မိုးရွာလည်းမပူနဲ့ ….. သန်လျင်မှာလည်စရာ အများကြီးရှိတယ်

မိုးရွာနေလည်း ခရီးထွက်လို့ရပါတယ်။ အဝေးကြီးမသွားချင်လည်းရန်ကုန်နဲ့အနီးဆုံး သန်လျင်မြို့မှာ လည်စရာ သွားစရာတွေပေါပါတယ်။ ကျိုက်ခေါက်ဘုရား၊ ရေလယ်ကျောက်တန်းတင်မကဘူး။ သက်သက်လွတ်ဟိန္ဒူဘုရားကျောင်း၊ ရေကူးစရာနေရာ၊ ဓါတ်ပုံရိုက်စရာနေရာ၊ ထန်းရည်ဆိုင်၊ လည်စရာပတ်စရာစျေး၊ ငဇင်ကာအုတ်ဂူ စတဲ့ နေရာတွေ အများကြီးမှ အများကြီးပါပဲ။

သန်လျင်ဆိုတာ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်မှာ သန်လျင်မြို့တည်ရှိပါတယ်။ အရင်တုန်းက ဟံသာဝတီ မင်းနေပြည်တော်နဲ့မဟာမိတ်မြို့လည်းဖြစ်ခဲ့ပါတယ်။ ငဇင်ကာနဲ့နတ်သျှင် နောင်တို့ရဲ့ပတ်သက်ဆက် နွယ်မှုကိုလည်းအားလုံးသိကြမှာပါ။ သန်လျင်မြို့နယ်မှာ ကျောက်တန်း၊ ခရမ်း၊ သုံးခွ စတဲ့မြို့လေးတွေ လည်းပါဝင်ပါတယ်။ ပဲခူးနဲ့တညင် (သန်လျင်) ဝေးတယ်ဘာညာဆိုတာ လည်းကြားဖူးပါတယ်။ သန် လျင်ဟာလူဦးရေသုံးသိန်းဝန်းကျင်နေထိုင်တဲ့မြို့ဖြစ်ပြီး စုစုပေါင်း ၃၅၀.၄၉ စတုရန်းကီလိုမီတာ (၁၃၅.၃၂၄ စတုရန်းမိုင်) ကျယ်ဝန်းပါတယ်။ သန်လျင်ကို အင်္ဂလိပ်တွေက (ဆီရီယမ်) Syriam လို့ခေါ်ဆိုခဲ့ကြပါသတဲ့။ နာမည်ကြီးတာတော့ မြန်မာနိုင်ငံရဲ့အဓိက ရေနံချက်စက်ရုံ၊ ဗိုလ်ချုပ် အောင်ဆန်းပန်းခြံ (ဗိုလ်ချုပ်ရုပ် ထုလည်းရှိတယ်နော်)၊ နာရီစင်၊ ကျိုက်ခေါက်ဘုရား၊ ရေလယ် ကျောက်တန်း တို့ပေါ့။ သန်လျင် အထက (၁) နဲ့ သီလဝါဆိပ်ကမ်းကိုချိတ်ဆက်ထားတဲ့ ရထား ဘူတာလည်းနာမည်ကြီးပါတယ်။ သန်လျင်မြို့ချည်း ပဲဆိုရင်တော့ ၄.၆၀၄ စတုရန်းမိုင်ကျယ်ဝန်း ပါတယ်။ ကိုလိုနီခေတ်အဆောက်အအုံ တွေကိုလည်း သန်လျင်မှာတွေ့ရပါတယ်။

