(၁၀)
အစတုန်းကတော့ သူဇာနဲ့ပတ်သက်လို့ သဝန်တိုတာလို့ပဲ ထင်ခဲ့သည်။ သူဇာ့ကို မိုးမြင့်ကချစ် လို့ပေါ့။ အဲ့လိုပဲ ထင်ထားတာ။ တကယ်တော့ မိုးမြင့်ရင်ထဲမှာ ညချမ်းမောင်ကို ချစ်နေကြောင်းကို တဖြည်းဖြည်း နားလည်လာ၊ သိလာခဲ့သည်။
“တကယ်တမ်း ညီမလေးကို ယောက်ျားစိတ်ဝင်နေတယ်။ မိန်းကလေးတွေကိုပဲ စိတ်ဝင်စား တယ်လို့ ထင်ထားတာ။ အဲ့လို မဟုတ်ပြန်ဘူး သူဇာရေ…။ သူကယောက်ျားယူမှာဆိုပဲ။ သူယောက်ျား ရရင် ငါ့ကိုကောင်းကောင်းထားမယ်တဲ့”
ဝေငြိမ်းရဲ့ အမှတ်တမဲ့စကားတွေကနေတစ်ဆင့် သိလာခဲ့သလို သူဇာကိုယ်တိုင် အကဲခတ်၍ လည်း သိလာခဲ့ရပါသည်။ အထူးသဖြင့် မိုးမြင့်ရဲ့ ညချမ်းမောင်ကိုကြည့်တဲ့ အကြည့်တွေပေါ့။ မိန်းမချင်း မို့သိပါသည်။ ညချမ်း ချားလုံးဆွဲနေတဲ့အချိန်ဆို ခိုးခိုးကြည့်နေတတ်တာ သူဇာသိတာပေါ့။ ဒါတင် ဘယ် ကမလဲ။ စကားပြောရင် ပြောတဲ့အကြောင်းအရာ တော်တော်များများမှာ ညချမ်းအကြောင်းတွေပါမှန်းမ သိ ပါလာခဲ့သည်။
“ညချမ်းမောင် ပိုက်ဆံမမြဲတဲ့အချက်တစ်ချက်ကို ငါသိသွားပြီ သူဇာ.. သူက ဘီယာသိပ်ကြိုက် တာတဲ့။ တစ်ပတ်တစ်ခါလောက် အမြဲတမ်း သောက်တတ်တယ်ဆိုပဲ။ တစ်ခါသောက်ရင်လည်း သုံး လေးသောင်းလောက်ကုန်တာဆိုပဲ”
“ဟုတ်လား”
သူဇာ မသိချင်ယောင်ဆောင် နေပေးခဲ့ပါသည်။
ညချမ်း တစ်ပတ်တစ်ခါ ဘီယာသောက်တတ်တာ ကောင်းကောင်းသိတာပေ့ါ။ ပြန်လာရင် ခေါက်ဆွဲကြော် ဒါမှမဟုတ် ကြာဆံကြော်ဝယ်လာပေးတတ်သည်။ အဲဒီအခါမျိုးတွေမှာ သူဇာက ငြင်း သည်။ ဒါပေမဲ့ မရ။ သူက အတင်းပေးနဲ့ နောက်ဆုံးတော့ ယူလိုက်ရသည်။ တကယ်တမ်း သူဇာ့ အနေနဲ့ အဲလိုမျိုး တစ်ခါမှ ဝယ်စားဖူးတာမဟုတ်။ ဘီယာဆိုင်တွေမှာ မဝယ်ချင်တာ အဓိက။
“စားစေချင်လို့ ဝယ်လာတာ။ စိတ်မကောင်းအောင် မလုပ်နဲ့ကွာ။ သူများတွေ မသိအောင် ခိုးပေး ရတာမို့ မြန်မြန်ယူ။ မြင်သွားရင် ကိုယ်က ဘာမှမဖြစ်ဘူး။ သူဇာသာ အရှက်တရားလေးထိမှာ စိုးလို့၊ ဟုတ်ပြီလား”
အထုတ်လေးကို လက်ထဲထိုးပေးပြီး ခပ်သွက်သွက်ပင် ပြန်သွားတတ်ပါသည်။ သူဇာနဲ့ အခန်း အတူနေတဲ့သူတချို့ကတော့ သိပေမယ့် အဲဒီသတင်းအပြင်ကို မထွက်။ ခေါက်ဆွဲကြော်မျှကျွေးထားတဲ့ မျက်နှာပေါ့။
“သူ မူးတာရော တွေ့ဖူးလား”
“ဟင့်အင်း”
