မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၀)

(၂၀)

ရက္ကန်းရုံထဲကနေ သူဇာအပြီးအပိုင်ထွက်သွားတဲ့နေ့မှာတော့ ညချမ်းရဲ့ဝမ်းနည်းမှုက အထွတ် အထိပ်ဆီကို ရောက်သွားခဲ့ပါသည်။ အားလုံးကစိတ်မကောင်း၊ မျက်ရည်ဝဲ နှုတ်ဆက်နေကြတဲ့အချိန်မှာ မိုးမြင့်ကတော့စိတ်ထဲကျိတ်ပြီး ဝမ်းသာသလိုတော့ ခံစားရပါသည်။ ဒါပေမဲ့ သူဇာနဲ့မိုးမြင့်နဲ့က တကယ့် ညီအစ်မရင်းလိုနေလာကြတာဆိုတော့ တကယ်တမ်းခွဲခွာရမယ့်အခါမှာတော့ မိုးမြင့်လည်း စိတ်မကောင်း။

သူဇာ့အတွက် ဝမ်းနည်းပြီး နှုတ်ဆက်မျက်ရည်ကျကြတဲ့အထဲမှာ ကိုကြီးကအဆိုးဆုံး။ သူနဲ့စင် ချင်းကပ်ခတ်လာတာဆိုတော့ အတင်းပြောဖော်ပြောဖက် တစ်ယောက်လျော့တာကြောင့် အတိုးချပြီး ဖြစ်နေတာ။ ငိုလိုက်၊ စကားပြောလိုက်နဲ့ မပြီးတော့။

ဟိုမှာအဆင်မပြေဖြစ်ခဲ့ရင် အချိန်မရွေးပြန်လာဖို့ မန်နေဂျာတွေကမှာသည်။ သူဇာ့ကိုမျက်နှာ ချင်းဆိုင်နှုတ်ဆက်ရတဲ့အခါမှာတော့ မိုးမြင့်လည်း မျက်ရည်ကျမိပါသည်။

“ငါတို့ တစ်နေ့ပြန်ဆုံဖို့မျှော်လင့်ပါတယ်”

သူဇာ့ရဲ့အသံက တကယ်ကိုရင်ထဲက လှိုက်လှိုက်လှဲလှဲပြောနေတာကိုမြင်ရတော့ လိပ်ပြာမလုံ ခံစားမိ၏။

“နင်ပြန်လာမယ့်နေ့ကို ငါမျှော်နေပါ့မယ်”

“အေးပါ၊ သတိရတိုင်း ငါဖုန်းဆက်ပါ့မယ်၊ နင်လည်း လိမ်လိမ်မာမာနေနော် မိုးမြင့်၊ လူကြီးဖြစ် နေပြီ၊ ဝေငြိမ်းအပေါ်ဆိုးမနေနဲ့ဦး”

“အေးပါဟ”

“ပြီးရင် ရက္ကန်းရုံထဲကလူတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းဟာ၊ ငါတို့တွေက ဒီမှာလာလုပ်တဲ့ ခဏပဲတွေ့ကြရမှာလေ၊ နည်းနည်းပါးပါးဆိုသည်းခံလိုက်နော်”

“နင့်စကားကို ငါနားထောင်ပါ့မယ်”

“နင့် အချစ်ရေးလည်းအဆင်ပြေပါစေလို့ ငါဆုတောင်းပေးပါတယ်၊ တကယ်ကို စိတ်ရင်းနဲ့ဆု တောင်းပေးတာပါ”

နည်းနည်းတော့ ရှက်မိသည်။

“ကျေးဇူးတင်ပါတယ်ဟာ”

ဟန်ဆောင်ပြီးတော့ပဲဖြစ်ဖြစ်၊ အတည်ပဲဖြစ်ဖြစ် မိုးမြင့်ကျေနပ်မိသလိုလိုတော့ခံစားမိသား။ ညချမ်းမောင်အနေနဲ့ ခင်သူဇာဆိုတဲ့ အနှောင်အဖွဲ့ကနေ ကင်းလွတ်ပါစေလို့ မိုးမြင့်ဆုတောင်းခဲ့တာ အခုတော့ပြည့်ပြီ။ ညချမ်းမောင်ဆီမှာ မိုးမြင့်ထက်တစ်ယောက်ပဲရှိစေရတော့မည်။ ဘယ်သူတွေ ဘာ ပြောပြောပေါ့။