သန်လျင်ဟာ မွန်တို့ရဲ့ဌာနေဖြစ်ခဲ့ပါတယ်။ သန်လျင်ဆိုတဲ့နာမည်ဟာ အလောင်မင်းတရားကြီးလက် ထပ်ကျမှတွင်ခဲ့တာဖြစ်ပြီး အဲဒီအတိုင်ခင်ကတော့ စညင်လို့ဆိုပါတယ်။ မြို့တည်ခဲ့တဲ့သန်လျင်မင်း ကိုအစွဲပြုပြီးတော့ သန်လျင်လို့ခေါ်ဝေါ်တာလို့လည်းပြောပါတယ်။ သန်လျင်မင်းတည်ခဲ့တဲ့ မြို့ဟောင်း ပုံသဏ္ဍာန်ကိုဆက်စပ်ကြည့်ရင် ခြင်္သေပုံစံဖြစ်တယ်လို့ဆိုပါတယ်။ (၁) ခြင်္သေ့ပါးစပ်ရှိရာ၌ ကွမ်းသီးတံခါး၊ (၂) မျက်လုံးရှိရာ၌ အိုးထိန်းတံခါး၊ (၃) အမောက်ရှိရာ၌ ဒေးဝန်းတံခါး၊ (၄) နားရှိရာ၌ မြင်းတင်တံခါး၊ (၅) လည်ချောင်းရှိရာ၌ ဆင်ထွက်တံခါး၊ (၆) လည်ဆစ်ရှိရာ၌ လဒကုန်းတံခါး၊ (ရ) လက်ရှိရာ၌ ဇင်ပြွန်းကုန်းတံခါး၊ (၈) ချက်ရှိရာ၌ သစ်ဆိမ့်ကုန်းတံတား။(၉) သိုရှိရာ၌ ကျေးဘုရားတံခါး၊ (၁ဝ) ဒွါရရှိရာ၌ သောတာပန်တံခါး၊ (၁၁) ခါးဆစ်ရှိရာ၌ သရက်လေးပင်တံခါး၊ (၁၂) လက်ပြင်ရှိရာ၌ ဘယတံခါး၊ (၁၃) မြောက်ဘက်ပိဿာတံခါး၊ (၁၄) အရှေ့မြောက်ဘက် ပင်လယ်တံခါး၊ (၁၅) တောင်ဘက် ဝက်သတ်တံခါးတို့ဖြစ်တယ်လို့ ဝီကီပီဒီးယားမှာဖော်ပြပါတယ်။ သန်လျင်မှာ မင်းဆက် ပေါင်း ၃၆ ဆက်အထိရှိခဲ့ပါတယ်။ သက္ကရာဇ် ၁၅၀၀ ဝန်းကျင် (မြန်မာသက္ကရာဇ် ၉၆၀ ပြည့်နှစ်) မှာ ဟံသဝတီပျက်စီးပြီးတဲ့နောက် ပေါ် တူကီလူမျိုးငဇင်ကာက ကြီးစိုးခဲ့ပါတော့တယ်။ ငဇင်ကာ ခေါ် ဒီဗရစ်တိုဟာ ဘုရားဌာပနာတွေကို ဖောက်ယူတာ၊ ဘုရားမှာလှူထားတဲ့ကြေးခေါင်းလောင်း တွေကိုယူပြီး အမြောက်သွန်းလုပ်တာတို့မှာ ထင်ရှားပါတယ်။ ကျော်တို့ရဲ့ ဓမ္မစေတီခေါင်းလောင်းအဖြစ် ကိုလည်းအားလုံးသိပြီးသားဖြစ်မှာပါ။ အဲဒါ သူ့လက်ချက်ပေါ့ :/

သန်လျင်မှာလည်စရာ

သန်လျင်မြို့မှာလည်စရာသိပ်ပေါပါတယ်။ အားလပ်ရပ်ခရီးဝေးဝေးမသွားချင်တဲ့သူတွေအတွက်ဆိုရင် သန်လျင်မြို့ကိုညွန်းချင်ပါတယ်။ ရန်ကုန်ကနေ ကိုယ်ပိုင်ကားနဲ့ပဲသွားသွား၊ YBS ပဲစီးစီး အဆင်ပြေတဲ့ နေရာပေါ့။ ဒါ့အပြင် ရန်ကုန်ကနေသွားတက်တဲ့အထင်ကရကျောင်းတွေလည်းရှိပါတယ်။ အရှေ့ပိုင်း တက္ကသိုလ်က သန်လျင်မှာရှိပါတယ်။ ဒါတင်မကသေးပါဘူး။ မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ သမဝါယမတက္ကသိုလ် (သန်လျင်) တို့လည်းရှိပါတယ်။ အထက် တန်း ကျောင်းအနေနဲ့ သန်လျင် အထက (၁) ကနေ (၄) အထိရှိပါတယ်။

