(၁၇)
“ဘာ … မင်းက ငါ့ကို ဘီယာတိုက်မယ် ဟုတ်လား”
“အင်းပေါ့”
ဘီယာတိုက်ပြီးရင်းနှီးမှုပိုမိုရစေဖို့ ကမ်းလှမ်းတာကိုလည်း သူကဝမ်းသာအားရလက်ခံလေ သည်။ ညချမ်းမောင်လို လာသမျှအခွင့်အရေးကို လက်လွှတ်မခံစောင့်ကြိုနေတတ်တဲ့ ယောက်ျားတစ် ယောက်ကို ချဉ်းကပ်ရတာမခက်ခဲလှပါ။ အဓိကတော့ လက်ထဲမှာပိုက်ဆံရှိနေဖို့ပဲလိုသည်။ ညချမ်းမောင်အတွက် မိုးမြင့်ကြိုးစားပြီးအလုပ်လုပ်လာခဲ့ပြီဖြစ်သည်။
ရက္ကန်းခတ်တာ ပထမတော့ ကိုက်ရေကလုံးဝမကျ။ စင်ပေါ်တက်ပြီး ဖြောင့်ဖြောင့်ခတ်လို့ရ အောင်တောင် မနည်းကြိုးစားရသည်။ ဒါပေမဲ့လည်း နေ့တွက်ခတစ်ထောင့်ငါးရာစီရသည်။ တစ်ပတ်နှစ်ပတ် လောက်ကြာလာတော့ နှစ်ထောင်၊ နှစ်ထောင့်ငါးရာဖိုးလောက်ရအောင် ခတ်တတ်လာ သည်။
“စင်ပေါ်မှာလည်း ရှုပ်ပွနေတာပဲ၊ နှပ်ပိုးတံကလည်း ရွဲ့စောင်းပြီးခတ်ရသလား၊ အတည့်လေး ဘာလေးပြန်လုပ်ဦး၊ ဟော … ဟိုမှာတိုင်ချည်ပျောက်နေတာလား၊ ချည်လုံးတိုင်လေးတစ်လုံးယူပြီး အစားထိုး ထားလေ၊ ချည်ပေါ်မှာပြန်ဆက်”
ကိုကြီးက ရက်ဖောက်သီးသွားယူတိုင်းမှာ မိုးမြင့်စင်ကိုခဏလာကြည့်ပြီး လိုတာတွေလုပ်ပေး သွားသည်။ ပါးစပ်ကပွစိပွစိတော့ပြောပါ့။ တဖြည်းဖြည်းတော့ ခတ်တတ်လာသည်။ သူများ ငါးထောင် လောက်ရရင် မိုးမြင့်က နှစ်ထောင့်ငါးရာ၊ သုံးထောင်လောက်ရတာပေါ့လေ။ အဲဒီထဲကတစ်ထောင့်ငါးရာ ကို ကိုကြီးကိုပေးပြီး ပိုတဲ့ပိုက်ဆံတွေ စု,စုထားသည်။ သူ့ကို ဘီယာတိုက်လို့ရလောက်တဲ့ အနေအထား လောက်ရလာတော့မှ ခေါ်ပြောလိုက်ခြင်းပင်။
“နေပါဦး ဘာအထိမ်းအမှတ်နဲ့လဲ”
“အော် ညချမ်းက မိုးမြင့်ကိုရက္ကန်းခတ်သင်ပေးလို့လေ၊ အခုဆိုရင် ကျွန်တော်ရက္ကန်းလည်းခတ် တတ်သွားပြီ၊ ဝင်ငွေရှာနိုင်သွားပြီလေ၊ အဲဒီဝင်ငွေနဲ့တိုက်မှာဗျာ”
“မင်းရဲ့အစ်မ …. အဲလေ အစ်ကိုသိလား အဲဒါကို”
“မသိဘူး”
“အေး၊ ကောင်းတယ် မဟုတ်ရင်အသံဗလံတွေကြားရမှာစိုးလို့၊ နားပူတာမခံနိုင်ဘူး၊ သွားမယ် လေ၊ ဘယ်နေ့တိုက်မှာလဲ၊ ညချမ်းမောင်တို့က အချိန်မရွေး၊ နေရာမရွေးရတယ်၊ အဆင်သင့်ပဲ”