မနေ့ညက သူတို့နှစ်ယောက်နှုတ်ဆက်စကားပြောနေကြတာကို မိုးမြင့်ခိုးနားထောင်ခဲ့သည်။ သူဇာ သွားတော့မယ်ဆိုတာကိုသိပြီးမှ နှစ်ယောက်တည်းချိန်းတွေ့ပြီး နှုတ်ဆက်စကားဆိုမှာကို ကြို တွက်ထားပြီးသား။ အဲဒီတော့ သူတို့နှစ်ယောက်ရဲ့အရိပ်အခြေကို စောင့်ပြီးကြည့်နေမိ၏။ သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အချက်ပြတာနဲ့ မိုးမြင့်ကလည်း လျင်ပြီးသား။

“ကိုယ်နဲ့တစ်သက်လုံး မတွေ့တော့ဖို့ ဆုံးဖြတ်ထားပြီးပြီလား”

ညချမ်းရဲ့မကျေနပ်တဲ့စကား၊ အပြစ်တင်တဲ့စကားတွေကို သူဇာက အေးဆေးတည်ငြိမ်စွာ ဖြေရှင်းခဲ့တာကို ကြားခဲ့ရပါသည်။

“ညချမ်းကိုမတွေ့ချင်လို့ အလုပ်ထွက်တာမှ မဟုတ်တာ၊ နိုင်ငံခြားသွားပြီးအလုပ်လုပ်မှ သူဇာတို့ မိသားစုအခြေအနေက ပြေလည်မှာမို့ …”

“သွားစမ်းပါ၊ မင်းကိုယ့်ကိုရှောင်ထွက်သွားတယ်ဆိုတာ ကိုယ်သိပါတယ်သူဇာ၊ ကိုယ်မင်းကို အရမ်းချစ်တယ်ဆိုတာ သိရက်သားနဲ့ကွာ၊ မင်းသိလား၊ ကိုယ်အခုနောက်ပိုင်း ဘယ်မိန်းကလေးနဲ့မှ လည်း မတွဲတော့ဘူး၊ မင်းတစ်ယောက်တည်းကိုပဲ တစိုက်မတ်မတ် ချစ်နေတော့တယ် သူဇာ၊ အဲဒါ တကယ်ပါ”

“အမှန်အတိုင်းဝန်ခံရရင် ပြီးခဲ့တဲ့လတစ်ချို့မှာ သူဇာကြားချင်တဲ့စကားပဲညချမ်း၊ ဒါပေမဲ့ အခုချိန်မှာ အဲဒါတွေပြောလို့ အသုံးမဝင်တော့ပါဘူး”

“ဘာလို့မဝင်ရမှာလဲ၊ ကိုယ်မင်းပြန်လာမယ့်အထိ စောင့်မယ်ကွာ”

နားထောင်ရင်းမဲ့မိသည်။

မဖြစ်နိုင်ပါ။ သူဇာလည်းယုံမှာမဟုတ်။ ညချမ်းက ခြေများတာအားလုံးအသိပဲ။ အခုအချိန်မှာ ဘယ်လောက်ပဲ အသည်းအသန်ဖြစ်နေပါစေ။ အချိန်ကြာလာရင် မေ့သွားမယ့်အကြောမို့ စိတ်ထဲကသိ နေခြင်းပင်။ သူတကယ်ပဲ သူဇာ့အပေါ်လုံးဝ တန်းတန်းစွဲဖြစ်နေရင်တော့ မပြောတတ်ဘူးပေါ့လေ။

“အဲဒီအချိန်ကျမှ ပြောကြတာပေါ့ ညချမ်း။ သူဇာ သံယောဇဉ်အမျှင်တန်းလန်း၊ အနှောင်အဖွဲ့ တွေနဲ့ မသွားပါရစေနဲ့၊ ညချမ်းအပေါ်အခုလောက် အခြေအနေအထိ သံယောဇဉ်ဖြစ်ခဲ့တာကိုပဲ ကျေနပ်ပါတော့”

“သေချာတဲ့အဖြေတစ်ခုတော့ ပေးခဲ့ကွာ၊ ကိုယ်တောင်းပန်ပါတယ်”

“ညချမ်းနားမှာ ညချမ်းကိုအရမ်းချစ်တဲ့သူတစ်ယောက် ရှိနေတယ်၊ အဲဒီလူရဲ့အချစ်က အရမ်း နက်ရှိုင်းပါတယ်”

“ကိုယ်မှ သူ့ကိုမချစ်တာ”

