မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂)

(၂)

လုပ်ငန်းခွင် ရက္ကန်းရုံတွင် လူသစ်တစ်ယောက်ရောက်တိုင်း အဲ့ဒီလူသစ်နဲ့ပတ်သက်ပြီး ကနဦး အမြင်ကို ဝေဖန်ကြ၊ တီးတိုးတီးတိုး အတင်းပြောတတ်ကြတာ သဘာဝပင်။

အဲ့ဒီနေ့က “ဝေငြိမ်း” တို့အလုပ်မှာ သူအလုပ်စဆင်းပါသည်။

“ဟဲ့ .. နာမည်ကတော့ အပျံစားပဲ… ညချမ်းမောင်တဲ့..။ လူကလည်း ကြည့်ပါဦး.. နုဖတ်နေတာ ပဲ။ ကိုရီးယားကောင်လေးကျနေတာပဲ။ ချားဆွဲသမားနဲ့တောင် မတူဘူး။ ချောလိုက်တာဟယ်”

ဝေငြိမ်းရဲ့ ရက္ကန်းစင်ဘေးနားက “ခင်သူဇာ” ဆီမှ အသံထွက်လာတော့ လှမ်းကြည့်လိုက်မိ သည်။ ဟုတ်ပါရဲ့… ချောလိုက်တာ။ ဝေငြိမ်းတို့အလုပ်ရဲ့ စာရေး (လက်ထောက်မန်နေဂျာလို့လည်း ချစ်စနိုးခေါ်ကြပါသည်။) ဝေယံနဲ့ စကားပြောနေတာ လှမ်းတွေ့နေရသည်။

“မင်းသားများ ရောက်နေလားမှတ်တယ်နော် သူဇာ”

ဝေငြိမ်းတို့အရွယ်လောက်ပဲရှိပါလိမ့်မည်။ နှစ်ဆယ်သာသာပေါ့။ သူ့မျက်လုံးတွေက အရောင် လက်နေပြီး မျက်ခုံးကြီးနှစ်ခုလုံးက မဲထင်းလို့နေသည်။ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ အသားဝင်း ဝင်းဝါ၀ါ၊ ခန္ဒာကိုယ်တောင့်တောင့်တင်းတင်းနဲ့ ယောက်ျားပီသတဲ့ရုပ်ပိုင်ရှင် “ညချမ်းမောင်” ဟာ “ဝေငြိမ်း” ရဲ့ ရင်ထဲ အဲဒီကတည်းက ဝင်ရောက်ခဲ့တာဖြစ်သည်။

“ဝေငြိမ်းထက်၊ မျက်လုံးကြီးကလည်း ကျွတ်ကျသွားဦးမယ်”

သူဇာ လှမ်းနောက်သည်။

“အို… ကြိုက်မရှက်ပေါ့အေ.. ဟီဟိ”

ဝေငြိမ်းပြောတာကို “ရက်ဖောက်သီး” တွေ လာထည့်ပေးသော အဘဦးစံတင်ကြားဖြစ်အောင် ကြားသွားသည်။ အဘဦးစံတင်ဆိုတာက ဝေငြိမ်းတို့ မောင်နှမနဲ့ ဆွေမျိုးရင်းချာတွေလိုဖြစ်နေသည်မို့ တစ်ခုခုဆိုရင် ဝေငြိမ်းတို့ အပြောကြမ်းကြမ်းနဲ့ ဆုံးမတတ်သည်။ အခုလည်း ပြောပြန်ပြီ။

“လာပြန်ပြီ.. ဒီသောက်ခြောက်ကတော့ … ယောက်ျားမြင်တိုင်း ငမ်းငမ်းတက်တော့တာပဲ။ တည်တည်တံ့တံ့နေစမ်းပါ ဝေငြိမ်းထက်ရာ…မင်းကိုကြည့်ရတာ စိမ်းမချမ်းသာလိုက်တာ။ ယောက်ျားက ယောက်ျားလိုနေရတယ်ဟဲ့့… အေးလေ…ကွ”

“အဘနော်… သူများရဲ့ အားနည်းချက်ကို ပြောပြန်ပြီလား”

“ဘာအားနည်းချက်လည်း … တစ်ဆိတ်ရှိ ဒီအားနည်းချက်နဲ့ပဲ ကိုင်ပေါက်နေတော့တာပဲ..။ ငါတို့ မင်းကို ဖြစ်စေချင်တာက…”

