မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၃)

(၁၃)

မိုးခြိမ်းသံတစ်ချက်ကြားရပြန်တာကြောင့် သူရောကျွန်တော်ပါ ပြိုင်တူလန့်ဖျပ်သွားမိသည်။ မိုးခြိမ်း ပြီးတဲ့နောက်မှာတော့ ကျွန်တော့်လက်ကိုင်ဖုန်းသံရုတ်တရက်ကြီးထမြည်လာလေသည်။ ဒီလို အချိန်အခါက ဖုန်းလာနေကျမှမဟုတ်တာ။

“ဟင်”

တရင်းတနှီးရှိလှသော ဖုန်းနံပါတ်။

“ဒါ ရက္ကန်းရုံဖုန်းနံပါတ်ပဲ”

ဝေငြိမ်းကို ကြည့်လိုက်မိသည်။ သူ့မျက်နှာမှာ အံသြသောအရိပ်အယောင်ကို မတွေ့ပါ။

“ဘယ်သူပဲမေးမေး ငါဒီမှာရှိနေတဲ့အကြောင်းကိုပြောပြလိုက်ပါ”

“ဝေငြိမ်း၊ မင်းတစ်နေရာရာကို ရှောင်ထွက်သွားဖို့ …”

“ဟင့်အင်း၊ ငါအရာရာကိုရင်ဆိုင်မှာပါ၊ မင်းဆီထွက်လာတယ်ဆိုတာကလည်း ရုတ်တရက်မို့ လန့်သွားတဲ့သဘော၊ ပြီးတော့ ညီမလေးကိုစောင့်ရှောက်ဖို့မှာချင်လို့ …”

ကျွန်တော်ဖုန်းကိုင်လိုက်သည်။

“ဝေယံလား”

“ဟုတ် …”

“မိုးမြင့်ပါ ဝေယံ၊ မှတ်မိလားဟင်၊ ရက္ကန်းရုံက”

“အင်း”

မိုးမြင့်ရဲ့အသံက ခါတိုင်းလိုသွက်သွက်လက်လက်မဟုတ်ပါ။ ငိုသံပါနေသည်။ ဒီအခြေအနေဆို ရက္ကန်းရုံမှာ ရုတ်ရုတ်သဲသဲဖြစ်နေပြီပေါ့။ ညကြီးမိုးချုပ်အားလုံးနိုးကုန်ပြီး ထိတ်ထိတ်ပျာပျာဖြစ်နေပြီပေါ့။ မိုးကလည်း အချိန်အခါမဟုတ်ရွာ၊ ထိတ်ထိတ်လန့်လန့်အဖြစ်မျိုးလည်းကြုံရနဲ့ ထူးထူးဆန်းဆန်း ဖြစ်နေ ကြမှာ အမှန်။

“ဝေယံရေ၊ ကိုကြီး … ကိုကြီးဝေငြိမ်းထက်လေ၊ ညချမ်းမောင်ကို သတ်သွားလို့၊ ပြီးတော့ ထွက် ပြေးသွားတယ်၊ အခုသူ့ကိုလိုက်ရှာနေကြတာ၊ အဲဒါ ဝေယံ့ဆီမှာများ ကိုကြီးရောက်နေမလား လို့ … ”

“အင်း၊ ဝေငြိမ်း ဒီမှာရောက်နေတယ်”

လှုပ်လှုပ်ရှားရှား ဆူဆူညံညံအသံတွေကိုကြားလိုက်ရသည်။

“အဲဒီမှာ ရောက်နေတာတဲ့၊ ဟုတ်တယ်” ဆိုပြီး တစ်ယောက်တစ်ပေါက်ပြောနေကြတာ၊ အလုပ် ရှင်ရဲ့အသံတွေနဲ့ ရှုတ်ရှက်ခတ်သွားသည်။