“သူမူးတာက မရီရဘူးဟ။ စကားတွေဘာတွေလည်း မပြောဘဲ တစ်နေရာမှာ တိတ်တိတ် လေး ထိုင်တွေးနေတာ”
“သိလှချည်လား”
“ဒီလိုပဲ ခိုးကြည့်တာ”
ညချမ်းမူးရင် စကားလည်း မများ၊ ရစ်လည်း မရစ်တတ်ပါ။ သူဇာကလည်း သူ့ကိုတစ်ခါပြော ထားဖူးသည်။ “မူးတဲ့သူတွေ ဘာလို့စကားများတာလဲ စဉ်းစားလို့ကိုမရဘူး။ မူးချင်လို့သောက်တာပဲ လေ။ သောက်ပြီး လိုအင်ဆန္ဒပြည့်ပြီးရင် အေးအေးဆေးဆေးနေတော့ပေါ့။ အရမ်းမုန်းတယ် မူးပြီးရစ် တဲ့သူတွေကို”။
“ဘာလို့ အဲ့လိုခိုးကြည့်တာလဲဟင်”
သူဇာက စ သလိုလိုနဲ့မေးလိုက်တဲ့အခါမှာတော့ မိုးမြင့်မျက်နှာတစ်မျိုးပြောင်းသွားပါသည်။ ညချမ်းကို မိုးမြင့်တစ်ဖက်သတ်ချစ်နေတာကို သူဇာများရိပ်မိသွားမလားဆိုတဲ့ စိုးရိမ်စိတ်ကိုလည်း တွေ့ ရသည်။
“ဒီလိုပဲ သွားရင်းလာရင်းနဲ့ စပ်စုကြည့်ပါဟာ… ဘာလို့မေးတာလဲ”
အဲ့လိုပြန်မေးတော့ သူဇာလည်း ဖြေရခက်သွားသည်။ ပြီးမှ…
“သြော်… မိုးမြင့်က သူဇာ့ကို အချစ်ပေါ့သွားမှာစိုးလို့ပါ။ သူဇာ့ကိုကျတော့ သဝန်တိုတယ် ဘာ ညာပြောတုန်းက ပြောထားပြီးတော့” ဆိုပြီး ပြန်ဖြေလိုက်ရလေသည်။
သေချာတာကတော့ သူဇာတို့နှစ်ယောက်ရဲ့ကြားထဲမှာရှိတဲ့ ချစ်ခြင်းမေတ္တာက အရင်က လောက် မဖြူစင်တော့တာဖြစ်သည်။ ဒါပေမဲ့ အပြင်မှာကတော့ တကယ့်ညီအစ်မအရင်းလို ဆက်ဆံ ကြမြဲပင်။ ညချမ်းနဲ့ပတ်သက်လို့ သူဇာ့အပေါ် မိုးမြင့်မရိုးသားတာကလွဲလို့ အခြေအနေတွေက အရင်အ တိုင်းပါ။ တစ်ခါတလေကျရင် မိုးမြင့်က သူဇာ့အခန်းထဲက တောင်ခြစ်မြောက်ခြစ်လုပ်တဲ့စာအုပ်လေးထဲ မှာ သူဇာ့ကို ချစ်ခင်တဲ့အကြောင်းတွေ ရေးပေးတတ်သည်။
ညချမ်းနဲ့ပတ်သက်လို့ စိတ်ထဲမလုံမလဲဖြစ်နေလို့လားမသိ။ တစ်ရက် ထူးဆန်းတဲ့ စာတစ် ကြောင်း ရေးပေးလာသည်။
“သူဇာ.. ကျွန်တော့်ကို မချစ်တော့သလို ခံစားရတယ်” တဲ့..။
အဲဒီတော့ သူဇာလည်း ပြန်ရေးပေးလိုက်ပါသည်။
“မိုးမြင့်… မိုးမြင့်ထက်ဆိုတဲ့ ကောင်မလေးဟာ သူဇာ့ရင်ထဲက ဟိုးအနက်ရှိုင်းဆုံးနေရာမှာ ရှိပါ တယ်။ အဲဒါ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ပါဘူး” လို့…။
တကယ်လည်း မိုးမြင့်ကို သူဇာချစ်ပါသည်။ တကယ့် ညီအစ်မအရင်းလိုချစ်တာ။ ဝေငြိမ်းရော မိုးမြင့်ရော သူဇာ့အတွက် တကယ့်ဆွေမျိုးရင်းခြာလိုပဲဖြစ်သည်။ ဒါပေမဲ့ ညချမ်း…၊ ညချမ်းမောင်ဟာ သူဇာတို့နှစ်ယောက်ကြားမှာ အဖုအထစ်ကြီးတစ်ခု ဖြစ်ခဲ့လေသလား မသိတော့ပါ။
