(၁၄)
“အာရုံစူးစိုက်မှုက ရက္ကန်းစင်မှာပဲရှိရမယ်၊ တစ်ခြားနေရာကို ပျံ့လွင့်နေလို့မရဘူး၊ အတိုင် ချည်ချားလုံးမှာ ချည်မပြတ်ဖို့အမြဲတမ်းစောင့်ကြည့်နေရမယ်၊ တစ်ချိန်တည်းမှာပဲ လက်ခတ်၊ ခြေနင်း တွေနဲ့ အဆက် မပြတ်အလုပ်လုပ်နေရမယ်၊ လွန်းထဲမှာထည့်ခတ်ထားတဲ့ ရက်ဖောက်ချည်ကုန်မကုန် ကိုလည်း သတိထားရမယ်”
သူ့ရဲ့ကိုယ်သင်းရနံ့ပြေပြေကလေးကို သတိထားမိရင်းမိုးမြင့်ရဲ့ရက္ကန်းပညာသင်ကြားခြင်းကို စတင် ခဲ့ပါသည်။ သူနဲ့အတူအလုပ်တွဲလုပ်ရတာကြောင့် အတိုင်းမသိပျော်မိလေသည်။
ရက်ဖောက်သီးကို လွန်းထဲထည့်၊ ချည်ပေါက်ထဲချည်သွင်းပြီး လက်ခတ်အိမ်ထဲထည့် လက်ဆွဲ ကြိုးကို ချောက်ခနဲဆွဲလိုက်တာနဲ့ လွန်းကအခြားတစ်ဖက်မှာရှိတဲ့ လက်ခတ်အိမ်ကိုပြေးသွားမည်။ လွန်းပြေးတဲ့ အချိန်မှာ တိုင်ချည်ကိုဟထားဖို့ ခြေနင်းကိုနင်းပေးရတာဖြစ်သည်။
“လွန်းက ဘယ်ဖက်လက်ခတ်မှာရှိရင် ခြေနင်းက ဘယ်ဖက်ကိုနင်း၊ လွန်းက ညာဖက်မှာရှိရင် ညာ ဖက်ခြေနင်းကို နင်းရုံပဲ”
ရက္ကန်းပညာက ထင်သလောက်မလွယ်ကူပါ။
လက်ခတ်အိမ်ထဲလွန်းထည့်ပြီး လက်ဆွဲကြိုးကိုဆွဲလိုက်တိုင်း လွန်းကတစ်ဖက် လက်ခတ်အိမ် ဆီကိုမရောက်ဘဲ အောက်ကိုပြုတ်ကျကုန်သည်။ သူကစိတ်ရှည်လက်ရှည်ဖြင့် လိုက်ကောက် သင် ပေးပါသည်။ လွန်းကအောက်ကိုပြုတ်ကျတာများတော့ ရက္ကန်းစင်ပေါ်ကပဲလှမ်းကောက်နိုင်ဖို့ ချိတ်လေး တစ်ခုကိုလည်း လုပ်ပေးပါသေးသည်။
“စိတ်ကိုဖြည်းဖြည်းလျှော့ထား”
မိုးမြင့်စိတ်လှုပ်ရှားနေတာဖြစ်ပါလိမ့်မည်။
သူနဲ့အနီးကပ်ဆုံးအနေအထားကို ရောက်နေရသည်လေ။ စိတ်လှုပ်ရှားတာပေါ့။ ရင်ခုန်တာပေါ့။ ကိုယ်မြတ်နိုးရတဲ့လူတစ်ယောက်နဲ့ အနီးကပ်ဆုံးမှာရှိနေတာ ဘယ်လောက်ပျော်စရာကောင်း လိုက်သ လဲကွယ်။ ဒီအခြေအနေကိုရောက်ဖို့ မိုးမြင့်ဘက်ကစတေးပစ်ခဲ့ရတာတွေအများကြီး။ ကျောင်းထွက်ပစ် လိုက်ရသည်။ အဝေးသင်ပြောင်းပြီး ရက္ကန်းသမဖြစ်သွားရသည်။ ကိုကြီးနဲ့အတိုက်အခံပြောရသည်။ သူဇာ့ကို မျက် နှာပြောင်တိုက်ရသည်။ မိန်းကလေးတန်မဲ့ သူ့ကိုရေလာမြောင်းပေးလုပ်ရသည်။ အိုး … အများကြီးပါပဲ။
“လက်ဆွဲကြိုးကို အရမ်းကြီးဆောင့်မလွှဲနဲ့၊ ဟောဒီလို … ဟောဒီလို”