သူက ကလေးတစ်ယောက်လိုဂျစ်တိုက်နေလေသည်။ သူလိုချင်တာ သူဇာ့ဆီကချစ်တယ်ဆိုတဲ့ စကားထင်ပါရဲ့။ ဒါပေမဲ့ သူတို့နှစ်ယောက်စကားပြောပြီးသည့်တိုင် အဲဒီစကားကိုသူဇာမပြောခဲ့ပါ။ ဒီအတွက် သူဇာ့ကို မိုးမြင့်ရင်ထဲက ကျိတ်ပြီးကျေးဇူးတင်မိသည်။

“ကြာတော့လည်း ချစ်သွားမှာပါ၊ အရာရာတိုင်းကို အချိန်ကကုစားပေးသွားမှာပဲလေ ညချမ်းရဲ့”

“သူဇာရယ် မင်းတကယ်ပဲ ကိုယ်နဲ့ထပ်မတွေ့ချင်တော့တာလားဟင်”

“ဟာ မဟုတ်တာပဲ ညချမ်းရယ်၊ သူဇာတို့က ရန်သူတွေမှမဟုတ်တာ”

“ကျွတ်”

သူမရဲ့အေးဆေးတည်ငြိမ်စွာ ဖြေရှင်းနိုင်မှုကိုတော့ မိုးမြင့်မလေးစားဘဲမနေနိုင်။ စကားပြောနေ တာသာ အဆုံးသတ်သွားသည်။ ညချမ်းက အားမလိုအားမရဖြစ်ကာ ကျန်ခဲ့၏။

သူမက ရွာကိုပြန်၊ အထုပ်အပိုးပြင်ဆင်၊ မိသားစုကိုနှုတ်ဆက်ပြီး ရန်ကုန်ကိုပြန်လာ၊ ရန်ကုန်မှာ ရှိတဲ့ ပွဲစားအိမ်ကနေတစ်ဆင့် ထိုင်းနိုင်ငံကို ထွက်ခွာမှာပင်။ အားလုံးကအလုပ်ကိုယ်စီနဲ့မို့ ရက္ကန်းရုံခြံဝ အထိပဲ လိုက်ပို့နိုင်ကြပါသည်။

ခြံဝမှာကားဂိတ် (ဘတ်စ်ကားဂိတ်) အထိ ငှားထားသော ဆိုက္ကားပေါ်အထုပ်အပိုးတွေ ဝိုင်းတင် ပေးလိုက်ရုံအထိပဲ လုပ်ပေးနိုင်ကြ၏။ အဝေးပြေးကားဂိတ်အထိ လိုက်ပို့ဖို့က အလုပ်အော်ဒါတွေများနေ တာကြောင့် မန်နေဂျာတွေကခွင့်မပြုကြပေ။

“ယောင်းမရေ၊ မြို့ကြီးပြကြီးရောက်သွားတော့မှာဆိုတော့ ငါတို့ရက္ကန်းရုံလေးကို မေ့မသွားနဲ့ဦး ဟ”

“ရက္ကန်းသံတွေကို လွမ်းရင်ဖုန်းဆက်ဦးနော်”

ဒီအဝန်းအဝိုင်းလေးအတွင်းမှာပဲ ခင်ရာဆွေမျိုးနေကြတာမို့ ခွဲခွာရမှာကိုမလိုလားပေမယ့် ရေ ကြည်ရာမြက်နုရာ ရှာဖွေကြရမှာပဲလေ။ အကြောင်းပါရင်တော့ တစ်နေ့ပြန်ဆုံကြရမှာပါ။ ကံကောင်း ပါစေ သူငယ်ချင်း။ ငါ့ကိုခွင့်လွှတ်ပါသူဇာ။ သူဇာတက်သွားတဲ့ဆိုက်ကားကို ငေးကြည့်၊ တာ့တာပြရင်း မျက်ရည်ကျမိသည်။

“ငါသွားတော့မယ်နော်”

သူဇာလည်း မျက်ရည်ကျ၊ မိုးမြင့်လည်း ငို၊ ကိုကြီးလည်း ငို၊  ရက္ကန်းရုံထဲကလူတွေလည်း မျက် ရည်တွေဝဲလျှက်။ ညချမ်းကတော့ မသိချင်ယောင်ဆောင်ပြီး ချားကိုပဲလှိမ့်ဆွဲနေသည်။ နှုတ်ဆက်ဖို့ လည်း မလာခဲ့။

ရက္ကန်းရုံကြီးငါးမိနစ်တာမျှ တိတ်ဆိတ်သွားပြီးနောက်မှာတော့ လက်ခတ်သံတွေ ပြန်လည်ဆူညံ လာခဲ့လေသည်။ စကားသံတွေရော တတွတ်တွတ်နဲ့ ပြန်ထွက်လာခဲ့သည်။ သူဇာ့ရဲ့အလုပ်အကြောင်း တွေရော ပါလာတာပေါ့လေ။ မိုးမြင့်လည်း ရက္ကန်းစင်ပေါ်တက် ခတ်မြဲတိုင်းခတ်နေလေ၏။ ညချမ်းကို တော့ လှုပ်ရှားမှုမှန်သမျှ မပြတ်တမ်း စောင့်ကြည့်နေတာပေါ့လေ။

