မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁၈)

(၁၈)

“သူဇာ့လက်ထဲကနေ ညချမ်းမောင်ကိုလုယူဖို့ကြိုးစားနေတာလေ၊ အကြံကတော့ ပက်စက် တယ်နော်၊ ပေါ်တင်ကြီး”

“ဘီယာတိုက်ပြီး အလိုလိုက်အကြိုက်ဆောင်ပေးတာပေါ့”

“အင်းလေ၊ အဲဒါမှ မူးပြီးမှားလို့ရမှာမဟုတ်လား”

“ဟဲ့ … ဘာကိုပြောတာလဲ အဲဒါ”

“ရုပ်ရှင်တွေထဲမှာဆို မူးပြီးမှားတတ်ကြတယ်လေဟာ”

“အင်း၊ သူဇာကတော့ သနားပါတယ်၊ သူ့မှာ ညချမ်းမောင်ကိုတစ်ဖက်ကချစ်သလို တစ်ဖက်က လည်း မယုံကြည်ရဲဖြစ်နေတယ်ဆိုကာမှ ကြားထဲကအချောင်လာနှိုက်ချင်တဲ့သူနဲ့တွေ့ရတယ်”

“အဲဒီမိန်းမ အမြင်ကိုကတ်တယ်”

ချည်ဆက်ရင်းနဲ့အတင်းပြောနေကြတာကို မိုးမြင့်ကြားဖြစ်အောင်ကြားလိုက်သည်။ သူတို့ချည် ဆက်တဲ့နေရာက နည်းနည်းလှမ်းတယ်ဆိုပေမယ့် ဒီနေ့ကအလုပ်ပိတ်ရက်မို့ ရက္ကန်းသံတွေ၊ ရက် ဖောက်စက် မောင်းသံတွေရှိမနေတာကြောင့် တိတ်ဆိတ်လို့နေသည်။

“တောက်”

ဒေါသထွက်မိသည်။

“ဘာလဲ နင်နားထောင်နေတာလား”

ကိုကြီးကလှမ်းပြောတော့ သူလည်းကြားပြီး လှမ်းပြောလိုက်တာမှန်း သဘောပေါက်လိုက်သည်။ ကြည့်ပါဦး။ ဘယ်လောက်တောင်တင်းဖို့ကောင်းလိုက်သလဲ။ သူများတကာအတင်းပြောလိုက်၊ တဝါးဝါး တ ဟားဟားရယ်လိုက်နဲ့ သာယာနေကြတာလေ။ အဓိကတော့ မိုးမြင့်ရဲ့အကြောင်းတွေပေါ့။ ကိုယ့်အခန်းထဲ မှာ ကိုယ်နေတာတောင် အကုသို်လ်ကဝင်လာပြီ။

“ငါတော့ မျက်ခွက်ဆွဲထိုးမိတော့မယ်”

ရေရွတ်လိုက်ရင်းသူတို့ရှိရာကိုသွားဖို့ပြင်သည်။ သူများတကာအတင်းကို မြိန်ရေယှက်ရေ ပြောနေကြတဲ့မိန်းမတွေ။ တွေ့ကြသေးတာပေါ့။

“ဟဲ့ … ဘယ်တုန်း”

“ပေါ်တင်သွားရှင်းမလို့”

“အဓိပ္ပာယ်မရှိတာ၊ မသွားနဲ့”

ကိုကြီးကမသွားစေချင်တဲ့သဘောနဲ့လက်ကိုလာဆွဲပြီးထမင်းချက်ရာမီးဖိုချောင်ထဲခေါ်သွားသည်။ ပြီးတော့ ဟိုဖက်အခန်းတွေမကြားအောင် ခပ်တိုးတိုးလေးပြော၏။

“ဘာသွားစရာလိုလဲ၊ ထားလိုက်”

“ကိုကြီး၊ အဲဒါငါ့အတင်းပြောနေတာလေ၊ နင့်ညီမအတင်းကို မစားရဝခမန်းပြောနေကြတာလေ၊ အဲဒါ ငါကငြိမ်နေရမှာလား၊ နင်ကရော ဒီအတိုင်းဘာမှမပြောဘဲ လက်ပိုက်ကြည့်နေတော့မှာလား”

“ကြည့်မနေရင် ဘာလုပ်ရမှာလဲ”