ညချမ်းမောင်နဲ့ပတ်သက်တဲ့ကိစ္စတွေဆို သူဇာတို့နှစ်ယောက်စလုံး လျှို့ဝှက်တတ်လာခဲ့သည်။ အကြောင်းအရာတစ်ခုခုဆိုရင် သိုဝှက်တတ်လာကြသည်။
ဥပမာ – သူဇာက ကြာဆံကြော်၊ ခေါက်ဆွဲကြော်လာပေးတဲ့ကိစ္စလိုမျိုး၊ နှစ်ကိုယ်ကြားလာပြော တဲ့စကားမျိုးတွေကို သိုဝှက်ထားသလို မိုးမြင့်ကလည်း အကြောင်းအရာတချို့ကို သိုဝှက်ထားပါလိမ့် မည်။ ဟန်ဆောင်တာလည်းမဟုတ်။ မပြောသင့်တဲ့ကိစ္စတစ်ခုအဖြစ်နဲ့သာ ထားထားတာမို့ လိပ်ပြာမလုံ တာမျိုးတော့ မဖြစ်မိကြပါ။ သိသွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးတော့ ရှိပါသည်။
တစ်နေ့တော့ ညချမ်းနဲ့ မိုးမြင့်ကြားထဲက လျှို့ဝှက်ချက်တစ်ခုကို သူဇာမထင်မှတ်ပဲ သိခဲ့ရပါ သည်။ သူဇာမအားတဲ့ အားလပ်ရက်တစ်ရက်မှာ သူတို့နှစ်ယောက် ရုပ်ရှင်သွားကြည့်ကြတာ။
အဲဒီ တနင်္ဂနွေနေ့က သူတို့နှစ်ယောက် ရုပ်ရှင်ရုံထဲကို ဝင်သွားတာ ကိုယ်တိုင်မြင်ခဲ့ရတာပါ။ ရုပ်ရှင်ရုံဘေးက ထမင်းဆိုင်လေးမှာ သူဇာထမင်းစားနေတာကို သူတို့နှစ်ယောက်လုံးမမြင်ကြ။ နိုင်ငံ ခြားသွားမယ့် ကိစ္စနဲ့ပတ်သက်ပြီး အဲဒီဆိုင်မှာပဲ ချိန်းတာဖြစ်သည်။
“နင်က မသွားတတ် မလာတတ်ဆိုတော့ အိမ်ကိုမလာနဲ့တော့။ မြို့ထဲမှာပဲ စောင့်နေ။ ဆူးလေ ကား စီးလာခဲ့။ ရောက်ရင် ရှေ့ဆောင်ရုပ်ရှင်ရုံနားကို လျှောက်လာ။ အဲဒီဘေးမှာ ထမင်းဆိုင်လေးတွေ ရှိတယ်။ တစ်ဆိုင်ဆိုင်မှာ ဝင်စောင့်နေလိုက်” ဆိုပြီးမှာလို့ အဲဒီဆိုင်မှာ စောင့်နေတာဖြစ်သည်။ တကယ် တော့ ဒီနေရာကို သူဇာကောင်းကောင်းလာတတ်ပါသည်။ ပြီးခဲ့တဲ့အပတ်ကပဲ ညချမ်းနဲ့ ရုပ်ရှင်လာ ကြည့်ကြတာ။
သူတို့နှစ်ယောက်ကို ရုတ်တရက်မြင်လိုက်ရတော့ အနောက်က လိုက်ချောင်းမိပါသည်။ နေပြည် တော်ရုပ်ရှင်ရုံထဲကို ဝင်သွားတာ သေသေချာချာတွေ့လိုက်ရ၏။ အဲဒီ ရုပ်ရှင်ကားပဲ။ ညချမ်းက သူဇာ့ ကို လိုက်ပြခဲ့တာ။
“သူတို့နှစ်ယောက်က ဘာတွေလဲ။ ရိုးမှ ရိုးရဲ့လား။ အင်း .. စုံတွဲတွေလိုတော့ လက်ချင်းချိတ် တာ၊ ဖက်သွားတာမျိုးတော့ လုပ်မထားကြပါဘူး။ ဒီကားက အရင်တစ်ပတ်က ကြည့်ခဲ့တဲ့သရဲကားပါပဲ။ ညချမ်းက ကြည့်ပြီးသားကားကို ဘာလို့ နှစ်ခါပြန်ကြည့်ရတာပါလဲ”
တစ်ယောက်တည်း တွေးနေမိသည်။