ရေကူးဝါသနာပါသူတွေအတွက် Excel River View Hotel

ရေကူးလို့ကောင်းတဲ့နေရာကိုညွှန်းချင်တာပါ။ ရန်ကုန်မှာတောင် အဲဒီလောက်ကျယ်တဲ့ရေကူးကန် မတွေ့ဖူးသေးပါဘူး။ ကလေးကန်ရော လူကြီးကန်ပါပါဝင်ပြီး နှစ်ခုပေါင်းတစ်ဆက်တည်းလုပ်ထား တာပါ။ ကမ်းခြေအတုပုံစံလေးတွေရော၊ ရေကူးကန်အလယ်မှာ လင်းပိုင်အရုပ်လေးရော ချစ်စရာ ကောင်းအောင်အလှဆင်ထားပါတယ်။ အပြင်ကနေလာကူးမယ်ဆိုရင်တော့ တစ်ယောက်ကို ၇၀၀၀ ကျမှာပါ။ အဲဒီမှာတည်းရင်တော့ အခမဲ့ကူးလို့ရပါတယ်။ တည်းခိုခကတော့ သုံးသောင်းကျော်ကနေ အစားစားရှိပါတယ်။ အခန်းကတော့ ကျွန်တော်ကြိုက်တဲ့ပုံစံမဟုတ်ပါဘူး။ တစ်ခန်းနဲ့တစ်ခန်းအရမ်း ကပ်လွန်းပါတယ်။ ကားပါကင်ကတော့ ကိုယ့်အခန်းရှေ့မှာတင်ရပ်လို့ရပါတယ်။ မြစ်ကိုကြည့်ပြီး ညနေစာစားလို့ရအောင် စားသောက်ဆိုင်လည်းထားပေးပါတယ်။ ဒါပေမဲ့ အစားအသောက်တွေက မှာရင်အရမ်းကြာတယ်။ စျေးတော့ ချိုတယ်ဗျ။ တည်နေရာက သန်လျင်တံတားအဆင်း ညဖက်အခြမ်းမှာရှိပါတယ်။ မြမြင့်မိုရ်ဟိုတယ်ရှိရာနဲ့ဆန့်ကျင်ဘက်ပါ။

ဝန်ကြီးပဒေသရာဇာရဲ့အရိုးဂူ

ကျိုက်ခေါက်ဘုရားရဲ့မြောက်စောင်းတန်းအဆင်းမှာ ဝန်ကြီးပဒေသရာဇာရဲ့ အရိုးဂူဆိုတဲ့ဂူရှိပါတယ်။ ထူးထူးခြားခြားလို့မဆိုသာပေမယ့် ကိုယ်တွေငယ်ငယ်တုန်းက ဆယ်တန်းတုန်းက ဝန်ကြီးပဒေသရာဇာ ရဲ့ ကဗျာတွေနဲ့မကင်းခဲ့ဘူးလေ။ အရမ်းချစ်စရာကောင်းတဲ့ကဗျာတွေ လွမ်းမောဖွယ်ဂန္ဓဝင်ကဗျာတွေ ကိုဖန်တီးတဲ့သူရဲ့ အရိုးဂူဆိုတာကိုကြည့်သင့်တာပေါ့။ ကျိုက်ခေါက်ဘုရားလည်းဖူးရင်းနဲ့လေ။ ဆံတော် ရှင်ကျိုက်ခေါက်ဘုရားကတော့ သန်လျင်ရောက်ရင်မဖူးမဖြစ်ပေါ့။ ကျိုက်ခေါက်တို့ ရေလယ်ကျောက် တန်းတို့ကို အတွဲနဲ့သွားရင်ကွဲတတ်တယ် ဘာညာပြောကြပေမယ့် ကျွန်တော်ကတော့အယုံအကြည်မ ရှိပါဘူး။ ဒါပေမဲ့ တစ်ခါသွားဖူးတဲ့ရည်းစားနဲ့တော့ ကွဲသွားတာပဲ။

မြို့မစျေးမှာ စျေးဝယ်မလား

ရွှေဆိုင်တွေ၊ ကုန်ခြောက်ဆိုင်တွေနဲ့ မြို့မစျေးဟာ လည်ပတ်စရာနေရာတစ်ခုဖြစ်ပါတယ်။ ဒေသတစ် ခုနဲ့တစ်ခု ဘာကွာခြားလဲသိချင်ရင်စျေးကိုတစ်ပတ်ပတ်ကြည့်ရုံပါပဲ။ အထည်ဆိုင်၊ အသီးအရွက်တွေ ရောင်းတဲ့ဆိုင် စသည်ဖြင့်လက်လီလက်ကားရောင်းချနေတဲ့နေရာမို့ အချိန်ရရင်သွားသင့်တဲ့နေရာတစ် ခုဖြစ်ပါတယ်။

မြမြင့်မိုရ်ဟိုတယ် ဓါတ်ပုံလှလှလေးတွေရိုက်လို့ရတယ်

အရင်တုန်းကတော့ သိပ်ကိုသွားလည်လို့ကောင်းတဲ့နေရာဆိုပေမယ့် အခုကတော့ ပြုပြင်ထိန်းသိမ်းမှု တွေနည်းလို့ သိပ်သွားလို့မကောင်းတော့ပါဘူး။ ရုပ်ရှင်ရိုက်ကွင်းတွေတော့မကြာမကြာတွေ့ရပါတယ်။ နှစ်သောင်းကျော်ကျော်ဝန်းကျင်နဲ့တည်းခိုနိုင်ပြီး ဓါတ်ပုံလှလှရိုက်စရာမြင်ကွင်းတွေ၊ ရေကူးကန်လေး တွေ၊ အရုပ်လေးတွေရှိပါတယ်။ အခုကတော့ ရေကူးကန်လည်းရေညှိတွေတက်နေပါပြီ။ သန်လျင်တံ တားအဆင်း ဘယ်ဘက်မှာရှိပါတယ်။

