မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၁)

(၁၁)

အားလပ်ရက် တနင်္ဂနွေနေ့တွေဆို အတူတူလျှောက်လည်ဖို့ ညချမ်းက မရမကခေါ်တတ်လာခဲ့ သည်။ သူဇာကလည်း မငြင်းဖြစ်တော့ပါ။ ညချမ်းနဲ့ သွားလာရတာ အင်မတန် ပျော်မိလေသည်။ မိုးမြင့် တစ်ယောက်ကတော့ သူဇာတို့နှစ်ယောက် ဘယ်သွားမလဲဆိုတာ အမြဲတမ်းစုံစမ်းနေပြီး နောက်ကနေ လိုက်ဖို့ အဆင်သင့်ရှိနေလေသည်။

“အားလပ်ရက် လျှောက်သွားတာပဲကွာ။ ဘာဖြစ်လဲ။ ငါလည်း လိုက်ချင်တာပေါ့။ သူဇာတို့က ချစ်သူတွေမှ မဟုတ်ကြသေးတာ”

အဲ့ဒီလိုမျိုး လိုရာဆွဲပြောပြီး ညချမ်းနဲ့ သူဇာတို့သွားရာကို တကောက်ကောက်လိုက်လာတတ်ပါ သည်။ ဥပမာ – အင်းလျားကန်ဘောင်လိုနေရာမျိုးကို လမ်းလျှောက်ရင်တော့ သူဇာတို့လျှောက်တဲ့ နေရာနောက်ကို မိုးမြင့်က ထပ်ကြပ်မကွာ လိုက်လာတတ်သည်။

“ဘာလဲကွာ.. ကိုးလို့ကန့်လန့်ကြီး။ ဒီလိုပဲ တောက်လျှောက်လိုက်လာတော့မှာလား။ နှစ် ယောက်တည်း အေးအေးဆေးဆေးနေလို့မရဘူးလား။ သူဇာ့သူငယ်ချင်းကို ကြည့်ပြောဦး”

“သူဇာ့သူငယ်ချင်းကို အဲ့လိုမပြောပါနဲ့ကွာ။ သူလည်း လိုက်ချင်ရှာမှာပေ့ါ”

“အလကား … သာသနာလိုက်ဖျက်နေတာ”

“မဟုတ်ပါဘူး ညချမ်းရယ်”

တကယ်တော့ ညချမ်းကိုယ်တိုင်လည်း မိုးမြင့်အပေါ် သံယောဇဉ်ရှိပါသည်။ အဲဒါကြောင့်လည်း အကြောက်အကန်မငြင်းဘဲ လိုက်လျောညီထွေပေါင်းနေတာပေါ့။ မိုးမြင့်အနေနဲ့လည်း ဒီလိုလိုက်လံ နှောက်ယှက်ရတာ မကောင်းမှန်းသိသိကြီးနဲ့ကို လုပ်နေတာ။ ညချမ်းရဲ့ အရိပ်ကလေးဖြစ်ချင်တာနဲ့ အခု လိုလိုက်နေရတာ။

မိုးမြင့်ရဲ့အမူအရာတွေက တဖြည်းဖြည်းနဲ့ပဲ သူဇာ့အပေါ် အနှောင့်အယှက်ဖြစ်လာခဲ့ပါသည်။ သွားရာနောက် တကောက်ကောက် လျှောက်လိုက်ရုံတင်မကဘဲ အနှောင့်အယှက်ပါပေးလာတော့ သည်။ ညချမ်းက သူဇာ့အတွက် မုန့်သပ်သပ်ဖယ်ပေးတာမျိုးကို ဝင်လုစားတာမျိုး၊ အသေးအမွှားကိစ္စ လေးတွေမှာပါ ဝင်ပါတတ်လာခဲ့ပြီဖြစ်သည်။

တစ်ရက် .. သူဇာတို့နှစ်ယောက် လှော်ကားဥယျာဉ်ဖက်ကိုလာကြတော့ မိုးမြင့်လည်း ပါလာ သည်။ ထုံးစံအတိုင်း သူဇာတို့နှစ်ယောက်က ရှေ့ကနေ ယှဉ်လျှောက်ပြီး မိုးမြင့်က အနောက်မှာပေါ့။

