(၁၂)
အဲဒီနေ့ကတော့ ခါတိုင်းနဲ့မတူပါ။ အလုပ်ဆင်းရက်ကြီးမှာဖြစ်သည်။ ညနေတော့ စောင်းခဲ့ပါပြီ။
“သူဇာ… ကိုယ်ပြောစရာရှိတယ်” ဆိုပြီး အနားရောက်လာပါသည်။ အဲဒီအချိန်က အလုပ်သိမ်း ချိန်မို့ ချက်ချင်းကြီး ထလိုက်သွားလို့မရပါ။
ရက္ကန်းစင်သိမ်းတော့မယ်ဆိုတာနဲ့ ရက္ကန်းခတ်လို့ရထားတဲ့ အထည်လိပ်ကြီးကို စင်ပေါ်ကဖြည် ချပြီး ကိုက်ရေတိုင်းရသည်။ ကိုက်ရေတိုင်းဖို့အတွက် ပေတံရှည်တွေပေးထားပြီး အဲဒီပေတံရှည်တွေနဲ့ တစ်ကိုက်ချင်းတိုင်းသွားတာဖြစ်သည်။ ကိုယ်ရတဲ့ကိုက်ရေကိုမှတ်၊ အထည်လိပ်ကြီးကို Admin ဌာနဆီ ကိုသွားပြီး ကတ္တားပေါ်မှာ အလေးချိန်ရ၏။ အဲဒီမှာ မန်နေဂျာတွေက စာအုပ်နဲ့မှတ်ဖို့ အသင့်စောင့်နေ သည်။
တစ်ကိုက်ကို အလေးချိန်ဘယ်လောက် သတ်မှတ်ထားပြီးသား။ ကိုက်ငါးဆယ်ရတဲ့သူက ကိုက်ငါးဆယ်မှာရှိတဲ့ အလေးချိန်ပြည့်ရမည်။ မပြည့်ရင် ပိုက်ဆံဖြတ်ခံရမည်။ ပိုနေတော့လည်း အလုပ် ရှင်ဖက်က နာသည်။ အဲဒီတော့ အပိုအလိုအရမ်းကြီး ကွာဟမနေအောင် ခတ်ပေးကြရသည်။
“ကိုက်တိုင်းပြီးမှ လာခဲ့မယ်လေ ညချမ်း”
လို့ပြောတော့ သူက…
“ဟင့်အင်း… အခုပဲ” တဲ့…။
အဲဒီတော့လည်း မြန်မြန်သွက်သွက်ပဲ လုပ်ရပါသည်။ သူပါဝိုင်းလုပ်ပေး၏။ ယောက်ျားလေးအား နဲ့ ဖျတ်ခနဲ ဖျတ်ခနဲလုပ်တာမို့ သူဇာလုပ်တာထက် နှစ်ဆလောက်မြန်သည်။ ကိုက်တိုင်းပြီးတဲ့နောက် အထည်လိပ်ကို ဆတ်ခနဲ မ,ကာ Admin ရှိရာကို သယ်ပို့ပေးသည်။
သူ့မျက်နှာ မကြည်မလင်ဖြစ်နေတာကိုတော့ သတိထားမိသည်။ အလုပ်ကိုတန်းလန်းကြီး ထား ပြီး လိုက်သွားဖို့ကမဖြစ်နိုင်။ မန်နေဂျာတွေက တစ်နေ့ထွက်ရှိတဲ့ ကိုက်ရေကို စာရင်းပိတ်ဖို့စောင့်နေကြ သည်။ ညချမ်းက အခုပဲဆိုပေမယ့် အလုပ်အခြေအနေကို သဘောပေါက်ကာ မြန်မြန်သွက်သွက်ဝိုင်း လုပ်ပေးခြင်းပင်။ အလုပ်ပြီးသွားတော့ သူဇာတို့နှစ်ယောက် ရက္ကန်းရုံရဲ့အပြင်ဖက် တစ်နေရာဆီကို ထွက်လာခဲ့ပါသည်။
အဲဒီမှာပဲ ညချမ်းရဲ့မကျေနပ်မှုကစတင်လေသည်။
“ကဲ ပြော… နိုင်ငံခြားသွားဖို့ သေချာနေတဲ့ကိစ္စ ကိုယ့်ကိုဘာလို့မပြောတာလဲ”
သူ တစ်နေ့အဲဒီလိုမေးလာမယ်ဆိုတာ ကြိုသိနေခဲ့ပါသည်။
“သူဇာနိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့စီစဉ်နေတယ်ဆိုတာ တစ်ရုံလုံးသိတယ် ညချမ်း၊ အဲဒါ အဆန်းမှမဟုတ်တာ”
“အဲဒီလောက်တော့ ကိုယ်လည်းသိတာပေါ့၊ ဒါပေမဲ့ အခုဟာကသေချာသလောက်အနေအ ထားရှိပြီဆို၊ ပတ်စ်ပို့တွေဘာတွေတောင် လုပ်ပြီးသွားပြီး၊ ပွဲစားနဲ့လည်းချိတ်ပြီးပြီဆို”
“ညချမ်းကို ဘယ်သူပြောလဲ အဲဒါ”
“မိုးမြင့်ထက်”
ထင်ပြီးသား။ သူဇာနဲ့ညချမ်းကြား ပြသနာဖြစ်အောင်ဖန်တီးတာလို့ သူဇာမထင်ရက်ပါ။ ဘာပဲ ဖြစ်ဖြစ် ဒါအခြေအနေမှန်ပဲလေ။
“ဟုတ်တယ် ညချမ်း၊ သေချာသလောက်ဖြစ်နေပြီ၊ ဒီမှာလုပ်နေရင် ဘာမှထူးခြားလာမှာမဟုတ် ဘူး၊ ရက္ကန်းခတ်မယ်၊ ခတ်နိုင်တဲ့နေ့ ပိုက်ဆံရမယ်၊ မခတ်နိုင်ရင်မရဘူး၊ တစ်နေကုန်တစ်ကိုယ်လုံး လှုပ်ရှားနေရတဲ့အလုပ်မို့ အသက်ကြီးလာရင် ခတ်နိုင်တော့မှာမဟုတ်ဘူး၊ ဒီထက်ပိုပြီး ပိုက်ဆံရမယ့်အ လုပ် လုပ်မှဖြစ်မယ်”
“နိုင်ငံခြားမှာလုပ်ရင်ရော မပင်ပန်းဘူးလို့ထင်လား၊ သူများနိုင်ငံမှာ သူများမလုပ်တဲ့အလုပ်ကို လုပ်ရမှာသိလား သူဇာ”
“သိတယ်၊ ဒီထက်ပိုပင်ပန်းမှာ သိပ်သိတာပေါ့၊ ဒါပေမဲ့ ရက္ကန်းခတ်လို့ရတဲ့ပိုက်ဆံထက်တော့ ပိုရမယ် ညချမ်း၊ အသက်ကြီးတဲ့အထိလည်း လုပ်စရာမလိုဘူး၊ လေးငါးနှစ်လောက် လုပ်လိုက်ရင်အပို ဝင်ငွေထွက်လာ၊ အဲဒါနဲ့ ကိုယ်ပိုင်စျေးရောင်းစျေးဝယ်လေးလုပ်နိုင်မယ်လေ”
“မှန်ပါတယ်၊ ဒါပေမဲ့ သူဇာ့ရဲ့အရင်းနှီးဆုံးလူတစ်ယောက်အနေနဲ့ ကိုယ့်ကိုပြောပြသင့်တာ ပေါ့”
“အခုပြောပြနေပြီလေ”
“သူဇာ ယတိပြတ်ဆုံးဖြတ်ပြီးသွားပြီလား၊ သွားဖို့သေချာပြီလား”
သူဇာ ခေါင်းညိတ်လိုက်မိသည်။
“ဟာ … ဒါဆို ကိုယ်ကဘာလဲ၊ ကိုယ့်ကိုဒီအတိုင်းထားခဲ့တော့မှာလား၊ မင်းရဲ့ချစ်သူတစ် ယောက်အဖြစ် ရှိနေခွင့်လေးမပေးတော့ဘူးလား”
“ညချမ်း သူဇာ့ကိုဘာကြောင့်ချစ်တာလဲ”
“သူဇာ့ကိုချစ်ဖို့အကြောင်းပြချက် လိုလို့လားကွာ”
“သူဇာ ဥပမာအနေနဲ့မေးချင်တယ်၊ တကယ်လို့ သူဇာကညချမ်းလိုချင်တဲ့အဖြေကိုပေးလိုက်ပြီ တဲ့၊ ညချမ်း သူဇာ့ကိုလက်ထပ်ပြီးတင့်တောင်းတင့်တယ်ထားနိုင်မလား၊ သူဇာ့မိသားစုအပေါ် ထောက် ပံ့နိုင်မလား၊ ပြီးတော့ သူဇာ့အပေါ်ရောအမြဲသစ္စာရှိမှာလား၊ သေချာဖြေပေးပါ ညချမ်း”