သူက မိုးမြင့်ရဲ့လက်အပေါ်သူ့လက်ကိုထပ်ပြီးဆွဲပြသည်။ သူ့လက်တွေက အနည်းငယ်ကြမ်းရှ နေပေမယ့် ဖွေးပြီးဥနေပါသည်။ မိုးမြင့်ကအသားညိုပါသည်။ သူ့လက်နဲ့ယှဉ်ရင်တော့ ဆီနဲ့ရေလိုကွာ လှ၏။
သူ့ပါးပြင်ပေါ်ကမွှေးညှင်းနုနုလေးတွေ၊ နှုတ်ခမ်းမွှေးစိမ်းစိမ်းလေးတွေကို အတိုင်းသားမြင်နေရ သည်။ အဲဒါတွေကို တိတ်တခိုးရင်ခုန်နေရတာပင်။ ထူးဆန်းလိုက်တာ။ အချစ်ဆုံးသူငယ်ချင်းတစ် ယောက်ရဲ့လက်ထဲကနေ သူ့ကိုလုယူဖို့ကြိုးစားနေတာမှန်း ကိုယ့်ကိုကိုယ်သိနေတာတောင် လုံးဝမရှက် မိ။
တဂျောက်ဂျောက်မြည်သံနဲ့အတူ တိုင်ချည်ပေါ်မှာလွန်းတွေပြေးသွားနေကြသည်။ လွန်းတစ်ခါ သွားတိုင်း ချည်တစ်မျှင်တိုးသည်။ လွန်းပြေးလိုက် အထည်ကတဖြေးဖြေးကြီးလာလိုက်နဲ့ လက်ခတ် လွှဲဖို့နေရာ မရှိတော့တဲ့အထိလည်းရောက်ရော ဘရိတ်ကြိုးကိုဝှီးခနဲဆွဲပြီး ခြေထောက်လေးနဲ့ကန်ကာ ဘရိတ်တုံးထဲအ ထည်တွေလိပ်ထည့်လိုက်သည်။ အဲဒီလိုနဲ့အထည်လိပ်တွေကြီးလာကာ သံသရာလည် နေ၏။ ဒီရက္ကန်းပညာဟာ မိုးမြင့်အတွက် စိတ်ဝင်စားစရာကောင်းသော အရာမဟုတ်ချေ။ သူ့ကြောင့်။ သူ့မျက်နှာလေးကို နေ့ စဉ်နဲ့အမျှမြင်ချင်တာကြောင့် ဒီဇာတ်လမ်းကိုဖန်တီးခဲ့တာပင်။
သူ့ဆီက ကြင်နာမှု၊ မေတ္တာတရားကလည်းတော်ရုံနဲ့ရမည်မဟုတ်မှန်း ကြိုတွက်ထားပြီးသား။ ယောက်ျားတစ်ယောက်ဆီက အချစ်ကိုရဖို့အတွက် မိန်းကလေးတစ်ယောက်အနေနဲ့ ခက်ခဲမယ်ဆိုတာ ပြောစရာမလိုတော့။ အဲဒီယောက်ျားလေးက ကိုယ့်အပေါ်မှာမှ မကြည်ဖြူတာလေ။ သာမန်သူငယ်ချင်း တစ်ယောက်အဆင့်ကနေ သံယောဇဉ်ကြိုးတွေတစ်စတစ်စရစ်ပတ်ချည်နှောင်ဖို့ ကြိုးစားရမည်။ အ တိုင်းအတာတစ်ခုအထိတော့ ခက်ခဲမည်ပေါ့။
“ဟာကွာ၊ တက္ကသိုလ်ကျောင်းသူကလည်း ပိန်းလိုက်တာ၊ ဒီလောက် ရက္ကန်းစင်နဲ့လက်ပွန်း တတီးနေလာတဲ့သူက ရက္ကန်းမခတ်တတ်တာ အံ့သြတယ်”
အချိန်တော်တော်ကြာလာတဲ့အထိ ခတ်တာအချိုးမပြေတော့ သူစိတ်သိပ်မရှည်ချင်တော့။ အသံ ထွက်လာပြီ။ သူစိတ်မရှည်ရင် ခေါင်းကိုတွင်တွင်ခါရမ်းပစ်တတ်သည်။
“မိုးမြင့်မှရက္ကန်းစင်နဲ့မရင်းနှီးတာ ညချမ်းရဲ့။ အမရပူရမှာဆိုပိုတောင် မရင်းနှီးသေးတယ်၊ ကိုကြီးပဲ သူများဆီမှာသွားခတ်တာ၊ မိုးမြင့်ကအိမ်မှာပဲနေတာလေ၊ ခြေမွှေးမီးမလောင် လက်မွှေးမီးမ လောင်နေလာတာပါနော်”