စနေနေ့ညကိုပဲ ရွေးလိုက်ပါသည်။
အဲဒါမှ နောက်နေ့အလုပ်နားတာနဲ့အဆင်ပြေမှာ။
ညချမ်းနဲ့နှစ်ယောက်အတူအပြင်ထွက်၊ အတူပြန်လာ။ ဘယ်လောက်တောင်ပျော်စရာကောင်း လိုက်ပါလဲ။ အရင်တုန်းကဆို သူဇာနဲ့ညချမ်းနဲ့ နှစ်ယောက်သွားရာနောက်ကို မိုးမြင့်ကတကောက် ကောက်လိုက်ရတဲ့အဖြစ်။ အဲဒီအကျင့်ကိုဖျက်ဖို့ကြိုးစားခဲ့ခြင်းပင်။ သုံးယောက်ဆိုတာမျိုးမဖြစ်စေရ။ သူနဲ့မိုးမြင့်နဲ့နှစ် ယောက်တည်းပဲ ဖြစ်ရမည်။ သူသွားရာလာရာကို အဖော်မွန်အဖြစ်လိုက်ပေးသူမှာ မိုးမြင့်ထက်ကလွဲလို့ ဘယ်သူ့ကိုမှမဖြစ်စေချင်။
ယောက်ျားလေးတွေအများစုက ဘီယာဆိုင်၊ လက်ဖက်ရည်ဆိုင်တွေထိုင်ပြီး အလ္လာပ၊ သလ္လာပ ပြောတတ်ကြသည်။ ဘီယာဆိုင်လိုနေရာမျိုးဆို ပို်တောင်ပြောတတ်သေးသည်။ အဲဒီတော့ သူပြောသမျှ၊ ရင်ဖွင့်သမျှ နားထောင်နိုင်ဖို့အခွင့်အရေးက သူနဲ့နှစ်ယောက်တည်းဆိုင်ထိုင်တာကလွဲလို့ ဘာများရှိဦးမလဲ လေ။ ညချမ်းမောင်က နည်းနည်းတော့ထူးဆန်းပါသည်။ ထွေရာလေးပါးစကားတွေကို ဘီယာဆိုင်မှာသိပ်မပြော။ နှစ်ယောက်တည်းမို့လို့လားမသိ။ ဘီယာတစ်ကျိုက်မော့လိုက်၊ စီးကရက် တစ်ရှိုက်ဖွာလိုက်နဲ့ ဇိမ်ခံနေ သည်။
“ညချမ်း”
ဒီတော့လည်း မိုုးမြင့်ပဲစပြောပေးရတော့သည်။ သူက “အင်း” လို့တောင်မထူးဘဲ ခေါင်းတစ်ချက် မော့ပြသည်။
“ကျွန်တော့်ကို ညချမ်းအကြောင်းပြောပြပါလားဟင်”
သူက ဘီယာကိုတစ်ကျိုက်စုပ်သောက်လိုက်ပြန်ကာ ဟက်ခနဲတစ်ချက်ရယ်သည်။
“မင်းက ဘာလုပ်မလို့လဲ”
“ညချမ်းရဲ့မိသားစုအကြောင်းကို မသိသေးလို့ပေါ့၊ ကျွန်တော်တို့တွေခင်နေတာ ဒီလောက်ကြာ ပြီ၊ အတွင်းသိအစင်းသိဖြစ်နေသင့်တယ်မဟုတ်လား၊ ကျွန်တော့်အကြောင်းကိုဆိုရင် ညချမ်းရော၊ ရက္ကန်းရုံ တစ်ရုံလုံးရော သိပြီးသားလေ”
အမှန်တော့ သူ့အကြောင်းကိုသိသင့်သလောက်သိထားပြီးပြီ။
သူ့ကို စကားအကြာကြီးပြောစေချင်လို့ လမ်းကြောင်းပေးလိုက်တာပင်။ ဒါပေမယ့် သူကသိပ်မ ပြောပြန်။