“သူဇာ.. လက်ချင်းယှဉ်တွဲပြီး လျှောက်ချင်တယ်ကွာ” ဆိုပြီး ညချမ်းက တောင်းဆိုလာသည်။

“အာ… ညချမ်းနဲ့ သူဇာနဲ့က ချစ်သူတွေမှမဟုတ်ကြသေးတာ။ အဲဒီလို အခွင့်ကောင်းမယူနဲ့ ကွာ”

“သူဇာရယ်.. အခုချိန်အထိ ကိုယ့်အချစ်ကို အသိအမှတ်မပြုသေးဘူးလားကွာ”

“ညချမ်းကို သူဇာ ယုံကြည်အောင် ကြိုးစားနေတာပါ”

“ဒါပေမဲ့ လက်ကလေးတော့ ကိုင်ပါရစေကွာ”

သူက ပြောပြောဆိုဆိုနဲ့ သူဇာ့လက်ကို ဖျတ်ခနဲဆွဲကိုင်လိုက်သည်။ ချက်ချင်းပဲ ရုန်းမိလိုက်ပါ သည်။ ရုပ်ရှင်ရုံထဲမှာတုန်းကတော့ တမျိုးပေါ့။ အခုကျတော့ နောက်မှာ မိုးမြင့်ထက်ပါလာသည်လေ။

မရ။ ညချမ်းက ဇွတ်တိုးပြိး ထပ်ကိုင်ပြန်သည်။

“ညချမ်းနော်…”

“ဘာဖြစ်လဲကွာ။ ချစ်လို့ လက်ကလေးကိုင်ချင်တာကို။ ဟေး … မရရင် သူဇာ့ကိုပွေ့ချီပြီး လမ်းလျှောက်ပစ်မှာနော်”

အဲလိုအကြပ်ကိုင်ပြီး တကယ်ပဲ သူဇာ့ကိုပွေ့မလိုဟန်ပြင်လာတော့ ကြောက်လန့်ပြီး ပြေးမိ သည်။ ညချမ်းကလည်း သူဇာ့ကို လိုက်ဖမ်းသည်။ နောက်ဆုံး သူ့ရင်ခွင်ထဲသို့ သူဇာ ရုတ်တရက်ဝင်မိ သွားကာ ရှက်ကိုးရှက်ကန်းနဲ့ ရုန်းထွက်မိ၏။ ဒါကိုအနောက်ကနေ ထပ်ကြပ်မကွာ လိုက်နေတဲ့ မိုးမြင့် က မြင်ပြီး စိတ်ထဲမှာ အူတိုမှုတွေ သည်းလာတော့သည်။

ဆတ်ခနဲ လှည့်ထွက်သွားတော့၏။

“ဟိုမှာ မိုးမြင့် ပြေးထွက်သွားတယ် ညချမ်း။ ဘာဖြစ်လို့လဲမသိဘူး”

“အိမ်သာတက်ချင်လာလို့နေမှာပေါ့”

“သူဇာတို့ လိုက်သွားရအောင်ကွာ”

“အာ… ဒီကပဲစောင့်လေ။ သူပြန်လာမှာပါ”

တကယ်တော့ မိုးမြင့်ရင်ထဲမှာ ဘာဖြစ်သွားတယ်ဆိုတာကို သူဇာတို့နှစ်ယောက်လုံး စိတ်ထဲမှာ သိနေကြလေသည်။ စိတ်ဒုက္ခခံပြီး အခုလိုလျှောက်လိုက်နေတဲ့ မိုးမြင့်ကို သူဇာ ဘယ်လိုနားလည်ရမှန်း မသိတော့။ တကယ့် ညီအစ်မရင်းချာတွေလို နေလာတဲ့သူအချင်းချင်း ယောက်ျားတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကြရသည်။