“ချက်ချင်းရဲစခန်းကို အကြောင်းကြားလိုက်ပါ၊ အဲဒီမှာ လက်ခံမထားနဲ့၊ သူလူသတ်သွားတာ၊ ည ချမ်းမောင်ကို သတ်သွားတာ၊ လူသတ်သမား သူဟာလူသတ်သမား”

အဲဒီခဏမှာတော့ ကျွန်တော်တစ်ခါမှ မကြုံဖူးတဲ့ခံစားမှုတစ်မျိုးကို ရလိုက်ပါသည်။ မိုးမြင့်ထက် ကို စက်ဆုတ်သွားတာ၊ အထင်သေးသွားတာ။

အစ်ကိုရင်းတစ်ယောက်ကို ပြောရက်လိုက်တာ။ ဘယ်လိုအင်အားတွေနဲ့ ပြောထွက်တာပါလဲ။ တယုတယ ဂရုစိုက်စောင့်ရှောက်လာခဲ့တဲ့အစ်ကိုကို အဲလိုစကားမျိုးပြောရက်လိုက်တာ။ ဘဝပေးကု သိုလ်ကံကြောင့် ဝေငြိမ်းဟာ ယောက်ျားကျားကျားလျားလျားတစ်ယောက် ဖြစ်မလာ။ ပတ်ဝန်းကျင်က တစ်မျိုးတစ်ဖုံမြင်စေတဲ့ ခပ်နွဲ့နွဲ့လူတစ်ယောက်ဖြစ်လာရသည်။ ဒါပေမဲ့ တစ်ဦးတည်းသော ညီမလေး ဖြစ်တဲ့ မိုးမြင့်ထက်ကို အစ်ကိုပီသတဲ့ အစ်ကိုတစ်ယောက်လို။ မိဘလို စောင့်ရှောက်အလိုလိုက်လာခဲ့ တာ အားလုံးအသိ။

“မိုးမြင့် အဲလိုတော့မပြောပါနဲ့”

“သူ ညချမ်းကို ရက်ရက်စက်စက်သတ်သွားတာ၊ ကျွန်တော့်ချစ်သူကို သတ်သွားတာဝေယံ ရဲ့၊ သူ့ကို သိပ်မုန်းတယ်”

သေချာပါသည်။

ကျွန်တော်ကြားနေရတာတွေက သမာရိုးကျစကားသံတွေမဟုတ်။ ယောက်ျားတစ်ယောက် ကြောင့် အရာရာကို စုံလုံးကန်းပစ်လိုက်သော မိန်းမတစ်ယောက်ရဲ့စကားသံတွေပဲဖြစ်သည်။

“ဝေငြိမ်းဟာ ညချမ်းမောင်ကို ဘယ်အငြိုးနဲ့ သတ်လိုက်တာလဲ၊ ဘယ်သူ့ကြောင့် သတ်လိုက် တာလဲ မိုးမြင့်”

“ဟင့်အင်း၊ ဘယ်သူ့ကြောင့်မှ သူလူသတ်စရာအကြောင်းမရှိဘူး၊ သူ့ကို သက်ဆိုင်ရာကို အ ကြောင်းကြားပေးပါ၊ ဒါမှမဟုတ် ထွက်မပြေးအောင် တားထားပေးပါ၊ ဒီကလိုက်လာခဲ့မယ်”

“အင်း၊ ငါကတော့ ငါ့သူငယ်ချင်းကိုလာဖမ်းဖို့အတွက် သက်ဆို်င်ရာကို အကြောင်းကြားတာမျိုး တော့ မလုပ်နိုင်ဘူး၊ ဝေငြိမ်းလည်း ထွက်ပြေးမှာမဟုတ်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်၊ ကျန်တဲ့အပိုင်းက တော့ လုပ်ချင်တာလုပ်ကြ”

တကယ်ဆို မိုးမြင့်ထက်ကြောင့် ညချမ်းမောင်ကို ဝေငြိမ်းက သတ်လိုက်ရတာ။ နူးနူးညံ့ညံ့သိမ် သိမ်မွေ့မွေ့နေတဲ့ ယောက်ျားတစ်ယောက်က မောင်နှမသံယောဇဉ်ကြောင့် လူတစ်ယောက်ကို ရက်ရက် စက်စက် သတ်ရတဲ့အဖြစ်ကို ရောက်သွားရတာ။