“ငါ့မှာ မိဘတွေမရှိတော့ဘူး၊ အစ်ကိုတစ်ယောက်ရှိတယ်၊ ဒါပဲလေ”
“မဟုတ်ဘူးလေဗျာ၊ ကျွန်တော်ဆိုလိုတာက ညချမ်းရဲ့အလုပ်အကြောင်းတွေကိုပြောတာ၊ အရင် တုန်းက ဘာတွေလုပ်ဖူးခဲ့လဲ၊ ဒီရက္ကန်းနဲ့ပတ်သက်တဲ့အလုပ်ကို ဘာကြောင့်လုပ်ဖြစ်သွားတာလဲ၊ အဲဒါတွေ ပေါ့”
“အာ … အဲဒါတွေက အရေးမကြီးပါဘူး”
“ကျွန်တော်သိချင်တယ်ဗျာ”
“မင်းသိိလို့ရော ဘာထူးလာမှာမို့လို့်လဲ၊ မရစ်ချင်စမ်းနဲ့ကွာ၊ တစ်ခွက်နှစ်ခွက်လောက်သောက်ပြီး ရစ်တာတို့၊ စကားများတာတို့လုပ်လာရင် ငါထထွက်သွားမှာနော်၊ မင်းငါ့ကို သောက်စေချင်လို့တိုက်ဖို့ ခေါ်လာတာမှလား၊ အေးအေးဆေးဆေးသောက်ပါရစေ”
“ခင်ဗျားကလည်း ဘော်ဒါအကန့်မရှိလိုက်တာ”
သူ့ကို နည်းနည်းရစ်ကြည့်လိုက်၏။
“ဟေ့ကောင်၊ ဟေ့ကောင် ဘာမှမဆိုင်တာလာမပြောနဲ့၊ မင်းကို ငါခင်တယ်၊ ငါ့ကို မင်းခင်တယ်၊ ငါ တို့နှစ်ယောက်တစ်နေရာတည်းမှာ အလုပ်တူတူလုပ်တယ်၊ ပြီးပြီပေါ့၊ ဘာတွေသိစရာထပ်လိုသေး လို့လဲ”
“ပြီးရောဗျာ”
သူ့ကိုစိတ်တိုတိုနဲ့ ဘီယာတစ်ခွက်ပြီးတစ်ခွက်မှာသောက်ပစ်လိုက်သည်။ သူဘယ်လောက် သောက်နိုင်မလဲ။ သူ့ထက်ပိုသောက်ပြပြီး မမူးရင်မူးချင်ယောင်ဆောင်မည်။ သူတွဲတာကိုခံမည်။
“ဟေး ဟေး၊ စွတ်မသောက်နဲ့လေ၊ သောက်တတ်ရင်ဆေး မသောက်တတ်ရင်ဘေးနော်၊ ဇိမ်ရှိရှိ သောက်စမ်းပါ၊ ဒီခေတ်မှာ မြန်မာမိန်းကလေးဘီယာသောက်တာ မဆန်းပေမယ့် အဲဒါအကျင့်ပျက်သား သမီးတွေလုပ်တဲ့အလုပ်”
“ဘာ”
“ဟုတ်တယ်လေ၊ မိန်းကလေးနဲ့ဘီယာ ဘာဆိုင်လဲ”
“ခင်ဗျား၊ ကျွန်တော့်ကို မိမဆုံးမ၊ ဖမဆုံးမ လို့ပြောလိုက်တာမှလား၊ ခုနက”
“မင်းမိဘနဲ့ပတ်သက်ပြီး ဘာမှမပြောဘူးနော်၊ မင်းရဲ့အုပ်ထိန်းသူအစ်ကိုလည်း နေ့စဉ်နဲ့အမျှ တပွမ်ပွမ်နဲ့ဆုံးမနေတာ မျက်မြင်ပဲ၊ မင်းဘာသာ မလိမ်မာဘဲဆိုးချင်မိုက်ချင်တာ”
“တော်ပြီဗျာ၊ မသောက်တော့ဘူး”
ဘီယာခွက်ကို ဆောင့်ချပစ်လိုက်၏။
တူတစ်ချောင်းယူလိုက်ကာ ကန်စွန်းပလိန်းကိုနှိုက်မြည်းလိုက်၊ ငါးမုန့်ကြော်စားလိုက်ပဲ လုပ်နေ လိုက်သည်။