အဲဒီကားကို ကြည့်ဖို့ ညချမ်းပဲ သူဇာ့ကို ခေါ်ခဲ့တာပင်။
“သူဇာ… ဒီမှာကြည့်… ” ဆိုပြီး ရုပ်ရှင်လက်မှတ်နှစ်စောင်ကို ပြပြီး စကားခေါ်ခဲ့တာဖြစ်သည်။
“သူဇာ ရုပ်ရှင်မကြည့်တာကြာလို့ မကြည့်ချင်တော့ဘူး ညချမ်း”
“ကိုယ်လည်း မကြည့်ဖြစ်ပါဘူး။ ဒါပေမယ့် ဒီကားက မိုက်တယ်သူဇာရဲ့။ ကားသစ်လေ။ Pee Mark သိတယ်မလား။ ထိုင်းသရဲကား။ အရမ်းကြောက်ဖို့ကောင်းတယ်။ ရယ်လည်း တအားရယ်ရ တယ်”
တကယ်တမ်း သူပြောတာကို သူဇာမသိပါ။
“ထိုင်းမှာဆို ဝင်ငွေစံချိန်ချိုးတာတဲ့။ ကိုယ်တောင် ဘိုကင်ကို မနည်းလုပြီး ဝယ်လာရတာ။ သူဇာနဲ့ နှစ်ယောက်တည်းကြည့်ချင်လို့။ လိုက်မယ်မလားဟင်”
“အာ… သူစိမ်းယောက်ျားလေးတစ်ယောက်နဲ့ ရုပ်ရှင်အတူကြည့်ဖို့…”
“ဘာဖြစ်လဲကွာ… လူမြင်ကွင်းမှာ ကြည့်တာပဲ။ ကောင်မလေးရယ် .. မင်းအတွေးမခေါင်စမ်းပါ နဲ့။ ရုပ်ရှင်ရုံမှာ ကိုယ်တို့တွေချည်းရှိမှာမှ မဟုတ်တာ။ ပြီးတော့ ကိုယ်က မင်းကို ဘာလုပ်မှာမို့လို့လဲ။ စိတ်ချပါ။ ဘာမှမလုပ်ပါဘူး။ လိုက်ခဲ့ပါ။ လက်မှတ်လည်း ဖြတ်ပြီးပြီလေကွာ…။ လိုက်မယ်မလားဟင်”
“…….”
“သူဇာမလိုက်ရင် ကိုယ်လည်းကြည့်ဖြစ်မှာမဟုတ်တော့ဘူး။ လက်မှတ်ကို လွှင့်ပစ်ရတော့ မယ်။ လက်မှတ်ခက နှမြောစရာကြီးလေ။ သူများတော့ မပေးဘူးနော်”
အဲဒီလို အတင်းကြီး ဇွတ်ခေါ်လို့ပဲ လိုက်ခဲ့ရတာဖြစ်သည်။
သရဲကားက ကြောက်ဖို့လည်း ကောင်းသည်။ ရယ်လည်း ရယ်ရသည်။ ဒါတောင် ဘာသာစကား နားမလည်လို့။ သူဇာကြောက်တဲ့အခန်းတွေမှာ ညချမ်းက လက်ကလေးကို ကိုင်ပြီး မကြောက်အောင် နှစ်သိမ့်ပေးပါသည်။ ပထမတော့ သူဇာအတင်းရုန်းဖယ်ပစ်သည်။ ဒါပေမဲ့ နောက်တော့ သူဇာကိုယ် တိုင် လိုလိုလားလားပဲ သူ့ရဲ့လက်ကို ပြန်လည်ဆုတ်ကိုင်မိသည်။ ညချမ်းရဲ့ လက်တွေက နွေးထွေးမှုရှိ လိုက်တာ။
“မိုးမြင့်ကိုရော သူအဲ့လိုလုပ်မှာလား”
အဲ့ဒီလို တွေးမိလိုက်တဲ့အခါမှာတော့ စိုးရိမ်စိတ် ဝင်သွားမိသည်။ ဘုရား.. ဘုရား။ “အင်းလေ.. လက်ကိုင်တယ်ဆိုတာ ရိုးရိုးသားသား နှစ်သိမ့်ပေးတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ချစ်သူအချင်းချင်းမှ မဟုတ်ပါဘူး။ သူငယ်ချင်း အချင်းချင်းလည်း ကိုင်လို့ရတာပဲလေ။ သူဇာနဲ့ ညချမ်းနဲ့က ချစ်သူတွေ လည်း မဟုတ်သေးပါဘူး။ ဘာကိစ္စ သဝန်တိုရမှာလဲ” ဆိုပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်လိုက်သည်။