“တော်ပြီ… အဘ။ ဘာမှ မပြောနဲ့တော့..။ အဘကြောင့် စိတ်ကူးယဉ်ပျက်တယ်”

“ငါ တယ်… လုပ်လိုက်ရ”

“အမေ့…”

ဝေငြိမ်း လှမ်းအော်သံကြောင့် ညချမ်းမောင် လှမ်းကြည့်သည်။

ဘုရား… ဘုရား…။ သူ့အကြည့်တွေ ရဲတင်းလိုက်တာ…။

“ကြည့်တယ်တော့…”

“အေး၊ ခဏနေရင် ငါတို့နဲ့ပါ လာမိတ်ဆက်ပေးမှာ…”

“ဘာ… ဘယ်လို”

သူဇာက အကြောင်းကိုကြိုသိနေပါလား…။ လူသစ်ရောက်တိုင်း မိတ်ဆက်ပေးလေ့ရှိတာမှ မဟုတ်တာ။ “ဝေငြိမ်း” တို့ အမရပူရက ရက္ကန်းရုံမှာသာ ရက္ကန်းသမားအသစ်ရောက်တိုင်း စင်တိုင်းကို လိုက်မိတ်ဆက်ပေးတတ်တာ။

“မနက်က ဝေယံ ငါ့ကိုပြောတယ်..။ လူသစ်ရောက်မယ်။ ငါတို့နဲ့ မိတ်ဆက်ပေးမယ်တဲ့။ သူ့ နာမည်ရော… ချားဆွဲသမားဆိုတာရော ဝေယံပြောတာ…”

သိပ်မကြာလိုက်ပါ။

တကယ်ပင်ရောက်လာလေသည်။ ဒီရက္ကန်းရုံမှာ သူဇာ့စင်က နံပါတ် (၁) မို့ နံပါတ်စဉ်အလိုက် လာမိတ်ဆက်ပေးတာဖြစ်သည်။ ဝေငြိမ်းကတော့ နံပါတ် (၂)။ သူအနားကိုရောက်လာလေလေ.. ရင်တွေတစ်ဒိတ်ဒိတ် ခုန်လာလေဖြစ်သည်။ ဘုရား… ဘယ်လိုဖြစ်တာပါလဲ..။ ကယ်တော်မူပါ…။

“အခုချိန်ကစပြီီး မင်းကိုတစ်ယောက်ချင်းလိုက် မိတ်ဆက်ပေးမယ်။ သူ့နာမည်က ခင်သူဇာတဲ့..။ ငါတို့ ရက္ကန်းရုံရဲ့ အလှဆုံးကွမ်းတောင်ကိုင်ပေါ့”

သူဇာက ဝေယံ့ကိုမဲ့ကာ သူ့ကို ရယ် (ရီ) ပြသည်။ ဝေငြိမ်းတို့ ရက္ကန်းရုံ၏ နာမည်မှာ “မြန် မာ့လက်ရာ” ဖြစ်ပြီး ရက္ကန်းစင်ပေါင်း (၄၀) ရှိပါသည်။ ရက္ကန်းရုံဆိုပေမယ့် ပုဆိုး၊ ချိတ်၊ စောင်စသည့် အ ထည်အလိပ်များကို ရက်တာတော့ မဟုတ်ပါ။ ဂုန်လျှော်မှထွက်သော ဂုန်လျှော်ချည်တွေကို ဂုန်လျှော် ပိတ်အပါးတွေအဖြစ် ရက်ရတာဖြစ်သည်။ ရက်ကန်းရုံကတော့ ရန်ကုန်မြို့တွင်းနှင့် အနည်းငယ်တော့ အလှမ်းဝေးပါသည်။ ထောက်ကြန့်မှာ…။

“သူကတော့ ဝေငြိမ်းထက်တဲ့… ။ ငါတို့ရက္ကန်းရုံရဲ့ အထူးခြားဆုံး ဗိုင်းကောင်းကျောက်ဖိ ရက္ကန်း သည်လေးပေါ့…”

“ဝေယံနော်… သူများတကာရဲ့ အားနည်းချက်ကို”

သူရယ်ပါသည်။ ရယ်ရင်လည်း ချောတာပဲဟ။

“အော်… နောက်ထူးခြားတာရှိသေးတယ်.. ညချမ်း..။ ဝေငြိမ်းမှာ ညီမလေးတစ်ယောက်ရှိသေး တယ်။ လာရင်တွေ့လိမ့်မယ်။ အခုတော့ ကျောင်းသွားတက်နေတယ်။ ဒုတိယနှစ်လေ.. သူတို့မောင်နှမ က ပြောင်းပြန်..”