သူကောင်းကောင်းဖြေနိုင်မည် မဟုတ်မှန်းသိတာပေါ့။
သူ့မှာ သူဇာ့ကိုချစ်တဲ့အချစ်တွေပဲရှိတာ။ ကျန်တာရှေ့ရေး၊ နောင်ရေး စဉ်းစားတတ်တာမဟုတ်။ တိကျခိုင်မာတဲ့အဖြေကိုပေးနိုင်မှာမဟုတ်။ အဲဒါတွေကြောင့်ပဲ ညချမ်းမောင်ကို သူဇာရဲရဲကြီးမချစ်ရဲတာ ပင်။
“မင်း သိပ်စဉ်းစားလွန်းတယ် သူဇာ”
“ဟင့်အင်း၊ မိန်းကလေးတစ်ယောက်အနေနဲ့ ကြိုတွက်သင့်တာတွေပါ၊ သူဇာငွေအရမ်းမက်လို့ ပြောရတာမဟုတ်ဘူး၊ ညချမ်းရဲ့ပေါ့ပျက်ပျက်နိုင်မှုတွေကို သိနေလို့ပဲ၊ ညချမ်းချစ်တာ သူဇာတစ် ယောက်တည်းမဟုတ်ဘူး၊ တစ်ခြားကောင်မလေးတွေပေါ်လာရင်လည်း ချစ်မှာပဲ၊ ဘာလို့လဲဆိုတော့ ညချမ်းဟာတစ်ဦးတစ်ယောက်တည်းရဲ့အချစ်ကို တန်ဖိုးမထားတတ်လို့ပဲ ”
ဟိုတစ်လောတုန်းက ဝေငြိမ်းတွေ့ခဲ့တဲ့ကိစ္စကြောင့်မဟုတ်။ သူ့ရဲ့ပုံစံ၊ အမူအရာတွေကြောင့် အဲဒီလိုသတ်မှတ်လိုက်ခြင်းပင်။ ရက္ကန်းရုံထဲမှာရှိတဲ့ ကောင်မလေးတော်တော်များများကိုလည်း ညချမ်း ကအလွတ်မပေးချင်တာ သိပြီးသား။
“နောက်ပြီးတော့ ပိုက်ဆံကိုတန်ဖိုးမထားတတ်တာကို သဘောမကျဆုံးပဲ၊ ညချမ်းဟာ ရတဲ့ ပိုက်ဆံကိုလက်ထဲကြာကြာမထားတတ်ဘူး၊ အသုံးအဖြုန်းကြီးတယ်၊ အရာရာတိုင်းကို အလေးအနက် မထားဘူး၊ ကုန်ကုန်ပြောရရင် သူဇာ့ရဲ့ဘဝတစ်ခုလုံးကိုပုံအပ်ဖို့ မယုံရဲလောက်အောင်ဖြစ်မိလို့ ညချမ်း အချစ်ကိုရဲရဲကြီးလက်မခံရဲတာ၊ ရက္ကန်းရုံနဲ့ဝေးတဲ့နေရာကို ထွက်သွားဖို့ဆုံးဖြတ်ခဲ့တာ”
“မင်း ကိုယ့်ကိုဥပေက္ခာလည်းမပြုနိုင်ဘူး”
ဟုတ်တာပေါ့။ ရဲရဲကြီးချစ်မလား၊ ဥပေက္ခာပြုမလားဆိုတဲ့ အစွန်းရောက်နှစ်ဖက်လုံးကို ရောက် စေဖို့တွန့်ဆုတ်နေခဲ့သည်လေ။ ဒါပေမဲ့ နောက်ဆုံးတော့ … ဥပေက္ခာပြုတဲ့လမ်းကိုရွေးဖို့ ဖန်လာမ လားမသိတော့ပါ။ အစတုန်းကတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီးအဖြေပေးဖို့ မိုးမြင့်နဲ့တောင်တိုင်ပင်ခဲ့သေး သည်။ အဲဒီတုန်းကတော့ ညချမ်းအကြောင်းကိုအခုလောက်မသိသေးပါ။ ရက္ကန်းရုံထဲက မိန်းကလေး တော်တော်များများက ညချမ်းကိုသဘောကျပြီးရေလာမြောင်းပေးလုပ်ကြသည်။ ဒါကိုညချမ်းကလည်း ပြီတီတီပြန်လုပ်နေသည်။ အဲဒါတွေကို သူဇာသဘောမကျပါ။