သူဇာ့လက်ထဲကို ရောက်တော့မယ့်ဆဲဆဲ နှလုံးသားတစ်စုံကို လုယူဖို့စောင့်ကြိုရက်တဲ့ မိုးမြင့် ရဲ့ စိတ်ဓါတ်ကိုတော့ သူဇာ ဘဝင်မကျမိပါ။ လူတိုင်းက ကိုယ့်အတ္တနဲ့ ကမ္ဘာတည်ဆောက်နေကြတာဆို တော့လည်း ပြောရခက်သား။ ညချမ်းကို အဖြေပေးလိုက်ရင် ဒီကိစ္စချုပ်ငြိမ်းသွားနိုင်သည်။ ဒါမှမဟုတ် ပစ်ပစ်ခါခါငြင်းပြီး ဥပေက္ခာပြုလိုက်ရင်လည်း အပြီးသတ်နိုင်ကောင်းပါရဲ့။ ဒါပေမဲ့ အဲဒီအစွန်းရောက် နှစ်ဖက်စလုံးကိုသွားဖို့ သူဇာ့အတွက် ချီတုံချတုံဖြစ်လွန်းလှပါသည်။

“ညချမ်း… သူဇာစိတ်ပူတယ်ကွာ။ လိုက်သွားရအောင်”

“လွှတ်ထားလိုက်ပါ သူဇာရာ… ကိုယ်တို့အေးအေးဆေးဆေး စကားပြောလို့ရတာပေါ့။ သူမပါ တော့ လွတ်လပ်တယ်လေ”

“ဟင့်အင်း… သူပြန်တတ်မှာ မဟုတ်ဘူး ညချမ်းရဲ့”

ထောက်ကြန့်နဲ့ လှော်ကားဥယျာဉ်နီးတယ်ဆိုပေမယ့် မိုးမြင့်တစ်ယောက်တည်း ပြန်တတ်လိမ့် မည်မဟုတ်ပါ။ ပြီးတော့ ဒီနေရာက ပုံမှန်ထက်လူသူအရောက်နည်းသည်။ အထူးသဖြင့် ထောက်ကြန့် ကနေလာမယ့်လမ်းတစ်လျှောက်မှာ ကားပြတ်၊ လူပြတ်သည်။ ရန်ကုန်မြို့ထဲဖက်ကနေ ကိုယ်ပိုင်ကားနဲ့ လာကြတာပဲ များသည်လေ။

“သူ တစ်နေရာမှာ စောင့်နေမှာပေါ့။ လာပါ သူဇာရယ်…။ ကိုယ်တို့အေးအေးဆေးဆေး လမ်း လျှောက်ရအောင်”

“ဟင့်အင်း။ သူဇာ ဒီအတိုင်းမထားရက်ဘူးကွာ”

အဲဒီလိုပြောပြီး မိုးမြင့်ထွက်သွားရာနောက်ကို အပြေးလိုက်လာခဲ့မိတော့သည်။ ညချမ်းရောပဲ မနေနိုင်ဘဲ သူဇာ့နောက်ကို လိုက်လာ၏။ နှစ်ယောက်သား မိုးမြင့်ကို လိုက်ရှာသည်။

ဆယ့်ငါးမိနစ်လောက်အကြာမှာတော့ ကားလမ်းမဘေးတစ်နေရာမှာ လမ်းလျှောက်နေတာ သွားတွေ့တော့၏။

“ရှာလိုက်ရတာ မိုးမြင့်ရယ်။ ဘာဖြစ်လို့ ရုတ်တရက်ကြီး ထွက်သွားရတာလဲ။ သူဇာတို့ စိတ်ပူ မယ်ဆိုတာ မသိဘူးလား”

“ငါ့ကို ဂရုမစိုက်ဘဲ ပျော်ပါးနေကြတာကိုး။ လမ်းလျှောက်ရင် ငါပဲ ချန်ထားခံခဲ့ရတယ်။ ကြာ တော့ စိတ်ညစ်လာတာပေါ့”

သူဇာလည်း ဘာမှမပြောမိတော့။ ဆက်ပြောရင်လည်း အားလုံးစိတ်ခုစရာဖြစ်လာမယ်ဆိုတာ ကြီး သိနေသလို။

ဒါပေမဲ့ … ညချမ်း။

ညချမ်းရဲ့ သည်းခံနိုင်စွမ်းက ခဏတာမျှတောင် ကြာရှည်မခံပါ။

“မင်းကို ဘယ်သူက အတင်းလိုက်လာခိုင်းလို့လဲ။ ငါတို့နှစ်ယောက်သွားရာနောက်ကို ဒီလိုပဲ တ ကောက်ကောက်လိုက်နေတာပဲမလား။ ဒါအခုမှဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ နောက်တစ်ခါ မလိုက်လာနဲ့ လေ။ ဒါဆို စိတ်မညစ်ရတော့ဘူးမလား”