“ဒါဆို အခုဘာလို့ခတ်လဲ”
“ကိုကြီးကို သနားလို့လေ၊ မိဘတွေမရှိတဲ့နောက်ပိုင်း သူပဲကျွေးမွေးစောင့်ရှောက်လာတာ၊ သူ့ကို ပြန်ကြည့်မလို့”
သူက ခေါင်းညိတ်ပြီးထောက်ခံသည်။
တကယ်ဆို အပြင်မှာအလုပ်ကောင်းကောင်းတစ်ခုကို စိတ်ရှည်လက်ရှည်ရှာပြီး လုပ်လို့ရတာ ပေါ့။ ဘာလို့ရက္ကန်းရုံမှာ ရက္ကန်းခတ်နေတော့မှာလဲဆိုပြီးပြောမလား စိုးရိမ်မိသွားသည်။ သူ မပြောခဲ့ပါ။ မိုးမြင့်ရဲ့ အကြံအစည်တွေကို သူသဘောပေါက်နေသလား မပြောတတ်။
“ညီမအလိမ်မာလေးပဲ၊ ဒါပေမဲ့ ရက္ကန်းခတ်တာစိတ်ရှည်လက်ရှည်နဲ့ အချိုးပြေပြေခတ်ဖို့လို တယ်”
“ညချမ်းနော်၊ အခု ကျွန်တော်ခတ်တာအချိုးမပြေလို့လား”
“ဘယ်မှာပြေလို့လဲ၊ သင်တာနေ့တစ်ဝက်ကျိုးတော့မယ်၊ တစ်ချက်မှကောင်းကောင်းမခတ်တတ် သေးဘူး၊ ဟိုမှာ သူများတွေတဖြောင်းဖြောင်းခတ်နေကြတာကို အားမကျဘူးလား၊ တော်သေးတာပေါ့၊ ငါ ချားဆွဲရမယ့်ဟာနည်းလို့”
“နည်းနည်းတော့စိတ်ရှည်မှပေါ့ကွယ် ဆရာကလည်း၊ ပြောတယ်မှလား ခြေမွှေးမီးမလောင်နေ လာတာပါဆို”
“ဟင်း … မီးသာမလောင်ဘူးပြောတယ်၊ ခြေတွေလက်တွေက မီးများကျွမ်းနေသလားမှတ် တယ်”
မိုးမြင့် အသားညိုတာကို သူကလှောင်သည်။
“ညချမ်းနော်” လို့ပြောပြီး သူ့ကျောကုန်းကို လက်သီးနဲ့လှမ်းထုလိုက်သည်။ သူ့ရဲ့ မာကျောကျစ် လျစ်လှတဲ့ကျောပြင်ကို ထိတွေ့ရတာပျော်မိသည်။ စွပ်ကျယ်လေးသာဝတ်ထားတာမို့ သူ့ခန္ဓာတစ်ခုလုံး ဝင်းဝါနေတဲ့ အသားအရည်ကိုထင်းခနဲမြင်ရတာကြောင့် မိုးမြင့်နဲ့ယှဉ်ရင် သူကအရောင်ထွက်လို့နေ သည်။
“ဟေ့ကောင် … ဟေ့ကောင် မင်းနော် … နာတယ်ကွာ”
ရက္ကန်းစင်ရှေ့ဖက်ဆီကို သူရှောင်ထွက်သွား၏။
“ကဲ ဆရာမ၊ အဲဒီလောက်ဆို ရလောက်ပြီထင်တယ်၊ တန်းဆက်တာရော စင်ဆောက်တာ၊ ပြင် တာရော၊ ရက္ကန်းခတ်တဲ့ပုံစံရောပြပြီးပြီ၊ သင်ခတ် ခတ်ပြီးနေခဲ့တော့၊ သုံးလေးရက်လောက်ဆိုရင်တော့ အဆင်ပြေမှာပါ၊ ငါလည်း တန်းဆွဲစရာတွေအတွက်ပြင်လိုက်ဦးမယ်”
သူက အဲလိုပြောပြီးထွက်သွားတော့ မိုးမြင့်ဝမ်းနည်းသွားသလိုခံစားရသည်။ တစ်မနက်လုံးအတူ ရှိနေခဲ့ပြီးမှ ပူးပူးကပ်ကပ်နေပြီးမှ သူ့ရဲ့ဟန်ပန်အမူအရာတွေဟာ စွဲလန်းစရာကောင်းသည်ထက် ကောင်းမှန်းသိလိုက်ရသည်။ သူ့အပေါ်ချစ်စိတ်တွေတိုးသည်ထက်တိုးလာသည်။