“ငါနဲ့ ချစ်သူမဟုတ်ဘဲ ငါ့လက်ကို သူကိုင်ရင် မိုးမြင့်ကိုရော…”
အဲ့ဒီလို ပြန်တွေးကာ စိုးရိမ်ရပြန်လေသည်။
နောက်ဆုံး အဲ့ဒီကိစ္စကို ခေါင်းထဲက ဖယ်နိုင်ဖို့ ကြိုးစားလေသည်။ ညချမ်းကိုရော မိုးမြင့်ကိုရော အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စကားတစ်စွန်းတစ်စမှ မမေးမိဖို့ ကြိုးစားသည်။
“ဟန်မဆောင်တတ်ရင်လည်း အတတ်နိုင်ဆုံး ဟန်ဆောင်ရမယ်”
အားတင်းပစ်လိုက်သည်။ သူဇာ့မျက်နှာမှာတော့ ဟန်မဆောင်တတ်မှုတွေ အထင်းသားပေါ်နေ မှာတော့ သေချာပါသည်။ ဒါပေမဲ့ ကံကောင်းထောက်မစွာ ဘယ်သူမှ မမေးကြပါ။
သူတို့နှစ်ယောက် ရုပ်ရှင်သွားကြည့်တဲ့အကြောင်းကို ဖောက်သည်ချသူမှာ ဝေငြိမ်းပင်ဖြစ်လေ သည်။ ဝေငြိမ်းကတော့ အရိုးခံစိတ်နဲ့ ဘာမဆိုပြောပြတတ်သည်။
“သူ့ဘေးလွယ်အိတ်ထဲမှာ ရုပ်ရှင်လက်မှတ်နှစ်စောင်တွေ့လို့ အစ်အောက်မေးကြည့်လိုက်တာ လက်စသတ်တော့ ညချမ်းမောင်နဲ့ သွားကြည့်တာတဲ့လေ”
“ညချမ်းခေါ်လို့ လိုက်သွားတာနေမှာပေါ့”
တကယ်လည်း အဲ့လိုပဲထင်ပါသည်။ ဒါပေမဲ့…
“အဲ့လိုထင်ရင် မှားသွားမယ် ဆရာ.. သူဇာရေ ငါတော့ စိတ်တွေလည်း ညစ်ပါတယ်ဟယ်။ ညချမ်းကို သူက လက်မှတ်ဖြတ်ပြီး ခေါ်သွားတာတဲ့လေ။ ငါငိုယိုပြတော့မှ အမှန်တွေထွက်လာတာ လေ”
သူဇာ ဘာမှပြန်မပြောမိတော့ပါ။ ရင်ထဲမှာတော့ တမျိုးဖြစ်သွားတာ အမှန်ပင်။ ဒါကို ဝေငြိမ်းက ရိပ်မိသည်။
“သူဇာ”
“ဟင်”
“ငါ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတော့မှာပဲ။ မိုးမြင့်အခြေအနေကို နင်ရိပ်မိလောက်ပြီထင် တယ်။ ငါလည်း ဘာလုပ်လို့လုပ်ရမှန်း မသိတော့ပါဘူးဟယ်။ နင့်ကိုလည်း အားနာတယ်။ မိုးမြင့်ရင်ထဲ မှာ ညချမ်းရှိနေပြီ။ ငါကလည်း ညချမ်းကို… ငါတို့မောင်နှမနှစ်ယောက်လုံး နင့်အပေါ် လိပ်ပြာမသန့်ဖြစ် နေမိပြီ”
“ဘာဆိုင်လို့လဲ ဝေငြိမ်းရယ်… ငါတို့က ဘာမှမှ မပတ်သက်တာ”
ကိုယ့်ကိုကိုယ် မပြတ်မသားဖြစ်နေတဲ့စိတ်တွေကို အဆုံးသတ်ပစ်လိုက်ချင်သည်။ ဘာလုပ်ရ မလဲဆိုတာကို ခိုင်မာစွာ ဆုံးဖြတ်ချင်သည်။ အဲဒီနောက် အဖြစ်အပျက်တွေက စိတ်လှုပ်ရှားစရာ ပိုကောင်းလာခဲ့၏။
X X X X X X X X X X X X X X X