“ဟ၊ သွားချဲမှာပေါ့၊ တန်းစီပြီးတော့ကို ပါးရိုက်ပစ်မယ်”

“သူများတကာကို လုပ်ချင်တိုင်းလုပ်လို့ရမလားဟဲ့၊ သူတို့က မမှန်မကန်သွားပုပ်လေလွင့် သတင်းတွေပြောနေတာမှ မဟုတ်တာ”

“ဘာ”

“သူတို့ကနင့်ကို မဟုတ်လို့လားဆိုပြီး တစ်ခွန်းတည်းပြန်ပြောလိုက်ရင် နင်ဘယ်လိုပြောမလဲ၊ ဟင်”

“ဟုတ်ရင်လည်း သူများအကြောင်းပြောစရာလား၊ ငါ့ဟာငါဘာပဲဖြစ်ဖြစ် သူတို့အပူတစ်ပြားသား မှ မပါဘူး”

“ပြောစရာရှိရင်တော့ပြောကြမှာပဲ မိုးမြင့်၊ အပြောမခံချင်ရင်တော့ လူတွေပြောစရာမဖြစ်အောင် နေပေါ့၊ ဒါပဲရှိတာပဲ”

ကိုကြီးကိုပါ စိတ်တိုသွားမိသည်။ ကိုယ့်ညီမအရင်းခေါက်ခေါက်ဘက်မပါဘဲ သူစိမ်းတွေပြော တာကို လက်ခံသယောင်။ မိုးမြင့် ဘာအမှားလုပ်မိလို့လဲ။ ညချမ်းမောင်ရဲ့အချစ်ကိုရယူဖို့ကြိုးစားနေတာ မှားလို့လား၊ ကိုယ်ချစ်တဲ့သူကို ကိုယ့်ကိုပြန်ချစ်လာစေချင်တာ မှားသလား။

“ကိုကြီး … နင်ဘာဖြစ်နေတာလဲ”

“ငါဖြစ်နေတာမဟုတ်ဘူး၊ နင်ဖြစ်နေတာ၊ နင်ဟာ မိန်းကလေးတစ်ယောက်ဆိုတာရော သဘော ပေါက်ရဲ့လား၊ ကျော်မကောင်း ကြားမကောင်း ညချမ်းမောင်ကိုဘီယာတိုက်ပြီး ရင်းနှီးမှုပိုရဖို့ကြိုး စားတာတဲ့လေ၊ ငါ သည်းခံပြီးစောင့်ကြည့်နေတာ၊ လုပ်ပုံတွေက တဖြေဖြေးနဲ့လွန်လာပြီ၊ ညတုန်းကဆို ဘယ်လောက်ရှက်ဖို့ကောင်းလိုက်သလဲ၊ လူရှေ့သူရှေ့မှာ နှစ်ယောက်သားမူးပြီးပြန်လာတာ”

ကိုကြီးရဲ့အစိုင်အခဲတွေ ထွက်ကျလာပြီ။

အခြေအနေမဟန်တော့ဘူးဆိုတာ မိုးမြင့်သဘောပေါက်လိုက်ပြီ။ ညကတည်းကပြောချင်ပြီး အောင့်ထားတာနေမှာ။ မနက်လည်းကျရော ပြောစရာစကားအစရလိုက်တာနဲ့ ကတ်ကတ်လန်ပြော တော့တာပဲ။ ဒီ နေ့ကအလုပ်ပိတ်ရက်ဆိုပိုဆိုးပြီ။ အလုပ်လုပ်ပြီး သူ့အပြောလွတ်အောင် ရှောင်နေ လည်းရမှာမဟုတ်။ ပြောစရာစကား၊ အကြောင်းအရာရပြီးရင် တရစပ်ပြောတော့မှာ။

“နင်ဘာလို့ အဲဒီလောက်ထိမဆင်မခြင်နိုင်ဖြစ်သွားရတာလဲ၊ အရင်တုန်းက အဲဒီလောက်မဆိုး ရွားဘူး၊ အခုမှလူပြောစရာ အိန္ဒြေသိက္ခာမဲ့အဆင့်ကို ရောက်မှန်းမသိရောက်နေပြီ၊ ကိုယ့်ကိုကိုယ်ရော သတိထားမိရဲ့လား၊ နင့်အပြုအမူတွေဟာ ဘယ်လောက်ထိတောင်သိက္ခာမဲ့နေပြီလဲဆိုတာကိုသိလား ”