“ညချမ်း။ အဲ့လိုတော့မပြောပါနဲ့။ ကျွန်တော်လည်း ခင်ဗျားတို့နှစ်ယောက်လုံးရဲ့ သူငယ်ချင်းပဲ လေဗျာ။ လိုက်ချင်တာပေါ့”

“မင်းတကယ်ပဲ မသိတာလား။ သိသိကြီးနဲ့ မသိချင်ယောာင်ဆောင်နေတာလား”

“ဘာကိုလဲ”

“အေး.. မင်းကမေးမှတော့ ပြောရတာပေါ့။ ငါက ဘယ်သွားသွား သူဇာနဲ့ပဲ နှစ်ယောက်တည်း သွားချင်တာကွ။ မင်းကိုပါစေချင်တာ မဟုတ်ဘူး။ မကောင်းတတ်လို့၊ အားနာလို့ မင်းလိုက်လာတာကို မပြောပဲငြိမ်နေတာ ရှင်းလား”

“ညချမ်းမောင် .. ခင်ဗျားက ကျွန်တော့်ကို မလိုက်စေချင်ဘူးပေါ့”

“ဟုတ်တယ်။ အခုတစ်ခါတည်းပြောလိုက်မယ်။ နောက်တစ်ခါ အပြင်ထွက်လျှောက်လည်ရင် မင်းလိုက်လို့ကတော့ ငါ့လက်သီးနဲ့တွေ့မယ်”

သူတို့နှစ်ယောက် အချေအတင်ဖြစ်နေကြတာကိုကြည့်ပြီး မျက်နှာပူလိုက်တာ။ ဘာလုပ်ရမယ် မှန်း မသိတော့ပါ။

“မိုးမြင့်ကို အဲ့လောက်ထိ မပြောပါနဲ့ ညချမ်းရယ်။ တော်ပါတော့။ သူဇာ စိတ်ညစ်လာပြီ”

“ကိုယ်တောင်းပန်ပါတယ် သူဇာ။ ဒါပေမယ့် သည်းမခံနိုင်တော့ဘူးကွာ။ တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်းမဟုတ် လွန်လွန်းလာပြီ”

“ညချမ်း.. ခင်ဗျား အဲ့လောက်ထိတော့ မပြောသင့်ဘူး။ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိ တယ်”

မိုးမြင့်က အဲ့ဒီလိုပြောပြီး လမ်းမဘေးမှာ ငုတ်တုတ်ထိုင်ကာ ချုံးပွဲချငိုနေတော့သည်။ ရုတ်တ ရက်မို့ သူဇာလန့်သွားမိသည်။

“မိုးမြင့် မငိုပါနဲ့ကွာ။ သူဇာ့ကို သနားပါ။ ထ.. လူတွေကြည့်နေတယ်။ ရှက်စရာကြီး။ ညချမ်းက မိုးမြင့်ကို စိတ်ဆိုးတုန်းခဏပြောတာပါ။ ရင်ထဲမှာ တကယ်မရှိပါဘူး။ ညချမ်း… မိုးမြင့်ကို ခေါ်ပါဦး”

သူဇာပျာယာခတ်သွားတော့ ညချမ်းတစ်ယောက် သူဇာ့ကို သနားမိသွားလားမသိပါ။ သက်ပြင်း နှစ်ခါလောက်ချပြီး မိုးမြင့်ကို ခေါ်ဖို့ပြင်သည်။

“ကဲ… ကဲ … ထကွာ”

ပခုံးလှမ်းပုတ် ထဖို့ပြောတော့ မိုးမြင့်က အသာတကြည်ပဲ ထပါသည်။ သူဇာတို့ သုံးယောက် ထောက်ကြန့်ဖက်ရှိရာကို မျက်နှာမူပြီး လမ်းလျှောက်လာခဲ့တော့သည်။ စကားလည်း တစ်ခွန်းမျှမပြော မိကြပါ။

