်းပိုင်ဇေ ဟာ ညိုပြာပြာကိုတွေ့ဖို့ကြိုးစားရဦးမှာပါပဲ။ ရှိသမျှ ဉာဏ်တွေအကုန်သုံးပြီး ညိုပြာပြာရဲ့အမှောင်ဘ၀ ကိုပြုပြင်ဖို့သိမ်းသွင်းရဦးမှာပါပဲ။
ကျွန်တော့်လက်တွေက ညို့ဖုန်းနံပါတ်ကိုဦးတည်နေတယ်ညို။
“ဆဝါဒီခပ်”
ညို့အသံလေးကိုကျွန်တော်မမှတ်မိဘဲနေပါ့မလားဗျာ။
“ညို ကျွန်တော်ပါ၊ မင်းပိုင်ဇေ”
ပြန်ဖြေမယ့် ရလာဒ်ကမကောင်းမှန်းတွေးပြီးသားပါ။
“ရှင် ကျွန်မနဲ့မပတ်သက်ဖို့တောင်းပန်ထားပြီးပြီပဲ၊ ညို့မှာ မင်းပိုင်ဇေနဲ့ပတ်သက်ပြီးပြောစရာဘာမှ မရှိ ဘူး၊ ရောင်းသူနဲ့ဝယ်သူဆိုပေမယ့် တစ်ခါတစ်လေမှာ ရောင်းသူကကိုယ်မရောင်းချင်တဲ့ဝယ်သူကိုငြင်း ခွင့်ရှိမယ်လို့ထင်တယ်”
“ကျွန်တော် အရောင်းအဝယ်အတွက်ညို့ဆီကိုဖုန်းဆက်တာမဟုတ်ဘူး”
“ဒါဆိုဘာလဲ”
“ညို့ကိုတွေ့ချင်လို့”
“မဖြစ်နိုင်ဘူးလို့ပြောပြီးပြီလေ”
“ကျွန်တော်ကတောင်းဆိုတာပါ”
“ကျွတ်၊ ကျွန်မလက်မခံနိုင်ဘူး”
“နောက်ဆုံးအနေနဲ့ဆိုရင်ကော၊ ဒီတစ်ခေါက်ကျွန်တော်နဲ့တွေ့ပြီး ကျွန်တော်ပြောတဲ့စကားကိုနား ထောင်ကြည့်ပါညို၊ ပြီးလို့ရှိရင်နောက်ထပ်မတွေ့ချင်တော့ရင်လည်းရတယ်၊ အဲ ဒါပေမဲ့ ကျွန်တော့်စ ကားကိုနားထောင်ပြီးရင် ညိုနဲ့ကျွန်တော်အနီးကပ်ဆုံးလည်းဖြစ်သွားနိုင်တယ်၊ မနက်ဖြန်ည အခန်းမှာ ပဲ ညို့ကိုစောင့်နေမယ်”
သိပ်သေချာတာပေါ့။ ညိုလာကိုလာလိမ့်မယ်။ ညိုကျွန်တော့်အပေါ်သံယောဇဉ်ရှိလွန်းခဲ့လို့သာအခုလို အဆက်အသွယ်ဖြတ်ခဲ့တာပေါ့။ မဟုတ်ရင် ရောင်းသူဝယ်သူအကွက်တွေနဲ့ခဏခဏတွေ့နေလို့ရတာ ပေ့ါဗျာ။
ညိုနဲ့တွေ့မယ့်ညကို အလုပ်တွေလုပ်ရင်းပဲ ကျွန်တော်စောင့်နေခဲ့ပါတယ်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်ပါဦးမည်။