“ငါ ဘာလုပ်နေလို့လဲ”

“အခုထိ ကိုယ်လုပ်တာကိုမသိဘူးလား ဟင်”

“လူတစ်ယောက်ကိုချစ်မိတာ အပြစ်လား၊ သူ့ကိုနင်ရောမချစ်ဘူးလား”

အရွဲ့တိုက်ပြီးပြောလိုက်တော့မှ ပိုဆိုးလာသည်။

“အေး၊ ချစ်တယ် ဒါပေမဲ့ ငါသူ့ကိုချစ်တဲ့အချစ်က သန့်ရှင်းတယ်၊ ရယူပိုင်ဆိုင်ဖို့မဖြစ်နိုင်မှန်း သိလို့ သန့်သန့်ရှင်းရှင်းနဲ့ကိုချစ်တာ၊ သူ့လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးပြီးချစ်တာ၊ နင့်လိုသိက္ခာမမဲ့ ဘူး”

“ကိုကြီး … ငါနင့်ညီမနော်”

“ငါ့ညီမမို့ပြောရတာ၊ နင်ရှေ့ဆက်တိုးမယ်ဆိုရင် ငါတို့ရွာပြန်မယ်၊ အဲဒီမှာပဲ ဖြစ်သလိုလုပ်ကိုင် စားသောက်တော့မယ်၊ ငါအတိုင်းအတာတစ်ခုအထိ သည်းခံပြီးစောင့်ကြည့်လာတာ လွန်လွန်းနေပြီ”

ပြောရင်းနဲ့မျက်ရည်ဝဲလာတာကိုမြင်ရသည်။ အဲဒီလိုပဲ ကိုကြီးက။ တစ်ခုခုဆိုငိုဖို့ပဲ။ ငယ်ငယ်က တည်းက သူ့လက်နက်ကမျက်ရည်ပဲ။ ဒါပေမဲ့ မိုးမြင့်ကတော့ကိုယ်လုပ်ချင်တာလုပ်ခဲ့တာချည်းပဲ။ လုံးဝ နောက်ဆုတ်မှာမဟုတ်။ ညချမ်းမောင်ရဲ့အချစ်ကို မရရအောင်ကြိုးစားရမည်။ ဆုံးဖြတ်ထားပြီးဖြစ် သည်။

“သူ့ကိုချစ်နေတဲ့စိတ်ကို ငါကဘယ်လိုတားရမလဲကိုကြီး၊ ပြောကြည့်၊ နင်ပြောကြည့် … ထိ ရောက်တဲ့နည်းလမ်းရှိရင် ပြောပါ၊ ညချမ်းမောင်ကိုချစ်နေရရင် ငါပျော်တယ်၊ ငါစိတ်ချမ်းသာတယ် ကျန်တာဘာမှမ လိုအပ်ဘူး၊ နင်ရွာပြန်မယ်ဆိုလည်း ပြန်ပေါ့၊ လိုက်ခဲ့ရုံပဲ၊ ညချမ်းကိုချစ်တဲ့စိတ်က ရွာမှာနေလည်းရှိနေမှာပဲ၊ ပြန် … ရတယ်၊ ငါ့ပညာရေးကိုလည်း အဆုံးသတ်လိုက်တော့မယ်”

“နင်အရူးမပဲ၊ ပြုပြင်ဆိုဆုံးမလို့မရတော့ဘူးပဲ”

ကိုကြီးက သူ့ဝသီအတိုင်းငိုယိုနေတော့သည်။

အာရုံနောက်လိုက်တာ။ အပြင်ကတစ်မျိုး၊ အထဲမှာတစ်မျိုးနဲ့။ ညချမ်းမောင်ရှိရာကို လာခဲ့သည်။ ဒါပေမဲ့ ရှာမတွေ့။ အိပ်ရာကအစောကြီးပဲ ထသွားပြီတဲ့။ သူထို်င်နေကျ လက်ဖက်ရည်ဆိုင်တစ်ချို့မှာ လည်း လိုက်ရှာသည်။ မတွေ့တော့တဲ့အဆုံး သူ့လက်ကိုင်ဖုန်းလေးကိုဆက်လိုက်၏။

“ညချမ်း ဘယ်ရောက်နေလဲ”

“အပြင်မှာ ဘာလို့လဲ”