ရေလယ်ကျောက်တန်း

သန်လျင်မြို့ကိုဖြတ်ကျော်ပြီးတဲ့နောက်မှာ ကျောက်တန်းရေလယ်ဘုရားကိုရောက်ပါတယ်။ ကျောက် တန်းမြို့မှာတည်ရှိပြီး သန်လျင်မြို့ရဲ့ ၂၀ ကီလိုမီတာ (ဆယ်သုံးမိုင်) ဝန်းကျင်မှာ တည်ရှိ ပါတယ်။ ထူးဆန်းအ့ံသြဖွယ် ရေလယ်ကျောက်တန်းဘုရားကို ဘုရင်ဗောဂဇနက သုံးရာစုနှစ်မှာ တည်ထားခဲ့ တာဖြစ်ပါတယ်။ ဘုရားပေါ်မှာ လက်ရာမြောက် ဆေးပန်းချီတွေ၊ ပန်းပုတွေကို မြင်တွေ့နိုင်မှာဖြစ် ပါတယ်။

အောင်ချမ်းသာရပ်ကွက်ဝန်းကျင်က ထန်းရည်ဆိုင်တွေ

သန်လျင်မှာ ထန်းရည်ဆိုင်တွေနာမည်ကြီးပါတယ်။ ဘယ်လောက်ထိနာမည်ကြီးသလဲဆိုရင် ရန်ကုန် ကနေတကူးတကသွားသောက်ကြရတဲ့အထိပါပဲ။ ကျွန်တော်တောင် လေးငါးခြောက်ခေါက်ရောက်ဖူး ပါတယ်။ ထန်းရည်ကောင်းလို့လားဆိုတော့ အဲဒီလောက်ကြီးလည်းမကောင်း မစစ်ပါဘူး။ ဒါပေမဲ့ အေး အေးဆေးဆေးဖြစ်တာရယ်၊ မြို့ပြရဲ့မွန်းကြပ်မှုကနေ ခဏတာကင်းလွတ်ခွင့်ရတာရယ်၊ စျေးလည်း သက်သာတာရယ်၊ ခရီးတိုလည်းဖြစ်တာရယ် စတဲ့ စတဲ့အကြောင်းတွေကြောင့်ပေါ့။ သန်လျက်က ထန်း ရည်နဲ့ ကြွက်ကြော်ကနာမည်ကြီးတယ်ဗျ။ အမြည်းတွေလည်း ပဲခြမ်းသုတ်တို့ ဂျင်းသုပ်တို့ကနေ အသီး အရွက်ကြော်တွေ ကြက်ကြော်တွေအထိရပါတယ်။ သူငယ်ချင်းတွေပျော်ပျော်ပါးပါးသွားလို့ကောင်း တာပေါ့။

သက်သက်လွတ်ထမင်းကျွေးတဲ့ ဟိန္ဒူဘုရားကျောင်း

ရန်ကုန်ကနေတကူးတကသွားကြတဲ့အထဲမှာ ပီလခေတ်ဟိန္ဒူဘုရားကျောင်းလည်းပါပါတယ်။ သန် လျင်ကိုရောက်တာနဲ့ သက်သက်လွတ်ထမင်းကျွေးတဲ့ဟိန္ဒူဘုရားကျောင်းဘယ်မှာလဲသာမေးလိုက်ပါ လူတိုင်းလိုလိုသိပါတယ်။ အဲဒီကိုဘာလို့သွားကြသလဲ ဆိုတော့ အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ် ခုက ဆုတောင်းပြည့်တယ်လို့ဆိုပြီး ဒုတိယတစ်ချက်က သက်သက်လွတ်ထမင်းအခမဲ့တစ်နေကုန် ကျွေးလို့ပါ။ ငှက်ပျောဖက်ခင်းပြီးကျွေးတဲ့ချစ်တီးထမင်း သိပ်စားလို့ကောင်း။ ရုံးပတီသီး ၊ ခရမ်းချဉ်သီး အနှစ်နဲ့ ပဲဟင်း၊ အာလူး၊ ရွှေဖရုံသီးတွေပါတယ်။ အိုးကြီးအိုးငယ်အသွယ်သွယ်နဲ့စားချင်စရာကောင်း အောင်ချက်နေကြတာရယ်။ သာဓုခေါ်လိုက်ပါတယ်ဗျာ။