သူချားဆွဲနေတာတစ်ခုတည်းကိုပဲ အာရုံစိုက်ထားတာတွေ့ရသည်။ တစ်ခြားဘေးပတ်ဝန်းကျင် ကို ဂရုတစိုက်မရှိ။ မျက်နှာကြီးကလည်း စူပုပ်လို့နေမှာပေါ့လေ။ သူ့မျက်နှာကိုတော့ သေချာမမြင်ရ။ ညနေသုံး နာရီလောက်မှာ သူ့အလုပ်ပြီးသွားတာတွေ့ရသည်။ ရက္ကန်းရုံထဲမှာတော့ ချားဆွဲသမားတွေက ရက္ကန်းသမားတွေနဲ့ယှဉ်ရင် အလုပ်ချိန်ပိုနည်းပြီး ပိုက်ဆံလည်းပိုရသည်။ ဒါပေမဲ့ အလုပ်လုပ်တဲ့ အချိန်ထဲမှာတော့ ပိုပြီး ဂရုစိုက်ရတာပေါ့လေ။

ရက္ကန်းရုံထဲမှာ ဘယ်နှစ်ယောက်တန်းပြတ်မလဲ (ရက္ကန်းတန်းတိုင်ချည်အတွက် ချားလုံးထဲချည် ကုန်သွားခြင်းကို တန်းပြတ်သည်ဟုခေါ်ပါသည်) ဆိုတာကို ချားသမားတွေကတွက်ကြရသည်။ ဥပမာ – ဒီနေ့မှာ စင်လေးဆယ်ထဲက ဆယ့်ခြောက်စင်တန်းပြတ်မယ်ဆိုပါစို့။ ချားသမားလေးယောက်ရှိရင် တစ်ယောက်လေးလုံးနှုန်းခွဲပြီး ဆွဲရသည်။ ရက္ကန်းတန်းမပြတ်ခင်မှာ အခြားချားလုံးတစ်လုံးနဲ့ ကြိုဆွဲထား ပြီး တန်းပြတ်တဲ့အခါ ဆွဲထားပြီးသားချားလုံးကို အစားထိုးတင်ပေးလိုက်ခြင်းပင်။ အဲဒီတော့ နောက် တစ်နေ့အလုပ်စောစော သိမ်းချင်ရင် ဒီနေ့ညဖက်မီးထွန်းပြီး ကြိုဆွဲထားပေးလို့ရသည်။ ချားဆွဲတာက ဂုန်နီချည်မျှင်လုံးများကိုစီပြီး သစ်သားတိုင်တန်းတွေကနေတစ်ဆင့် ချားလုံးထဲကို တညီတညာစီ ထည့် ခြင်းဖြစ်သည်။

ရက္ကန်းခတ်သလိုလက်ခတ်သံလည်း မကြားတာကြောင့် ဘေးပတ်ဝန်းကျင်ကိုအနှောင့်အယှက် မဖြစ်။ ချားသမားကချည်မျှင်တွေပြတ်သွားတာကို မလွတ်အောင် မျက်စိရှင်ရှင်ထားရသည်။ ပြီးတော့ ချည်မျှင်တွေကိုချားထဲလိပ်သွင်းထည့်တဲ့အခါ အားစိုက်ရသည်။ အဲဒါကြောင့် ချားသမားတွေဟာ လက် မောင်းတွေ ကြီးထွားသန်မာလာတတ်၏။ ညချမ်းရဲ့ခန္ဓာကိုယ် အချိုးအစားပြေပြစ်တာ ချားဆွဲတာ ကြောင့်နေမှာလို့ပဲ ထင်မှတ်လိုက်၏။

ကိုယ်တော်ချောက သူ့အလုပ်ပြီးတော့ မိုးမြင့်စင်နားကိုရောက်လာသည်။ ထူးထူးဆန်းဆန်းမို့ အံသြ မိတာအမှန်။ ပြီးတော့ မိုးမြင့်ကမခေါ်ဘဲအခုလိုရောက်လာတာကိုလည်း ကျေနပ်မိလေသည်။

“မိုးမြင့်ထက်”

ခေါ်သံတိုးတိုးလေး။

“အင်း”

“ငါ့ကို ပိုက်ဆံတစ်သောင်းလောက်ချေးပါ”