“ညချမ်း”
အင်းလေ။ တစ်ရုံတည်းမှာနေရတာပဲ။ သူ့ကိုလည်း မြင်နေရတာပဲ။ အရင်တုန်းကဆို ကျောင်း ကပြန်မှမြင်ရတာ။ ငါ့မှာ အားသာချက်၊ အခွင့်အရေးတွေအများကြီး ရှိပါသေးတယ်ဆိုပြီး ကိုယ့်ကို ကိုယ်နှစ်သိမ့် လိုက်၏။
“ကျေးဇူးပဲနော်၊ မုန့်ဝယ်ကျွေးမယ်”
သူက ပြုံးပြသည်။
ပြုံးရင်ပိုတောင်ချောသေး။
“မလိုပါဘူး၊ ငါအလကားလုပ်ပေးတာမှမဟုတ်တာ၊ ကျေးဇူးတင်ရင် ညနေကျရင်ကြက်ကြော် တစ်ခွက်လာပို့”
“အင်းပါ၊ ကိုကြီးကို ကြော်ခိုင်းပြီး ကျွန်တော်လာပို့မယ်ဗျာ”
သူနဲ့စကားပြောရင် ကိုယ့်ကိုကိုယ်ဘာနာမ်စားသုံးရမလဲ စဉ်းစားမိသည်။ ချက်ချင်းမှာတော့ ကျွန်တော်ဖြစ်လိုက် မိုးမြင့်ဖြစ်လိုက်နဲ့ သွားမှာပါပဲ။ အဆင်ပြေသလိုပဲပြောတော့မယ်ဆိုပြီး ပြန်တွေးမိ ပြန်သည်။
ညနေကျရင် ကြက်သားတစ်ဆယ်သားလောက် ဝယ်ပြီးကြော်၊ ပြီးရင် သူထမင်းစားချိန်အမီ သွားပို့ဦးမှ။ တကယ်တော့ ရက္ကန်းစင်အသစ်တိုးလာရင် စင်ဆောက်တာပြုတာကအစ ရက္ကန်းစင်ရဲ့ အခြေခံလိုအပ်ချက်တွေကို ချားသမားတွေကလုပ်ပေးရသည်။ အဲဒီအတွက်နေ့တွက်ခကို အလုပ်ရုံက ပေးသည်။
ဥပမာ – ညချမ်းမောင်က တစ်နေ့ကိုငါးထောင်ရတယ်ဆိုရင် ငါးထောင်ဖြည့်ပေးရသည်။ ချားသ မားတွေအနေနဲ့ တာဝန်အရလုပ်ပေးလို့ရပေမယ့် စေတနာပါပါလုပ်ပေးစေဖို့ ရက္ကန်းသမလေးတွေက ဖားရတာပေါ့လေ။ အဲဒီနေ့တစ်နေကုန်သွားတဲ့အထိ မိုးမြင့်ရဲ့ရက္ကန်းခတ်သံကအချိုးမပြေခဲ့ပါ။ ဒါပေမဲ့ ညနေအထုပ်သိမ်းတော့ မန်နေဂျာတွေက နေ့တွက်ခ ၁၅၀၀ ပေးလေသည်။
“စိတ်ရှည်ဖို့တော့လိုတယ်ဟ၊ တဖြေးဖြေးတော့ ခတ်တတ်လာမှာပါ” ဆိုပြီး အားပေးကြသည်။
သေချာတာကတော့ ရက္ကန်းခတ်ရတာ ထင်သလောက်သက်တောင့်သက်သာမရှိလှပါ။ တစ်ကိုယ်လုံးကို တစ်ချိန်လုံးလှုပ်ရမ်းနေရတာဖြစ်သည်။ ခန္ဓာကို်ယ်အငြိမ်မနေရသလို မျက်စိကိုလည်း ရှင်ရှင်ထားရသည်။ ချည်ကျော်သွားလို့မဖြစ်။ ချည်ကျော်ရင် အထည်မှာအနာဖြစ်သွားရော။