သဘာဝတရားရိပ်သာ

သဘဝ တရားရိပ်သာကိုလည်းမမေ့သင့်ပါဘူး။ အရှေ့ပိုင်းတက္ကသိုလ်မရောက်ခင်မှာ သဘာဝတရား ရိပ်သာရှိပါတယ်။ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ထားတဲ့စင်တာဖြစ်ပါတယ်။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတဲ့စကားအပြင် အဲဒီလိုရိပ်သာကိုသွားရောက်လေ့လာခြင်းကလည်း မသာ တစ်ခေါက်လိုခံစားမှုမျိုးရင်ထဲမကောင်းလှပါဘူး။ ရိပ်သာတစ်ခေါက်လို့လည်းဆိုနိုင်ပါတယ်။ ကိုယ် တတ်နိုင်သလောက်လှူဒါန်းသမှုပြုချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာတာပါပဲ။ နိုင်ငံခြားသားတွေ လူ ငယ်တွေ စေတနာ့ဝန်ထမ်းအဖြစ်လာကူကြ အဖိုးအဖွားတွေကိုခြေဆေးရေချိုးခြေဆုပ်လက်နယ်ပြုစု ပေးကြတာတွေကိုလည်း လေးစားအတုယူဖွယ်တွေ့ရမှာပါ။ သန်လျင်ရောက်ရင်တော့မဖြစ်မနေသွား သင့်တာပါပဲ။

ကစားလို့ရ နားလို့ရတဲ့ ဟိုတယ်

သူငယ်ချင်းတွေစုပြီး ခရီးတိုသဘောမျိုးထွက်ရင်တော့ တည်းလို့ခိုလို့မဆိုးလှတဲ့ဟိုတယ်တစ်လုံးရှိ ပါတယ်။ ဟိုတယ်ဆိုတာထက် Resort လိုပုံစံပါ။ ကျိုက်ခေါက်ဘုရားလမ်းမှာရှိတဲ့ WH Hotel & Service Apartment ဖြစ်ပါတယ်။ ရေကူးကန်လည်းရှိတယ် GYM လည်းရှိတယ်။ အဲဒီကကျွေးတဲ့ မနက်စာလည်းမဆိုးဘူး။ ညဖက်အရက်စုသောက်ပြီး အဲဒီမှာအိပ်၊ နား အပန်းဖြေလို့ကောင်းပါတယ်။ ဒါ ပေမဲ့ ရေသန့်တော့မဝယ်မိစေနဲ့ဗျို့။ ရေသန့်တစ်ဗူးကို ၁၃၀၀ ရှင်းလိုက်ရတယ်။ ဝန်ထမ်းတွေရဲ့ဝန် ဆောင်မှုနည်းနည်းညံ့တာကလွဲရင်ကျန်တာအဆင်ပြေပါတယ်။

ငဇင်ကာ အုတ်ဂူနှင့် ပေါ်တူဂီဘုရားကျောင်း

သံပန်းတွေအရမ်းခမ်းနားပါတယ်။ အုတ်တံတိုင်းကြီးတွေရှိပါတယ်။ အဲဒါကို ငဇင်ကာအုတ်ဂူလို့ အများကပြောကြပေမယ့် တကယ်တော့မဟုတ်ပါဘူး။ ဘုရားကျောင်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ သွားရောက်လေ့လာသင့်တဲ့နေရာပါ။ အုတ်ဂူပေါ်မှာ ကျောက်စာ၊ သမိုင်းကြောင်းတွေရှိပါတယ်။ အဲဒီပေါ်တူဂီဘုရားကျောင်းကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနကနေ တာဝန်ယူ ထိန်းသိမ်းထားပါတယ်။ သန်လျင်တံတားအဆင်း ဒုတိယလမ်းညဖက်ကိုချိုးပြီးရင် ငဇင်ကာအုတ်ဂူ ဘယ်မှာလဲသာမေးလိုက်ပါ။ ဒေသခံတွေသိပါတယ်။
(ဓါတ်ပုံတွေကိုတော့ အွန်လိုင်းကနေရှာယူထားတာမို့ မူရင်းပိုင်ရှင်တွေကို Credit ပေးပါတယ်နော်၊ ကျော်ရိုက်ထားတာတွေက ပြန်ရှာတာမတွေ့တော့လို့)

မေတ္တာရိပ်မှာ အေးချမ်းပါစေ။ တိမ်တိုက်ထွန်း
×××××