“ပျင်းလို့၊ ဘယ်မှာလဲ ကျွန်တော်လာခဲ့မယ်၊ လျှောက်လည်ကြမယ်လေ”

“အာ … ငါမအားဘူး ဟေ့ကောင်၊ ကိစ္စရှိိလို့ ဒီနေ့ညမိုးချုပ်မှပြန်လာမယ်”

ဖုန်းချသွားသည်။ ရက်စက်လိုက်တာ။ မိုးမြင့်မှာတာ့ ညတုန်းကအဖြစ်အပျက်ကိုတွေးပြီး ကျေနပ် လိုက်၊ သူ့ကိုသတိရလိုက်နဲ့။ တစ်ယောက်တည်းပဲ လက်ဖက်ရည်ထိုင်သောက်ပြီး ပြန်လာခဲ့ သည်။ ရက္ကန်းရုံကိုပြန်ဝင်တော့ အတင်းအဖျင်းတွေကို ပြန်လည်ကြားလိုက်ရပြန်သည်။ ဒီီတစ်ခါတော့ မနက်ကပြောခဲ့တဲ့ မိန်းမတွေမဟုတ်တော့။ တစ်ခြားလူတွေ။

“မိန်းမနောက်ပိုးဆိုတာက ကိုရီးယားကားတွေထဲမှာပဲတွေ့ဖူးပါတယ်ဟယ်၊ အပြင်မှာတွေ့ဖူးတာ ဒါ ပထမဆုံးပဲ”

“မိန်းကလေးတွေ ဘီယာသောက်တာရော ဒါပထမဆုံးမြင်ဖူးတာမလား၊ ရုပ်ရှင်ရုံထဲမှာဆို ဆိုဂျူးတွေသောက်တာလေ”

မိုးမြင့်ကိုမြင်တော့ သူတို့စကားပြောလက်စရပ်သွားသည်။ ရန်လည်းဖြစ်ချင်စိတ်မရှိတော့။ ဒီအ တိုင်းပဲ ထွက်လာခဲ့ပါသည်။ အင်းပေါ့။ သူတို့အတွက်တော့ မိုးမြင့်ဘီယာသောက်တာ အထူးအဆန်းပဲ နေမှာပေါ့။ ရန်ကုန်လူထု၊ ဆိုရှယ်ကျတဲ့အသိုင်းအဝိုင်းမှာတော့ ဒါအဆန်းတကြယ်မဟုတ်တော့ပေမယ့် ကျေးလက်ဒေသအသီသီးက လာတဲ့သူတို့အတွက်တော့ မမြင်ဖူးမတွေ့ဖူးဘူးပေါ့။

စိတ်ထဲမှာတော့ အဲဒီကိစ္စကိုမကျေမနပ်ဖြစ်မိသည်။ နောက်နေ့အလုပ်ဖွင့်တော့ ဝေယံနဲ့တိုင် လိုက်၏။ ရက္ကန်းစင်တစ်စင်ချင်းစီမှာ မန်နေဂျာတွေကလိုက်ကြည့်ပြီး ခတ်ထားတဲ့ပိတ်သား (အထည် သား) အရည်အသွေး၊ အပြစ်အနာအဆာတွေကို စစ်ဆေးလေ့ရှိသည်။ မိုးမြင့်စင်ကိုလာစစ်တဲ့အချိန်မှာ ပြောပြလိုက်ခြင်းပင်။

“အင်း”

ဝေယံက ‘အင်း’ ဆိုပြီး စဉ်းစားနေဟန်ပြုသည်။

“စဉ်းစားကြည့်လေဟယ်၊ ငါက သူ့လိုလူကိုလိုက်ကြိုက်စရာလား၊ ဒီလောက်အသုံးအဖြုန်းကြီး ဇယားရှုပ်တဲ့ဟာကို၊ သူနဲ့သာညားရင်တော့ လူမွှေးပြောင်မှာမဟုတ်ဘူး၊ အဲဒါကို သွားပုပ်လေလွင့် လျှောက်ပြောတယ်၊ ငါက သူဇာ့လက်ထဲကနေညချမ်းမောင်ကို လုတယ်တဲ့လေ”

“သူတို့က မိုးမြင့်ရှေ့မှာပေါ်တင်ပြောတာလား၊ ကွယ်ရာမှာပြောနေတာလား”