“ဟုတ်ပြီ၊ ဒါဆို မိုးမြင့်တို့၊ ဆရာတို့ သက်ဆိုင်ရာကိုပြောပြီး အဲဒီကိုလာခဲ့မယ်”

“နေဦး”

ဖုန်းချခါနီး ကျွန်တော်တားလိုက်မိသည်။ သိချင်တဲ့မေးခွန်းတစ်ချို့မေးရမည်။

“ညချမ်းမောင် သေသွားပြီဆိုတာသေချာလား”

မသေဘူးလို့ပဲ သံသယရှိနေသည်။

ကတ်ကြေးဒဏ်၊ လွန်းဒဏ်တွေကြောင့် ပွဲချင်းပြီးသေနိုင်ပါ့မလား။ ပြီးတော့ နှစ်ယောက်သား လုံးထွေးသတ်ပုတ်ကြမှာပဲ။ ဝေငြိမ်းကို အလျှော့ပေးမှာတော့မဟုတ်။ ညချမ်းမောင် သေသွားပြီလို့ ယူဆထားကြတာပဲဖြစ်မလား။ မသေသေးဘဲ ဒဏ်ရာနဲ့ မြောနေတာရောမဖြစ်နို်င်ဘူးလား။

“အတည်ပြုချက်ယူဖို့ သက်ဆိုင်ရာကိုအကြောင်းကြားထားတယ်”

“မသေသေးတာရော မဖြစ်နိုင်ဘူးလား”

“လူကြီးတွေက မကိုင်ရဘူးဆိုလို့ သူ့ဆီကို သေသေချာချာသွားမကြည့်ရသေးဘူး၊ အနားနား လေးကပဲ ကြည့်ကြတာ၊ အသက်မရှုတော့တာ၊ မျက်ဖြူလန်နေတာတော့ သေချာတယ်”

ကျွန်တော် ဝေငြိမ်းကို တစ်ချက်ကြည့်ပြီး ဖုန်းချလိုက်သည်။ လူသတ်သမားနဲ့ နှစ်ယောက်တည်း ရှိနေတာ သေချာပေမယ့် စောစောကစိုးရိမ်ကြောက်ရွံမှုတွေ ကျွန်တော့်ထံမှာလုံးဝမရှိတော့ပါ။

“ညချမ်းမောင် မသေနိုင်ဘူးလို့ ထင်နေတာလား ဝေယံ”

“အင်း ဟုတ်တယ်”

မိုးခြိမ်းသံတွေ ကွယ်ပျောက်သွားသည်။

လေပြင်းသံလည်း မကြားရတော့။ မိုးစဲတော့မည်။ ဒီအချိန်ဟာ အိပ်စက်အနားယူနေသူတွေ ဇိမ် အကျဆုံး အခြေအနေပေါ့။

“ချည်ညှပ်တဲ့ ကတ်ကြေးတွေက ချည်ညှပ်တာများရင် တုံးတတ်တယ်ဆိုပေမယ့် ကတ်ကြေးအ ချွန်တွေက အမြဲတမ်းချွန်နေပါတယ် ဝေယံရဲ့”

“ဟင်”

“အထူးသဖြင့် ငါ့ကတ်ကြေးက ပိုထက်ပြီးပိုချွန်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငါကတ်ကြေးသစ် လဲထားတာ ရက်ပိုင်းပဲရှိသေးတယ်လေ၊ အဲဒီကတ်ကြေးသစ်နဲ့ ညချမ်းမောင်ကို ထိုးသတ်ပစ်ခဲ့တာပါ၊ သူသေတာသေချာအောင်ကို လုပ်ပစ်ခဲ့တာ၊ အဲဒီတော့ အသက်ရှင်နေသေးလားဆိုတဲ့အတွေး တွေး စရာ မလိုဘူး၊ လုံးဝသေချာတယ်၊ သူသေပြီ”