ညီမလေးက ယောက်ျားဆန်ဆန်နေတတ်တာကို ဆိုလိုခြင်းပင်။ ပြောပါစေ..။ ညချမ်းရဲ့ ခေါင်း ထဲမှာ ဝေငြိမ်းကို မှတ်မိသွားဖို့က အရေးအကြီးဆုံးပဲ မဟုတ်လား။ ဝေယံက ဝေငြိမ်းရဲ့ စင်ညာ ဘက်က အန်တီအပျိုကြီးနဲ့ ဆက်ပြီးမိတ်ဆက်ပေးပါသည်။

“မြန်မာ့လက်ရာ” ရက္ကန်းရုံသည် ထောင့်မှန်စတုဂံပုံသဏ္ဍာန်ရှိပြီး ရက္ကန်းစင် (၂၀) စီကို တစ် ဖက်တစ်ချက်စီခွဲထားကာ အလယ်မှာချားဆွဲတန်း ထားထားလေသည်။ ရက္ကန်းရုံရဲ့ အစွန်းတစ်ဖက်မှာ တော့ “ရက်ဖောက်” ရက်မယ့် နေရာနဲ့ စက်ကြီးတွေထားသည်။ ဝေငြိမ်းတို့ ရက္ကန်းခတ်ဖို့အတွက် ရက္ကန်းစင်ဆောက်တာ။ ချားဆွဲတာကို “ချားအဖွဲ့” က လုပ်ပေးရသည်။ ရက္ကန်းစင်ဆောက်၊ စင်ပေါ်ကို ချားလုံးကြီးတင်ပြီးရင်တော့ ချားလုံးပေါ်က ချည်တစ်မျှင်ချင်းစီကို ရင်သွား (ယဉ်သွား) ပေါက်တွေဆီက တစ်ဆင့် ထည့်သွင်းပြီး ရက္ကန်းစင်နဲ့ ချားလုံးကို ချိတ်ဆက်ရတာဖြစ်သည်။ ထိုသို့ချိတ်ဆက်ပြီးတာနဲ့ ရက္ကန်းခတ်ဖို့အတွက် အတိုင်ချည်တွေရသွားပြီဖြစ်ကာ ဖောက်ချည် (ဘေးတိုက်ချည်) အတွက် ရက် ဖောက်သီးတွေကို လွန်းထဲထည့်ပြီး ရက္ကန်းခတ်ရတာဖြစ်သည်။

ဒီရက္ကန်းက ဝေငြိမ်းတို့ အမရပူရမှာ ပုဆိုးတွေခတ်သလို မခက်ခဲလှပါ။ ချည်တွေက ဂုန်လျှော် ချည်တွေမို့ အလုံးကကြီးတော့ ချည်ရှုပ်ရှင်းရတာ သက်သာသည်။

“အော်ဒါအများဆုံးက နိုင်ငံခြားအော်ဒါ။ ကိုရီးယားလို့သိရတယ်။ ပြည်တွင်းမှာလည်း သုံးတယ်။ ပန်းချီကားနောက်ခံပိတ်အပါးတို့ ဖိနပ်တို့မှာ တစ်ခါတလေတွေ့ရမှာပေါ့။ နောက်.. ဂုန်နီလွယ်အိတ်လေး တွေကိုလည်း တွေ့ရမှာပေါ့.. စျေးကွက်ထဲမှာ။ အဲဒါ ဒီကထွက်တာပဲလေ”

ဝေယံက သူ့ကိုသေချာရှင်းပြနေတာ တွေ့သည်။

အများစုက ချည်နဲ့လုပ်တဲ့ ရက္ကန်းအလုပ်တွေပဲ လုပ်ဖူးတာမို့ ဒီဂုန်လျှော်ရက္ကန်းကို နည်းနည်း တော့ စိမ်းကြပါသည်။ အဲ့ဒါကြောင့် လူသစ်တစ်ယောက်ဝင်တိုင်း တစ်ခါသေချာရှင်းပြရ၏။