“ပေါ်တင်ပြောတာ၊ အခန်းရှေ့မှာ ကြားအောင်ပြောနေကြတာလေ”

အဲဒီမိန်းမတွေကို နာနာလေးနှက်ပေးလိုက်သည်။

သူများတကာအတင်းပြောချင်နေတဲ့ မိန်းမတွေ။

“အဲဒါဆို ခေါ်ရှင်းမလား၊ မျက်နှာချင်းဆိုင်၊ အဲဒါမှ သူတို့နောက်မပြောရဲအောင် ငါတစ်ခါတည်း ပြောပေးလိုက်မယ်၊ အလကား အားအားယားယား သူများအတင်းထိုင်ပြောနေကြတဲ့သူတွေ၊ ကောင်း ကောင်းကောပစ်လိုက်မယ်”

ဒီလိုဆိုတော့လည်း မိုးမြင့်စဉ်းစားရပြန်သည်။ ပေါ်တင်မျက်နှာချင်းဆိုင်ရှင်းလို့မဖြစ်။ ကိုကြီး ပြောသလိုပဲ မဟုတ်လို့လားဆိုပြီး တစ်ခွန်းတည်းပြန်ပြောလိုက်ရင်ခံရမှာ။ သတင်းထွက်တယ်ဆိုတာက ပုံမှန်အခြေအနေထက်ထူးခြားလို့ထွက်တာဆိုတော့ အများကြီးမဟုတ်ရင်တောင် နည်းနည်းပါးပါးတော့ မှန်မှာပဲ။ ဒီတော့ မျက်နှာချင်းဆိုင်ရှင်းဖို့ဆိုတာ မဖြစ်နိုင်။

“ထားလိုက်ပါ၊ မရှင်းတော့ပါဘူး၊ ရက္ကန်းရုံတစ်ခုတည်းမှာ အတူတူအလုပ် လုပ်နေကြတာ၊ အရှည် အရှည်မဖြစ်ချင်ဘူး”

လျှောပစ်လိုက်သည်။

“အင်း”

“ငါက ဝေယံတို့သိအောင်ပြောပြတာပါ”

“ရုံထဲမှာ အဲသတင်းထွက်နေတာကိုတော့ ငါတို့အစောကြီးကတည်းကသိတယ် မိုးမြင့်၊ ငါတို့က ဘယ်သူ့ကိုဘယ်လိုပြောရမှန်းမသိလို့ နေနေကြတာ”

“ဟင်”

“အချစ်အကြောင်းဆိုတော့လည်း ရှုပ်ထွေးပွေလီပြီးရှင်းရခက်သား၊ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ တစ်ချိန်ကျရင်သိလာမှာပဲလေ၊ နင်မှားတယ်လို့လည်း မဆိုလိုပါဘူး၊ အားလုံးက ကိုယ့်ဖက်ကကြည့်ရင်မှန်နေကြတာပဲလေ၊ တော်ရုံတန်ရုံဆိုသည်းခံလိုက်ပါ မိုးမြင့်ရယ်”

ပုံစံကြည့်ရတာ ဝေယံတို့လည်း မိုးမြင့်ဘက်က ဟုတ်ပုံမရ။ အားလုံးက မိုးမြင့်ကို လွန်တယ် လို့ပဲ ထင်နေပုံရသည်။

ဘာလွန်လို့လဲ။ လူတစ်ယောက်ကို ချစ်မိတာလွန်လား။ မှားသလား။ ညချမ်းမောင်ကို မိုးမြင့်ချစ် တာ မှားတယ်ဆိုရင် ဆယ်ခါပြန်မှားပါစေ။ နောက်ဆုတ်မှာမဟုတ်ဘူး။ လူတိုင်းလူတိုင်းက အတ္တကိုယ် စီနဲ့ပဲ။ မိုးမြင့်ကတော့ သူများတွေထက်နည်းနည်းတော့ပိုကောင်းပိုမှာပေါ့။ လူတွေရဲ့တွန်းအား၊ ဖိအား တွေ၊ ဝေဖန်သံတွေက ညချမ်းမောင်ကိုပိုချစ်ဖို့ အားအင်တွေပဲဖြစ်လာသလား မပြောတတ်တော့ပါ။ သေချာတာကတော့ မိုးမြင့်သူ့ကိုပိုချစ်လာတာပဲဖြစ်သည်။

x x x x x x x x x