ကျွန်တော် ဘာမှပြန်မပြောမိတော့။ သက်ပြင်းရှည်ကြီးတစ်ချက်ချမိကာ သူ့ကိုပဲစိုက်ကြည့်မိ သည်။ ‘အချစ်’ ဆိုတဲ့အရာနဲ့ပတ်သက်လာရင် အရာရာတိုင်း ကမောက်ကမဖြစ်တတ်ကြတာပဲ မဟုတ် လား။ ဒါပေမဲ့ ညချမ်းမောင်နဲ့ပတ်သက်ခဲ့တဲ့ အချစ်ဇာတ်လမ်းကတော့ ပုံမှန်အဖြစ်အပျက်ထက် ထူးခြားနေလိမ့်မှာ အမှန်ပင်။

“ညီမလေး ငါ့ကိုဘာပြောတာလဲဟင်”

မိုးမြင့်ထက်ပြောခဲ့တဲ့စကားတွေကို ကျွန်တော်သူ့ကိုပြန်ပြောရင် ကောင်းမလား။ ဟင့်အင်း။ ခေါင်းခါ ပြလိုက်သည်။ ဘာမှမဟုတ်ပါဘူးဆိုတဲ့ သဘောမျိုး။

‘ကျွန်တော့်ချစ်သူကို သတ်သွားတာ၊ သူ့ကိုသိပ်မုန်းတယ်’ တဲ့။

ဒါညီမတစ်ယောက်က အစ်ကိုတစ်ယောက်ကိုပြောသင့်တဲ့စကားလား။ ပြီးတော့ ‘မိုးမြင့်တို့ ဆရာတို့ သက်ဆိုင်ရာကိုပြောပြီး အဲဒီကိုလာခဲ့မယ်’ တဲ့။ ရက်စက်လိုက်တာ။ အစ်ကိုဖြစ်သူကို လို်က် ဖမ်းဖို့အရမ်း တက်ကြွနေတယ်ပေါ့။

မိုးမြင့်ထက်ရဲ့ပုံစံက သာမန်မိန်းကလေးလိုပုံစံထက်ထူးခြားခဲ့ပါသည်။ နေပုံထိုင်ပုံက ယောက်ျား လေး ဆန်ပါသည်။ လိုချင်တာကို ဇွတ်အတင်းယူတတ်တဲ့ပုံစံရှိသည်။ အညာသူဖြစ်တာကြောင့်လား၊ ယောက်ျားဆန်တာကြောင့်လား မပြောတတ်။ ကိုယ့်ကိုကိုယ် ‘ကျွန်တော်’ ဆိုသည့်နာမ်စားနဲ့ပြောသလို ‘မိုးမြင့်’ ဆိုပြီးတော့လည်း သုံးတတ်သည်။ သူ့ရဲ့လိုချင်တာကို ဇွတ်အတင်းယူတတ်တဲ့ မိုက်ရူးရဲဆန် ဆန် အကျင့်နဲ့ ညချမ်းမောင်ကို သိမ်းသွင်းခဲ့တာပင်။

“အင်းလေ၊ သူက ငါ့ကိုအကောင်းမြင်မှာ မဟုတ်ပါဘူး”

မျက်ရည်ဝဲလျက် ဝမ်းနည်းနေသည်။

ဝေငြိမ်းထက်ကိုကြည့်ပြီး ကျွန်တော်ရင်ထဲမကောင်းလှ။

“သူက ညချမ်းမောင်နဲ့ပတ်သက်ရင် အရာရာကိုချင့်ချိန်စဉ်းစားတတ်တာမဟုတ်ဘူး၊ စုံလုံးကန်း တာ၊ ဒါပေမဲ့ ငါကတော့သူ့ကို စိတ်ပူတယ်၊ သူငယ်ချင်း ငါ့ညီမလေးကို စောင့်ရှောက်ပေးပါ”