ကြာလာတော့ သူဇာ့ ခြေထောက်တွေ ညောင်းလာပြီ။

ရက္ကန်းခြေနင်းကို နေ့စဉ်နဲ့အမျှနင်းပြီး အသက်မွေးဝမ်းကျောင်းပြုလာတာတောင် ပေတစ်ရာ လမ်းပေါ် ကြာကြာမလျှောက်နိုင်ခဲ့။

“ညချမ်း… ဘာလုပ်ကြမလဲဟင်။ ဒီလိုပဲ လျှောက်နေတော့မှာလား။ အိမ်ပြန်မယ်ဆိုလည်း  ကားစီးပြီး ပြန်ကြရအောင်”

ပျော်ရွှင်ဖို့လာကြတာမှန်ပေမယ့် မပျော်ရတော့။

“အိမ်ပြန်ဖို့ စောသေးတယ်”

မိုးမြင့်က ဝင်ဖောက်သည်။ ခုနကငိုတာ သူမဟုတ်သလို။

“သူဇာတို့နှစ်ယောက် အိမ်ပြန်လိုက်တော့။ ကိုယ်နေခဲ့ချင်သေးတယ်”

“ညချမ်းက ဘယ်သွားမှာ မို့လို့လဲ”

“ဘီယာ သောက်မလို့”

“ကျွန်တော်လည်း ခင်ဗျားနဲ့တူတူ လိုက်သောက်မယ်”

သူဇာက အိမ်ပဲပြန်ဖို့ပြောမလို့ပြင်တုန်း မိုးမြင့်ကထပြောပြန်ရော။ နောက်ဆုံး ညချမ်းသွားမယ့် ဘီယာဆိုင်ကို ရောက်လာခဲ့ကြတော့သည်။ ဘီယာဆိုင်ရှေ့ကိုတောင် ရဲရဲဖြတ်မလျှောက်ရဲတဲ့ မိန်းက လေးတစ်ယောက်အနေနဲ့ ဆိုင်ထဲအထိတောင် ရောက်လာရတဲ့အဖြစ်။ အမှန်တော့ သူတို့နှစ်ယောက် ကို စိတ်မချတာက အဓိက။

သူတို့နှစ်ယောက် ဘီယာမှာသောက်တာတွေ့တော့ သူဇာလည်းသောက်မယ်ဆိုပြီး မှာသည်။ ညချမ်းက တားမယ်ထင်ထားတာ။ မတားပါ။ တကယ်တော့ သောက်လည်းမသောက်ရဲ။ တဖက်က လည်း မတားတဲ့သူတို့နှစ်ယောက်စလုံးကို စိတ်တို။ နောက်ဆုံး အဲ့ဒီဘီယာတစ်ခွက်ကို မော့ချပစ်လိုက် သည်။ နောက်တစ်ခွက်ထပ်မှာ၊ ထပ်မော့သည်။ ခဏကြာတော့ ခေါင်းတွေလေးလံလာ၏။ စိတ်ထဲမှာ လည်း ဝမ်းနည်းသလို၊ ဒေါသထွက်သလို ခံစားရသည်။ နောက်ဆုံး ဘီယာဆိုင်ထဲမှာ တသိမ့်သိမ့်ရှိုက်ငို ပစ်လိုက်တော့သည်။

“ဟေး.. ဟေး… သူဇာ ဘာဖြစ်တာလဲ။ ဘာလို့ငိုတာလဲ” ဆိုပြီး နှစ်ယောက်သား ပျာယာခတ် ကုန်သည်။ သူဇာက တော်ရုံနဲ့ငိုလို့မပြီး သူတို့ကလည်း တော်ရုံနဲ့ချော့လို့မရ။ ပြန်တွေးတိုင်း ရီစရာတော့ ကောင်းသား။ အဲဒီအဖြစ်အပျက်နောက်ပိုင်း ညချမ်းက သူဇာ့ကို ဘီယာဆိုင်ကို ဘယ်တော့မှ မခေါ် တော့ပါ။ အဲ့လိုပြဿနာမျိုးလည်း မဖြစ်တော့ပါ။ ဒါပေမဲ့ သူဇာတို့နှစ်ယောက်ကြားထဲမှာ နောက်ထပ် ပြဿနာတစ်ခု ဝင်ရောက်လာခဲ့လေသည်။

x x x x x x x x x x x x x x