ကိုယ်ခတ်တဲ့အထည်က အပြစ်၊ အနာအဆာမရှိရင် နာမည်ကောင်းရသည်။ ချည်ကျော်တွေများ ပြီး အထည်ရုပ်ဆိုးရင်တော့ ဖိုင်းတပ်ခံရသည်။ အလုပ်ရှင်အတွက်လည်း ရောင်းတဲ့အခါနာမည်ပျက် သည်။ အဲတော့ နှစ်ဦးနှစ်ဖက် စေတနာထားပြီးလုပ်ကြဖို့ အဓိကအချက်ဆိုပြီး မန်နေဂျာတွေကမှာထား သည်။ တစ်လ လုံးမှာ တောက်လျှောက် ကွာလတီကောင်းကောင်းခတ်နိုင်ရင် ဘောက်ဆူးကောင်း ကောင်းပေးသည်။
ညချမ်းက စိတ်ရှည်လက်ရှည်လုပ်ပေးပေမယ့် စင်မနိုင်သေးတာကြောင့် ချည်ခဏခဏရှုပ် သည်။ အဲဒီတော့လည်း ကိုကြီးကပဲပြင်ပေးရတော့သည်။
“ဘယ်လောက်စိတ်ရှည်နိုင်မလဲ စောင့်ကြည့်ကြသေးတာပေါ့ မိမိုးမြင့်”
မိုးမြင့်ရဲ့အကြံအစည်ကို ကိုကြီးက ကောင်းကောင်းသဘောပေါက်သည်။ အဲဒါကြောင့် ရက္ကန်း ခတ်တာကို သိပ်မကြည်ဖြူချင်။ ချည်ရှုပ်လို့စင်မှာချည်လာရှင်းပေးရတော့ ပိုဆိုးသည်။ တဗျစ်တောက် တောက် ပြောလို့မပြီးတော့။
“ကိုကြီး ဒီမှာငါလုပ်ခရတဲ့ပိုက်ဆံ နင့်ကိုအကုန်ပြန်အပ်တယ်၊ ၁၅၀၀ လုံး၊ အဲ … ဒါပေမဲ့ ညချမ်းမောင်ကို ကြက်ကြော်တစ်ခွက်လာပို့ပါ့မယ်ဆိုပြီး ကတိပေးထားတယ်” လို့ ပြောလိုက်တော့ ကိုကြီးမျက်နှာ ရှုံ့မဲ့သွားသည်။
ဒါပေမယ့် မငြိုငြင်ပါ။ ညချမ်းနဲ့ပတ်သက်ရင် ကိုကြီးရဲ့စေတနာအပြည့်ရှိတာကို ကောင်းကောင်း သိထားလေသည်။ အဲဒီတော့ ညချမ်းရဲ့အချစ်ကိုရရှိရေးအတွက်ကြိုးစားရာမှာ ကိုကြီးကလည်းအ ထောက် အပံ့တစ်ခုအဖြစ် အားကိုးရသည်။
“နင့်ဟာက ရခိုင်စကားပုံလိုပဲ ညီမလေး”
“ဘာစကားပုံလဲ”
“ကုလားလေးရေခပ်တာ ကုလားလေး ဖင်ဆေးလို့မလောက်တဲ့”
“ကိုကြီးနော်၊ ဘာလဲ မလုပ်ပေးချင်ဘူးလား”
“လုပ်ပေးချင်တာပေါ့ဟယ်၊ လုပ်ပေးချင်ပါတယ်၊ တစ်ခြားသူအတွက်မှမဟုတ်တာ ညချမ်းမောင် အတွက်ပဲ”
မိုးမြင့်ဖြတ်ကျော်ရမည့်အခက်အခဲများထဲတွင် ကိုကြီးလည်းအပါအဝင်ဖြစ်ပေမယ့် သူ့ကိုတော့ မောင်နှမချင်းမို့ ထည့်မတွက်ထားမိ။ ပြီးတော့ ကိုကြီးကစာရင်းထဲထည့်လို့ရတာမဟုတ်တော့ ပြသနာ မရှိ။ ညချမ်းနဲ့ပတ်သက်လို့ တစ်ချိန်ချိန်မှာရင်ဆိုင်ရနိုင်မယ့် အခက်အခဲကြီးကြီးမားမားတွေစာရင်းမှာ ကိုကြီးကို ဖယ်ထားပြီးဖြစ်လေသည်။
ဒါပေမဲ့ မိုးမြင့်ဖြတ်ကျော်ရသည့် အခက်အခဲ အတားအဆီးများသည် ထင်ထားတာထက်ပိုခဲ့ သည်။ လူတစ်ယောက်ရဲ့အချစ်ကိုရဖို့အတွက် မိုးမြင့်ကျားကန်ရင်ဆိုင်ခဲ့ရလေသည်။
x x x x x x x x x x