“အေးပါ ဝေငြိမ်းရယ်၊ စိတ်ချပါ၊ ငါတို့မင်းညီမလေးကို သေသေချာချာစောင့်ရှောက်ပါ့မယ်၊ ဆရာတို့ ဆရာမတို့လည်း ဒီအတိုင်းလက်ပိုက်ကြည့်နေမှာမှမဟုတ်တာ၊ မင်းသိပါတယ်၊ ငါတို့ အလုပ်လုပ်ခဲ့တဲ့ ရက္ကန်းရုံလေးက လူတစ်ယောက်အသက်ရှင်နေထိုင်ဖို့လုံခြုံပါတယ်”

“ငါ့ညီမလေးက လောကကြီးအကြောင်းကို သေချာနားမလည်ဘူး၊ သူ့ဘဝမှာ ညချမ်းမောင်ပဲရှိ တာ”

“အေးပါကွာ၊ ငါအဲဒီအလုပ်ကထွက်ခဲ့တယ်ဆိုပေမယ့် မိုးမြင့်ထက်ဆီကို မကြာမကြာသွားတွေ့ပါ့ မယ်၊ ကတိပေးပါတယ်”

သူခေါင်းညိတ််သည်။

ဘယ်ဘက်ပါးပေါ်မှ မျက်ရည်တစ်ပေါက်လိမ့်ဆင်းလာတာကို တွေ့လိုက်မိသည်။

“ကျေးဇူးတင်ပါတယ်ဟာ”

သူ မျက်ရည်တွေကိုသုတ်ပြီး မတ်တပ်ရပ်သည်။

“လာ … ငါတို့ သက်ဆိုင်ရာကိုသွားအကြောင်းကြားရအောင်”

“ဟင့်အင်း ဝေငြိမ်း၊ ငါမင်းကို ရဲစခန်းမပို့ရက်ဘူး၊ တရားခံကို ငါအိမ်မှာလက်ခံထားလို့ အရေးယူ ချင် ယူပါစေ”

“မဟုတ်သေးဘူး သူငယ်ချင်း၊ အမှန်တရားကိုတော့ ရင်ဆိုင်ရမှာပေါ့”

အဲဒီအချိန်မှာပဲ တံခါးခေါက်သံတွေအဆက်မပြတ်ကြားလိုက်ရသည်။ သူတို့လာကြပြီပေါ့။

“အဲဒါ မင်းကိုလာဖမ်းတာ ဝေငြိမ်း”

“သြော်”

သူတံခါးဆီကို ထွက်သွားသည်။

ကျွန်တော် သူ့နောက်ကလိုက်လာခဲ့၏။ တံခါးဖွင့်လိုက်တာနဲ့ ကျွန်တော်ထင်ထားတဲ့လူတွေကို တွေ့ လိုက်ရသည်။ သေချာတာပေါ့။ မိုးမြင့်ထက်လည်းပါလာတာ။

“ကျွန်တော် ဝေငြိမ်းထက်ပါပဲ”

မိုးမြင့်ထက်ရဲ့မျက်နှာအမူအရာကို ကျွန်တော်သေသေချာချာကြည့်မိသည်။ အစ်ကိုဖြစ်သူကို သနားကြင်နာသော အရိပ်အယောင်လုံးဝမတွေ့ရ။ သူမရဲ့မျက်လုံးပြူးပြူးက ရက်စက်မှုတွေကြောင့် ပုံမှန်ထက်ပြူးနေသလိုမြင်ရသည်။

ဝဋ်ကြွေးပဲ။ မိုးမြင့်ထက်အနေနဲ့ ညချမ်းမောင်ကိုချစ်ခဲ့ရတာ တကယ့်ဝဋ်ကြွေးတစ်ခုကို ဆပ်နေ သလိုပဲ။ တကယ်ကိုချစ်ခဲ့ရတာ။

x x x x x x x x x x