“ဟင်”

မိုးမြင့်မှာ သူတောင်းသလောက်ပိုက်ဆံမရှိပါ။ ဝေယံ့ဆီကချေးထားတဲ့အကြွေးတောင် ကျေ အောင်မဆပ်နိုင်သေး။ ဒါပေမဲ့ သူပြောတော့လည်းမလုပ်ပေးနိုင်ရင် စိတ်ကောင်းမှာမဟုတ်။ ဘယ်လို လုပ်ရပါ့မလဲ။

“အသုံးလိုနေလို့ လုပ်ပါ”

သူ့မျက်နှာလေးကိုမြင်တော့လည်း မရမကရှာကြံပေးချင်စိတ်တွေ တဖွားဖွားပေါ်လာသည်။ ဒီတော့စဉ်းစားရ၏။ ဘယ်နေရာကရနိုင်ပါ့မလဲ။ အဲဒီပိုက်ဆံကိုပေးနိုင်မယ့်အနေအထားက ကိုကြီးကလွဲ လို့ ဘယ်သူမှမရှိ။ တစ်ခြားလူဆီကလည်း ချေးလို့အဆင်ပြေမှာမဟုတ်။ ပိုက်ဆံလေး တစ်သောင်းချေး တာကို မျိုးစုံပြောလို့ပြီးမှာ မဟုတ်တော့။ ဒီတော့လည်း။

“အင်း၊ ခဏလေးစောင့်၊ ငါရှာထားပေးမယ်”

“အေး … အေး၊ ငါရေမိုးချိုး၊ အကျႌလဲပြီးလာခဲ့မယ်”

သူထွက်သွားသည်။ မိုးမြင့်မှာပျာယာခတ်ရတော့တာပေါ့။ ကိုကြီးဆီကိုအပြေးအလွှားသွားပြီး တစ်သောင်းကိစ္စပြောရသည်။ ညချမ်းမောင်နဲ့ဘီယာသွားသောက်တာ ကုန်တဲ့ပိုက်ဆံကို တစ်ယောက် တစ်ဝက်စီရှင်းရလို့ ညချမ်းမောင်က ခဏစိုက်ပေးထားတဲ့ပိုက်ဆံကို ပြန်ပေးရမယ်ပေါ့။

“သူအခုအသုံးလိုလို့ လာတောင်းနေပြီကိုကြီး၊ ငါက အလုပ်လုပ်ပြီးဖြည်းဖြည်းချင်း ဆပ်မလို့့ပဲ၊ ဒါပေမဲ့ သူကတောင်းတော့ပေးရတော့မယ်”

“နင်နော် ရှုပ်ရှုပ်ယှက်ယှက်တွေဟယ်”

မိုးမြင့်ရဲ့လေလုံးထဲမှာ ကိုကြီးမျောသွားသည်။ ယုံအောင်တော့လှိမ့်ရတာပေါ့လေ။ နောက်မဖြစ် ဖို့ ကတိတွေလည်းပက်ပက်စက်စက်ပေးရတာပေါ့။ အဓိက တစ်သောင်းထွက်လာဖို့့ပဲမဟုတ်လား။ မိုးမြင့်က အရင်ကလိုအသုံးဖက်ကချည်းမဟုတ်ဘဲ ရှာနိုင်တဲ့အနေအထားမှာ ကိုကြီးမတွန့်တိုတော့တာ လည်း ဖြစ်မှာပေါ့။

“ငါ့ကို ပြန်ဆပ်နော်” ဆိုပြီး ဆောင့်ကြီးအောင့်ကြီးပေးသည်။

မိုးမြင့်လည်း ကိုကြီးယုံအောင်တဖွဖွပြောပြီးယူလာခဲ့၊ ညချမ်းရောက်လာတဲ့အခါပေးလိုက်၏။ ပိုက်ဆံလည်းရရော ကိုယ်တော်ချောကလှစ်ခနဲထွက်သွားတော့တာပါပဲ။ ကျေးဇူးတင်စကားမပြောပါ ဘူး။ သူ မိုးမြင့်ကို ကျေးဇူးမတင်ချင်မှန်းသိပါတယ်။

ပြီးတော့ အဲဒီပိုက်ဆံနဲ့အရက်သွားသောက်မယ်ဆိုတာကိုလည်းသိပါတယ်။ သိပေမယ့်လည်း သူ့အ ပေါ်အပြစ်မတင်ရက်တာ ဘာကြောင့်ပါလဲနော်။ မိုးမြင့်ရဲ့ဝဋ်ကြွေးပဲလား။

x x x x x x x x x x x