ဝေငြိမ်းတို့ ရက်ကန်းခတ်တဲ့အခါ ကိုက်ရေများများထွက်ဖို့၊ ခတ်ရတာ အဆင်ချောစေဖို့ “ချားသ မား” က အခရာပဲဖြစ်သည်။ ချားလုံးဆွဲတဲ့သူက တိုင်ချည်တွေရှင်းနေအောင် စိတ်ရှည်လက်ရှည်ဆွဲပေး ဖို့လိုသည်။ အဲဒီတော့ ရက်ကန်းသမလေးတွေက ချားဆွဲသမားတွေကို အချိုသပ်ပြီးပေါင်းရသည်။ ချားသမားညစ်ရင် ချည်တွေရှုပ်ပြီး အချိန်တွေပြုန်းကာ ကိုက်ရေများများမထွက်။ ကိုက်ရေမထွက်တော့ ဝင်ငွေလျော့မည်။

“ကိုကြီးရေ..”

ရက်ကန်းခတ်သံ၊ စက်သံတွေကို လွှမ်းပြီးခေါ်ကာ ရက်ကန်းရုံထဲ ပြေးဝင်လာသော ညီမလေး ကြောင့် ဝေငြိမ်း အာရုံပြောင်းသွားသည်။

“လာပြီ.. အရှုပ်ထုတ်”

လွယ်အိတ်ကို ရက်ကန်းစင်ဘေး ဘုတ်ခနဲချကာ သူဇာ့အနားကို ရောက်သွားသည်။ ညီမလေး က သူဇာ့ကိုဆို အရမ်းခင်တာ။

“ဒီနေ့ ချားဆွဲသမားအသစ်ရောက်တယ်။ ချောချောလေး”

သူဇာက ညီမလေးကို အကုန်ပြန်ပြောပြသည်။

“သဲနော်… မင်းကိုယ်ကလွဲရင် ဘယ်သူ့မှ စိတ်မဝင်စားရဘူး”

“အင်းပါ..။ သူဇာ့ကို မပူနဲ့။ ပူရမှာ ဘယ်သူလဲ သိလား…”

သူဇာက ဝေငြိမ်းဆီကို မေးငေါ့ပြပါသည်။

ဝေငြိမ်းကလည်း မသိချင်ယောင်ဆောင်နေတာပေါ့။ ရက်ကန်းကို တစ်ဖျတ်ဖျတ်ခတ်ရင်း အာရုံ လွှဲနေမိသည်။

“ကိုကြီး… သူဇာပြောတာ ဟုတ်လား”

“ဟမ်၊ ဘာပြောတာလဲ .. သိဘူး”

“ဘာမသိချင်ယောင်ဆောင် ဆောင်နေတာလဲ။ တစ်ခုခုဆိုရင်တော့ ငါနဲ့တွေ့မယ်”

“အံမယ်.. နင်နော် လူကြီးကို .. ငါလုပ်လိုက်ရ”

တကယ်ပဲ ညီမလေးထင်သလို တစ်ခုခုဖြစ်လာမလား။ အင်း.. တွေးပြီး ဝေငြိမ်းပျော်လိုက်တာ။ နောက်နေ့ကျ ညချမ်းမောင်အတွက် စားစရာလေးတစ်ခုခု လုပ်ကျွေးပြီး ဇာတ်လမ်းဆင်ဦးမှပဲလို့ တွေး မိသည်။

ဒါပေမယ့်… တကယ်တမ်းဖြစ်လာတာက အဲလိုမဟုတ်ပါ။ ဝေငြိမ်းလုံးဝထင်မှတ်မထားတဲ့ အ ဖြစ်အပျက်တွေ ဆက်တိုက်ဆက်တိုက်ဖြစ်ပေါ်လာခဲ့လေသည်။ ဝေငြိမ်းနဲ့ အဆင်ပြေဖို့ စဉ်းစားထားပေ မယ့် တကယ်တမ်းအဆင်ပြေသူက …။ ဝေငြိမ်းဘဝရဲ့ မုန်တိုင်းက အဲ့ဒီနေ့ကနေ စခဲ့တာလို့ဆိုရပါမည်။ တကယ် ထင်မှတ်မထားတာတွေအပြင် မောင်နှမကြားမှာ မဖြစ်စဖူးပြဿနာတွေလည်း တိုးလာခဲ့ သည်။

× × × × × × × × × ×