ကိုယ်တော်ချောက နည်းနည်းလေးတောင်မချော့။ အသည်းယားဖို့ကောင်းလိုက်တာ။ ဖြူဖွေး ဝင်းအိနေသော ပါးနှစ်ဖက်ကိုဆွဲဆိတ်လိမ်ပစ်လိုက်ချင်သည်။
လေးငါးခွက်လည်းကုန်ရော စကားတစ်ခွန်းပြောသည်။
“မင်းက စိတ်ရင်းလေးတော့မဆိုးရှာပါဘူး”
“ဟင်”
“ဟုတ်တယ်၊ စိတ်သဘောထားကောင်းတယ်၊ အထူးသဖြင့် ငါ့အပေါ်မှာသူများထက်ပိုကောင်း တယ်”
ဘယ်လိုပဲဖြစြ်ဖစ် သူ့ရဲ့မြှောက်ပင့်ပြောဆိုမှုတွေအပေါ်မှာတော့ သာယာမိသွားသည်။ တကယ် တော့ စိတ်ရင်းကောင်းတယ်ဆိုတာထက် အကျိုးလိုလို့ ညောင်ရေလောင်းတဲ့သဘောပါ။
“ထပ်မှာမယ်နော်”
ခြောက်ခွက်အပြီးထပ်မှာသည်။
သူ့ပုံစံက ဘာမူးတဲ့အရိပ်အယောင်မပြ။ တကယ့်ဂျိုး။
“မှာ”
ဘယ်လောက်တောင်သောက်နိုင်မလဲ ညချမ်းမောင်။ သောက်စမ်း။ လွှတ်ထားပေးလိုက်သည်။ ည ရှစ်နာရီလောက်မှာတော့ သူဘရိတ်အုပ်လိုက်လေသည်။ တော်ပြီတဲ့။
“ဘာလို့လဲ၊ အဝသောက်လေ”
“အေး၊ ဘီယာက ဘယ်လောက်သောက်သောက် ဘာမှမဖြစ်ဘူး၊ ရုံအဝင်နောက်ကျမှာစိုးလို့၊ တော် ကြာ မင်းရော ငါရော အလုပ်ပြုတ်နေဦးမယ်၊ စေတနာရှိသေးရင် နောက်တစ်ခါပေါ့ကွာ”
မိုးမြင့်ကသာ ခေါင်းထဲမိုက်ခနဲ မိုက်ခနဲ ချာလည်လည်နေတာ။
သူ့ပုံစံက ဘာမှဖြစ်တဲ့ပုံမပြ။ ကောင်းကောင်းထနိုင်သည်။
ရက္ကန်းရုံမှာက ညကိုးနာရီနောက်ဆုံးထားပြီး ပြန်ဝင်ဖို့သတ်မှတ်ထားသည်။ မနက်စောစောထ ကြတာမို့ စောစောအိပ်ကြသည်။ ယောက်ျားလေးတွေကတော့ ဝေယံ့ရဲ့နားလည်မှုနဲ့ ခိုးဝင်ခိုးထွက် တော့ရှိတာပေါ့။ ညချမ်းဆိုတစ်ခါတစ်လေ ဆယ်နာရီ၊ ဆယ့်တစ်နာရီ လောက်မှဝင်တာတွေ့ဖူးသည်။ အပြင်ကနေ ရက္ကန်းရုံထဲကိုဝင်ဖို့ ညကိုးနာရီနောက်ဆုံးသတ်မှတ်ထားပေမယ့် ရုံထဲမှာတော့တီဗီကို ဆယ်နာရီကျော်အထိ ဖွင့်ထားပေးပါသည်။ စနေလိုညမျိုးကတော့ ၁၂ နာရီလောက်အထိ ကြည့်လို့ရ သည်။