“မင်း ကိုယ့်ကိုအထင်သေးလွန်းတယ် သူဇာ”
“မဟုတ်ဘူး ညချမ်း၊ မဟုတ်ဘူး၊ သူဇာ့ကို မြတ်မြတ်နိုးနိုးနဲ့ ရာသက်ပန်ပေါင်းသင်းနိုင်မယ့် လက်တွဲဖော်ကိုပဲအလိုရှိတယ်ဆိုတာ ညချမ်းကိုပြောပြရုံသက်သက်ပါ”
“ကိုယ်ကြိုးစားကြည့်မယ်ဆိုရင်ရော”
တိကျသေချာသောအဖြေမဟုတ်ပေမယ့် နည်းနည်းတော့ကျေနပ်သွားမိပါသည်။ ဒါပေမဲ့ … ညချမ်းလုပ်နိုင်မည်မဟုတ်ဘူးဆိုတာ သိနေသလို။
“ဝမ်းသာပါတယ် ညချမ်း၊ တကယ်ပါ၊ သူဇာပြန်လာလို့ ညချမ်းဟာတကယ်ပဲတည်တည်တံ့တံ့ ယောက်ျားကောင်းတစ်ယောက်အဖြစ် မိန်းကလေးတစ်ယောက်ကိုလက်ထပ်နိုင်မယ့်အနေအထားမှာ ရှိခဲ့ရင် အရမ်းကိုဂုဏ်ယူမိမှာပါ”
သူဇာလောဘကြီးတာမဟုတ်ပါ။ ချစ်တဲ့သူနဲ့လက်ထပ်မယ့်သူဟာ တစ်ယောက်တည်းဖြစ်စေ ချင်တာပင်။ တောသူပီပီအပျော်အပျက်တွဲမှာတွေကို စိတ်မကူးမိပါ။
“ကိုယ်ဘာဆက်လုပ်ရမလဲ သူဇာ”
သနားကမားမျက်လုံးအဝိုင်းသားလေးနဲ့ မေးနေတော့ သနားမိသွားသည်။
“ညချမ်းကို သူဇာစောင့်ကြည့်ပါမယ်၊ အကောင်းဆုံး အခင်ဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ ပေါ့ ”
“မင်းကို ကိုယ်ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ပါဘူးကွာ”
ညချမ်းကိုလည်း သူဇာနားမလည်နိုင်တော့ပါ။ တကယ်ဆိုသူဇာ့ကိုချစ်တယ်ဆို သူဇာဖြစ််စေချင် တဲ့အတိုင်း သူရဲရဲကြီးလုပ်ပြသင့်တာပေါ့။ ရက္ကန်းရုံထဲမှာရှိတဲ့ မိန်းကလေးတော်တော်များများနဲ့ အသွင် သဏ္ဌာန် မတူတဲ့ပုံစံမို့ သူအံသြမိသွားမှာတော့အမှန်။
သူဇာတို့နှစ်ယောက် အဲဒီပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်း ခပ်တန်းတန်းဖြစ်သွားကြလိမ့်မည်ဟု ယုံကြည်ထားကြပေမယ့် တကယ်တမ်းဖြစ်မလာခဲ့ပါချေ။ သူကရက္ကန်းစင်နားကို ရောက်လာမြဲ၊ စကား တွေ ပြောမြဲပင်။ ပတ်ဝန်းကျင်ကလည်း ဘာလိုလိုဆိုပြီးအသိအမှတ်ပြုလာကြသည်။
ပြီးတော့ … လက်ဆောင်တွေ။