ကိုးရီးယားကားတော်တော်များများကို ဝေယံကဝယ်ထားပေးကာ နေ့စဉ်အပိုင်းလိုက်ပြပေး သည်။ တီဗီအပေါ်စက်၊ အောက်စက်ကိုတော့ ရုံမှာညအိပ်တဲ့မန်နေဂျာက ကိုင်တာပေါ့လေ။ ပြီးတော့ ရက္ကန်းရုံမှာ မီးဖိုချောင်တစ်နေရာကလွဲရင် ကျန်တဲ့နေရာမီးလုံးဝမသုံးရ။ ဂုန်နီစ ဆိုတာ မီးလောင်လွယ် တာမို့ ဆေးလိပ်သောက်တတ်တဲ့သူတွေရှိရင်လည်း အပြင်ထွက်သောက်ကြရသည်။
“မင်း ရရဲ့လား”
မိုးမြင့်ရဲ့ပုံစံကအခြေမနေမကောင်းမှန်း သူသဘောပေါက်သည်။ အမှန်တော့ သူထင်သ လောက် မမူးပါ။
“အင်း ရပါတယ်”
ရပါတယ်ဆိုပြီး နည်းနည်းလောက်ရမ်းပြလိုက်တာနဲ့ မိုးမြင့်ထိုင်ခုံနားကိုသူရောက်လာသည်။
“ကဲ … လာ”
သူလာတွဲပြီ။
ပျော်လိုက်တာ။ သူ့လက်မောင်းတစ်ဖက်ကို အမှီပြုဆွဲကိုင်ရင်းလိုက်လာခဲ့သည်။ အမှန်တော့ လမ်း ကောင်းကောင်းလျှောက်နိုင်တဲ့ အနေအထားမှာရှိပါသည်။ ဒါပေမဲ့ပေါ့လေ။ ချစ်သူ (ချစ်ရတဲ့သူ) ရဲ့ ဖေးကူတဲ့လက်ကို အမှီပြုပြီးလမ်းလျှောက်ရတာ ဘယ်လောက်ကြည်နူးစရာ ကောင်းလိုက်ပါသလဲ။ မိုးမြင့်တို့ ရှစ်နာရီခွဲကျော်ကျော်လောက်မှာ ပြန်ရောက်လာခဲ့သည်။
“ဝေငြိမ်းရေ လာခေါ်ပါဦး”
တီဗီကြည့်ရာဆီမှာရှိတဲ့ဝေငြိမ်းကို လှမ်းခေါ်တော့ တီဗီနားရောက်နေတဲ့သူတွေ လှည့်ကြည့်ကြ သည်။ မိုးမြင့်က သူ့ကိုတွဲခိုပြီးဖက်ထားတဲ့အနေအထားကို မြင်သွားကြ၏။ အနည်းငယ်တော့ ရှက်သွား မိပေမယ့် အဲဒီအပေါ်မှာတော့သာယာမိသွားသည်။
“ဟယ် … ဘာဖြစ်လာတာလဲ”
ကိုကြီးထွက်လာပြီး အခန်းထဲကိုတွဲခေါ်သည်။
“မူးလာတာ”
“ဟင်း ဟုတ်ပါ့၊ အရက်နံ့တထောင်းထောင်းထနေတာပဲ၊ ညချမ်း … နင် ညီမလေးကို အရက် တိုက်လာတယ်ပေါ့လေ”
“သောက်ခြောက်ကတော့ ငါ့ကိုစွပ်စွဲပြန်ပြီ၊ ငါက မတိုက်ဘူး၊ မင်းညီမကသာ ငါ့ကိုတိုက်တာ၊ သူတိုက်တာကို ငါလိုက်သောက်တာ ရှင်းလား”
“ဘုရား၊ ဘုရား”
ရက္ကန်းရုံထဲမှာရှိတဲ့သူ တော်တော်များများရှေ့မှာ ဖြစ်လာတာမို့ အဲဒီအဖြစ်အပျက်က ပြောစရာ ဖြစ်သွားတော့မယ်ဆိုတာ တွေးတော့တွေးမိလိုက်ပါသည်။ ဒါပေမဲ့ မိုးမြင့်ကအဲလိုဖြစ်အောင် တမင် ဖန်တီးခဲ့တာပဲလေ။ သူဇာ့မျက်ဝန်းမှာ အံအားသင့်တဲ့ အရိပ်အယောင်ကိုတော့ တွေ့ဖြစ်အောင် တွေ့ လိုက်၏။
x x x x x x x x x