သူ … လက်ဆောင်တွေ မကြာမကြာလာပေးတတ်ပါသည်။ ကြီးကြီးမားမားမဟုတ်ပေမယ့် အသုံးတည့်မယ့်ပစ္စည်းလေးတွေ။ ဥပမာ တဘတ်လှလှလေး၊ သနပ်ခါးဘူး၊ ချည်ဖြတ်တဲ့ကတ်ကြေးလို ပစ္စည်းမျိုး တွေပေါ့။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်တွေလည်း လာပို့တတ်ပါသည်။
အဲဒီလက်ဆောင်တွေကို မယူချင်စရာအကြောင်းတစ်ခုလည်း ပေါ်လာခဲ့လေသည်။ တစ်ခုသော ညနေခင်းမှာ သူငါးသေတ္တာဘူးတစ်ချို့ဝယ်လာပေးပြီးတဲ့အချိန်ပေါ့။ အလုပ်ပြီးခါစဆိုတော့ အဆောင် ခန်းထဲမှာလည်း လူစုံလေသည်။ သူကပေးပြီး ချက်ချင်းထွက်သွားတော့ အခန်းဖော်တစ်ယောက်ကစပြီး သတိပေးခြင်းပင်။
“သူဇာ၊ ငါနင့်ကိုပြောမယ် ပြောမယ်နဲ့စဉ်းစားနေတာ၊ မထူးတော့ပါဘူး၊ ပြောလိုက်တော့မယ်၊ ပြောသင့်တယ်ထင်လို့”
“အင်း … ပြောလေ”
“ဟိုလေ ရုံထဲမှာအသံတွေထွက်နေလို့၊ ညချမ်းမောင်က နင့်ကိုလက်ဆောင်တွေလာလာပေး တယ်ဆိုတာလေ၊ အစတုန်းကတော့ သိပ်မသိကြဘူး၊ ငါတို့ပြောတာလည်း မဟုတ်ဘူး၊ ဘယ်လို အသံထွက်လာတာလဲ မပြောတတ်ဘူး”
“ပြောပါစေဟယ်၊ ဒါအထူးအဆန်းမဟုတ်တော့ပါဘူး”
“မဟုတ်ဘူး၊ အခုပြောနေကြတာက လက်ဆောင်လာပေးတဲ့အကြောင်းမဟုတ်ဘူး၊ လက် ဆောင်ပေးတဲ့ပစ္စည်းတွေကို ဝယ်တဲ့ပိုက်ဆံအကြောင်း …”
“ဟင်၊ ဘယ်လို …”
“ဟုတ်တယ်၊ ဝေငြိမ်းထက်ဆီက ချူစားတဲ့ပိုက်ဆံတွေနဲ့ နင့်ကိုလက်ဆောင်ပစ္စည်းတွေဝယ်ပေး တယ်ဆိုပြီး ပြောနေကြလို့ ”
“ဟင်”
သူဇာ ဘုရားတမိသည်။ မဟုတ်ဘဲနဲ့ အဲ့သတင်းကအသံထွက်လာပါ့မလား။ တမင်တကာလုပ် ဇာတ်ဖန်တီးပြီး သတင်းလွင့်တာလားမပြောတတ်တော့။
“မှန်တာ မမှန်တာထက် နင်စဉ်းစားလို့ရအောင် ကြားတဲ့အတိုင်းပြောပြတာပါဟာ၊ တစ်မျိုးတော့ မထင်ပါနဲ့”
“အေးပါဟယ်”
“အခုတလော ညချမ်းမောင်နဲ့ပတ်သက်ပြီး ငါတို့ရက္ကန်းရုံမှာ သတင်းတွေအမျိုးမျိုးထွက်နေတာ နင် လည်းအသိ၊ သူကအားလုံးကိုအလွတ်ပေးချင်တာမဟုတ်ဘူး၊ သတိထားပေါ့ဟာ”
အဲဒီနောက်ပိုင်း ညချမ်းပေးတဲ့လက်ဆောင်တွေကို သူဇာမယူဖြစ်တော့ပါ။ အကြောက်အကန် ငြင်းတတ်လာခဲ့သည်။ ပထမတော့ ညချမ်းကအတင်းဇွတ်ပေးသည်။ ဒါပေမဲ့ သူဇာခါးခါးသီးသီးငြင်း လာတော့ မပေးတော့ပါ။ သူဇာတို့နှစ်ယောက် အပြန်အလှန်လက်ဆောင်ပေးတာမျိုး အဲဒီနောက်ပိုင်းမှာ အဆုံးသတ်သွားလေသည်။
x x x x x x x x x x x x x